← Chapters

ဓားမမိစ္ဆာနှင့် ဓားဘုရင်၊ 'မြေအောက်ကမ္ဘာ’ မှ ကြီးမားသော ကြောက်မက်ဖွယ်ရာ (၂)

Vol. 16 Ch. 240

ဓားမမိစ္ဆာနှင့် ဓားဘုရင်၊ 'မြေအောက်ကမ္ဘာ’ မှ ကြီးမားသော ကြောက်မက်ဖွယ်ရာ (၂)

Vol. 16 Ch. 240

~သို့သော် 'နေကို လိုက်သော ဓားဘုရင်' ၏ မျက်နှာအမူအရာမှာမူ အနည်းငယ် ရှုပ်ထွေးနေခဲ့၏။

'ငါ ရှုံးသွားခဲ့ပြီ။ သိပ် အများကြီး မကွာပေမဲ့ ရှုံးတာကတော့ ရှုံးတာပဲ။'

ယခင် ဖလှယ်မှုတွင် သူ ရှုံးနိမ့်သွားခဲ့သည်ကို သူတစ်ယောက်တည်းသာ သိရှိသည်။ ပြိုင်ဘက်၏ 'ဓားမ လမ်းစဉ်'မှ နယ်ပယ်သည် သူ၏ နယ်ပယ်ထက် သိသိသာသာ မြင့်မားနေခဲ့၏။ ထို 'မိစ္ဆာဓားမ' ၏ 'ဓားမ စိတ်ဆန္ဒ' သည် သူ၏ 'နေလိုက် ဓားစိတ်ဆန္ဒ' ထက် အနည်းငယ် ပိုမို အင်အားကြီးမားနေခဲ့သည်။

သူသည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဆို၏။

"ကြည့်ရတာ ကျုပ် ခင်ဗျားကို အထင်သေးခဲ့မိပြီ။"

"ကျုပ် နှစ် တစ်ရာ့ခြောက်ဆယ် ကြာအောင် ဉာဏ်အလင်း ရှာဖွေခဲ့ပြီး အထွတ်အထိပ် ဓားသိုင်း တစ်ကွက်တော့ ရထားခဲ့တယ်။ ခင်ဗျား မြည်းစမ်းကြည့်ပါဦး။"

သူ၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ တိုးပွားလာခဲ့သည်။

'အစောပိုင်းကတော့ သုံးကွက်နဲ့ အနိုင်အရှုံး ဆုံးဖြတ်မယ်လို့ တွေးခဲ့မိသေးတယ်။ ဒါပေမဲ့ အခု ကြည့်ရတာ လိုအပ်တော့မှာ မဟုတ်ဘူး။ ဒါက အချိန်ဖြုန်းတာပဲ။ တစ်ခါတည်း အပြတ်ရှင်းလိုက်တာ ပိုကောင်းတယ်'

"ဒီလိုပဲ ဖြစ်သင့်တာပေါ့။"

'ဓားမမိစ္ဆာ' ၏ ခြောက်ကပ်ကပ် အသံသည် ထွက်ပေါ်လာခဲ့သည်။

တစ်ခဏချင်းတွင် သူ၏ ဖရိုဖရဲ ဆံပင်များသည် လေထဲတွင် တဖားဖား လွင့်မျောသွား၏။

'ဓားမမိစ္ဆာ’၏ အမူအရာသည် ယခင်နှင့် လုံးဝ ကွဲပြားခြားနားသွားပြီ ဖြစ်ကြောင်း လူတိုင်း မြင်တွေ့နိုင်ကြသည်။ ရှင်းလင်းသည်မှာ သူသည် 'နေကို လိုက်သော ဓားဘုရင်' ကို လုံးဝ ကွဲပြားခြားနားသော ပြိုင်ဘက် တစ်ဦးအဖြစ် သဘောထားလိုက်ပြီ ဖြစ်သည်။

