← Chapters

သမီးတစ်ယောက်အပေါ် ထားရှိသော မိခင်၏ ချစ်ခြင်းမေတ္တာနှင့် ကျန်ရှိတော့သော ဓားနှစ်စင်း

Vol. 16 Ch. 234

သမီးတစ်ယောက်အပေါ် ထားရှိသော မိခင်၏ ချစ်ခြင်းမေတ္တာနှင့် ကျန်ရှိတော့သော ဓားနှစ်စင်း

Vol. 16 Ch. 234

~သရဲ မျက်နှာဖုံး၏ စကားများ ကျဆင်းသွားသည်နှင့် မိစ္ဆာဂိုဏ်းမှ လူတိုင်း၏ မျက်လုံးများ ဖျတ်ခနဲ လင်းလက်သွားကြသော်လည်း အံ့ဩသည့် အရိပ်အယောင်များကား မပါဝင်ခဲ့ပေ။

ဤနေရာသို့ မလာမီကတည်းက ဤအကြောင်းကို သူတို့ စဉ်းစားခဲ့ကြပြီး ဖြစ်သည်မှာ ထင်ရှားလှ၏။ သူတို့သည် တောင်ပိုင်းနယ်စပ်မှ လူများ၏ အတွေးအမြင်များကို နားလည်နိုင်ရန် ကြိုးစားရင်း သူတို့၏ မျက်နှာအမူအရာများကို တိတ်တဆိတ် စူးစိုက်ကြည့်နေခဲ့ကြသည်။

တောင်ပိုင်းနယ်စပ်မှ လူများမှာမူ မကြားလိုက်သကဲ့သို့ ပြုမူနေကြသည်။

သရဲ မျက်နှာဖုံးက ထိုကိစ္စကို တစ်ဖန် ပြန်အစပျိုးလိုက်၏။

"အကြီးအကဲ လန်ဟယ်၊ ခင်ဗျား ဘယ်လို သဘောရလဲ။"

အကြီးအကဲ လန်ဟယ်၏ မျက်နှာအမူအရာသည် နောက်ဆုံးတွင် ပြောင်းလဲသွားခဲ့သည်။ သူသည် သူ၏ မျက်ခွံများကို အနည်းငယ် ပင့်တင်လိုက်၏။ သူ၏ အကြည့်များမှာမူ လျစ်လျူရှုဟန်အတိုင်း ရှိနေဆဲ ဖြစ်သည်။

ထို့နောက် အေးစက်သော ရယ်သံတစ်ခုသည် ဟဲယန်၏ ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။ သူသည် ဖြည်းညင်းစွာ မတ်တပ်ထရပ်လိုက်ရာ တောင်တစ်လုံးကဲ့သို့သော ဖိအားတစ်ခုသည် ချက်ချင်းပင် အခန်းတွင်းသို့ ကျရောက်လာခဲ့၏။

ထိုသို့နှင့် မီးဖိုကြီးကဲ့သို့သော သူ၏ စွမ်းအင်များသည် ပတ်ပတ်လည်သို့ ထိန်းမနိုင်သိမ်းမရ ရိုက်ခတ်လာခဲ့သည်။ ဤအချက်တစ်ခုတည်းကပင် သူ၏ 'အနှစ်သာရ ပန်းပွင့်' ကျင့်ကြံမှု၌ ထူးကဲစွာ ကျွမ်းကျင်မှုကို သက်သေပြနေခဲ့ပြီး ဗုဒ္ဓဘာသာ ဂိုဏ်း၏ ရဟန္တာများနှင့်ပင် တန်းတူ ဖြစ်နိုင်လောက်ပေသည်။

"မင်းတို့ မိစ္ဆာဂိုဏ်းက ငါတို့ တောင်ပိုင်းနယ်စပ်က လူတွေကို အရူးတွေများ အောက်မေ့နေတာလား။ ဟမ်၊ ငါတို့ကိုတောင် ကြံစည်ရဲတယ် ဟုတ်လား။"

