ထာဝရ ရှောင်မလွှဲနိုင်သော ပြဿနာ၊ ထိုနေ့သည် ဘယ်တော့မှ ရောက်လာမည် မဟုတ်
Vol. 15 Ch. 221
~တာအိုဆရာ လုံရှန်းသည် လက်ချင်းတွဲထားသော ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာကို ကြည့်ရင်း စိတ်လှုပ်ရှားမှု ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
ဒီလို ကွဲပြားပြီး ဆန့်ကျင်ဘက် ဖြစ်နေသော နောက်ခံအသိုင်းအဝိုင်းတွေ ရှိသည့် လူနှစ်ယောက်က ဒီအဆင့်ထိ ရောက်လာခဲ့ကြသည်။ ဒါက ထူးခြားသော ကံကြမ္မာ တစ်မျိုးတည်း။
သူကတော့ သူ့တပည့်ကို အနာဂတ်မှာ ခက်ခဲသည့် ရွေးချယ်မှုတွေနှင့် မရင်ဆိုင်စေလိုပါ။
စိတ်ပိုင်းဖြတ်မှုနှင့်အတူ တာအိုဆရာ လုံရှန်းက တည်ကြည်လေးနက်စွာ မေးလိုက်သည်။
"မင်းတို့နှစ်ယောက် တကယ်ပဲ နက်နက်ရှိုင်းရှိုင်း ချစ်ခင်ကြပြီး၊ အခက်အခဲတွေကို အတူတူ ကြံ့ကြံ့ခံရင်း၊ စိတ်နှလုံး တစ်သားတည်း ညီညွတ်စွာ နေထိုင်ဖို့ ဆန္ဒ ရှိကြရဲ့လား"
ထိုအခါ ကျန်းပိုင်ရှန်းသည် သူ၏ခေါင်းကို လှည့်၍ လင်ရူဟွာအား နူးညံ့စွာ ကြည့်လိုက်သည်။ ထို့နောက် တာအိုဆရာ လုံရှန်း၏ ရှေ့မှောက်၌ ရိုသေစွာ ဒူးထောက်လိုက်၏။
"ဆရာ ကျေးဇူးပြုပြီး သက်သေခံပေးပါ။ ဒီဘဝမှာ ကျွန်တော် ရူဟွာကလွဲလို့ ဘယ်သူ့ကိုမှ လက်ထပ်မှာ မဟုတ်ပါဘူး"
လင်ရူဟွာသည်လည်း လိုက်၍ ဒူးထောက်လိုက်သည်။
"စစ်မှန်သူ ကျေးဇူးပြုပြီး သက်သေခံပေးပါ။ ဒီဘဝမှာ ကျွန်မလည်း ပိုင်ရှန်းကလွဲလို့ ဘယ်သူ့ကိုမှ လက်ထပ်မှာ မဟုတ်ပါဘူးရှင်"
ချစ်သူ နှစ်ဦးသား တစ်ဦးကိုတစ်ဦး နားလည်မှု ရှိစွာဖြင့် သူတို့၏ အကြည့်များ မြဲမြံစွာ ဆုံစည်းသွားသည်။
လော့ဝမ်ထျန်းသည် ကြီးမားသော ကျေနပ်မှုဖြင့် ကြည့်နေမိသည်။
ဒါက သူ့၏ ညီငယ် ညီမငယ် အများကြီးထဲမှာ ပထမဆုံး ကိုယ့်နေရာကိုယ် တွေ့သွားခြင်းပင်။
လင်ရူဟွာက 'မိစ္ဆာဂိုဏ်း' ၏ လျှို့ဝှက်ချက်တွေ အများကြီး ဖွင့်ချလိုက်ကတည်းက သူ၏ ငါးယောက်မြောက် ညီငယ် ရွေးချယ်မှု မှန်ကန်ခဲ့မှန်း သူ သိလိုက်ပါသည်လေ။
ထိုစဉ် တာအိုဆရာ လုံရှန်းက သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ရင်း အားရပါးရ ရယ်မောလိုက်သည်။
ထို့နောက် လင်ရူဟွာကို စနောက်ဟန်ဖြင့် မေးလိုက်၏။
"ဒီလို ဖြစ်မှတော့ ဒီတာအိုအဘိုးကြီးကို 'ဆရာ' လို့ ဘာလို့ မခေါ်သေးတာလဲကွယ့်"
လင်ရူဟွာ မျက်နှာ နီမြန်းသွားသည်။ သို့သော် သူမ၏ နှလုံးသားမှာ ပျော်ရွှင်မှုနှင့် ချိုမြိန်မှုတို့ဖြင့် ပြည့်နှက်နေပါသည်။
"ဆရာ"
သူမ ခပ်တိုးတိုး ခေါ်လိုက်သည်။
