သမီးတစ်ယောက်အပေါ် ထားရှိသော မိခင်၏ ချစ်ခြင်းမေတ္တာနှင့် ကျန်ရှိတော့သော ဓားနှစ်စင်း (၂)
Vol. 16 Ch. 235
~သို့သော် လင်ရူဟွာထံမှ မည်သူမျှ မသိသော လျှို့ဝှက်စာ တစ်စောင် ရောက်ရှိလာခဲ့ပြီးနောက် လင်ရွှယ်ရွှမ်၏ ဒေါသများ တဖြည်းဖြည်း ပြေလျော့သွားခဲ့သည်။ ထို့နောက်တွင်မူ သူမသည် ရင်ဘတ်ထဲမှ နာကျင်မှုကို မထိန်းချုပ်နိုင်တော့ပေ။
ထိုအခါမှ သူမ၏ သမီးနှင့် ကျန်းပိုင်ရှန်းတို့သည် မည်သူမျှ မသိနိုင်သော နေရာတစ်ခုတွင် သွားရောက် ပုန်းအောင်းနေခဲ့ကြောင်း သူမ သိရှိသွားတော့၏။ အကြောင်းကတော့ သူတို့သည် ကြားညပ်ဒုက္ခရောက်သည့် အခြေအနေသို့ မကျရောက်လိုသောကြောင့် ဖြစ်သည်။
လင်ရွှယ်ရွှမ်၏ နှလုံးသားသည် လင်ရူဟွာ၏ အပြစ်ရှိသလို ခံစားရမှုနှင့် တောင်းပန်မှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။
လင်ရူဟွာက အမေဖြစ်သူ၏ ခွင့်လွှတ်မှုကို မတောင်းဆိုခဲ့။ သူမ တောင်းဆိုခဲ့သည်မှာ အမေဖြစ်သူ ဝမ်းနည်း မနေရန်သာ ဖြစ်ပြီး နောင်ဘဝတွင် ကျွေးမွေး စောင့်ရှောက်ခဲ့သော ကျေးဇူးတရားများကို ပြန်လည် ပေးဆပ်မည်ဟု ကတိပေးထားခဲ့သည်။
ဤအချက်ကသာ လင်ရွှယ်ရွှမ်၏ နှလုံးသားကို တစ်စစီ ဆွဲဖြဲလိုက်သကဲ့သို့ ခံစားလိုက်ရစေသည်။
'ငါ့သမီး၊ ငါ့သမီးလေး ..နင် ဘယ်လောက်တောင် ခံစားနေရလိုက်မလဲ။ အမေ့ကို ခွင့်မလွှတ်ပါနဲ့လို့ မတောင်းဆိုဘဲ အမေ့ကို စိတ်မဆိုးဖို့ပဲ ပြောရတယ်လို့။ နောင်ဘဝမှ ကျေးဇူးဆပ်မယ်တဲ့လား။ အမေ့ရင်ကို ခွဲသလိုပါပဲလား'
အတွေးမှ ရုန်းထလာပြီးနောက် လင်ရွှယ်ရွှမ်သည် ညင်သာစွာ တုံ့ပြန်လိုက်၏။
" 'သားသမီး မကောင်း အဖေ့ခေါင်း' တဲ့။(ဘာသာပြန်သူ မှတ်ချက်: မူရင်း တရုတ်စကားပုံ '子不教,父之过' (zǐ bù jiào, fù zhī guò) ဖြစ်ပြီး သားသမီး ဆိုးသွမ်းလျှင် ဖခင်၏ အပြစ်ဖြစ်သည်ဟု ဆိုလိုပါသည်။) ရူဟွာ့အဖေက စောစော သေသွားတော့ အမေဖြစ်တဲ့ ကျွန်မကပဲ သူ့ကို သေချာ မဆုံးမနိုင်ခဲ့တာပါ။"
