← Chapters

ဒေါသကြောင့် ရူးသွပ်လုနီးပါး ဖြစ်သွားသော ဂိုဏ်းချုပ်မု

Vol. 27 Ch. 330

ဒေါသကြောင့် ရူးသွပ်လုနီးပါး ဖြစ်သွားသော ဂိုဏ်းချုပ်မု

Vol. 27 Ch. 330

"ငါ ဘာလုပ်နေလဲ ဟုတ်လား...မင်း ဘာလုပ်ခဲ့တာလဲဆိုတာ မင်း မသိတော့ဘူးလား... ငါ့ရဲ့မိုးပြာမြက်ပင်ကို ပြန်ပေးစမ်း"

မုဟုန်တောက်က ပြန်လည်၍ အော်ဟစ်လိုက်သည်။

"ဘာ မိုးပြာမြက်ပင်လဲ"

မိုပိုင်ယဲ့က ဇဝေဇဝါဖြင့် မေးမြန်းသည်။

"ဟန်ဆောင်မနေနဲ့..."

မုဟုန်တောက်သည် ရှင်းပြရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏လက်အား ဆွဲခံလိုက်ရသည်ကို ခံစားလိုက်ရသည်။ မုရှောင်ချင်းသည် သူ့ရှေ့သို့ ရောက်လာပြီး အနည်းငယ်ထိတ်လန့်နေသော ပုံစံဖြင့် သူ့ကို ကြည့်လိုက်သည်။

"ဂိုဏ်းချုပ်... သူ... သူ့မှာ လက်တစ်ဖက်ပဲ ရှိတယ်.... ဒါပေမဲ့ ဆေးပင်ခိုးသွားတုန်းက လူက လက်နှစ်ဖက်လုံးရှိတယ်..."

မုဟုန်တောက် ကြက်သေသေသွားသည်။ ထိုအချိန်ကျမှသာ ယခင်က မိုပိုင်ယဲ့သည် ဆေးပင်ကို လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်ပြီး ကျန်လက်တစ်ဖက်ဖြင့် ရိုက်လိုက်သည်ကို သူသတိရသွားသည်။ ဆိုလိုသည်မှာ ထိုမိုပိုင်ယဲ့သည် လက်နှစ်ဖက်လုံး အသုံးပြုခဲ့ခြင်းပင်။ သို့ရာတွင် ဤလူ၏လက်တစ်ဖက်သည် အရင်းမှ ပြတ်တောက်နေပြီး လက်မထောက်နိုင်ဖြစ်နေ၍သာ သူ ကန်လိုက်ချိန်၌ လဲကျသွားခြင်း ဖြစ်သည်။

"ဒါဆို... ငါ အထင်လွဲသွားတာများလား"

မုဟုန်တောက် မှင်သက်သွားသည်။

"ဂိုဏ်းချုပ်မု... မင်း ဘာလုပ်နေတာလဲ"

မိုပိုင်ယဲ့သည် နားမလည်နိုင် ဖြစ်နေကာ တဖြည်းဖြည်း ပို၍ဒေါသထွက်လာပြီး နောက်ဆုံးတွင် စိတ်မထိန်းနိုင်တော့ချေ။

"တောင်းပန်ပါတယ် ဂိုဏ်းချုပ်မို....ငါ လူမှားသွားလို့ပါ..."

မုဟုန်တောက်၏မျက်နှာ နီမြန်းသွားသည်။

"လူမှားတယ် ဟုတ်လား... ဘာတွေ ဖြစ်နေတာလဲ"

မိုပိုင်ယဲ့သည် ဒေါသထွက်နေသော်လည်း အောင့်အီးသည်းခံလိုက်၏။

"ဒီလိုပါ..."

မုဟုန်တောက်သည် သူ မိုးပြာမြက်ပင်ကို မျှားခေါ်ရန် ကြိုးစားနေစဉ် တခြားလူတစ်ယောက်က လုယူသွားကြောင်း အလျင်အမြန် ရှင်းပြလိုက်သည်။

"သဘောပေါက်ပြီ"

မိုပိုင်ယဲ့သည် ရုတ်တရက် နားလည်သဘောပေါက်သွားပြီး မုဟုန်တောက်ကို စိတ်ဝင်တစား ကြည့်လိုက်၏။

"မင်း ပြောတာက သလင်းကျောက်စိမ်းအဆီအနှစ်ကိုသုံးပြီး မိုးပြာမြက်ကို မျှားခေါ်လို့ ရတယ်ပေါ့...အဲ့ဒါက ဘာလဲ....ငါ ကြည့်လို့ ရမလား"