"မင်းတို့ရဲ့ အကူအညီ မရှိဘဲ ငါတို့ 'သွေးဧကရာဇ် ကူ' ကို မသန့်စင်နိုင်ဘူးလို့ ထင်နေတာလား။ မင်းတို့ မိစ္ဆာဂိုဏ်းဆီက 'ဆန်းပြားသားရဲ အတွင်းအမြုတေ' တွေ ရယူနေရတာနဲ့ပဲ ဘာမှ မထိခိုက်ဘဲ ကျန်နေတော့ ငါတို့ကို ထိန်းချုပ်နိုင်ပြီ ထင်နေတာလား။"

"ကောင်းပြီလေ။ ဒီလိုဆိုလည်း လမ်းခွဲကြတာပေါ့။ ဒီနေ့ကစပြီး ငါတို့ 'သွေးဧကရာဇ် ကူ' ကို ကိုယ့်ဘာသာ သန့်စင်မယ်။ ဒါပေမဲ့ မင်းတို့လည်း 'တောင်တစ်သိန်း'ထဲကနေ 'သားရဲ ဆေးလုံး' တစ်လုံးတောင် ရဖို့ စိတ်မကူးနဲ့တော့။"

ဟဲယန်၏ အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှပြီး သူ၏ တည်ရှိမှုက မောက်မာထောင်လွှားနေခဲ့သည်။ မိစ္ဆာဂိုဏ်းမှ အဖွဲ့ဝင် အချို့၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားကြ၏။

'တောင်ပိုင်းနယ်စပ်ရဲ့ အခြေခံအုတ်မြစ်တွေက တကယ် နက်ရှိုင်းတာပဲ။ ဒီ ဟဲယန်လို သိပ် မျက်နှာမပြတဲ့ သခင်တစ်ယောက်တောင် ဒီလောက် ကျင့်ကြံမှု အဆင့် ရှိနေမှတော့ ကောင်းကင်ဘုံလူသား အဆင့်စာရင်းရဲ့ ထိပ်ဆုံး အယောက် နှစ်ဆယ်ထဲမှာ လွယ်လွယ်ကူကူ ဝင်နိုင်လောက်တယ်'

ထိုသို့ သူတို့ တွေးတောမိလိုက်ကြသည်။

တောင်ပိုင်းနယ်စပ်မှ လူများက အေးစက်သော အပြုံးများကို ပြုံးရယ်နေခဲ့ကာ ရင်တွင်း လှောင်ပြောင်နေခဲ့ကြသည်။

'တကယ်လို့များ ငါတို့က မိစ္ဆာဂိုဏ်းကို သိုင်းသူတော်စင် ဖြစ်အောင် အပြည့်အဝ ကူညီပေးလိုက်ရင် ငါတို့ကပဲ နောက်ဆုံးမှာ အမြီးနှံ့ ခံရမှာ မဟုတ်ဘူးလား။ အဲ့ဒီအချိန်ကျရင် 'သွေးဧကရာဇ် ကူ' က ဘယ်သူ့လက်ထဲ ရောက်မယ်ဆိုတာတောင် သိရမှာ မဟုတ်တော့ဘူး'

မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်တို့သည် မဟာမိတ် ဖွဲ့ထားပြီး ဖြစ်သော်လည်း သူတို့ချင်း လုံးဝ သဟဇာတ ဖြစ်နေကြသည် မဟုတ်ပေ။

သူတို့သည် အချင်းချင်း အပြန်အလှန် သတိထား ကာကွယ်နေခဲ့ကြ၏။ နှစ်ဖက်စလုံးမှ သိုင်းသူတော်စင်များ တပြိုင်နက်တည်း မွေးဖွားလာနိုင်မှသာလျှင် ဤ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ပေမည်။ သို့မဟုတ်ပါက တစ်ဖက်က အင်အား အလွန်အမင်း ကြီးမားသွားပါက ဤ ဟန်ချက်ညီမှုသည် ဆက်လက် တည်ရှိတော့မည် မဟုတ်ပေ။