ရှန်ထျန်းရှင်းက ဒီကိစ္စကို ဘာလို့ အခုမှ လာထည့်ပြောလဲ ဆိုတာ သူမ သိပါသည်။ ထို ဒု-ဂိုဏ်းချုပ် နှစ်ကောင်က ဒီအခွင့်အရေးကို အသုံးချပြီး၊ သူမ၏ အာဏာကို လျှော့ချဖို့ ကြံစည်နေကြတာ မဟုတ်ပါလား။ ဟွန်း။
ထိုအခါ သရဲ မျက်နှာဖုံးက ဆိုသည်။
"ဒု-ဂိုဏ်းချုပ်လင်၊ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သိပ် အပြစ်တင်မနေပါနဲ့။ ရူဟွာက ဟို ကျန်းပိုင်ရှန်း ဆိုတဲ့ ကောင်လေးရဲ့ စည်းရုံးမှုအောက်မှာ မှားယွင်း သွားတာပဲ ဖြစ်မှာပါ။ သူတို့ကို ဂိုဏ်းကို ပြန်ခေါ်လာပြီးတာနဲ့ ငါတို့ သေချာ ပြန် ဆုံးမပေးလို့ ရပါတယ်။ ဒါပေမဲ့ 'မြင့်မြတ်သော ဂိုဏ်းတော်' မှာလည်း သူ့စည်းမျဉ်းနဲ့သူ ရှိတယ်လေ။ ဒု-ဂိုဏ်းချုပ်လင် အနေနဲ့ ဝင်စွက်ဖက်တာကတော့ မသင့်တော်ဘူးပေါ့။ မဟာယန် ကိစ္စပဲ ဖြစ်ဖြစ် ၊အစစ်အမှန်သိုင်းဂိုဏ်း ကိစ္စပဲ ဖြစ်ဖြစ် ၊ဒု-ဂိုဏ်းချုပ်လင် အနေနဲ့ သံသယ ကင်းကင်း နေဖို့တော့ လိုအပ်လိမ့်မယ် နော်။"
လင်ရွှယ်ရွှမ်သည် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူမ ဒေါသတကြီး တုံ့ပြန်ပစ်ချင်သော်လည်း ခဏတာ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်၏။
"ကောင်းပြီလေ။ 'တောင်တစ်သိန်း' မှာ 'ဆန်းပြားသားရဲ' တွေ အမဲလိုက်တဲ့ တာဝန်ကို ကျွန်မ ယူလိုက်မယ်။"
သူမ သိနေခဲ့သည်။
သည်တစ်ခါ သူမ ထွက်သွားသည်နှင့် ဒီကိစ္စတွေ ပြီးသွားလျှင် သူမ၏ အာဏာကို ထိုသရဲ မျက်နှာဖုံးနှင့် ရှန်ထျန်းရှင်း နှစ်ယောက်သား ဝေစားကြတော့မည်ကိုပင်။
သူမ မသွားဘဲ နေရန် ရွေးချယ်နိုင်သော်လည်း သူမ၏ သမီးဖြစ်သူ၏ စာကို ပြန်တွေးမိလိုက်သောအခါ လင်ရွှယ်ရွှမ်၏ နှလုံးသားသည် ပျော့ပျောင်းသွားခဲ့ရသည်။
'ငါသာ အစစ်အမှန်သိုင်းဂိုဏ်းနဲ့ ထိပ်တိုက် တွေ့ရမယ်ဆိုရင် ဒါက ရူဟွာ့ရဲ့ ခံစားချက်တွေကို မလွဲမသွေ ထိခိုက်စေမှာပဲ။ အခု 'တောင်တစ်သိန်း' ကို အဝေးကြီး ထွက်သွားပြီး ဒီက ကိစ္စတွေကို လျစ်လျူရှုလိုက်တာက ရူဟွာ့ကို ရှင်းပြချက်တစ်ခု ပေးသလိုရော ၊ ကလေးကို ကြားညှပ် ဒုက္ခ မရောက်အောင် တားဆီးပေးရာရော ရောက်တာပေါ့'
