← Chapters

အဆုံးစွန် တိုက်ပွဲ၏ ပြိုင်ဘက်နှင့် နှစ်ဖက် လျှို့ဝှက် ဆွေးနွေးမှုများ (၂)

Vol. 16 Ch. 232

အဆုံးစွန် တိုက်ပွဲ၏ ပြိုင်ဘက်နှင့် နှစ်ဖက် လျှို့ဝှက် ဆွေးနွေးမှုများ (၂)

Vol. 16 Ch. 232

~နင်ချီ့မျက်နှာထက်ဝယ် အနည်းငယ် အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားသည်။

'တကယ်ပဲ ဓားမမိစ္ဆာက သူ့နာမည်နဲ့သူ တကယ် နေနိုင်တာပဲ။ ဒီလောက် တိုးပွားလာတဲ့ 'ဓားမ စိတ်ဆန္ဒ'ကို ကြည့်ရုံနဲ့ သိနိုင်တယ်။ ဒီ ဓားမ စိတ်ဆန္ဒက ပြိုင်ဘက်ကင်းပဲ။ ထူးဆန်းတဲ့ မိစ္ဆာ အနှစ်သာရတွေလည်း ပါနေတယ်။ ဒီဓားမက အသက်ရှိနေသလိုပဲ'

"ဒါပေမဲ့ အရာအားလုံးက ဓားမ ဖြစ်သွားနိုင်တဲ့ နယ်ပယ်ကို ရောက်ဖို့တော့ တစ်ဝက်လောက် လိုနေသေးတယ်။ ကြည့်ရတာ ငါ မှန်းဆထားတာ မှန်လောက်တယ်။ သူက လောကရဲ့ အင်အားအကြီးဆုံး လူတွေကို စိန်ခေါ်ပြီး သူ့ရဲ့ ဓားမ စိတ်ဆန္ဒကို ပြီးပြည့်စုံအောင် လုပ်နေတာပဲ။ ပြီးမှ ဒါကို သုံးပြီး သိုင်းသူတော်စင် နယ်ပယ်ကို ဝင်မလို့လား"

နင်ချီ၏ ရင်ထဲ၌ စမ်းသပ်ချင်စိတ်များ တက်ကြွလာခဲ့သည်။

ဤသည်ကား ကြောက်မက်ဖွယ် ပြိုင်ဘက်တစ်ဦး ဖြစ်၏။ 'ကူချန်းဟဲ (နှလုံးသား စူးစမ်းခြင်းဓား)' ကဲ့သို့သော သူများပင် ခြေဖျားမျှ မမီနိုင်သည့် ပြိုင်ဘက်မျိုးတည်း။

ဤသို့ အင်အားကြီးမားသော ပြိုင်ဘက်နှင့် တိုက်ခိုက်ခြင်းအားဖြင့် သူကိုယ်တိုင်အတွက် အကျိုးအမြတ် အချို့ ရရှိနိုင်ပြီး သူ၏ ကောင်းကင်ဘုံလူသား နယ်ပယ်သို့ ခြေချမည့် အချိန်ကို တိုတောင်းစေနိုင်ပေသည်။

ဓားမမိစ္ဆာသည် ဤနေရာသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်၊ စိန်ခေါ်လွှာ ပေးပို့ရန် ပြင်ဆင်နေလောက်ပြီ ဖြစ်၏။

သို့သော် မကြာမီပင် နင်ချီသည် အံ့အားသင့် မှင်တက်သွားခဲ့ရသည်။

ဓားမမိစ္ဆာက သူ၏ အကြည့်များကို ဖြည်းညင်းစွာ ရုပ်သိမ်းလိုက်သည်ကို သူ မြင်လိုက်ရ၏။ ထိုသို့နှင့် တစ်ချိန်က တိုးပွားလာခဲ့သော ဓားမ စိတ်ဆန္ဒများသည် သူ့ပတ်ပတ်လည်မှ တဖြည်းဖြည်း ရုပ်သိမ်း ပျောက်ကွယ်သွားခဲ့သည်။

ဓားမမိစ္ဆာ၏ နက်မှောင်သော မျက်ဆံများထဲတွင် ပျော်ရွှင်မှု အရောင်အဝါများ ယှက်သန်းနေခဲ့သည်။ ၎င်းသည် 'သေရည်ကောင်းအတူ သောက်သုံးမည့် ဝိညာဉ်တူ အဖော်' ကို တွေ့ရှိလိုက်ရသည့် 'ထိုက်တန်တဲ့ ပြိုင်ဘက်တစ်ယောက် ရောက်လာပြီ' ဟူသော အရောင်အဝါမျိုး ဖြစ်သည်။