တင်းမာသော အငွေ့အသက်ကို အာရုံခံမိသောအခါ၊

လင်ရွှယ်ရွှမ်သည် လှပ ညင်သာစွာဖြင့် ဦးညွတ်လိုက်၏။ သူမ၏ နှုတ်ခမ်းများပေါ်တွင် ဆွဲဆောင်မှု ရှိသော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး သူမ၏ အစိမ်းရောင် ဝတ်စုံ လှုပ်ခါသွားမှုက ဟဲယန်၏ အကြည့်များကိုပင် ဖျတ်ခနဲ လှုပ်ရှားသွားစေခဲ့သည်။

"မိတ်ဆွေတို့ စိတ်မဆိုးကြပါနဲ့ဦး။ ဒါက အကြံဉာဏ် တစ်ခု အနေနဲ့ အဆိုပြုကြည့်တာပါ။ တကယ်တော့ ဒါက နည်းလမ်းတစ်ခုပါပဲ။ ဒါပေမဲ့ ရှင်တို့က ဒါကို မသင့်တော်ဘူးလို့ ထင်တယ်ဆိုရင်လည်း ဒီအတိုင်း ထားလိုက်ကြတာပေါ့။"

"ကျွန်မတို့အားလုံးက လှေတစ်စင်းတည်း အတူတူ စီးနေကြတာလေ။ လမ်းခွဲကြဖို့ စကားတော့ မပြောကြပါနဲ့။ အဲ့လိုသာဆို အဆုံးစွန် အကျိုးအမြတ် ရရှိသွားမယ့်သူက မဟာယန်ကလွဲရင် ဘယ်သူမှ ရှိမှာ မဟုတ်ဘူးရှင့်။"

"အခုဆို မဟာယန်နဲ့က ရန်ငြိုး ဖွဲ့ပြီးသား ဖြစ်နေပြီ။ သူတို့ သေ ဒါမှမဟုတ် ကျွန်မတို့ ရှင်ဖို့ ပဲ ရှိတော့တာ။ ကျွန်မတို့ နှလုံးသားတွေကို စည်းလုံးထားဖို့က အရေးကြီးဆုံးပါပဲ။"

ထိုအခါ ၊ ရှန်ထျန်းရှင်းကလည်း ဝင်ရောက် ဖြန်ဖြေလိုက်သည်။

"ဟုတ်ပါ့ဗျာ၊ ဟုတ်ပါ့။ သဟဇာတ ဖြစ်မှုကို မထိခိုက်စေကြပါနဲ့။ သရဲ မျက်နှာဖုံးရဲ့ စကားကို မသင့်တော်ဘူးလို့ ခင်ဗျားတို့ ထင်တယ်ဆိုရင် ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတစ်ခုကိုရော အဆိုမပြုချင်ဘူးလားဗျ၊ ဘာပဲဖြစ်ဖြစ် 'သွေးဘုရင် ကူ' ပျိုးထောင်ဖို့က လူ့သွေး အနှစ်သာရကို စုပ်ယူဖို့ လိုအပ်တာပါ။ ဒါပေမဲ့ မဟာယန်ရဲ့ ပိုက်စိပ်တိုက် စောင့်ကြည့်မှုအောက်မှာ ကျုပ်တို့မှာ ဘာ ရွေးချယ်စရာမှ မရှိတော့ဘူး။"

ထိုစဉ်၊ တောင်ပိုင်းနယ်စပ် သူတော်စင်မလေးသည် သူမ၏ လက်ကောက်ဝတ်မှ လက်စွပ် တစ်ခုကို ဆွဲချလိုက်ရင်း ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။

"ဘယ်သူက 'သွေးဘုရင် ကူ' က လူ့သွေး အနှစ်သာရကိုပဲ စားသုံးရမယ်လို့ ပြောလို့လဲ..။"

