ထာဝရ ရှောင်မလွှဲနိုင်သော ပြဿနာ၊ ထိုနေ့သည် ဘယ်တော့မှ ရောက်လာမည် မဟုတ် (၂)
Vol. 15 Ch. 222
~လင်ရူဟွာက 'သိုင်းသူတော်စင်' နှင့် သက်ဆိုင်သော ကိစ္စကို ပြောလိုက်သည်နှင့် လော့ဝမ်ထျန်းသည် အမှန်တကယ်ပင် နောက်ဆုတ်ရန် လမ်းကြောင်း အမျိုးမျိုးကို စတင် စီစဉ်နေခဲ့ပြီ ဖြစ်သည်။ 'အစစ်အမှန်သိုင်းဂိုဏ်း' ၏ အခြေခံအုတ်မြစ်ကို သဘာဝအတိုင်း စွန့်လွှတ်၍ မဖြစ်နိုင်သော်လည်း၊ သူတို့၏ ဥအားလုံးကို တောင်းတစ်လုံးတည်းတွင် ထည့်ထား၍လည်း မဖြစ်နိုင်ပေ။
သို့သော်လည်း။
တာအိုဆရာ လုံရှန်းနှင့် လော့ဝမ်ထျန်းတို့သည် လုံးဝ မျှော်လင့်ချက် မမဲ့သေးပေ။
အဓိက အကြောင်းရင်းမှာ နင်ချီ ဖြစ်သည်။
နင်ချီ မည်မျှ ထူးကဲသည်ကို သူတို့သာ သိကြပြီး၊ သူနှင့်အတူ မည်သည့် အံ့ဖွယ်ရာမဆို ဖြစ်ပျက်လာနိုင်သည်ကို သိကြသည်။
သူတို့ နှစ်ဦးလုံးသည် ကန့်လန့်ကာဆီသို့ ကြည့်လိုက်ကြပြီး၊ နင်ချီ တိတ်တဆိတ် ပေါ်ထွက်လာမည်ကို မျှော်လင့်နေကြသည်။
အစောပိုင်းက ကျန်းပိုင်ရှန်းသည် တာအိုဆရာ လုံရှန်းနှင့် လော့ဝမ်ထျန်းတို့ကို အရေးကြီးသည့်အရာ ပြောစရာ ရှိကြောင်း ပြောခဲ့သောကြောင့်၊ သူတို့ နင်ချီကိုပါ အတူတကွ ခေါ်လိုက်ခြင်း ဖြစ်သည်။
"ကိုးလေး။ 'မိစ္ဆာဂိုဏ်း' နဲ့ 'တောင်ပိုင်းနယ်စပ်' က 'သိုင်းသူတော်စင်' တစ်ပါး မွေးဖွားတော့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး မင်း ဘယ်လို ထင်လဲ"
သူတို့၏ မျက်လုံးများ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
နင်ချီ၏ မျက်နှာအမူအရာ တည်ငြိမ်နေဆဲ ဖြစ်ရာ၊ ၎င်းက သူတို့ကို အနည်းငယ် သက်ပြင်းချနိုင်သွားစေသည်။
နင်ချီ ဝင်ထိုင်လိုက်ပြီး ခဏမျှ တွေးတော ဆင်ခြင်ပြီးနောက်၊ သူ ဖြည်းညင်းစွာ စကားဆိုသည်။
"ကျွန်တော် သိသလောက်တော့ လောကကြီးမှာ 'သိုင်းသူတော်စင် နည်းစနစ်' ဆိုတာ မရှိတော့ဘူးခင်ဗျ"
'မြို့စောင့်မြောက်ပိုင်းဘုရင်' ရော 'ဝူကျန်းဟဲ' ပါ ဤအချက်ကို သံသယ မရှိခဲ့ကြဘဲ၊ သဘာဝအတိုင်း အခြေအမြစ်မရှိဘဲ ပြောဆိုခဲ့ကြခြင်း မဟုတ်ပေ။