['သေရည်ကောင်းအတူ သောက်သုံးမည့် ဝိညာဉ်တူ အဖော်’(ဘာသာပြန်သူ မှတ်ချက်: မူရင်း တရုတ်စကားပုံ '酒逢知己' (jiǔ féng zhī jǐ) မိမိနှင့် အလွန် ရင်းနှီး အတွင်းကျကျ နားလည်မည့် မိတ်ဆွေစစ်ကို တွေ့ရှိလိုက်ရတာကို ဆိုလိုတာပါ။)

ဓားမမိစ္ဆာသည် အသံတိတ် အားပါးတရ ပြုံးလိုက်၏။

' 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' နဲ့ 'ကူချန်းဟဲ' တို့ရဲ့ တိုက်ပွဲက တစ်လောကလုံးကို ပြန့်နှံ့သွားပြီး ငါ့ကို တိုက်ပွဲကနေတစ်ဆင့် ဉာဏ်အလင်းရအောင် လှုံ့ဆော်ပေးခဲ့တာပဲ'

'မူလကတော့ ငါက 'နေကို လိုက်သော ဓားဘုရင်' ကို နောက်ဆုံး ပစ်မှတ် အဆုံးစွန် တိုက်ပွဲအဖြစ် သတ်မှတ်ထားခဲ့တာ။ ဒါပေမဲ့ ဒီနေ့ 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို မြင်လိုက်ရတဲ့ အခါကျမှ ငါက ဒီ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကို အများကြီး အထင်သေးခဲ့မိမှန်း သိတော့တယ်'

"ဒီလို 'ဓားစိတ်ဆန္ဒ' မျိုးက ပြိုင်ဘက်ကင်းပဲ။ ငါ့ရဲ့ 'မိစ္ဆာဓားမ အရှိန်အဝါ' တောင်မှ တစ်ဝက်လောက်တော့ လိုနေသေးတယ်။ ဒီလို ပြိုင်ဘက်မျိုးကမှ ငါ့ရဲ့ အစွမ်းအကုန် ထုတ်သုံးတာနဲ့ ထိုက်တန်တာကွ။"

ဓားမမိစ္ဆာ၏ ရင်ထဲတွင် အလွန်အမင်း တက်ကြွ ထက်သန်လာခဲ့သည်။

သူသည် နောက်ပြန်ဆုတ်ရန် စဉ်းစားလိုက်ပြီး ဖြစ်၏။

၎င်းသည် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကို ကြောက်ရွံ့၍ မဟုတ်ဘဲ အဓိပ္ပာယ်မဲ့သော တိုက်ပွဲတစ်ခုကို ရှောင်ရှားသင့်သည်ဟု သူ ခံစားမိသောကြောင့် ဖြစ်သည်။ သူသည် သူ၏ အမြင့်ဆုံး အခြေအနေသို့ မရောက်ရှိသေးပေ။ သူသည် တစ်ခါမျှ မတွေ့ဖူးသေးသော ဤ ပြိုင်ဘက်ကင်း ဓားသိုင်းသမားနှင့် တိုက်ခိုက်ရန် နှစ်ဖက်စလုံးအပေါ် လေးစားမှု အရ သူ၏ အင်အား အကြီးဆုံးသော ပုံစံကို ပြသရန် လိုအပ်ပေသည်။

ဓားမမိစ္ဆာ ချာခနဲ ပြန်လှည့်လိုက်၏။

ထို့နောက် ဖြည်းညင်းစွာ ထွက်ခွာသွားခဲ့သည်။

ဓားမမိစ္ဆာ ဤနေရာသို့ ရောက်ရှိခဲ့ဖူးကြောင်း မည်သူမျှ မသိခဲ့ကြပေ။

နင်ချီမှာမူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရ၏။

သူသည် တိုက်ပွဲတစ်ခုအတွက် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သော်လည်း ဓားမမိစ္ဆာက နောက်ဆုတ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော် ခဏမျှ အတန်ကြာ စဉ်းစားလိုက်ပြီးနောက် ဓားမမိစ္ဆာ၏ ရည်ရွယ်ချက်များကို သူ နားလည် သဘောပေါက်သွားခဲ့သည်။

