ကောင်းကင်ဘုံလူသား နယ်ပယ်သို့ ဝင်ရောက်ခြင်း
Vol. 16 Ch. 237
~လောကကြီးသည် ဖရိုဖရဲ ဖြစ်နေ၏။
သို့သော် နင်ချီသည် တာအိုရှာဖွေခြင်း ကျောင်းတော်၌ တစ်ကိုယ်တည်း ရှိနေပြီး တိတ်ဆိတ်သော ကျင့်ကြံခြင်းတွင် မိမိကိုယ်ကို နှစ်မြှုပ်ထားကာ ပန်းများ ပွင့်လန်းခြင်းနှင့် ကြွေကျခြင်းကို ကြည့်ရှုရင်း နှစ်သက်ဖွယ် ကိစ္စတစ်ခုပင် ဖြစ်ပေသည်။ သူသည် နေ့စဉ် လုံ့လဝီရိယဖြင့် ကျင့်ကြံလျက် ရှိပြီး မှန်ကန်သော တိုးတက်မှု ပြုလုပ်နိုင်ခြင်းမှာ နှစ်လိုဖွယ် ဖြစ်၏။
'ငါ့ရဲ့ 'စိတ်ဝိညာဉ် သန့်စင်ခြင်း' က ပြီးပြည့်စုံလုနီးပါး ဖြစ်နေပြီ။ ကောင်းကင်ဘုံလူသား နယ်ပယ်ကို ခြေချဖို့ဆိုတာ ရေလာမြောင်းပေးပဲ'
နင်ချီ ခန့်မှန်းလိုက်သည်မှာ ၎င်းသည် တစ်ရက် သို့မဟုတ် နှစ်ရက်မျှသာ လိုတော့သည့် ကိစ္စ ဖြစ်သည်။
"မသိလိုက် မသိဘာသာနဲ့ ၊ငါ့အသက်က ဆယ့်တစ်နှစ်တောင် ရှိနေပြီကိုး"
နင်ချီသည် လက်များကို ဟန်ပါပါ နောက်ပစ်ထားလျက် ကြယ်တာရာများ ပြည့်နှက်နေသော ကောင်းကင်ကို မော့ကြည့်ရင်း အဆုံးအစမရှိသော တွေးတောမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
အသက် ဆယ့်တစ်နှစ်တွင် သူသည် မြင့်မား၍ ပြိုင်ဘက်ကင်းသော ခန့်ညားထည်ဝါမှုကို ပိုင်ဆိုင်ထားပြီး ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်အရွယ် လူငယ်များထက်ပင် သာလွန်နေခဲ့၏။ ဤသည်ကို ပထမတစ်ချက် မြင်လိုက်ရုံမျှဖြင့် လူများသည် ဤသို့ ထူးခြားလှသော တာအိုပညာရှင်လေးပါတကားဟု အတွင်းစိတ်ထဲ၌ အံ့ဩတကြီး ဖြစ်သွားစေသည်။ နောက်ထပ် အကြည့် အနည်းငယ်မျှ ကြည့်လိုက်မိပါက သူတို့သည် သူ၏ သေမျိုးလောကကို ကျော်လွန်သော တည်ငြိမ်သောအသွင်ကြောင့် ပို၍ပင် အံ့ဩသွားကြမည် ဖြစ်ပြီး စွဲမက်ဖွယ် ကောင်းလောက်အောင်ပင် ဖြစ်၏။
ဤသည်မှာ နင်ချီ၏ နှစ်ပေါင်းများစွာ သိုင်းကျမ်းများ ဖတ်ရှုခြင်းနှင့် ဉာဏ်အလင်း ရှာဖွေခြင်းတို့မှ ရရှိလာသော ထူးခြားသည့် အရှိန်အဝါ ပင် ဖြစ်သည်။
အကယ်၍ ဤလောကတွင် အင်မော်တယ် နတ်ဘုရားများ ရှိခဲ့ပါလျှင် သူတို့သည်လည်း ဤသည်ထက် ထူးမည် မဟုတ်တော့ပေ။