လော့ဝမ်ထျန်း၏ မျက်လုံးများ အရောင်တောက်လာသည်။
"ဒါဆို အဓိပ္ပာယ်က ဒါ မမှန်ဘူး ဆိုတဲ့ သဘောလား"
နင်ချီက ခေါင်းခါယမ်းလိုက်သည်။
"မဟုတ်ဘူး။ ဒါက မှန်နိုင်ခြေ များတယ်။ 'မရီး ငါး' ( ဇာတ်ကောင်က လင်ရူဟွာကို အစ်ကိုငါးရဲ့ ဇနီးအဖြစ် အသိအမှတ်ပြုလိုက်ခြင်း ဖြစ်ပါတယ်) က ကျွန်တော်တို့ကို လိမ်မှာ မဟုတ်ဘူး။ ဖြစ်နိုင်တာက 'မိစ္ဆာဂိုဏ်း' နဲ့ 'တောင်ပိုင်းနယ်စပ်' က 'သိုင်းသူတော်စင်' မွေးဖွားမှုက ပြင်ပ အင်အားစုတွေကို သုံးပြီး အတင်းအကျပ် ရယူတာပဲ ဖြစ်ရမယ်"
သူသည် လင်ရူဟွာ၏ အစောပိုင်း ပြောစကားကို ရှင်းလင်းစွာ ကြားလိုက်ရပြီး၊ 'သိုင်းသူတော်စင်' တစ်ဦး အစောဆုံး (၃) နှစ်အတွင်း မွေးဖွားလာမည်ဟု ညွှန်ပြနေသည်။
၎င်းက 'မိစ္ဆာဂိုဏ်း' နှင့် 'တောင်ပိုင်းနယ်စပ်' တို့သည် 'သိုင်းသူတော်စင်' မွေးဖွားမည့် အချိန်ကို ကြိုတင် မျှော်မှန်းထားပြီး ဖြစ်ကြောင်း၊ အချိန်အတော်ကြာ ကြံစည်နေခဲ့ကြောင်း ပြသနေသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် 'သိုင်းသူတော်စင်' တစ်ဦးကို အစမှ ဖန်တီးသည့် လမ်းကြောင်းကို လျှောက်လှမ်းလိုပါက၊ ၎င်းသည် များသောအားဖြင့် ဉာဏ်အလင်း ပွင့်မှုအပေါ် မူတည်ပေသည်။
ဟုတ်ပါသည်။ ဤသည်မှာ နင်ချီ ထိုကဲ့သို့ ထင်ကြေးပေးရသည့် တစ်ခုတည်းသော အကြောင်းရင်း မဟုတ်ပေ။
သူ့ကို ဤသို့ ကောက်ချက်ချစေသည့် အမှန်တကယ် အကြောင်းရင်းမှာ လွန်ခဲ့သော အချိန်က၊ သူ 'ချင်ပြည်နယ်' ရှိ 'တောင်ပိုင်းနယ်စပ်' ၏ ခံတပ်တစ်ခုကို သုတ်သင် ရှင်းလင်းခဲ့စဉ်က၊ 'သွေးဘုရင် ကူ' တည်ရှိနေသည်ကို သူ ရှာဖွေ တွေ့ရှိခဲ့ပြီး ဖြစ်သောကြောင့်တည်း။
"'တောင်ပိုင်းနယ်စပ်' က 'သိုင်းသူတော်စင် နယ်ပယ်' ကို ချိုးဖောက်ဖို့ 'သွေးဘုရင် ကူ' အပေါ် အားကိုးနိုင်ခြေ များပါတယ်။ 'မိစ္ဆာဂိုဏ်း' အတွက်တော့ သူတို့မှာ ကိုယ်ပိုင် နည်းလမ်းတွေ ရှိကြမှာပါ။ သူတို့ချင်း မဟာမိတ် ဖွဲ့တာ မကြာသေးပါဘူး။ အပြန်အလှန် အကူအညီ ပေးရင်တောင်မှ အောင်မြင်မှုက မြန်မြန်ဆန်ဆန် ရလာမှာ မဟုတ်ဘူး ဆရာ.." နင်ချီ ထင်ကြေးပေးလိုက်သည်။