'နေကို လိုက်သော ဓားဘုရင်' သည် ကောင်းကင်သို့ မော့၍ အားရပါးရ ရယ်မောလိုက်၏။

ထို ရယ်မောသံနှင့်အတူ သူ၏ နောက်မှ 'ဓားဘုရင် တောင်ထိပ်' သည် ရုတ်တရက် ထွန်းလင်း တောက်ပလာခဲ့သည်။ ပန်းပွင့်များ သစ်ပင်များ ပျံဝဲနေသော သဲပွင့်များ နှင့် လိမ့်နေသော ကျောက်တုံးများ အားလုံးသည် 'အသက်ဝင်' လာခဲ့ကြသကဲ့သို့ ဖြစ်သွား၏။

အရာအားလုံးထံမှ အံ့ဩဖွယ် ဓားစိတ်ဆန္ဒများ သည် အုန်းခနဲ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။

ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သဖြင့် လူတိုင်း မှင်တက် အံ့ဩသွားခဲ့ရသည်။

"အရာအားလုံးက ဓား ဖြစ်သွားနိုင်တယ်။ ဒါ ဒါက 'ဓားတာအို လမ်းစဉ်' ရဲ့ အမြင့်ဆုံး နယ်ပယ်ပဲ။ ဒါက 'ဓားသိုင်း သူတော်စင်' ရဲ့ နယ်ပယ်လို့ ဆိုကြတယ်။ ဘုရားရေ..'နေကို လိုက်သော ဓားဘုရင်' က ဒီအဆင့်ကို ရောက်သွားပြီလား"

တစ်စုံတစ်ယောက်သည် ကြောက်လန့်တကြား တုန်ယင်လျက် အတွင်းမှ နက်နဲမှုကို ထောက်ပြလိုက်ရာ လူအုပ်ကြီး အကြားတွင် ရုတ်ရုတ်သဲသဲ ဆူညံသွားစေခဲ့သည်။

'ဓားမမိစ္ဆာ' သည်လည်း သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။

သူသည် ထို နက်နဲမှုကို မြင်တွေ့လိုက်ရသည်။ သူ၏ မျက်လုံးများထဲတွင် နတ်ဘုရား အလင်းရောင်များ ပွင့်လန်းလာပြီး စမ်းသပ်ရန် တက်ကြွ ထက်သန်လာခဲ့သည်။

“ဟားဟားဟား”

'နေကို လိုက်သော ဓားဘုရင်' ၏ ရယ်သံသည် အဝေးသို့ ပဲ့တင်ထပ်သွား၏။ ထိန်းချုပ်မှု ကင်းမဲ့လှသည်။

"ငါ 'ဓားဘုရင် တောင်ထိပ်' မှာ နှစ်ပေါင်း တစ်ရာ့ခြောက်ဆယ် ကြာအောင် ထိုင်ခဲ့တာ။ အထွတ်အထိပ် ဓား နယ်ပယ်ကိုတော့ မမြင်နိုင်ခဲ့ပေမဲ့ သေးငယ်တဲ့ အကျိုးအမြတ်လေးတော့ ရခဲ့တယ်။ ဒါပေမဲ့ အိမ်ကွင်း အားသာချက်ကို အားကိုးနေရတုန်းပဲ။ ခင်ဗျားကိုတော့ အားနာရပါပြီ"

ထိုးကားအား လူအုပ်ကြီးသည် နက်နက်နဲနဲ တွေးတောလိုက်ကြသည်။

ဒါဆို ရှင်းသွားလေပြီ။ 'နေကို လိုက်သော ဓားဘုရင်' ၏ 'အရာအားလုံး ဓား ဖြစ်သွားနိုင်သော ' နယ်ပယ်က သိပ် မပြည့်စုံသေးပေ။ ‘ဓားဘုရင် တောင်ထိပ်' ကို အားကိုးနေရတုန်းပင်။ သူ၏ ဓားစိတ်ဆန္ဒက နေ့စဉ်၊ ပတ်ဝန်းကျင်ကို လွှမ်းမိုးခဲ့၍သာ ဤပန်းတွေ၊ မြက်ပင်တွေ၊ သစ်ပင်တွေက ဓားစိတ်ဆန္ဒတွေ ပိုင်ဆိုင်လာကြခြင်း ဖြစ်ပါ၏။