"ရတာပေါ့"

မုဟုန်တောက်သည် အပြစ်ရှိသကဲ့သို့ ခံစားနေရရာ သူ၏အမှားကို ပြန်လည်၍ ပြင်ဆင်နိုင်မည်ဟု ကြားသဖြင့် ချက်ချင်းဆိုသလိုပင် ကျောက်စိမ်းပုလင်းကို ထုတ်ယူပြီး လက်ကမ်းပေးလိုက်သည်။

သလင်းကျောက်စိမ်းအဆီအနှစ်သည် တန်ဖိုးရှိသော်လည်း ဝါးတောဂိုဏ်း၏ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် သူ အတော်အသင့်ပိုင်ဆိုင်ထားသည်။ သူသည် ထိုအရာကို နှစ်စက်သာ သုံးခဲ့ပြီး ရှစ်စက်ခန့် ကျန်နေပေ၏။ ဆေးပင်များကို ရှာဖွေရာတွင်ဖြစ်စေ ကျင့်ကြံရာတွင်ဖြစ်စေ ထိုအရာသည် ကြီးမားစွာ အထောက်အကူပြုနိုင်သည်။

မိုပိုင်ယဲ့က ကျောက်စိမ်းပုလင်းကိုယူပြီး အဖုံးဖွင့်ကာ ကြည့်လိုက်သည်။ သူ၏ရှေ့မှ စိတ်ဝိညာဉ်အရည်သည် အမှန်တကယ် တန်ဖိုးရှိကြောင်း အတည်ပြုပြီးနောက် ပြန်ပေးရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် သူသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေ့မြင်လိုက်ရသည့်အလား အံ့အားတသင့် ရေရွတ်လိုက်သည်။

"ဟိုနေရာမှာ... ငါ့အယောင်ဆောင်ထားတဲ့ လူပဲ"

ဘယ်မှာလဲ...

မုဟုန်တောက်သည် သူ ညွှန်ပြရာ ဘက်သို့ အလျင်အမြန် လှမ်းကြည့်လိုက်သော်လည်း ထိုနေရာတွင် လူသူကင်းမဲ့နေပြီး အရိပ်အယောင်မျှပင် မတွေ့ရပေ။

"ဂိုဏ်းချုပ်..."

သူ အမြင်မှားနေသလောဟု တွေးလိုက်စဉ်မှာပင် မုရှောင်ချင်း၏ စိုးရိမ်ပူပန်တကြီး အော်သံကို ကြားလိုက်ရသည်။

သူသည် ထိတ်လန့်သွားပြီး နောက်သို့လှည့်ကြည့်လိုက်ရာ သလင်းကျောက်စိမ်းအဆီအနှစ်ကို ကိုင်ထားသော လက်တစ်ဖက်ပြတ်မိုပိုင်ယဲ့သည် အဝေးသို့ ထွက်ပြေးနေပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။ သူသည် ထွက်ပြေးရင်း သူ၏လက်ကို ဝှေ့ယမ်းပြလေ၏။

"စိတ်ဝိညာဉ်အရည်အတွက် ကျေးဇူးပါပဲ ဂိုဏ်းချုပ်မု"

"မင်း..."

မုဟုန်တောက်၏အမြင်အာရုံ ဝေဝါးသွားပြီး သူ မူးလဲလုနီးပါး ဖြစ်သွားသည်။

ဤကိစ္စများကို သူ ပြန်စဉ်းစားကြည့်ချိန်တွင် ယခင်က လက်နှစ်ဖက်ရှိသောကောင်နှင့် ယခု လက်တစ်ဖက်တည်းရှိသောကောင်နှစ်ယောက်လုံးသည် အတုများသာ ဖြစ်နေပေ၏။

"ကျန်းရွှမ်....ငါ မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး"

မိုးပြာမြက်ပင်နှင့် သလင်းကျောက်စိမ်းအဆီအနှစ် နှစ်မျိုးလုံးသည် သူ့အတွက် အလွန် တန်ဖိုးရှိသည်ကို တွေးမိသဖြင့် မုဟုန်တောက် ဒေါသထွက်သွားသည်။

ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်၌ရှိသော အစွမ်းထက် ထိပ်သီးကျင့်ကြံသူတစ်ဦးအနေဖြင့် ဤကဲ့သို့ အလိမ်ခံရသည်မှာ ပထမဆုံးအကြိမ်ပင်။ ထို့ပြင် သူသည် တစ်ကြိမ်တည်း မဟုတ်ဘဲ နှစ်ကြိမ်ဆက်တိုက် အလိမ်ခံလိုက်ရခြင်း ဖြစ်ပေ၏။