ဤသည်မှာ သူ တည်ငြိမ်နေနိုင်သည့် အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်သည်။
သူ၏ 'စိတ်ဝိညာဉ် သန့်စင်ခြင်း' တိုးတက်မှုသည် ချောမွေ့နေပြီး၊ နောက်ထပ် (၆) လခန့် အချိန်အတွင်း၊ သူ 'ကောင်းကင်ဘုံလူသားနယ်ပယ်' သို့ ရောက်ရှိနိုင်သည်။ ထိုအခါ၊ 'မိစ္ဆာဂိုဏ်း' နှင့် 'တောင်ပိုင်းနယ်စပ်' တို့၏ 'သိုင်းသူတော်စင်' များကို ရင်ဆိုင်ရာတွင် သူ လုံးဝ အကူအညီမဲ့ နေလိမ့်မည် မဟုတ်ပေ။
"ပြင်ပ အင်အားစုနဲ့ မွေးဖွားတာ ဟုတ်လား။ ဒါဆို အဲ့ဒီလို ချိုးဖောက် တက်လှမ်းတဲ့ 'သိုင်းသူတော်စင်' က ပိုပြီး အားနည်းမယ် ဆိုတဲ့ သဘောလား" လော့ဝမ်ထျန်း၏ မျက်လုံးများ အရောင်တောက်လာသည်။
ဤသည်မှာ ကျိုးကြောင်းဆီလျော်သော ကောက်ချက်တစ်ခု ဖြစ်သည်။
သိုင်းတာအိုတွင်၊ ပြင်ပ အင်အားစုများဖြင့် ချိုးဖောက် တက်လှမ်းခြင်းသည် မတည်ငြိမ်သော အခြေခံအုတ်မြစ်များကို ဖြစ်ပေါ်စေပြီး၊ အဆင့်တူများ နှင့် နှိုင်းယှဉ်လျှင် ခွန်အား သတ္တိ ပိုမို အားနည်းစေသည်။ ထိုသို့သော သက်ရောက်မှုများကို ဖယ်ရှားရန် အခြေခံအုတ်မြစ်ကို ခိုင်မာစေရန် အချိန်များစွာ လိုအပ်သည်။
ယခင်က လော့ဝမ်ထျန်းနှင့် အခြားသူများ 'ချီစွမ်းအင် စုစည်းခြင်း ဆေးလုံး' ကို အသုံးပြု၍ 'မြူဖြူ နယ်ပယ်' သို့ ချိုးဖောက် တက်လှမ်းခဲ့စဉ်ကလည်း ဤကဲ့သို့ပင် အတိအကျ ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် နင်ချီက သူတို့အတွက် ခိုင်မာသော အခြေခံအုတ်မြစ် လျှို့ဝှက် နည်းစနစ်တစ်ခု ဖန်တီးပေးခဲ့ပြီး၊ သူ သန့်စင်သော ဆေးလုံးများတွင် ဘေးထွက်ဆိုးကျိုး အလွန် နည်းပါးကာ၊ သူတို့၏ သက်ရောက်မှုများကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့သည်။
တာအိုဆရာ လုံရှန်းက ဆိုသည်။