သို့သော် မည်သို့ပင် ဖြစ်စေ ဤသည်မှာ လောကကြီးမှ ဓားသိုင်းသမားများအတွက် ရောက်ရှိရန် ခက်ခဲလှသော နယ်ပယ်တစ်ခု ဖြစ်နေခဲ့ပြီး ဖြစ်သည်။

ထိုအခိုက်အတန့်၌၊

မရေမတွက်နိုင်သော ဓားစိတ်ဆန္ဒများသည် ကြီးမားသော နေမင်းကြီး အပေါ်သို့ စုစည်းသွားကြပြီး ၎င်းကို ယခင်ကထက် အဆပေါင်း များစွာ ပိုမို၍ မျက်စိ ကျိန်းလောက်အောင် ထွန်းလင်း တောက်ပသွားစေခဲ့သည်။

'နေကို လိုက်သော ဓားဘုရင်' ၏ မျက်နှာအမူအရာသည် မနှိုင်းယှဉ်နိုင်လောက်အောင် လေးနက်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကြီးမားသော နေမင်းကြီး အတွင်းသို့ လွှမ်းခြုံခံလိုက်ရပြီး ကြီးမားသော နေမင်းကြီး အဖြစ်သို့ သူကိုယ်တိုင် ပြောင်းလဲသွားဟန်တူ၏။

ကျယ်ပြန့်သော လေဟာနယ်များ အတွင်းမှ ရယ်မောသံများသာ ထွက်ပေါ်လာခဲ့သည်။ သူသည် အနိုင်အရှုံးကို ဂရုမစိုက်တော့ပေ။ သူ၏ အစွမ်းအကုန် ထုတ်သုံးနိုင်ရန် အညီအမျှ ယှဉ်နိုင်သော ပြိုင်ဘက် တစ်ဦးကို ယနေ့ တွေ့ရှိရသဖြင့် ပျော်ရွှင် ကျေနပ်နေခဲ့သည်။

'ဓားမမိစ္ဆာ' သည် သူ၏ ဓားမရိုးကို ပွတ်သပ်လိုက်၏။

ပထမဆုံး အကြိမ်အဖြစ် သူသည် ထို 'သံတုံး' ကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။ ယခုအခါ လက်တစ်ဝါး၏ တစ်ဝက်မျှပင် မရှိတော့ပေ။ သူသည် ထို 'ဓားမ' ကို မြှောက်လိုက်ပြီး အောက်သို့ လွှဲယမ်း ချလိုက်သည်။ သူ၏ အသံသည် အလွန်အမင်း မိစ္ဆာဆန်သော သဘာဝကို သယ်ဆောင်လာခဲ့သည်။

"ဒီဓားမကို 'ကောင်းကင်ဘုံ မိစ္ဆာ' လို့ ခေါ်တယ်"

သူ့တွင် ဓားမ သုံးလက် ရှိ၏။ 'လူသား မိစ္ဆာ' ၊ 'မြေကမ္ဘာ မိစ္ဆာ' နှင့် 'ကောင်းကင်ဘုံ မိစ္ဆာ' တို့ ဖြစ်ကြသည်။

ယခု 'နေကို လိုက်သော ဓားဘုရင်' ထံမှ နှစ်ပေါင်း တစ်ရာ့ခြောက်ဆယ်ကျော် သွေးခဲ့သော ဤ အထွတ်အထိပ် ဓားသိုင်းကို ရင်ဆိုင်ရသောအခါ 'မြေပြင် မိစ္ဆာ ဓားမ' သည် ယှဉ်နိုင်ရန် မလုံလောက်တော့ပေ။ ထို့ကြောင့် သူသည် 'ကောင်းကင်ဘုံ မိစ္ဆာ ဓားမ' ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။

တစ်ခဏချင်းတွင်..၊

အရာအားလုံး တိတ်ဆိတ်သွား၏။

လေဟာနယ်ထဲတွင် အဆုံးအစမရှိသော 'ဓားမ စိတ်ဆန္ဒ' များ ပေါက်ကွဲ ထွက်ပေါ်လာပြီး ဤ လွှဲယမ်းမှု၏ မိစ္ဆာဆန်သော သဘာဝကို ပြင်းထန်စွာ မြှင့်တင်ပေးလိုက်သကဲ့သို့ ထင်မှတ်ရသည်။