သူ စဉ်းစားလေလေ ဒေါသထွက်လေလေဖြစ်ပြီး ဆေးပင်ရှာဖွေရန်ပင် စိတ်မဝင်စားတော့ဘဲ နောက်မှလိုက်သွားသည်။ သူသည် မြေကုန်းငယ်လေးတစ်ခုကို ပတ်သွားလိုက်သော်လည်း ပတ်ဝန်းကျင်တွင် ဗလာဟင်းလင်း ဖြစ်နေပြီး လူတစ်ယောက်ကိုမျှ မတွေ့ရချေ။

သူ ပို၍ဒေါသထွက်လာပြီး မည်သို့လုပ်ဆောင်ရမည်ကို မသိတော့သည့်အချိန်မှာပင် ရင်းနှီးကျွမ်းဝင်သော အသံတစ်သံကို ကြားလိုက်ရသည်။

"ဂိုဏ်းချုပ်မု...မင်း ဒီမှာ ဘာလုပ်နေတာလဲ...ကျန်းရွှမ်ကို တွေ့မိသေးလား... သူက ငါ့ အယောင်ဆောင်နေနိုင်တယ်....မင်း သတိထားရမယ်..."

သူ အလျင်အမြန် လှည့်ကြည့်လိုက်ရာ အစောပိုင်းက သူ၏ပစ္စည်းများကို လုယူသွားသော လက်တစ်ဖက်ပြတ်မိုပိုင်ယဲ့က သူ၏ရှေ့တွင် မတ်တတ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။

"မင်းက...ဘယ်... ဘယ်သူလဲ"

တစ်ဖက်လူကို သတ်ချင်စိတ်အား ဖိနှိပ်ထားပြီး မုဟုန်တောက်က အော်ဟစ်လိုက်၏။

"မင်း ရူးနေလား...ငါက မိုပိုင်ယဲ့လေ...ငါတို့ သိလာတာ နှစ်တွေအကြာကြီး ရှိနေပြီ...ငါ့ကို မမှတ်မိဘူးလို့တော့ မင်း မပြောနဲ့"

မိုပိုင်ယဲ့က မျက်လုံးလှန်ကြည့်လိုက်သည်။

"မမှတ်မိတာ မဟုတ်ဘူး.. တစ်ယောက်ယောက်က မင်း အယောင်ဆောင်ပြီးတော့ ငါ့ရဲ့မိုးပြာမြက်ပင်နဲ့ သလင်းကျောက်စိမ်းအဆီအနှစ်ကို ခိုးသွားတယ်"

မိုပိုင်ယဲ့၏သဘောထားကို မြင်တွေ့ချိန်တွင် မုဟုန်တောက်က အလျင်အမြန် ရှင်းပြလိုက်သည်။

"ဒါက သေချာပေါက် ကျန်းရွှမ်ရဲ့လက်ချက်ပဲ ဖြစ်ရမယ်....သူ့ကို သတ်မှ ဖြစ်မယ်"

မိုပိုင်ယဲ့၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ မိုတောက်ဓားတစ်လက်က သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။

"မင်းရဲ့လက်နက်ကို ထုတ်လိုက်တော့... ငါနဲ့ ပုံစံတူတဲ့ တခြားတစ်ယောက်ကို တွေ့ရင် ချက်ချင်းတိုက်ခိုက်လိုက်တော့"

"ကောင်းပြီလေ"

မုဟုန်တောက်က ခေါင်းညိတ်လိုက်သည်။

"မင်း အရင်သွား..."

ထို့နောက် သူက လက်ဝှေ့ယမ်းပြပြီး ပြောဆိုသည်။

"ကောင်းပြီလေ"

မိုပိုင်ယဲ့က သဘောတူလိုက်ပြီး ရှေ့မှဦးဆောင်သွားသည်။ သူ ခြေလှမ်းနှစ်လှမ်းမျှ မလျှောက်လှမ်းရသေးမီမှာပင် အနောက်မှ လေတိုးသံတစ်သံကို ကြားလိုက်ရသည်။ သူသည် ထိတ်လန့်သွားပြီး အလျင်အမြန် ရှောင်တိမ်းလိုက်ရာ မုဟုန်တောက်က သံချိတ်နှစ်ခုကို ကိုင်ဆောင်ထားပြီး သူ အစောပိုင်းက ရပ်နေသောနေရာသို့ ရိုက်ချလိုက်သည်အား မြင်တွေ့လိုက်ရသည်။

"မုဟုန်တောက်.. မင်း ဘာတွေလုပ်နေတာလဲ"

မိုပိုင်ယဲ့ အလွန်ဒေါသထွက်သွားသဖြင့် သူ၏ရင်ဘတ် ပေါက်ကွဲတော့လုမတတ်ပင်။

"မင်း ဆက်ပြီးဟန်ဆောင်နေလိုက်... ဆက်ပြီးဟန်ဆောင်နေစမ်း..."