သူမ စကားကြောင့် ၊မိစ္ဆာဂိုဏ်းမှ အဖွဲ့ဝင်များ၏ မျက်နှာများပေါ်တွင် အံ့ဩမှု အရိပ်အယောင်များ ယှက်သန်း ဖြစ်ပေါ်လာကြသည်။

လန်ယီယီက ဆက်လက် ပြောကြား၏။

"လူ့သွေး မလိုအပ်ပါဘူး။ သားရဲသွေးကို သုံးတာလည်း ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ လုပ်ငန်းစဉ်ကတော့ အများကြီး ပိုပြီး ရှုပ်ထွေးသွားမှာပေါ့..အညစ်အကြေးတွေကို ဖယ်ရှားပစ်ဖို့ လိုအပ်သလို 'ဆန်းပြားသားရဲ' တွေ အပေါ်မှာလည်း လိုအပ်ချက် တချို့ ရှိနေပါတယ်။"

"ဒါ့အပြင် ဒီလောကကြီးမှာ မဟာယန် တစ်ခုတည်း ရှိနေတာမှ မဟုတ်တာရှင်။ လွင်ပြင်တွေပေါ်က မြောက်ပိုင်း လူရိုင်းတွေရဲ့ လူဦးရေက မဟာယန်လောက် မများဘူး ဆိုပေမဲ့ ကွာဟချက် တစ်စိတ်တစ်ပိုင်းကိုတော့ ဖြည့်ပေးနိုင်ပါတယ်။"

"ဒီလို နည်းလမ်းနှစ်ခုနဲ့ ချဉ်းကပ်ရင် တိုးတက်မှုက မနှောင့်နှေးတော့ပါဘူး။ ဒါပေမဲ့ မဟာယန်က သတိမထားမိအောင် ကျွန်မတို့က သူတို့နဲ့ သေရေးရှင်ရေး တိုက်ပွဲဝင်ရလိမ့်မယ်။ ဒါကြောင့် ရှင်တို့ မိစ္ဆာဂိုဏ်းဘက်က ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်။ 'တောင်တစ်သိန်း' ထဲကို 'ဆန်းပြားသားရဲ' တွေ အမဲလိုက်ဖို့ လူတချို့ စေလွှတ်ပေးရပါမယ်။ ဒါက ရှင်တို့

'ဆန်းပြားသားရဲ အတွင်းအမြုတေ' တွေ ရဖို့ရော ကျွန်မတို့ တောင်ပိုင်းနယ်စပ်ကို ကူညီဖို့အတွက်ပါ အထောက်အကူ ဖြစ်စေလိမ့်မယ်။"

တောင်ပိုင်းနယ်စပ်

သူတော်စင်မလေးသည် ဖြည်းညင်းစွာ စကားဆို၏။ သူမထံတွင် အစီအစဉ်များ ကြိုတင် ရှိနေပြီး ဖြစ်သည်မှာ ထင်ရှားလှသည်။

မိစ္ဆာဂိုဏ်းမှ အဖွဲ့ဝင်များသည် ဤနည်းလမ်းက နှစ်ဖက်စလုံးကို ထည့်သွင်း စဉ်းစားထားကြောင်း အသိအမှတ်ပြုလျက် တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြ၏။

သရဲ မျက်နှာဖုံးက ပြုံးလိုက်ရင်း မေးလေ၏။

"သူတော်စင်မလေး ပြောတဲ့အတိုင်း ဆိုရင် ကျွန်တော်တို့ မိစ္ဆာဂိုဏ်းက လူ ဘယ်လောက် စေလွှတ်သင့်လဲ။"

လန်ယီယီ၏ မျက်လုံးများသည် ခဏမျှ တုံ့ခနဲ ရပ်တန့်သွားသည်။ ထို့နောက် သူမက ညင်သာစွာ ဆက်ပြောလေ၏။