ပုံသဏ္ဌာန်မဲ့ ဝဲဂယက်များသည် အရာအားလုံးကို လိမ်ကျစ်သွားစေသည်။

'ဓားမမိစ္ဆာ' ၏ ပုံရိပ်သည် အတွင်းထဲသို့ အရည်ပျော် ဝင်ရောက်သွားသည်။

ကြောက်မက်ဖွယ် စွမ်းအားသည် 'နေမင်းဆည်းဆာဓားဂိုဏ်း' အပေါ်သို့ လွှမ်းမိုးသွား၏။

ကြည့်ရှုသူ အားလုံး ကမ္ဘာပျက်ကပ်ကြီး ရောက်ရှိလာသကဲ့သို့ သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်း ခံလိုက်ရသည်။

ကြီးမားသော နေမင်းကြီးသည် ကောင်းကင်မြင့်တွင် ချိတ်ဆွဲထား၏။ အလင်းတန်း တစ်ခုချင်းစီသည် ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒ တစ်ခုစီ ဖြစ်သည်။

သို့သော် 'မိစ္ဆာဓားမ' က ပစ်ခတ် တိုက်ခိုက်လိုက်သည်နှင့် ၎င်းသည် လေဟာနယ်ကို လိမ်ကျစ်သွားစေပြီး မိစ္ဆာ လောကတစ်ခု မွေးဖွားလာသကဲ့သို့ အရာအားလုံးကို ဝါးမြိုပစ်လိုသည့်ဟန် ပေါ်လာသည်။ မည်သည့် ဓားစိတ်ဆန္ဒ အလင်းတန်းမျှ ဤ ကြောက်မက်ဖွယ် အကျဉ်းထောင်မှ လွတ်မြောက်နိုင်မည် မဟုတ်သကဲ့သို့ ထင်ရ၏။

နှစ်ခုစလုံးသည် တဖြည်းဖြည်း ဖောင်းပွလာခဲ့သည်။

အရာအားလုံးကို လွှမ်းမိုးသွား၏။

မရေမတွက်နိုင်သော လူများသည် ထိတ်လန့် တုန်လှုပ်သွားကြပြီး အလိုအလျောက်ပင် မျက်လုံးများကို ကျယ်ကျယ် ဖွင့်ထားမိကြသည်။ ထိုအခိုက်အတန့်၌ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကို ထောက်ခံသူများပင်လျှင် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သည် သူတို့၏ ရှေ့မှ လူ နှစ်ဦးနှင့် အမှန်တကယ် ယှဉ်နိုင်ပါ့မလားဟု မေးခွန်း မထုတ်ဘဲ မနေနိုင်တော့ပေ။

'ငါတို့ ကောင်းကင်မှာ ဟို ကောင်းကင်ဘုံ ဓား သုံးဆယ့်ခြောက်လက်ရဲ့ ကမ္ဘာပျက် မြင်ကွင်းကို မျက်မြင် တွေ့ခဲ့ရပေမဲ့ အခု ငါတို့ မျက်စိရှေ့က ဒီ နေမင်းကြီးနဲ့ ဒီ 'မိစ္ဆာဓားမ' ကိုတော့ ယှဉ်နိုင်မယ် မထင်ဘူး'

နက်မှောင်သော ဝဲဂယက်ကြီးသည် ကောင်းကင်ဘုံ ခွေးကြီးက နေကို ဝါးမြိုသကဲ့သို့ (ဘာသာပြန်သူ မှတ်ချက်: မူရင်း တရုတ် ဒဏ္ဍာရီလာ '天狗食日' (tiāngǒu shí rì) နေကြတ်ခြင်းကို ရည်ညွှန်းပါသည်။) ကြီးမားသော နေမင်းကြီးကို မျိုချလိုက်သည်။