ဤအကြောင်းကြောင့်ပင် အစစ်အမှန်သိုင်းဂိုဏ်းမှ စီနီယာ အစ်ကိုများနှင့် ဂျူနီယာ ညီငယ်များစွာတို့သည် နင်ချီ၏ ထူးခြားသော သဘာဝကို အသိအမှတ် ပြုထားကြ၏။ ဤသည်မှာ သူ မိမိကိုယ်ကို ဆက်လက် ဖုံးကွယ်မထားတော့ခြင်း၏ ရလဒ်လည်း ဖြစ်သည်။
သူ၏ အစွမ်းအစများ အပြည့်အဝ ရှိနေပြီ ဖြစ်သောကြောင့် သူသည် လုံးဝ ကြီးမားစွာ ထိန်းချုပ်ထားရန် မလိုအပ်တော့ဘဲ တစ်ခါတစ်ရံ လွတ်လပ်စွာ ပြုမူလိုက်ခြင်းက ကျွမ်းချန်နှင့် လီလင်တို့ကို လုံးဝ မှင်တက်သွားစေပြီး ဤ နဝမ စီနီယာ အစ်ကိုအား ကောင်းကင်ဘုံမှ လူသားတစ်ဦးအဖြစ် ရှုမြင်သွားစေသည်။
ကျွမ်းချန်သည် အကြောင်းအရာ ပိုမို သိရှိ၏။
'ငါ 'နတ်ဓားဂိုဏ်း' မှာ တပည့် ဖြစ်ခဲ့တုန်းက 'မက်မောစွာ အိပ်မက် မက်ခြင်း' နည်းစနစ်ကို ကိုးလေးရဲ့ ထူးကဲတဲ့ ဓားသိုင်းပညာနဲ့ လဲလှယ်ခဲ့တာ။ နောက်ပိုင်း ကိုးလေးက ‘'မူလ ဓားခန္ဓာ လျှို့ဝှက်နည်းစနစ်' ကို သင်ပေးခဲ့တယ်။ ဒါပေမဲ့ ဒီအကြောင်းအရာတွေကို ငါ ဘယ်သူ့ကိုမှ တစ်ခါမှ မပြောခဲ့ပါဘူး'
လီလင်မှာမူ တစ်ခါတစ်ရံ ဉာဏ်အလင်းများ ဖျတ်ခနဲ ပေါ်လာတတ်၏။
'စီနီယာ အစ်ကို ကိုးရဲ့ အမူအရာက ဟို တင်းမာပြီး အေးစက်စက် နိုင်လှတဲ့ စီနီယာ ထျန်းကျန့်နဲ့ နည်းနည်း ဆင်သလိုပဲ။ ဒါပေမဲ့ စီနီယာ အစ်ကို ကိုးကတော့ ပိုပြီး ဖော်ရွေတာပေါ့လေ'
သူသည် ထိန်းမထားနိုင်ဘဲ တွေးတောမိသည်။
'ကိုးလေးက စီနီယာ ထျန်းကျန့်ဆီက သင်ကြားမှုတွေကို လျှို့ဝှက်ပြီး အမွေဆက်ခံထားတာ ဖြစ်နိုင်မလား'
ထိုအချက်က သူ့အား ပို၍ပင် လေးစားမှု တိုးပွားစေခဲ့၏။ ဤသို့ ဆန်းကြယ်လှသော ရှေးပုဂ္ဂိုလ်ကြီးတစ်ဦးထံမှ အသိအမှတ်ပြုမှု ရရှိရန်မှာ လွယ်ကူသော အလုပ် မဟုတ်ကြောင်း သူ သိရှိသောကြောင့်တည်း။
နင်ချီသည် အတိတ်က အဖြစ်အပျက်များကို ပြန်လည် ကြည့်ရှုနေခဲ့သည်။
သူ၏ နတ်ဘုရားအာရုံသည် ပြန့်ကျဲသွား၏။
အတိတ် ဘဝများစွာကို သူ မေ့လျော့လုနီးပါး ဖြစ်နေခဲ့ပြီ။ ဤဘဝ၏ ဆယ့်တစ်နှစ်တာ ကာလသည် အစစ်အမှန်သိုင်းတောင်၏ ထိပ်တွင် အများစု ကုန်ဆုံးခဲ့ရသည်။
နင်ချီသည် အဝေးသို့ စူးစိုက်ကြည့်လိုက်ပြီး သူ့ကိုယ်ထဲမှ တစ်စုံတစ်ရာကို အာရုံခံလိုက်မိ၏။
"ငါ့ရဲ့ အတိတ်ဘဝက နေရာက ကောင်းကင်ပေါ်က ကြယ်တစ်စင်း ဖြစ်နေနိုင်မလား။ ငါ ဖြတ်သန်းခဲ့ရတဲ့ ဘဝပေါင်း ရာချီကရော အတူတူပဲလား။ အနာဂတ်မှာ နောက်ပြန် လှည့်ကြည့်ဖို့ အခွင့်အရေးရော ရှိဦးမှာလား"