“ဒါပေမဲ့ အားအနည်းဆုံး 'သိုင်းသူတော်စင်' ကတောင် 'သိုင်းသူတော်စင်' ပဲလေ။ ငါ ကြောက်တာက 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' မှာ အဆင့် (၁) ချိတ်ထားတဲ့ 'လေနားထောင် အဘိုးအို' တောင်မှ မယှဉ်နိုင်မှာကိုပဲ”
နင်ချီ ဖြည်းညင်းစွာ ခေါင်းညိတ်သည်။
"ကျွန်တော့်ကို အချိန် (၆) လ ပေးပါ။ ကျွန်တော် 'ကောင်းကင်ဘုံ
လူသားနယ်ပယ်' ကို ရောက်နိုင်ပါတယ်"
လော့ဝမ်ထျန်း ကြောင်ငေး သွားပြီး၊ သူ၏ မျက်လုံးများ ကျယ်ပြန့်သွားသည်။
တစ်လျှောက်လုံး သူ ထင်ထားခဲ့သည်မှာ နင်ချီက 'ကောင်းကင်ဘုံ
လူသားနယ်ပယ်' သို့ ရောက်ရှိနေပြီ ဟူ၍ ဖြစ်သည်။ သို့သော် ယခု သူ သိလိုက်ရသည်မှာ သူ 'ချီစွမ်းအင်အနှစ်သာရ နယ်ပယ်' တွင်သာ ရှိနေသေးသည် တဲ့လား။
သူ အနည်းငယ် မယုံနိုင် ဖြစ်သွားသည်။ ဤသည်မှာ နင်ချီ 'ကောင်းကင်ဘုံလူသားနယ်ပယ်' သို့ ခြေချလိုက်ခြင်းထက်ပင် ပိုမို ထိရောက်မှု ရှိသည်။
…ကိုးလေးက အခုတောင် 'ကောင်းကင်ဘုံလူသားနယ်ပယ်' မှာ မယှဉ်နိုင်သလောက် နီးပါး ခွန်အား ထက်နေပြီ။ 'ကောင်းကင်ဘုံလူသားနယ်ပယ်' ထဲ ခြေချပြီးရင်ရော ဘယ်လိုဖြစ်မလဲ။..
..ဒါဆို သူ 'သိုင်းသူတော်စင်' တစ်ပါးနဲ့ ယှဉ်ပြိုင်နိုင်တယ် ဆိုတဲ့ အဓိပ္ပာယ် မဟုတ်လား။..
ရုတ်တရက် လော့ဝမ်ထျန်း၏ မျက်လုံးများထဲမှ မျှော်လင့်ချက်သည် ပို၍ပင် ပြင်းထန်လာသည်။
တာအိုဆရာ လုံရှန်းသည်လည်း သူ၏ နှလုံးသားထဲတွင် စိတ်အေးသွားသည်။
"ဒီလို ဖြစ်မှတော့၊ ကိုးလေး အတွက် အချိန် ရအောင်၊ 'မိစ္ဆာဂိုဏ်း' နဲ့ 'တောင်ပိုင်းနယ်စပ်' ကို တားဆီးဖို့ ငါတို့ ခွန်အား ကုန် လုပ်ရမယ်"
လော့ဝမ်ထျန်း၏ ဦးနှောက် လျင်မြန်စွာ အလုပ်လုပ်သွားသည်။
"'တောင်ပိုင်းနယ်စပ်' ရဲ့ အားကိုးရာက 'သွေးဘုရင် ကူ' ဖြစ်နိုင်ခြေ အများဆုံးပဲ။ 'မိစ္ဆာဂိုဏ်း' က 'သိုင်းသူတော်စင်' ဖြစ်မြောက်ဖို့ ဘယ် နည်းလမ်းကို အားကိုးနေလဲ ဆိုတာ ငါတို့ ရှင်းရှင်းလင်းလင်း သိဖို့ လိုတယ်။ အဲ့ဒါမှ သူတို့ ခြေလှမ်းတွေကို နှောင့်နှေးအောင် တပည့်တို့ တုံ့ပြန်မှုကို အံဝင်ခွင်ကျ လုပ်နိုင်မှာ"