မုဟုန်တောက်က အံတင်းတင်းကြိတ်လိုက်သည်။

"မင်းကို ငါ တကယ်ကြီး မမှတ်မိဘူးလို့ မင်း ထင်နေတာလား"

"မင်း ရူးနေပြီ"

မိုပိုင်ယဲ့၏ခန္ဓာကိုယ် တုန်ရီသွားသည်။

"မင်း အသက်နှစ်ဆယ့်ခုနစ်နှစ်တုန်းက လေလွင့်ကျင့်ကြံသူ အမျိုးသမီးတစ်ယောက်ကို ကြိုက်မိလို့ ဂိုဏ်းချုပ်ဟောင်းက မင်းကို ဂိုဏ်းကနေ ထုတ်ပယ်လုနီးပါး ဖြစ်ခဲ့တာလေ....အဲ့တုန်းက ငါ မင်းကို ကူညီခဲ့တာပါ...အခု မင်းက ငါ လိမ်နေတယ်လို့ ပြောရဲသေးလား"

"မင်း... မင်း ဒီကိစ္စကို သိတယ်လား"

မုဟုန်တောက် အံ့အားသင့်သွားသည်။

ထိုအမျိုးသမီးကျင့်ကြံသူသည် သူ၏အချစ်ဦးပင်။ သူသည် အလိမ်ခံရမှန်း သိထားသော်လည်း သူမ၏အရိပ်အယောင်အောက်မှ ရုန်းမထွက်နိုင်ခဲ့ချေ။ ထိုအချိန်တွင် သူ့အား ပြည့်တန်ဆာရုံများနှင့် တခြားဖျော်ဖြေရေး နေရာများသို့ ခေါ်သွားပြီး နူးညံ့သိမ်မွေ့သော မိန်းကလေးများနှင့် တွေ့ဆုံပေးခဲ့သူမှာ မိုပိုင်ယဲ့ပင်။ ထိုနည်းလမ်းဖြင့် သူသည် နောက်ဆုံးတွင် သူမ၏အရိပ်အယောင်များအောက်မှ လွတ်မြောက်နိုင်ခဲ့သည်။

ဤဖြစ်စဥ် အနည်းငယ် ကိုးရိုးကားယားဆန်သော်လည်း သူ့အတွက်မူ စစ်မှန်သော ကျေးဇူးတရားတစ်ခု ဖြစ်ခဲ့သည်။

ဤသည်မှာ သူ၏အားနည်းချက် ဖြစ်ပြီး မည်သူမျှ မသိကြချေ။ ယခုချိန်၌ ဤလူသည် ထုတ်ဖော်ပြောဆိုလာသဖြင့် အစစ်အမှန်မိုပိုင်ယဲ့သာ ဖြစ်ရပေမည်။

"ငါ တကယ် တောင်းပန်ပါတယ်...သူက ငါ့ကို အကြိမ်ကြိမ်လှည့်စားနေတော့ ငါ ကြောက်လာလို့ပါ..."

တစ်ဖက်လူသည် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပြီးနောက် သူ၏ ယခင်သဘောထားကို ပြန်တွေးမိပြီး မုဟုန်တောက် ရုတ်တရက် ရှက်ရွံ့သွားသည်။

"ကိစ္စမရှိပါဘူး....ကျန်းရွှမ်က အရမ်းကောက်ကျစ်လွန်းတာကြောင့် ခုလိုတွေ ဖြစ်လာတာပါ....ဒီလိုလုပ်ပါလား... ဒီတစ်ခါ မင်း အရင်ရှေ့ကသွား...ငါ အနောက်ကနေ လိုက်ခဲ့မယ်"

မိုပိုင်ယဲ့က အေးစက်စွာ နှာမှုတ်လိုက်သည်။

"ကောင်းပြီလေ..."