လင်ရွှယ်ရွှမ်၏ စိတ်ထဲတွင် သူမ၏ သမီးကို နောက်ကွယ်မှ ထောက်ပံ့ပေးလိုသည့် ရည်ရွယ်ချက်လည်း မထင်မရှား ရှိနေခဲ့သည်။ အကယ်၍ အစစ်အမှန်သိုင်းဂိုဏ်းမှ တာအိုဆရာလုံရှန်းက သူ၏ တပည့်အတွက် အစွမ်းကုန် ကြိုးပမ်းပေးနိုင်သေးလျှင် သူမ လင်ရွှယ်ရွှမ်ကလည်း သူမ၏ အချစ်ရဆုံး သမီးလေးအတွက် အသေးစိတ် ကြံစည် စီစဉ်ပေးနိုင်သည် မဟုတ်ပါလော။
သရဲ မျက်နှာဖုံးနှင့် ရှန်ထျန်းရှင်းတို့သည် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး အချင်းချင်း ကိုယ်စီ မျက်လုံးများထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်များကို မြင်တွေ့လိုက်ရသည်။ ထို့နောက် သူတို့သည် လက်များ ဆုပ်ကာ တညီတညွတ်တည်း ပြုလုပ်လိုက်ကြရင်း ပြောလိုက်ကြ၏။
"ဒု-ဂိုဏ်းချုပ်လင်၊ ခင်ဗျားရဲ့ ဂုဏ်သိက္ခာက တကယ် မြင့်မြတ်လွန်းပါပေတယ်။ ကျုပ်တို့ 'မြင့်မြတ်သော ဂိုဏ်းတော်' ရဲ့ ကြီးကျယ်တဲ့ လုပ်ငန်းကြီးသာ အောင်မြင်ခဲ့ရင် ခင်ဗျားမှာလည်း ကြီးမားတဲ့ ပေးဆပ်မှုတွေ အများကြီး ရှိနေမှာ သေချာပါတယ်ဗျာ။"
လင်ရွှယ်ရွှမ်သည် သူတို့၏ ရိုးသားမှု မရှိသော စကားများကို မြင်နေရပြီး အကြောင်းရင်း တစ်ခုခုကြောင့် ရုတ်တရက် စိတ်ပျက် အားလျော့သွားသလို ခံစားလိုက်ရသည်။
'အရင်တုန်းက ငါက ရည်မှန်းချက်တွေနဲ့ ပြည့်နေခဲ့တာ။ ကြီးကျယ်တဲ့ အရာတွေကို ပြီးမြောက်အောင် လုပ်ချင်ခဲ့တာ။ ဒါပေမဲ့ ဒီနှစ်တွေတစ်လျှောက်လုံး ငါကိုယ်တိုင် တက်တက်ကြွကြွ ဖြစ်ဖြစ် ၊မလွှဲမရှောင်သာလို့ ဖြစ်ဖြစ် ၊အာဏာနဲ့ အကျိုးစီးပွားအတွက်ပဲ တိုက်ခိုက်နေခဲ့ရတယ်။ မိစ္ဆာဂိုဏ်းက သူ့ရဲ့ မူလ ရည်ရွယ်ချက်တွေ ပျောက်ဆုံးသွားတာ ကြာလှပြီ။ ဂိုဏ်းထဲမှာတောင် မတူညီတဲ့ အသံတွေ ထွက်ပေါ်နေခဲ့ပြီပဲ'
ထိုသို့ သူမ စိတ်ထဲမှ နှမြောတသစွာ တွေးမိသည်။
"တကယ်လို့ ရူဟွာ့ကိုသာ ရှာတွေ့ခဲ့ရင် သူ့ကို ကျွန်မနဲ့ တွေ့ဖို့ 'တောင်တစ်သိန်း' ကို ခေါ်လာခဲ့ကြပါ..။"
ထိုစကားကို ဆိုပြီးသည်နှင့် လင်ရွှယ်ရွှမ်သည် ချာခနဲ လှည့်ထွက်သွားခဲ့သည်။
သို့သော် အတွင်းစိတ်ထဲတွင်မူ သူမ၏ သမီးငယ်နှင့် သမီးငယ်၏ ချစ်သူတို့ ဤလောကကြီးမှ ပုန်းကွယ်နေနိုင်ပါစေဟုသာ မျှော်လင့်နေခဲ့မိတော့သည်။