"ဟုတ်တာပေါ့။ တပည့်တို့'အစစ်အမှန်သိုင်းဂိုဏ်း' ရဲ့ အင်အား တစ်ခုတည်းနဲ့ အားကိုးလို့တော့ ခက်ခဲတယ်။ ပြင်ပ အကူအညီ လိုပါတယ်"
"တကယ်လို့ 'မိစ္ဆာဂိုဏ်း' နဲ့ 'တောင်ပိုင်းနယ်စပ်' ကသာ 'သိုင်းသူတော်စင်' တစ်ပါး မွေးဖွားလာခဲ့ရင်၊ အဲ့ဒါကို အဖြစ်ချင်ဆုံး မဟုတ်တဲ့ သူက 'မဟာယန်' ရဲ့ 'နန်းတော်' ပဲ ဖြစ်မှာ သေချာတယ်။ ဒါကြောင့် သူတို့လည်း အရေးတကြီး ခံစားရမှာပဲ။ ဒီ သတင်းကို 'မြို့စောင့်မြောက်ပိုင်းဘုရင်' ဆီ ဆက်သွယ် အသိပေးနိုင်တယ်။ သူ့ကို 'နန်းတော်' နဲ့ ညီညွတ်အောင် ပေါင်းစည်းပြီး 'မိစ္ဆာဂိုဏ်း' နဲ့ 'တောင်ပိုင်းနယ်စပ်' ကို အရေးယူ ဆောင်ရွက်ခိုင်းရမယ်"
"ဒါ့အပြင်၊ တပည့်တို့ ဒီ သတင်းကို သိုင်းလောက အတွင်းမှာ ဖြန့်ဝေပြီး တခြား သိုင်းတာအို ဂိုဏ်းတွေကို စိုးရိမ် ပူပန်စေနိုင်တယ်။ ဒီနည်းအားဖြင့် သူတို့ရဲ့ အစီအစဉ်တွေကို အတိုင်းအတာ တစ်ခုအထိ နှောင့်နှေးစေနိုင်တယ်"
" (၆) လ လောက် အချိန်ဆွဲထားနိုင်သရွေ့၊ ကိုးလေး 'ကောင်းကင်ဘုံလူသားနယ်ပယ်' ကို ရောက်အောင် လုပ်နိုင်သရွေ့၊ အဲ့ဒီအခါကျရင် လှုပ်ရှားဖို့ နေရာလွတ် ရှိလာပါပြီ"
လော့ဝမ်ထျန်းသည် အဓိက အချက်ကို သဘောပေါက်သွားပြီး တစ်ဆက်တည်း ပြောချလိုက်သည်။
"ဒါကြောင့် ကြည့်ရတာ တပည့်တို့ 'အစစ်အမှန်သိုင်းဂိုဏ်း' က လုံးဝ လမ်းပိတ် သွားတာမျိုး မဟုတ်နိုင်ဘူး။ ရှင်သန်ရာ လမ်း ရှိနေသေးတာ ပါလား"
သို့သော် ဤအရာ အားလုံး၏ အဓိက အချက်မှာ နင်ချီ ဖြစ်သည်။
သူ တောင့်ခံထားနိုင်ရန် လိုအပ်သည်။
တာအိုဆရာ လုံရှန်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး မေးလိုက်၏။
"ကိုးလေး။ မင်း 'ကောင်းကင်ဘုံလူသားနယ်ပယ်' ကို ရောက်သွားရင်၊ 'သိုင်းသူတော်စင်' တစ်ပါးနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ခွန်အား မင်းမှာ ရှိမှာလား"
နင်ချီ ခဏမျှ စဉ်းစားပြီး ပြောသည်။