တာအိုဆရာ လုံရှန်းသည် ပို၍ပင် အားရပါးရ ရယ်မောလိုက်ပြီး၊ လေးနက်စွာ ကျေနပ်သွားသည်။
ရယ်မောပြီးနောက် သူ၏ မျက်နှာအမူအရာသည် တဖြည်းဖြည်း လေးနက်တည်ကြည်သွား၏။
"ကျိုးကြောင်းဆီလျော်မှု အရတော့ မင်းတို့နှစ်ယောက် လက်ထပ်ချင်တယ်ဆိုရင် ငါက မင်းတို့အတွက် စည်စည်ကားကား မင်္ဂလာပွဲတစ်ခု စီစဉ်ပေးသင့်တယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေတွေက ထူးခြားနေတော့ အရာအားလုံးကို အခု ရိုးရိုးရှင်းရှင်းပဲ လုပ်ပြီး အနာဂတ်ကျမှ ပြန်လည် ဖြည့်ဆည်းပေးရလိမ့်မယ်ကွ"
တာအိုဆရာ လုံရှန်းသည် အလွန် လေးနက် နေ၏။
ဆရာဖြစ်သူ လေးနက်လွန်းနေတာက ကျန်းပိုင်ရှန်းကိုတောင် စိတ်လှုပ်ရှားစေသည်။
နောက်တစ်ခဏတွင် တာအိုဆရာ လုံရှန်း၏ စကားများက သူ့ကို လုံးဝ ကြောင်ငေးသွားစေတော့သည်။
"ပိုင်ရှန်း၊ ရူဟွာ။ ဒီနေ့ကစပြီး မင်းတို့ တောင်ပေါ်ကနေ ထွက်သွားရမယ်။ နောက် (၃) နှစ်လုံးလုံး လူသူကင်းဝေးတဲ့ နေရာတစ်ခု ရှာပြီး ကိုယ့်နာမည်ကို ဖျောက်ထား။ အပြင်က ဘယ်ကိစ္စကိုမှ စိတ်မဝင်စားရဘူး"
သူ့ဆရာ စကားကို ကြားသော် ကျန်းပိုင်ရှန်း ပျာယာခတ်သွားသည်။
"ဆရာ ဘာဖြစ်လို့လဲဗျ"
"ကျွန်တော် မသွားဘူး။ အခု 'အစစ်အမှန်သိုင်းဂိုဏ်း' က အန္တရာယ် ကျရောက်နေတာ။ ဒီလို အချိန်မျိုးမှာ တစ်ယောက်တည်း ဘယ်လို ထွက်သွားနိုင်မှာလဲဗျာ။ ကျွန်တော် သစ္စာမရှိ၊ သိတတ်မှုမရှိတဲ့ တပည့်တစ်ယောက် မဖြစ်နိုင်ဘူး"
လော့ဝမ်ထျန်း အနည်းငယ် တိတ်ဆိတ်သွားပြီး စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
သူ သူ့ဆရာ၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်း နားလည်လိုက်ပါပြီ။
တာအိုဆရာ လုံရှန်းက တန်ပြန် မေးခွန်းထုတ်သည်။
"ဒါဆို ငါ မင်းကို မေးမယ်။ တကယ်လို့ တစ်နေ့နေ့မှာ ရူဟွာရဲ့ အမေနဲ့ မင်း ဆရာ ရင်ဆိုင်တွေ့ကြတဲ့အခါ မင်း ဘယ်သူ့ကို ကူညီမှာလဲ။ ရူဟွာကိုရော ဘယ်သူ့ကို ကူညီခိုင်းမှာလဲ"
ထိုမေးခွန်းအား ရင်ဆိုင်လိုက်ရသောအခါ ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာ နှစ်ဦးလုံး မျက်နှာ ဖြူဖျော့သွားသည်။
သူတို့ (၂) ယောက်လုံး ဒီပြဿနာကို လျစ်လျူရှုထားခဲ့ကြသည်၊ ဒါမှမဟုတ် မသိစိတ်က တမင် ရှောင်ရှားနေခဲ့ကြသည်။
သို့သော် ယခု တာအိုဆရာ လုံရှန်းက ပြောင်ပြောင်တင်းတင်း ထောက်ပြလိုက်သောအခါ သူတို့၏ နှလုံးသားများ မယုံနိုင်လောက်အောင် ရှုပ်ထွေးသွားကြသည်။
"ကျွန်တော် ကျွန်တော်"
သူတို့ တုံ့ဆိုင်းနေပြီး နာကျင်နေကြသည်။