နင်ချီသည် သူ၏ အတိတ်ဘဝ နေရာများအပေါ် တွယ်တာမှု တစ်စုံတစ်ရာ မရှိပေ။ စူးစမ်းလိုစိတ် သက်သက်ကြောင့်သာ စိတ်လှုပ်ရှားမိခြင်း ဖြစ်သည်။
သူသည် ယခင် 'ကောင်းကင်ဘုံ'သို့ သွားရောက်ခဲ့သော ခရီးစဉ်ကို အမှတ်မထင် ပြန်လည် သတိရမိလိုက်သည်။ ၎င်း၏ နိယာမတရားများသည် ယခင် ဂြိုလ်များနှင့် ရှင်းလင်းစွာ ကွဲပြားခြားနားလှ၏။ 'မိုးကြိုး တားမြစ်နယ်မြေ' ၏ စွမ်းအားသည် ပြန်လည် စဉ်းစားမိသည့်တိုင် ယခုထိတိုင် စိတ်မငြိမ်မသက် ဖြစ်စေတုန်းပင်။ ထို့ကြောင့် သူသည် မူလအမြုတေ နယ်ပယ်သို့ တက်လှမ်းပြီးသည့်တိုင် နောက်တစ်ကြိမ် သွားရောက်ခြင်း မပြုနိုင်ခဲ့ပေ။
'ငါ ကောင်းကင်ဘုံလူသား နယ်ပယ်ကို ခြေချပြီးရင်တောင် တော်တော်လေး သတိထားရဦးမယ်။ ဘာမှ လက်ဆော့လို့ မဖြစ်ဘူး'
အတွေးများစွာသည် တစ်ခဏအတွင်း ဖျတ်ခနဲ ပေါ်လာသည်။
မရေမတွက်နိုင်သော နိယာမတရားများသည် သူ၏ စိတ်ထဲသို့ တိုးဝင်လာ၏။
နင်ချီသည် မက်မွန်ပင်အောက်တွင် တိတ်ဆိတ်စွာ ရပ်နေသည်။
သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။
အရာအားလုံးသည် သဘာဝအတိုင်း ဖြစ်ပေါ်လာသည်။
နတ်ဘုရား အာရုံသည် ပြီးပြည့်စုံခြင်း နယ်ပယ်သို့ လွယ်ကူစွာ ရောက်ရှိသွားသည်။
သူ၏ နတ်ဘုရား အာရုံသည် အခြားသူများနှင့် လုံးဝ မနှိုင်းယှဉ်သာတော့ပေ။ အစစ်အမှန်သိုင်းတောင် တစ်ခုလုံးကို ဖုံးလွှမ်းသွားခြင်းသည် သူ၏ အတွက် သာမန်မျှသာ ဖြစ်ပြီး အရာအားလုံးကို ဖြတ်သန်း ကျော်လွှားသွား၏။
နင်ချီသည် သိုင်းကျင့်ကြံကွင်းတွင် လုံ့လဝီရိယဖြင့် ကြိုးစားနေသော အစစ်အမှန်သိုင်း တပည့်များကို မြင်တွေ့လိုက်ရသည်။ 'ကော်တန်' ဟု အမည်ရသော ထိုကောင်လေး ဖြစ်ဟန်တူ၏။ သူ၏ အစ်ကိုကြီး (လော့ဝမ်ထျန်း) သိုင်းကျင့်ကြံကွင်းမှ လက်နောက်ပစ်ထားလျက် ကျေနပ်နေသော အမူအရာဖြင့် ထွက်ခွာသွားသည်ကို သူ မြင်လိုက်ရသည်။
သူ၏ အစ်ကိုနှစ် (ရှုံးရှီ) စာရေးစားပွဲတွင် မျက်မှောင်ကြုတ်နေသည်ကို သူ မြင်လိုက်ရသည်။ သူ၏ ဆရာ (တာအိုဆရာလုံရှန်း) သိုင်းကျမ်းများကို ပိုက်ထွေးလျက် တွေးတော ဆင်ခြင်နေစဉ် ရုတ်တရက် မျက်ခုံးများ ပင့်တက်သွားကာ တစ်စုံတစ်ရာကို သတိပြုမိသွားဟန်ဖြင့် တာအိုရှာဖွေခြင်း ကျောင်းတော် ရှိရာသို့ အံ့ဩတကြီး လှမ်းကြည့်လိုက်သည်ကို သူ မြင်တွေ့လိုက်ရသည်။