"ကျွန်တော် 'သိုင်းသူတော်စင်' တစ်ယောက် တကယ် ဘယ်လောက် သန်မာလဲတော့ မသိဘူး။ ဒါပေမဲ့ ကျွန်တော် 'ကောင်းကင်ဘုံ လူသားနယ်ပယ်' ကို ရောက်နိုင်ခဲ့ရင်၊ အခုထက် (၁၀) ဆ ပို သန်မာလာဖို့က ပေါ့ပေါ့လေးပဲ၊ ဖြစ်နိုင်တာက ဒီထက်တောင် ပိုပြီး ချဲ့ကား ပြောလို့ရသေးတယ်။ 'သိုင်းသူတော်စင်' တစ်ယောက်ရဲ့ တိုက်ခိုက်ရေး စွမ်းအားက မယှဉ်နိုင်လောက်အောင် အဓိပ္ပာယ်မဲ့လောက်အောင်တော့ ဖြစ်မှာ မဟုတ်ပါဘူး၊ တကယ်လို့ မယှဉ်နိုင်ခဲ့ရင်တောင်၊ လုံးဝ ခွန်အား မရှိဘဲတော့ ဖြစ်နေမှာ မဟုတ်ပါဘူး၊ ဆရာ"
နင်ချီက အလေးအနက် ခန့်မှန်းနေခြင်း ဖြစ်သည်။
'ကောင်းကင်ဘုံလူသားနယ်ပယ်' သို့ ရောက်ရှိပြီးနောက်၊ သူ၏ ခိုင်မာသော အခြေခံအုတ်မြစ်ဖြင့်၊ ပဲ့တင်ထပ်နိုင်သော 'ကောင်းကင်နှင့်
မြေကြီး၏ စွမ်းအား' သည် အခြားသူများ၏ စိတ်ကူးများထက် များစွာ ကျော်လွန်နိုင်ဖွယ် ရှိပေသည်။
သူသည် 'သိုင်းသူတော်စင်' ၏ ခွန်အား သတ္တိကို အကောင်းမြင် ရှုထောင့်မှ အကဲဖြတ်ရန် ကြိုးစားနေခဲ့သည်။
တာအိုဆရာ လုံရှန်းနှင့် လော့ဝမ်ထျန်းတို့သည် နင်ချီ၏ စရိုက်ကို သိကြပြီး၊ အကယ်၍ သူ ဤသို့ ပြောဆိုပါက၊ သူ့တွင် ယုံကြည်မှု အတိုင်းအတာ အနည်းငယ် ရှိနေသည်ကို နားလည်သဖြင့်၊ စိတ်လက် ပေါ့ပါးသွားကြသည်။
(၆) လ ကြာပြီးနောက် သူ 'ကောင်းကင်ဘုံလူသားနယ်ပယ်' သို့ ရောက်ရှိမည်။
အကယ်၍ 'မိစ္ဆာဂိုဏ်း' က 'သိုင်းသူတော်စင်' တစ်ဦး ပေါ်ထွက်လာရန် အချိန် ပိုကြာပါက၊ နင်ချီတွင် ကြီးထွားရန် အချိန် ပို ရရှိပေလိမ့်မည်။
"ဒါပေမဲ့ အစီအစဉ် (၂) ခုတော့ လုပ်ထားရမယ်။ ကိုးလေး၊ မင်းဆရာ့ကို ကတိပေးပါ။ တကယ်လို့ တစ်နေ့နေ့မှာ 'သိုင်းသူတော်စင်' (၂) ပါး တိုက်ခိုက်ဖို့ ရောက်လာပြီး၊ မင်း သူတို့ကို မခုခံနိုင် ဖြစ်ခဲ့ရင်၊ လွတ်မြောက်ဖို့ ခွန်အား ကုန် ကြိုးစားရမယ်။ မင်းမှာ အဲ့ဒီလို လုပ်နိုင်တဲ့ အရည်အချင်း ရှိတယ်ဆိုတာ ငါ သိတယ်။ ဘာ အဓိပ္ပာယ်မှ မရှိတဲ့ စတေးမှုတွေ မလုပ်ပါနဲ့။ မင်းရဲ့ အရည်အချင်းနဲ့ဆို၊ နှစ်အနည်းငယ်လောက် စူးစိုက် ကျင့်ကြံပြီးရင်၊ သူတို့ကို ကြက်တွေ ငှက်တွေလို လွယ်လွယ်ကူကူ ခုတ်ဖြတ်နိုင်မှာ"