---
အချိန်သည် ဖြည်းညင်းစွာ ကုန်လွန်သွားခဲ့၏။
မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်ကြားမှ ပူးပေါင်းကြံစည်မှုကိုမူ သဘာဝအတိုင်းပင် မည်သူမျှ မသိရှိခဲ့ကြပေ။
အပေါ်ယံအားဖြင့် သူတို့သည် မဟာယန် တော်ဝင်နန်းတော်နှင့် ပြင်းထန်သော တိုက်ပွဲများတွင် ဆက်လက် ပါဝင်နေခဲ့ကြဆဲ ဖြစ်သည်။ ထိုသို့နှင့် အချို့သော ခံတပ်စခန်းများကို အသည်းအသန် ကာကွယ်နေသကဲ့သို့ အထင်အမြင် မှားယွင်းမှု အချို့ကို တမင်တကာ ဖန်တီးခဲ့ကြပြီး တစ်ခါတစ်ရံတွင် လေ့လာသူများကို ရှုပ်ထွေးသွားစေရန် ကျွမ်းကျင်သူ အချို့ကိုပင် စတေးပစ်ခဲ့ကြသည်။
သို့သော် လျှို့ဝှက်စွာဖြင့် သူတို့၏ အာရုံစိုက်မှုသည် 'တောင်တစ်သိန်း' နှင့် 'မြောက်ပိုင်း လူရိုင်း လွင်ပြင်' သို့ ပြောင်းရွှေ့သွားခဲ့ပြီး ဖြစ်လေ၏။ ထိုနေရာများတွင် သိုင်းသူတော်စင် ပေါ်ထွက်လာရေးကို အဆုံးသတ်နိုင်မည့် အရာများအား ပြင်ဆင်ရန် တွန်းအားပေး လုပ်ဆောင်နေခဲ့ကြသည်။
ထိုအခိုက်အတန့်၌ မဟာယန် လောကကြီးသည် 'ဓားမမိစ္ဆာ' ၏ အရေးအခင်းကြောင့် ဆက်လက်၍ ဆူပွက် လှုပ်ရှားနေခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်း လဝက်ခန့် ကြာမြင့်သွားပြန်သည်။
နောက်ထပ် သမိုင်းဝင်ပြီး အလွန် မျှော်လင့်တကြီး စောင့်စားနေရသော တိုက်ပွဲတစ်ပွဲ….။
ဓားမမိစ္ဆာသည် ကောင်းကင်ဘုံလူသား အဆင့်စာရင်းမှ အဆင့် ရှစ် ဖြစ်သူ ‘နတ်ဘုရားလေ ဓားမအရှင်’ကို စိန်ခေါ်လိုက်ပြီ ဖြစ်သည်။
ဤတိုက်ပွဲသည် မတူညီသော အဓိပ္ပာယ် တစ်ခုကို ဆောင်နေ၏။
အကြောင်းမှာ၊
ဤသူ နှစ်ဦးသည် အပေါ်ယံ၌ အင်အား အကြီးမားဆုံးသော ဓားမသမားများ ဖြစ်ကြသောကြောင့်တည်း။ (တံခါးပိတ် ကျင့်ကြံနေသူများ သို့မဟုတ် အကြောင်းအမျိုးမျိုးကြောင့် စာရင်းတွင် မပါဝင်သူများမှ လွဲလျှင်) ၊ သူတို့သည် ကမ္ဘာ့ ဓားမ လမ်းစဉ်၏ အထွတ်အထိပ်ကို ကိုယ်စားပြုနေကြသည်။
ဤတိုက်ပွဲ မည်သူပင် အောင်နိုင်သည် ဖြစ်စေ သူသည် လောကကြီး၏ အငြင်းပွားဖွယ်မရှိသော နံပါတ်တစ် ဓားမသမား ဖြစ်လာပေလိမ့်မည်။