"ဒီအခြေအနေက တကယ်ကို အံ့ဩစရာပဲ"
သို့သော် ၎င်းသည်လည်း ခဏတာမျှသာ ဖြစ်၏။
သူသည် ဤအခြေအနေကို မှတ်မိရန် ကြိုးစားလိုက်သည်။
တစ်ခဏမျှ၊
ကြီးမားလှသော နတ်ဘုရား အာရုံသည် ကျုံ့ဝင်သွားသည်။
ကြီးမားသော စွမ်းအားတစ်ခု၏ ဆွဲငင်ခြင်းကို ခံလိုက်ရသကဲ့သို့၊ ပုံစံမရှိသော လေဟာနယ်ထဲတွင် ကြီးမားသော လှိုင်းတံပိုးများကို လှုပ်ခတ်သွားစေပြီး ထို့နောက် နင်ချီ၏ ခန္ဓာကိုယ်ထဲသို့ လုံးဝ ပြန်လည် ရုပ်သိမ်းသွားတော့သည်။
ထိုအခိုက်အတန့်၌၊
နင်ချီ့ကိုယ်ထဲမှ မူလအမြုတေသည် ရွှေရောင် အလင်းတန်းများ ထုတ်လွှတ်လာပြီး အဆက်မပြတ် လည်ပတ်နေတော့သည်။
၎င်းသည် အသက်ဝင်နေသော မူလအမြုတေ အခြေအနေ ဖြစ်ပြီး ယခုအခါ ပြီးပြည့်စုံသော နတ်ဘုရား အာရုံနှင့် ပေါင်းစပ်သွားကာ နောင်အနာဂတ်တွင် ၎င်းကို အလွယ်တကူ ပဲ့တင်ထပ်စေပြီး ထိန်းချုပ်နိုင်ရန် ကြီးမား၍ ဆန်းကြယ်သော 'ကောင်းကင်နှင့်မြေကြီး၏ စွမ်းအား' ကို ရှာဖွေနေသည်။ ၎င်းသည် 'တူတစ်လက်ကို လွှဲရမ်းခြင်း' သို့မဟုတ် 'တုတ်တံတစ်ချောင်းကို မခြင်း' နှင့်သာ တူညီနေသေးသော်လည်း ပြိုင်ဘက်ကင်းသော စွမ်းအားကို ထုတ်လွှတ်နိုင်သေး၏။ (ဘာသာပြန်သူ မှတ်ချက်: မူရင်း တရုတ်အသုံးအနှုန်းများ ဖြစ်ပြီး၊ အခြေခံကျသော သို့မဟုတ် ရိုးရှင်းသော နည်းလမ်းဖြင့် ကြီးမားသော စွမ်းအားကို အသုံးချခြင်းကို ဆိုလိုပါသည်။)
၎င်းက 'ကောင်းကင်ဘုံလူသား အောက်တွင် အားလုံးသည် ပုရွက်ဆိတ်များသာ' ဟူသော စကား၏ ဇာစ်မြစ်ပင် ဖြစ်လေသည်။
သာမန်လူများအတွက် ဤအဟန့်အဟားသည် အလွန်အမင်း ခက်ခဲလှ၏။ ယခင်က တာအိုဆရာလုံရှန်းသည် ထိုနေရာတွင် ပိတ်မိနေခဲ့ပြီး နားလည် သဘောပေါက်နိုင်ခြင်း မရှိခဲ့ဘဲ နောက်ဆုံးတွင် တံခါးပိတ် ကျင့်ကြံပြီးမှသာ ကောင်းကင်ဘုံလူသား နယ်ပယ်သို့ ချိုးဖြတ် တက်လှမ်းနိုင်ခဲ့သည်။ ထိုအချိန်က အစစ်အမှန်သိုင်းဂိုဏ်းကို အန္တရာယ်နှင့် ရင်ဆိုင်ရလုနီးပါး ဖြစ်စေခဲ့သည်။
သို့သော် နင်ချီအတွက်မူ ၎င်းသည် အလွန်တရာ ရိုးရှင်းသော ကိစ္စမျှသာ ဖြစ်၏။
အကြောင်းကတော့ သူသည် 'ကောင်းကင်ဘုံလူသား ပေါင်းစည်းခြင်း လျှို့ဝှက်နည်းစနစ်'အား ဖန်တီးခဲ့သူ ဖြစ်ပြီး ဤ လုပ်ငန်းစဉ်နှင့် အသားကျနေခဲ့ပြီး ဖြစ်သည်။