"အဲ့ဒီ အချိန်ကျရင်၊ 'အစစ်အမှန်သိုင်းဂိုဏ်း' ကို ပြန်လည် တည်ဆောက်ရမယ့် တာဝန်က မင်း ပခုံးပေါ်မှာ ကျရောက်နေပြီ"
တာအိုဆရာ လုံရှန်း၏ အကြည့်များမှာ စိတ်ရင်းမှန်ဖြင့် ဖြစ်ပြီး၊ တောင်းပန်မှု အရိပ်အယောင်ပင် အနည်းငယ် ပါဝင်နေသည်။
နင်ချီ တိတ်ဆိတ်သွားသည်။
သူ့ဆရာနှင့် တပည့် ညီအစ်ကိုတွေ သူ့မျက်စိရှေ့မှာ သေဆုံးသွားပြီး၊ သူ လုပ်နိုင်သမျှက စိတ်ပျက်စွာ ထွက်ပြေးဖို့ပဲ ဆိုလျှင်၊ ဒါက ဘယ်လို ဝေဒနာမျိုး ဖြစ်မလဲ ဆိုတာ သူ မတွေးရဲပါ။
အသက်ပြင်းပြင်း ရှူလိုက်ရင်း နင်ချီက ခပ်ဖွဖွ ဆိုလိုက်သည်။
"အဲ့ဒီလို ဖြစ်လာမှာ မဟုတ်ပါဘူး ဆရာ။ အဲ့ဒီနေ့က ရောက်လာမှာ မဟုတ်ဘူး"
တာအိုဆရာ လုံရှန်းက ခိုင်မာစွာ တောင်းဆိုသည်။
"မင်း ဆရာ့ကို ကတိ ပေးရမယ်"
တာအိုဆရာ လုံရှန်း၏ အကြည့်ကို ရင်ဆိုင်ရင်း၊ နင်ချီ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
နောက်ဆုံးတွင် သူ ခေါင်းညိတ်လိုက်ပြီး ပြောသည်။
"ကျွန်တော် ကတိပေးပါတယ်"
‘တကယ်လို့ အဲ့ဒီနေ့သာ ရောက်လာခဲ့ရင်၊ သူ 'မိစ္ဆာဂိုဏ်း' နဲ့ 'တောင်ပိုင်းနယ်စပ်' ကို သေချာပေါက် ဖျက်ဆီးပစ်ပြီး၊ 'အစစ်အမှန်သိုင်း' အတွက် လက်စားချေမည်’ဟု နင်ချီ ရင်တွင်း၌ ကြုံးဝါးလိုက်တော့သည်။
သို့သော် ထိုနေ့ ရောက်လာမှာကို သူ လုံးဝ ဆန္ဒ မရှိပါချေယ
ယခင်က မသိရှိခဲ့သော စိတ်အား ထက်သန်မှုတစ်ခု သူ့အတွင်း၌ တိုးပွားလာသည်။
ယခု အချိန်အထိ၊ သူက တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ကြံလာခဲ့သည်။ တစ်ခါတစ်ရံ ဖိအား အနည်းငယ် ရှိခဲ့သော်လည်း၊ ယခုကဲ့သို့ ပြင်းထန်သော အခြေအနေမျိုး ဘယ်တုန်းကမှ မရှိခဲ့ပေ။
ခြေတစ်လှမ်း မှားလိုက်ရုံဖြင့် မိမိ ဂရုစိုက်ရသော လူအားလုံး သေဆုံးသွားနိုင်၏။
..ထွက်ပြေးဖို့ ဟုတ်လား။ ဒါက မဖြစ်နိုင်တဲ့ အရာပဲ။ 'အစစ်အမှန်သိုင်းဂိုဏ်း' မှာ ကြီးမားတဲ့ ဂုဏ်သတင်း ရှိနေပြီး၊ သူတို့ နာမည်ဝှက်တွေနဲ့ ပျောက်ကွယ်သွားလို့ မဖြစ်ဘူး။..