ဓားမမိစ္ဆာ၏ စွမ်းအားသည် ပြိုင်ဘက်ကင်းသလောက် ရှိနေသော်လည်း အချို့ကမူ အံ့ဖွယ်ရာ တစ်ခုကို မျှော်လင့်နေကြဆဲ ဖြစ်၏။ အကြောင်းမှာ ၎င်းတို့ နှစ်ဦးသည် ယခင်က တစ်ခါမျှ ထိပ်တိုက် မတွေ့ဆုံခဲ့ဖူးသောကြောင့်တည်း။
မရေမတွက်နိုင်သော ဓားမသမားများ ရောက်ရှိလာကြပြီး ဤ အဆုံးစွန် ဓားမ၏ မွေးဖွားလာမှုကို တက်ကြွစွာ မျှော်လင့်နေကြသည်။
ဓားမမိစ္ဆာသည် ကတိအတိုင်း ပျံလွှားရောက်ရှိလာခဲ့ပြီး 'နတ်ဘုရားလေ ဓားမအရှင်' ကို 'ရွက်နီ လွင်ပြင်' တွင် တွေ့ဆုံလိုက်သည်။
သူတို့ နှစ်ဦး ကောင်းကင်နှင့် မြေကြီး အကြား လက်နောက်ပစ်ထားလျက် မလှုပ်မယှက် ရပ်နေကြ၏။
အဆုံးအစမရှိသော ဓားမ အရှိန်အဝါသည် လူတိုင်း၏ နှလုံးသားကို လှုပ်ခုန်စေသည်။ ‘နတ်ဘုရားလေ ဓားမအရှင်’ ကိုယ်တိုင်ပင် ဤတိုက်ပွဲကို ကြီးမားသော မျှော်လင့်ချက်ဖြင့် စူးစိုက်ကြည့်နေခဲ့သည်။
"နတ်ဘုရားလေ ဓားမ။"
သူ၏ ဓားမသည် ဝိညာဉ်လေကဲ့သို့ ဟိန်းဟောက်သွားသည်။
ဓားမ အရိပ်များသည် လေဟာနယ်ကို ပြည့်နှက်သွား၏။
နေရာတိုင်းတွင် ရှိနေသကဲ့သို့ ထင်မှတ်ရသည်။
ပေတစ်ထောင် အကွာမှ ကြည့်ရှုနေသူများပင် ကြီးမားသော ဖိအားကို ခံစားနေရသည်။ 'နတ်ဘုရား လေ ဓားမ' ၏ ထက်ရှမှုသည် အလွန်အမင်း ပြင်းထန်လှ၏။ လေဟာနယ်ကိုပင် ကြောက်မက်ဖွယ် ဓားမချီ မုန်တိုင်းများ အဖြစ်သို့ ဖိသိပ်လိုက်သည်။
ကြည့်ရှုသူများ တုန်လှုပ်သွားကြသည်။
သူတို့ တဖန်ပြီး တဖန် နောက်သို့ ဆုတ်ခွာကုန်ကြ၏။
ပထမဆုံး အကြိမ်အဖြစ် ဓားမမိစ္ဆာသည် ဤမျှ လေးနက်သော မျက်နှာထား ရှိလာခဲ့သည်။
ယခင်‘ ကောင်းကင် ဝံ့ကြွားဓား’ နှင့် တိုက်ခိုက်ခဲ့စဉ်ကထက်ပင် ပို၍ တင်းမာသော မျက်နှာထား ဖြစ်သည်။ အကြောင်းမှာ 'နတ်ဘုရားလေ ဓားမအရှင်' ထံမှ သူ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သော အရာတစ်ခုကို မြင်တွေ့လိုက်ရသောကြောင့်တည်း။
"လူသား မိစ္ဆာ ဓားမ။"
ဓားမမိစ္ဆာသည် ယခုအခါ ပို၍ တိုတောင်းသွားပြီ ဖြစ်သော ဓားမရိုးကို ဆုပ်ကိုင်ထား၏။