နင်ချီ အသံတိတ် ပြုံးလိုက်ပြီး ၎င်းကို စိတ်ထဲတွင် မထားခဲ့ပေ။

'ဓားမမိစ္ဆာ ဘယ်အချိန် လာဖို့ ဆုံးဖြတ်ဆုံးဖြတ် ငါ့အပေါ်မှာတော့ သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက ဒီအချိန်မှာ စိန််ခေါ်ဖို့ ရွေးချယ်မှတော့ နောက်နှစ်လ ကြာတဲ့အခါ ငါကိုယ်တိုင်ကလည်း အခုလက်ရှိ ငါနဲ့ အများကြီး ကွာခြားသွားပြီ ဖြစ်လိမ့်မယ်'

"ဒါပေမဲ့ သူ ခုနက ငါ့ဘက်ကို လှမ်းကြည့်သွားတယ်။ သူ ငါ့ကို သတိထားမိသွားတာလား။ ဒါမှမဟုတ် ဒါက သူ့ရဲ့ နဂို ဗီဇ အသိစိတ်ကြောင့်ပဲလား"

နင်ချီသည် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီးနောက် သူသည်လည်း ညင်သာစွာ ထွက်ခွာသွားခဲ့သည်။

တိုက်ပွဲ မရှိလျှင်လည်း နေပါစေလေ။

အိမ်ပြန်၍ ဉာဏ်အလင်း ရှာဖွေရခြင်းသည်လည်း သာယာသော ကိစ္စတစ်ခုပင် မဟုတ်ပါလော။

ဤသို့ဤပုံလျှင်…'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' နှင့် ဓားမမိစ္ဆာတို့သည် အရိပ်များ အကြား၌ တိတ်တဆိတ် ထိပ်တိုက် ရင်ဆိုင်ခဲ့ကြပြီး ဖြစ်သည်ကို မည်သူ တစ်ဦးတစ်ယောက်မျှ မသိရှိခဲ့ကြပေ။

---

ယခု အချိန်တွင်..၊

ဓားမမိစ္ဆာ ထွက်ခွာသွားသည်နှင့်အမျှ 'ဓားမ စိတ်ဆန္ဒ' များလည်း လျော့ပါး ပျောက်ကွယ်သွားခဲ့သည်။ အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်သည် တည်ငြိမ် အေးချမ်းသည့် အခြေအနေသို့ ပြန်ရောက်သွားခဲ့ပြီး လူအများအပြားမှာမူ ဘာဖြစ်သွားမှန်း မသိဘဲ ပဟေဠိ ဖြစ်ကျန်ရစ်ခဲ့ကြသည်။

မရေမတွက်နိုင်သော သုံးသပ်ချက်များသည် အခြေအမြစ် မရှိဘဲ အတည်ပြုနိုင်ခြင်းလည်း မရှိသဖြင့် သူတို့သည် ဓားကျောက်စာတိုင်ကို ဆက်လက် ဆင်ခြင် တွေးတော နေရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။

---

ရက်ပေါင်းများစွာ ကြာမြင့်သွားခဲ့သည်။

ဓားမမိစ္ဆာသည် အစစ်အမှန်သိုင်းတောင်သို့ ပေါ်ထွက်လာခြင်း မရှိသေးပေ။ မူလက တည်ငြိမ်နေခဲ့သော အချို့သူများပင်လျှင် ဘာတွေ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်တော့ဘဲ ဖြစ်နေကြသည်။

"ဘာတွေ ဖြစ်နေတာလဲ။ ဓားမမိစ္ဆာက တောခို အနားယူသွားဖို့ ဆုံးဖြတ်လိုက်တာလား။"

"ဟေး၊ ခင်ဗျားတို့ ဒီလိုရော မတွေးမိဘူးလား ဓားမမိစ္ဆာက 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကို အခုချက်ချင်း စိန်မခေါ်ချင်သေးတာရော ဖြစ်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က ကောင်းကင်ဘုံလူသား အဆင့်စာရင်းမှာ အဆင့် (၁၄) ဆိုပေမဲ့ သူ့ရဲ့ အစွမ်းအစက အဲ့လောက်တင် ကန့်သတ်ထားတာ မဟုတ်ဘူးဆိုတာ တစ်လောကလုံး သိနေတာပဲလေဗျာ။"