ထိုအခိုက် သူ၏ ထိန်းချုပ်မှု အောက်တွင် နတ်ဘုရား အာရုံသည် သူ၏ အတွင်းမှ မူလအမြုတေနှင့်အတူ 'တံတား' တစ်စင်းကို ချက်ချင်း ပုံဖော်လိုက်၏။ ဤ 'တံတား' သည် လူသားများနှင့် ကောင်းကင်နှင့်မြေကြီးတို့၏ အဓိက ချိတ်ဆက်မှုပင် ဖြစ်သည်။
'ကောင်းကင်ဘုံလူသား တံတား'
ပြီးမြောက်သည်နှင့်၊
နင်ချီသည် ကောင်းကင်ဘုံလူသား နယ်ပယ်သို့ သဘာဝအတိုင်း ခြေချလိုက်နိုင်ခဲ့သည်။
သူ၏ ခန္ဓာကိုယ်သည် သိမ့်ခနဲ တုန်ခါသွား၏။
ချက်ချင်းပင် သူ မတူညီတော့သည်ကို ခံစားလိုက်ရသည်။
တစ်ခဏချင်းတွင်..၊
ကမ္ဘာလောကကြီး တစ်ခုလုံးသည် သူ၏ အမြင်တွင် မတူညီတော့ပေ။ ယခင် 'ကောင်းကင်ဘုံလူသား ပေါင်းစည်းခြင်း လျှို့ဝှက်နည်းစနစ်' ကို အသုံးပြု၍ 'ကောင်းကင်နှင့်မြေကြီး၏ စွမ်းအား' ကို မသဲမကွဲ အာရုံခံခဲ့ရခြင်းနှင့် ဆန့်ကျင်ဘက် ဖြစ်သွားသည်။ ယခုမူ ၎င်းသည် ရှင်းလင်းစွာ 'မြင်နိုင်' နေခဲ့ပြီ ဖြစ်သည်။ သူသည် ကောင်းကင်နှင့် မြေကြီးထဲတွင် ပိုးစုန်းကြူးများကဲ့သို့ လွင့်မျောနေသော စွမ်းအင်မျှင်တန်းများကို မြင်တွေ့လိုက်ရ၏။ ၎င်း၏ ကြီးမား ကျယ်ပြန့်မှုသည် တွေးတော၍ပင် မရနိုင်လောက်အောင် လွှမ်းခြုံထားနိုင်လွန်းသည်။
"ဒါ ဒါက 'ကောင်းကင်နှင့်မြေကြီး၏ စွမ်းအား' ဆိုတာလား"
နင်ချီသည် အံ့အားသင့် မှင်တက်သွားခဲ့သည်။
ကမ္ဘာလောကကြီး၏ အမှန်တရားများကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ စိတ်ထဲတွင် ဉာဏ်အလင်း လှိုင်းတံပိုးများ ထိုးတက်လာခဲ့၏။ ဤစွမ်းအားကိုသာ လက်တစ်ဖက်ကဲ့သို့ အသုံးပြုနိုင်ခဲ့ပါလျှင် ၎င်းသည် အမှန်တကယ်ပင် စိတ်ကူးမယဉ်နိုင်လောက်အောင် ဖြစ်မည်ကို သူ သိရှိသွားသည်။ ကမ္ဘာလောကကြီးကို ဖျက်ဆီးပစ်ခြင်းသည် အလွန် လွယ်ကူသော ကိစ္စတစ်ခု ဖြစ်သွားမည်ကို သူ ကြောက်ရွံ့မိသွားသည်။
နှမြောစရာ ကောင်းသည်မှာ ကောင်းကင်ဘုံလူသား နယ်ပယ်မှ အင်အားကြီး ပုဂ္ဂိုလ်များပင်လျှင် ၎င်းကို အပေါ်ယံ အဆင့်တွင်သာ အသုံးချနိုင်သေးပြီး ၎င်း၏ အနှစ်သာရကို လုံးဝ နားမလည်နိုင်ကြသေးခြင်း ဖြစ်သည်။
သိုင်းသူတော်စင်များသာလျှင် ဤသို့သော စွမ်းအားကို အမှန်တကယ် ကျွမ်းကျင် ပိုင်နိုင်ကြပေလိမ့်မည်။