ထိုစဉ် တာအိုဆရာ လုံရှန်း တစ်ချက် ရယ်လိုက်သည်။
သူ နင်ချီ၏ ပခုံးကို ပုတ်လိုက်ပြီး ပြောသည်။
"မင်း ရှိနေသရွေ့၊ 'အစစ်အမှန်သိုင်း' အမွေအနှစ်က ပျက်သုဉ်းမှာ မဟုတ်ဘူး။ ဆရာ စိတ်အေးသွားပြီ"
ထို့နောက် တာအိုဆရာ လုံရှန်းသည် လော့ဝမ်ထျန်းကို တိုက်ခိုက်လိုစိတ် အရိပ်အယောင်များ လျှံတက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဒီလို ဖြစ်မှတော့၊ ငါတို့ သူတို့ကို ရင်ဆိုင်ဖို့ ခွန်အား ကုန် လုပ်ဆောင်ရမယ်"
"ဟုတ်ကဲ့ ဆရာ၊ ကျွန်တော်တို့ တိုက်ခိုက်ကြရမှာပေါ့"
သူတို့၏ မျက်လုံးများ တက်ကြွသော တိုက်ခိုက်ရေး စိတ်ဓာတ်များဖြင့် တောက်လောင်နေသည်။
‘မိစ္ဆာဂိုဏ်း’နှင့် 'တောင်ပိုင်းနယ်စပ်' က ရှေ့ဆက်တိုးဖို့ စိတ်ပိုင်းဖြတ်ထားမှတော့၊ ပြန်တိုက်ခိုက်ဖို့က တစ်ခုတည်းသော ရွေးချယ်စရာပင်။
အကယ်၍ 'မိစ္ဆာဂိုဏ်း' နှင့် 'တောင်ပိုင်းနယ်စပ်' ၏ ခွန်အား က နောက် (၆) လ အတွင်း 'သိုင်းသူတော်စင်' တစ်ပါး မထုတ်လုပ်နိုင်ခဲ့လျှင် ဖြစ်နိုင်တာက သူတို့ ကြိုတင် ထိုးနှက် တိုက်ခိုက်မှုကို စမ်းသပ် ကြည့်နိုင်လေ၏။
—---------
နောက်တစ်နေ့သ၌၊
တာအိုဆရာ လုံရှန်းသည် 'မိစ္ဆာဂိုဏ်း' နှင့် 'တောင်ပိုင်းနယ်စပ်' တို့၏ 'သိုင်းသူတော်စင်' ဖြစ်မြောက်ရန် လျှို့ဝှက် ကြံစည်မှုကို ဖော်ပြထားသော လျှို့ဝှက်စာတစ်စောင်ကို ကိုယ်ပိုင် လက်ရေးမူဖြင့် ရေးသားခဲ့သည်။
ချန်ရှင်းနှင့် ချန်ယွဲ့တို့၏ မျက်နှာအမူအရာများ လေးနက်သွားပြီး၊ စစ်မှန်စွာ ခေါင်းညိတ်လိုက်ကြသည်။
သူမတို့တတွေ ဒါက ဘာလဲဟု မမေးရဲကြပေ။
လင်ရူဟွာသည် 'အစစ်အမှန်သိုင်းမြို့တော်' တွင် တည်ငြိမ်စွာ နေထိုင်ခဲ့ပြီး၊ ချန်ရှင်းသည် 'မြို့စောင့်မြောက်ပိုင်းဘုရင်' တပ်စွဲရာ 'မြောက်ပိုင်း လူရိုင်း' နယ်မြေသို့ ညဘက် ထွက်ခွာသွားခဲ့လေသည်။