ဤ သုံးသပ်ချက်များသည် နှစ်ရက်အကြာတွင် ရုတ်တရက် အဆုံးသတ်သွားခဲ့၏။

လူတိုင်း အံ့အားသင့် မှင်သက်သွားကြပြန်သည်။

အကြောင်းမှာ၊

ဓားမမိစ္ဆာသည် တစ်ဖန် ပြန်လည် ပေါ်ထွက်လာခဲ့ပြီး သို့သော် အစစ်အမှန်သိုင်းတောင်၌ မဟုတ်ဘဲ ကောင်းကင်ဘုံလူသား အဆင့်စာရင်းမှ အဆင့် တစ်ဆယ့်နှစ် ဖြစ်သူ 'ညဘုရင် ဓားမ အရှင်' ကို စိန်ခေါ်ခဲ့သောကြောင့် ဖြစ်ပါသည်။

ဤတစ်ကြိမ်တွင်..၊

နောက်ဆုံး၌ တစ်စုံတစ်ယောက်သည် ဓားမမိစ္ဆာ၏ ပထမဆုံး ဓားချက်ကို ခံနိုင်ရည် ရှိသွားခဲ့သည်။ သို့သော် နောက်ထပ် တစ်ချက်စာ အတွက်သာ ဖြစ်၏။

တစ်ခဏချင်းတွင် လောကကြီး တစ်ခုလုံးသည် စိတ်လှုပ်ရှားမှုများဖြင့် ဆူပွက် လှုပ်ရှားသွားတော့သည်။

ဓားမမိစ္ဆာသည် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကို ကျော်သွားခဲ့ကြောင်း သူတို့ သိရှိသွားကြသည်။ ၎င်းက ဘာကို ညွှန်ပြနေသနည်း။

၎င်းက ဓားမမိစ္ဆာ၏ စိတ်ထဲတွင် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သည် 'ညဘုရင် ဓားမအရှင်' ထက် ပိုမို အင်အားကြီးမားကြောင်း ညွှန်ပြနေခြင်း ဖြစ်သည်။

"ဒါက ထင်ရှားနေတာပဲလေ။ ဓားမမိစ္ဆာက အားနည်းတဲ့သူကနေ အားကြီးတဲ့သူဆီကို အစဉ်လိုက် စိန်ခေါ်နေတာကို ပြနေတာပဲ။"

"ဒါပေမဲ့ ဓားမမိစ္ဆာက 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကို အစကတည်းက ကျော်သွားဖို့ ဆုံးဖြတ်ထားတာလား၊ ဒါမှမဟုတ် အစစ်အမှန်သိုင်းတောင်ကို ရောက်ပြီးမှ ဆုံးဖြတ်လိုက်တာလား၊ ခင်ဗျားတို့ ဘယ်လိုထင်လဲ။"

"ကျွန်တော် ထင်တာကတော့ အစစ်အမှန်သိုင်းတောင်ကို ရောက်ပြီးမှ ချလိုက်တဲ့ ဆုံးဖြတ်ချက်ပဲ။"

အချို့သည် သဲလွန်စ အချို့ကို သတိပြုမိခဲ့ကြသည်။

ပထမဦးစွာ လွန်ခဲ့သည့် ရက်အနည်းငယ်က အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်မှ ဓားစိတ်ဆန္ဒများ ထူးဆန်းစွာ ထွက်ပေါ်ခဲ့သည့် အဖြစ်အပျက် ရှိခဲ့သည်။

ထို့နောက် ဤတစ်ကြိမ် ဓားမမိစ္ဆာ၏ စိန်ခေါ်မှုများကြားမှ ကြားကာလသည် ပုံမှန် မဟုတ်ဘဲ ယခင်ကထက် သိသိသာသာ ပိုမို ကြာမြင့်နေခဲ့သည်။

ဤသို့သော ခန့်မှန်းချက်များကြောင့်၊

'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကို အခိုင်အမာ ထောက်ခံသူများသည် ချက်ချင်းပင် လှုပ်ရှား တက်ကြွလာကြတော့သည်။

"ကြည့်ရတာ ဓားမမိစ္ဆာက 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကို အဆုံးစွန် ပြိုင်ဘက်အဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ပြီပဲ။ ဒါက သူ့ရဲ့ နှလုံးသားထဲမှာ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က တကယ့် ပထမဆုံး ဓားသိုင်းသမား ဖြစ်နေပြီ ဆိုတာကို ညွှန်ပြနေတာပဲ။"

'နေကို လိုက်သော ဓားဘုရင်' ကို ထောက်ခံသူများကမူ သဘာဝအတိုင်း သဘောမတူကြပေ။

နှစ်ဖက်စလုံး အပြင်းအထန် အငြင်းအခုံ ဖြစ်ကြသော်လည်း မည်သည့်ဘက်ကမျှ အခြားတစ်ဘက်ကို အနိုင်မယူနိုင်ခဲ့ကြပေ။