သူ၏ လက်ကို မလွှတ်လိုက်ပေ။
ကြောက်မက်ဖွယ် မိစ္ဆာ အရှိန်အဝါတစ်ခုသည် ဓားမမိစ္ဆာထံမှ တိုးထွက်လာသည်။
ထိုအခိုက်အတန့်၌ သူသည် မိစ္ဆာဓားမနှင့် လုံးဝ ပေါင်းစည်းသွားဟန်တူသည်။
သူသည် မိစ္ဆာဓားမ။
မိစ္ဆာဓားမသည် သူ။
'နတ်ဘုရားလေ ဓားမအရှင်' ၏ မျက်နှာ ကွက်ခနဲ ပျက်သွားသည်။
အဆုံးအစမရှိသော ဓားမချီ အနှစ်သာရ များသည် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွား၏။ လေများ ဟိန်းဟောက် တိုက်ခတ်သွားသည်။ 'ရွက်နီ လွင်ပြင်' ပေါ်မှ ထပ်ဆင့် ဖြတ်သန်းသွားသော ဓားမ အမှတ်အသားများသည် အလွန် ထင်ရှားနေသည်။ ကျန်ရှိနေသော 'ဓားမ စိတ်ဆန္ဒ' သည် အံ့ဩတုန်လှုပ်ဖွယ် ကောင်းလှ၏။ ၎င်းသည် အနာဂတ် ဓားမ ဉာဏ်အလင်း ရှာဖွေရာ နေရာကောင်း တစ်ခု ဖြစ်လာနိုင်ကြောင်း အရိပ်အယောင် ပြနေခဲ့သည်။ သို့သော် ဓားမ စိတ်ဆန္ဒသည် အနည်းငယ် ကြမ်းတမ်းနေမည် ဖြစ်သဖြင့် သတိထားရန်တော့ လိုအပ်ပေမည်။
ကြည့်ရှုသူများ၏ နှလုံးသားများ လှုပ်ခါသွားသည်။
ဤသည်မှာ မကြာသေးမီ နှစ်များအတွင်း အထွတ်အထိပ် အကျဆုံး တိုက်ပွဲ ဖြစ်ပေသည်။
ဓားမသမားများမှာမူ အသက်ရှူဖို့ပင် မေ့နေကြသည်။
နောက်ဆုံးတွင်..၊
ဓားမချီ အနှစ်သာရ အားလုံး ရပ်စဲသွားသည်။
လူတိုင်း လျင်မြန်စွာ လှမ်းကြည့်လိုက်ကြ၏။
သူတို့ မြင်လိုက်ရသည်မှာ နှစ်ဦးစလုံး မြေပြင်ပေါ်သို့ ပြန်လည် ကျရောက်နေခဲ့ပြီ ဖြစ်သည်။ ဓားမမိစ္ဆာသည် ဓားမရိုးပေါ်မှ သူ၏ ညာလက်ကို ဖြည်းညင်းစွာ လွှတ်လိုက်၏။
‘နတ်ဘုရားလေ ဓားမအရှင်’မှာမူ မြေပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်လျက်သား ကျန်နေခဲ့သည်။ သူ၏ မျက်နှာသည် ခြောက်ကပ်နေပြီး အောင်နိုင်သူနှင့် ရှုံးနိမ့်သူ၏ ရလဒ်မှာ ရှင်းလင်းစွာ ထင်ရှားနေလေပြီ။
ထူးခြားသည်မှာ ‘နတ်ဘုရားလေ ဓားမအရှင်’၏ မျက်လုံးများထဲတွင် လေးစား လေးမြတ်မှု အရိပ်အယောင်များ ရှိနေခဲ့ခြင်း ဖြစ်သည်။
လူအုပ်ကြီးသည် အသက်ကို အောင့်ထားလိုက်ကြပြီး ဓားမမိစ္ဆာ၏ စကားသံကို ပထမဆုံး အကြိမ်အဖြစ် ကြားလိုက်ကြရသည်။
"မင်းရဲ့ ဓားမက မဆိုးပါဘူး။”