ကျန်းပိုင်ရှန်း၏ မျက်လုံးများ နီရဲလာရ၏။
ဒါက ရှေးရိုးစွဲ ပဋိပက္ခတစ်ခုပင်။ နှစ်ဖက်လုံးက ချစ်ခင်ရသည့်သူတွေ။ ရွေးချယ်ဖို့က မဖြစ်နိုင်ပေ။
"တကယ်လို့ အဲ့ဒီအခြေအနေကို ရောက်လာခဲ့ရင် ကျွန်တော် အသေခံပြီး အပြစ်ဖြေပါ့မယ်"
ကျန်းပိုင်ရှန်း၏ မျက်လုံးများက ပြတ်သားနေသည်။
သူ လင်ရူဟွာကို လှမ်းကြည့်လိုက်ရာ သူမကလည်း သူ့ကို နူးညံ့စွာ ပြန်ကြည့်နေသည်။
သူမ စကား မပြောခဲ့သော်လည်း အဓိပ္ပာယ်မှာ သူမ၏ မျက်လုံးများထဲတွင် ရှင်းလင်းနေသည်။
ဖြစ်နိုင်တာက ထိုအရေးကြီးသည့် အခိုက်အတန့်မှာ အတူတူ သေဆုံးသွားခြင်းက အကောင်းဆုံး ရွေးချယ်မှုပဲ ဖြစ်လိမ့်မည်။
တာအိုဆရာ လုံရှန်း စိတ်ထဲမှ သက်ပြင်းချလိုက်သော်လည်း အပြင်မှတော့ မာန်ပါပါ ဆူပူလိုက်၏။
"မဟုတ်က ..ဟုတ်က"
"အတူတူ သေလိုက်တာက အပျော့ညံ့ဆုံး အပြုအမူပဲ။ ငါ မင်းကို ကြီးပြင်းလာအောင် သင်ပေးခဲ့တာက မင်းကို ဒီလို အဓိပ္ပာယ်မရှိ အသေရှာခိုင်းဖို့ မဟုတ်ဘူး"
ထိုအခိုက်..လော့ဝမ်ထျန်းက ဖြည်းညင်းစွာ ဝင်ပြောသည်။
"ညီငါး။ မင်းနဲ့ ရူဟွာ အတွက် ဆရာ ပြောတာ အကောင်းဆုံး ရွေးချယ်မှုပဲ။ မင်းတို့ (၃) နှစ်လောက် ပုန်းရှောင်နေလိုက်ပါကွာ။ ပြီးတော့ အရာအားလုံး ပြီးဆုံးသွားတဲ့အခါ နိုင်သည် ဖြစ်စေ ရှုံးသည် ဖြစ်စေ ဒါဟာ ကံကြမ္မာပါပဲ။ မင်းတို့ တခြား အတွေးတွေ ဝင်နေစရာ မလိုတော့ဘူး"
တာအိုဆရာ လုံရှန်းက ဆက်ပြောသည်။
"နောက်ပြီး စစ်မြေပြင်ကို စွန့်ပစ်သွားသလို ခံစားပြီး ဂိုဏ်းကို သစ္စာဖောက်သလို မထင်နဲ့။ ဒီလောက် အရေးကြီးတဲ့ သတင်း
အချက်အလက်တွေ ပေးဖို့ ရူဟွာကို ခေါ်လာပေးတာနဲ့တင် မင်းက ကြီးမားတဲ့ ပံ့ပိုးမှုတစ်ခု လုပ်ပြီးသွားပြီ။ နောက်ဆက်တွဲ ဖြစ်လာမယ့် ကိစ္စတွေမှာ မင်းတို့နှစ်ယောက် ကြားညပ်နေစရာ မလိုအပ်တော့ဘူး"
"ဒါ့အပြင် မင်းက သာမန် 'မြူဖြူ နယ်ပယ်' တစ်ယောက်ပဲ။ မင်း ဘာအကျိုး သက်ရောက်မှု ရှိနိုင်မှာလဲ။ မင်းတစ်ယောက် ပိုလာလို့လည်း ဘာမှ မထူးသလို၊ တစ်ယောက် နည်းသွားလို့လည်း ဘာမှ မဖြစ်ဘူး လေကွာ"
တာအိုဆရာ လုံရှန်း၏ လေသံသည် ပြင်းထန်သွားသည်။
"သွား။ ဒါ မင်းဆရာဆီက အမိန့်ပဲ။ မလိုက်နာချင်ဘူး ဆိုရင်တော့ ဒီနေ့ကစပြီး ငါ့ကို မင်းဆရာလို့ ထပ်မသတ်မှတ်နဲ့တော့"
ကျန်းပိုင်ရှန်း၏ မျက်လုံးများ နီရဲလာပြီး မျက်ရည်များကို မထိန်းနိုင်တော့ပေ။
သူသည် တာအိုဆရာ လုံရှန်း၏ ရှေ့မှောက်တွင် ဦးခေါင်းနှင့် မြေကြီး ထိသည်အထိ ဝပ်တွား၊ ငိုယိုကာ တောင်းပန်လိုက်ပြီး၊ ငြင်းဆန်ရန် မဝံ့ရဲတော့ပေ။