မုဟုန်တောက်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

သူသည် တစ်ဖက်လူကို ရှေ့မှလျှောက်ခိုင်းပြီး တိုက်ခိုက်ခဲ့မိသည် ဖြစ်ရာ တစ်ဖက်လူထံတွင် ဤကဲ့သို့အတွေးမျိုး ရှိသည်ကို သူ နားလည်ပေးနိုင်သည်။

သူသည် သံချိတ်နှစ်ခုကိုကိုင်ဆောင်ပြီး ရှေ့သို့လျှောက်လှမ်းလိုက်၏။ သို့ရာတွင် သူ ခြေလှမ်းနှစ်လှမ်းမျှ မလျှောက်ရသေးမီမှာပင် သူ၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဥ်းမြောင်းသွားသည်။ သူ လှည့်ကြည့်ရန် ဟန်ပြင်လိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်ကြောင်း နားလည်သဘောပေါက်လိုက်သည်။

ဝှစ်...

ဓားမကြီးတစ်လက်က သူ၏တင်ပါး၌ တန်းတန်းမတ်မတ် စိုက်ဝင်သွားသည်။ မလှမ်းမကမ်းတွင် သူ "အတည်ပြု" ထားပြီးသော မိုပိုင်ယဲ့ မတ်တတ်ရပ်နေပေ၏။

သူက ရယ်ပြုံးရင်း မုဟုန်တောက်ကိုကြည့်ကာ ပြောဆိုသည်။

"တောင်းပန်ပါတယ် ဂိုဏ်းချုပ်မု... ငါက အတု မဟုတ်ဘူး.."

ထိုသို့ပြောပြီးသည်နှင့် သူသည် ရုတ်တရက် မုဟုန်တောက်၏တင်ပါးမှ သူ၏ဓားကို ပြန်ဆွဲထုတ်လိုကိသည်။ ထို့နောက် သူသည် နောက်သို့လှည့်ထွက်သွားပြီး တောင်တန်းများနှင့်သစ်တောများကြားတွင် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

"မင်း..."

မုဟုန်တောက်၏ခန္ဓာကိုယ် တုန်ရီသွားပြီး သူ၏အမြင်အာရုံ မည်းမှောင်သွားသည်။

လူတစ်ယောက်တည်းထံမှ သုံးကြိမ်ဆက်တိုက် အလိမ်ခံရသည်မှာ ဆိုးရွားလှပြီဖြစ်ကာ ယခုချိန်၌ ထိုလူသည် သူ့ကို အမှန်တကယ် ထိခိုက်နာကျင်အောင် လုပ်သွားပေ၏။

"ဂိုဏ်းချုပ်..."

ထိုအချိန်မှာပင် မုရှောင်ချင်း ရောက်လာပြီး သူ၏ပုံစံကို မြင်တွေ့ချိန်၌ စိုးရိမ်ပူပန်တကြီး မေးမြန်းသည်။

"ဆရာ ဘာဖြစ်လို့လဲ"

"ငါ..."

မုဟုန်တောက်သည် ရှက်ရွံ့နေကာ ပြင်းထန်သော နာကျင်မှုကို ကြိတ်မှိတ်ခံစားရင်း မုရှောင်ချင်းကို ကြည့်လိုက်သည်။

"ငါ ဒဏ်ရာနည်းနည်းရသွားတာပါ.... ဘာမှ မဖြစ်ပါဘူး... ငါ့ဘာသာငါ ကုသလို့ရတယ်..."

သူသည် သူ၏လက်ထဲမှ သံချိတ်နှစ်ခုကို ချလိုက်ပြီး ကုသရေးဆေးလုံးတစ်လုံးကို အလျင်အမြန် ထုတ်ယူကာ မျိုချလိုက်သည်။

သူ လွတ်လပ်စွာ လှုပ်ရှားနိုင်သည်ကို မြင်တွေ့ချိန်၌ မုရှောင်ချင်းကသက်ပြင်းချလိုက်ပြီး မြေပြင်ပေါ်၌ချထားသော သံချိတ်နှစ်ခုကို ကောက်ယူလိုက်သည်။

"ဆရာ.... ဆရာ့အတွက် လက်နက်ကို ကူသယ်ပေးပါရစေ..."

"အင်း..."

မုဟုန်တောက်က ခေါင်းညိတ်လိုက်ပြီး သတိထားရန်အတွက် သတိပေးဖို့ ဟန်ပြင်လိုက်စဉ်မှာပင် "သူတော်စင်မိန်းမပျို" သည် သူ၏လက်နက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး အဝေးသို့ ပြေးထွက်သွားသည်ကို မြင်တွေ့လိုက်ရသည်။

"ဒီလက်နက်အတွက် ကျေးဇူးပါပဲ ဂိုဏ်းချုပ်မု..."

"မင်း..."

မုဟုန်တောက်သည် သည်းမခံနိုင်တော့ဘဲ သွေးတစ်လုတ် အန်ထုတ်လိုက်မိသည်။

All Chapters