"ဒါကတော့ ရှင်တို့ အချင်းချင်း ဆွေးနွေးရမယ့် ကိစ္စပဲလေ။ ကုန်ကုန် ပြောရရင်တော့ ရှင်တို့ရဲ့ အရင်းအမြစ်တွေကို အကောင်းဆုံး အသုံးချစေချင်ပါတယ်၊အခုက လူအင်အား တကယ် လိုအပ်နေတဲ့ အချိန်ပဲ မဟုတ်လား။"

သရဲ မျက်နှာဖုံးက ပြုံးလိုက်ရင်း ဆိုသည်။

"ပြောတာ မှန်လိုက်တာ။"

သရဲမျက်နှာဖုံး ရင်တွင်း၌မူ၊

'ကောင်းပြီ၊ ငါ နားလည်သွားပြီ။ လန်ယီယီက ဘယ်သူ့ကို ရည်ညွှန်းနေလဲဆိုတာ ငါ ကောင်းကောင်း သိတာပေါ့။ ချင်ယွင်ကို ဒီအကြောင်းပြချက်နဲ့ 'တောင်တစ်သိန်း' ကို သွားခိုင်းလိုက်တာကလည်း မဆိုးတဲ့ အတွေးတစ်ခုပဲ။ အထူးသဖြင့် သူက ကောင်းကင်ဘုံလူသား နယ်ပယ် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်နေပြီး မိစ္ဆာဂိုဏ်းရဲ့ အရင်းအမြစ်တွေကိုလည်း အများကြီး သုံးစွဲထားပြီးပြီ ဆိုတော့'

စကားတတ်သော လူများသည် စကားလုံး အနည်းငယ်သာ လိုအပ်ချေသည်။

လန်ယီယီသည် အနည်းငယ် ခေါင်းညိတ်လိုက်၏။ သို့သော် သူမ၏ နှလုံးသားထဲတွင်မူ သူမသည် ဖော်မပြနိုင်သော ခံစားချက်တစ်ခု တသိမ့်သိမ့် ခံစားနေရသည်။

နှစ်ဖက်စလုံးသည် အသေးစိတ် အချက်အလက်များစွာကို စတင် ဆွေးနွေး သဘောတူညီခဲ့ကြပြီး အတိအကျ စီစဉ်ညွှန်ကြားမှုများ ပြုလုပ်ခဲ့ကြသည်။

ထို့နောက် တောင်ပိုင်းနယ်စပ်မှ လူများသည် သူတို့၏ ကိုယ်ပိုင် နည်းလမ်းများကို အသုံးပြု၍ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။

သို့သော် မထွက်ခွာမီ သူတို့သည် မဟာယန် သိုင်းသူတော်စင်များ၏ အရှိတရားကို ပိုမို စုံစမ်းရန်နှင့် အစစ်အမှန်သိုင်းဂိုဏ်းအပေါ် ဖိအားပေးရန် အလေးအနက် မှာကြားသွားခဲ့ကြသည်။

သူတို့သည် မကြာသေးမီက ဖြစ်ပွားခဲ့သော 'ဓားမမိစ္ဆာ' ၏ မိုးအောက် မြေပြင် တစ်ခွင်လုံးကို စိန်ခေါ်နေသည့် ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြသည်။ ဓားမမိစ္ဆာက 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကို ဓားမတစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်စေရန် သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရရှိစေရန် သူတို့ အသည်းအသန် လိုလားနေခဲ့ကြလေသည်။ ထိုအချိန်ကျလျှင် သူတို့ အခွင့်အရေးကို အရ ယူပေတော့မည်။

အစစ်အမှန်သိုင်းဂိုဏ်းက လူအများစုက အစစ်အမှန်သိုင်းတောင်ထဲမှာ ပုန်းအောင်းနေကြသည်။ ရံဖန်ရံခါ ထွက်ပေါ်လာသည့် လူတွေကလည်း သူတို့ကို ကြွက်တစ်ကောင် စားမိသလိုမျိုး စိတ်ဒုက္ခ ပေးနေလေသည်။