လင်ရူဟွာ၏ နှာခေါင်းထိပ်ဖျားလေးလည်း စပ်ဖျဉ်းဖျဉ်း ဖြစ်လာသည်။
တာအိုဆရာ လုံရှန်း၏ စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကို သူမ သဘာဝအတိုင်း မြင်တွေ့နိုင်ပါသည်။
ပိုင်ရှန်း ပြောပြတာကို အရင်က ကြားဖူးပေသော်လည်း ဒီနေ့ မျက်မြင်တွေ့လိုက်ရမှ "ဆရာဆိုတာ အဖေလိုပဲ" ဆိုသော အဓိပ္ပာယ်ကို တကယ် နားလည်သွားသည်။
'မိစ္ဆာဂိုဏ်း' မှာ ဒီလို မြင်ကွင်းမျိုးကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ပါ။
သူမ၏ တာအိုဆရာ လုံရှန်းအပေါ် လေးစားမှုသည် ပိုမို စစ်မှန်လာသည်။
လော့ဝမ်ထျန်းက ကျန်းပိုင်ရှန်းကို ညင်သာစွာ ဆွဲထူလိုက်ပြီး သူ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
"ဆရာ။ နောက် (၂) ရက်လောက်နေရင် ကိုးလေး တာဝန်ယူ ကျင်းပမယ့် 'အစစ်အမှန်သိုင်း မက်မွန်သီး ပွဲတော်' ရှိတယ်။ ညီငါး နဲ့ ရူဟွာ တို့ အဲ့ဒီပွဲကို တက်ရောက်ပြီးမှ ထွက်သွားလို့ ရပါတယ်"
ထိုအခါ ကျန်းပိုင်ရှန်း၏ မျက်လုံးများ မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားသည်။
တာအိုဆရာ လုံရှန်းသည် ခဏမျှ တိတ်ဆိတ်နေပြီးနောက် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
"သွား။ ရူဟွာနဲ့ အတူ သွားနားလိုက်တော့"
ကျန်းပိုင်ရှန်းသည် သက်ပြင်းငယ် တစ်ချက် ချနိုင်ခဲ့ပြီး၊ ရိုသေစွာ ဦး (၃) ကြိမ် ချပြီးနောက် လင်ရူဟွာနှင့်အတူ ထွက်ခွာသွားသည်။
သူတို့၏ ကျောပြင်များကို ကြည့်ရင်း တာအိုဆရာ လုံရှန်း သက်ပြင်းချလိုက်၏။
လော့ဝမ်ထျန်းက နှစ်သိမ့်လိုက်သည်။
"ညီငါး သူ့ရဲ့ ပျော်ရွှင်မှုကို ရှာတွေ့တာလည်း ကောင်းတဲ့ ကိစ္စတစ်ခုပါ ဆရာ။ အရမ်း စိတ်ပူနေဖို့ မလိုပါဘူး။ သူတို့မှာ သူတို့ရဲ့ ကံကြမ္မာ အတိုင်း ဖြစ်လာမှာပါ"
သူ မြင်နိုင်ပါသည်။ သူ့ဆရာက တစ်နည်းအားဖြင့် ပြင်ဆင်မှု (၂) ခု လုပ်နေခြင်းပါ။
အကယ်၍ 'မိစ္ဆာဂိုဏ်း' နှင့် 'တောင်ပိုင်းနယ်စပ်' က 'သိုင်းသူတော်စင်' တစ်ပါးကို လွှတ်ပြီး တိုက်ခိုက်ခဲ့လျှင်၊ 'အစစ်အမှန်သိုင်းဂိုဏ်း' ပျက်စီးသွားလျှင်တောင်၊ မီးတောက်မီးလျှံ အချို့ကိုတော့ ထိန်းသိမ်းထားရမည်။ ကျန်းပိုင်ရှန်းက ထို မီးတောက်တွေထဲက တစ်ခုပင်။ အချိန်တန်သည့်အခါ 'အစစ်အမှန်သိုင်းဂိုဏ်း' ကို ပြန်လည် တည်ဆောက်ဖို့ အသင့် ဖြစ်နေရမည်။
ဟုတ်ပါသည်။ 'အစစ်အမှန်သိုင်းဂိုဏ်း' ဂိုဏ်းချုပ် တစ်ယောက်အနေနှင့် လော့ဝမ်ထျန်းကတော့ ဒီလို မီးတောက် တစ်ခုတည်းကိုပဲ ထိန်းသိမ်းထားမှာ မဟုတ်တာ သဘာဝကျပါသည်။