ဤသို့ဖြင့်၊

ဓားမမိစ္ဆာ၏ စိန်ခေါ်မှုများအပေါ် အာရုံစိုက်မှုများ အကြားတွင် မျှော်လင့်ချက် အသစ်တစ်ခု ကြီးထွားလာခဲ့သည်။ ၎င်းမှာ ဓားမမိစ္ဆာက ရွေးချယ်မည့် နောက်ဆုံး ပြိုင်ဘက်သည် မည်သူ ဖြစ်မည်နည်း ဟူသော မျှော်လင့်ချက်ပင်တည်း။

ဤကိစ္စနှင့် ပတ်သက်၍၊

နင်ချီသည် ရယ်မောလျက် ခေါင်းခါလိုက်ရုံသာ တတ်နိုင်ခဲ့သည်။

'ငါ့အတွက်တော့ ဒါတွေ ဘာမှ အရေးမကြီးပါဘူး'

ဓားမမိစ္ဆာသည် ခေတ္တခဏ စိန်ခေါ်ရန် လာမည် မဟုတ်တော့ကြောင်း သူ သိနေခဲ့၏။ ထို့ကြောင့် သူသည် သူ၏ စိတ်ဝိညာဉ်ကို သန့်စင်ခြင်း အပေါ်၌သာ အာရုံစိုက်ထားပြီး နှစ်လအတွင်း ကောင်းကင်ဘုံလူသား နယ်ပယ်သို့ ခြေချနိုင်ရန် ရည်မှန်းထားခဲ့သည်။

---

အချိန်သည် တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့ပြန်သည်။

နောက်ထပ် လဝက်ကျော် ကုန်လွန်သွားခဲ့၏။

ဓားမမိစ္ဆာသည် ကောင်းကင်ဘုံလူသား အဆင့်စာရင်းမှ အဆင့် တစ်ဆယ် ဖြစ်သူ ‘ကောင်းကင် ဝံ့ကြွားဓား’ကို စိန်ခေါ်ခဲ့သည်။ ထိပ်ဆုံး ဆယ်ယောက် စာရင်းဝင်များ၏ အစွမ်းအစသည် အခြား အဆင့် တစ်ခုသို့ ရောက်ရှိနေသည်မှာ ထင်ရှားလှ၏။

ဓားမမိစ္ဆာသည် ဓားမ ငါးချက် ပစ်လွှတ်ခဲ့ပြီး ‘ကောင်းကင် ဝံ့ကြွားဓား’ က ဓားသုံးချက်ဖြင့် တန်ပြန် ခုခံခဲ့သည်။ သို့သော် နောက်ဆုံးတွင် ‘ကောင်းကင် ဝံ့ကြွားဓား’သည် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ဆုတ်ခွာသွားခဲ့ရသည်။

ဓားမမိစ္ဆာ၏ အရှိန်အဝါသည် မွန်းတည့်ချိန် နေမင်းထက်ပင် ပိုမို ထွန်းလင်း တောက်ပနေခဲ့သည်။

လူတိုင်း၏ မျက်လုံးများသည် သူ့ အပေါ်၌သာ ရှိနေကြ၏။ ပြိုင်ဘက်ကင်း ဆရာကြီးများ အကြားမှ စားပွဲကြီးတွင် မဟာယန် တစ်ခုလုံး အဆက်မပြတ် ဆူပွက် လှုပ်ရှားနေခဲ့ရလေသည်။

ဤအချိန်တွင်..၊

အဆင့် ရှစ် ဖြစ်သူ 'နတ်ဘုရားလေ ဓားမအရှင်' ၊

အဆင့် ခြောက် ဖြစ်သူ 'ကျယ်ပြော ပင်လယ် ဓား' နှင့်

အဆင့် ငါး ဖြစ်သူ 'နေကို လိုက်သော ဓားဘုရင်' တို့သာ ကျန်ရှိတော့သည်။

'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' နှင့် ပေါင်းလျှင် စုစုပေါင်း တိုက်ပွဲ လေးပွဲသာ ကျန်ရှိတော့၏။

သို့သော် ယခု အချိန်အထိ မည်သူမျှ ဓားမမိစ္ဆာ၏ အစွမ်းအစ အပြည့်အဝကို မမြင်တွေ့ကြပေ။

All Chapters