တောင်ပိုင်းနယ်စပ်မှ လူများ လုံးဝ ပျောက်ကွယ်သွားပြီးနောက်၊

မိစ္ဆာဂိုဏ်းမှ အဖွဲ့ဝင်များသည် တစ်ဖန် တိတ်ဆိတ် ငြိမ်သက်သွားကြပြန်သည်။

ခဏအကြာ၊

ရှန်ထျန်းရှင်းက ရုတ်တရက် ခပ်ရွဲ့ရွဲ့ ပြုံးလိုက်သည်။

"ဒု-ဂိုဏ်းချုပ်လင်၊ တကယ်ပဲ .. သမီးကောင်း တစ်ယောက် မွေးထားတာပဲ နော် ။"

အစောပိုင်းက တောင်ပိုင်းနယ်စပ်မှ လူများ ရှိနေစဉ် သူတို့သည် မိမိတို့၏ ညစ်ပတ်သော အဝတ်လျှော်တောင်းကို လူကြားထဲ ချမပြခဲ့ကြပေ။ (ဘာသာပြန်သူ မှတ်ချက်: မူရင်းတွင် 'airing dirty laundry' ဟု သုံးနှုန်းထားပြီး၊ မိမိတို့၏ အတွင်းရေး ပြဿနာများကို လူအများရှေ့တွင် ထုတ်ဖော် ပြောဆိုခြင်းကို ဆိုလိုပါသည်။) သို့သော် ယခုအခါတွင်မူ ထိုသို့ စိုးရိမ်စရာ မရှိတော့ပေ။

ဤ ကာလ အတောအတွင်း၊

သူတို့ သိရှိခဲ့ကြပြီး ဖြစ်သည်။

လင်ရူဟွာသည် မည်သည့် အချိန်ကမှန်း မသိ အစစ်အမှန်သိုင်းဂိုဏ်းမှ ကျန်းပိုင်ရှန်းနှင့် အတွဲညီသွားခဲ့ပြီး ဂိုဏ်း၏ လျှို့ဝှက်ချက် မည်မျှကို ဖွင့်ချခဲ့သည် မသိနိုင်တော့ဘဲ မဟာယန် တော်ဝင်နန်းတော်ကို စောစီးစွာ သတိပြုမိစေခဲ့ကာ သူတို့၏ လက်ရှိ မလှုပ်မရှားသာ နေရသည့် အခြေအနေသို့ ရောက်ရှိစေ

ခဲ့သည်ကိုပင်။

ဤအမှားသည် လင်ရွှယ်ရွှမ် ရှောင်လွှဲ၍ မရနိုင်သော အမှားတစ်ခု ဖြစ်သည်။

လင်ရွှယ်ရွှမ်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွား၏။ သူမ၏ မျက်နှာသည် တည်ငြိမ်နေဆဲ ဖြစ်သော်လည်း သူမ၏ ခံစားချက်များမှာမူ အလွန်အမင်း ရှုပ်ထွေးနေခဲ့သည်။

သူမ ဒါကို အစပိုင်းမှာ ကြားလိုက်ရတုန်းက တုန်လှုပ်တာရော ဒေါသထွက်တာရော ဖြစ်ခဲ့ရသည်။ သူမ ခင်ပွန်းကို စောစောစီးစီး ဆုံးရှုံးခဲ့ရပြီး နောက်အိမ်ထောင်လည်း ဘယ်တော့မှ မပြုခဲ့ဘဲ ဒီ သမီး တစ်ယောက်တည်းကိုပဲ ရတနာလို တန်ဖိုးထားပြီး ချစ်ခဲ့ရသည်လေ။

သို့သော်လည်း၊ သူက တခြား ယောက်ျားတစ်ယောက်နှင့် ခိုးရာလိုက်သွားလိမ့်မည်၊ အမေ ဖြစ်သည့် သူမကိုတောင် တစ်စက်ကလေးမှ အသိမပေးဘဲ ဒီလို လုပ်သွားလိမ့်မည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မတွေးထားမိခဲ့ပါ။

All Chapters