လောကကြီးသည် အမှောင်ထုထဲသို့ ကျရောက်သွား၏။

လူတိုင်းသည် သူတို့၏ မျက်လုံးများကို မှိတ်ထားလိုက်ကြသည်။ လှိုင်းတံပိုးများ ဖြတ်သန်းသွားသည်ကိုသာ ခံစားမိပြီး သူတို့ကို တုန်ယင်သွားစေသည်။

နောက်ဆုံးတွင်..၊

လှုပ်ခတ်မှု အားလုံး ပျောက်ကွယ်သွား၏။

လူတိုင်း စေ့စေ့စပ်စပ် ကြည့်လိုက်ကြရာ 'နေကို လိုက်သော ဓားဘုရင်' သည် သူ ရှိနေခဲ့သော နေရာတွင်ပင် မလှုပ်မယှက် ရပ်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။

'ဓားမမိစ္ဆာ' မှာမူ လှည့်ထွက်ကာ ထွက်ခွာသွားရန် ပြင်နေလေပြီ။

"ဘာ.. ဘာဖြစ်သွားတာလဲ။ 'ဓားမမိစ္ဆာ' ရှုံးသွားတာလား"

ဤအတွေးသည် လူတိုင်း၏ စိတ်ထဲတွင် ယခုမှ ပေါ်ပေါက်လာခဲ့သည်။

'နေကို လိုက်သော ဓားဘုရင်' သည် ခါးသက်သော အပြုံးကို ပြသလိုက်ပြီး ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။

"ခင်ဗျားရဲ့ 'ဓားမ လမ်းစဉ်' က ဒီလက်ရှိခေတ်မှာ အကြီးကျယ်ဆုံးပါပဲ။ 'ဓားဘုရင် တောင်ထိပ်' ရဲ့ စွမ်းအားကို အားကိုးနေတာတောင် ကျုပ် နည်းနည်း ရှုံးသွားခဲ့တယ်။ ကျုပ်ကပဲ နိမ့်ကျခဲ့တာပါ"

ဤစကားများ ထွက်ပေါ်လာသည်နှင့်၊

လူအုပ်ကြီးသည် ဆူပွက်သွားကြ၏။ အထူးသဖြင့် 'နေမင်းဆည်းဆာဓားဂိုဏ်း' မှ လူများသည် နာရေးတစ်ခုကို ကြုံတွေ့လိုက်ရသကဲ့သို့ မျက်နှာများ ပျက်ယွင်းသွားကြသည်။

ရှင်းလင်းသည်မှာ 'နေကို လိုက်သော ဓားဘုရင်' ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။

ထိုသို့ဖြစ်သော်လည်း ၎င်းသည် ယခင် တိုက်ပွဲများကဲ့သို့ ကြေမွသွားသော ရှုံးနိမ့်မှုမျိုး မဟုတ်ပေ။ ရှုံးသည်မှာ စင်စစ်မှာတော့ ရှုံးသည်ပင် ဖြစ်သည်။

'ဓားမမိစ္ဆာ' သည် တုံ့ခနဲ ရပ်လိုက်သည်။ အတိတ်ကို ပြန်လည် သတိရနေဟန်တူ၏။

"မင်းက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ဟိုလူထက်တော့ ပိုသန်မာတယ်။ သူက ငါ့ရဲ့ 'ကောင်းကင်ဘုံ မိစ္ဆာ ဓားမ' တစ်ဝက်ကိုတောင် မခံနိုင်ခဲ့ဘူး"

လူတိုင်း ထိတ်လန့် တုန်လှုပ်သွားကြသည်။

'လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က လူ။ ဒါ ဒါဆို အရင်တုန်းက ကောင်းကင်ဘုံလူသား အဆင့်စာရင်းမှာ နံပါတ် သုံး ဖြစ်ခဲ့တဲ့ 'ပြုလုပ်မှု ကင်းမဲ့သော ဧည့်သည်' ပဲ ဖြစ်ရမယ်'

ထိုအခိုက်အတန့်၌ ဤလျှို့ဝှက်ချက်သည် 'ဓားမမိစ္ဆာ' ၏ ပါးစပ်မှ ထွက်ပေါ်လာခဲ့ပြီး 'ပြုလုပ်မှု ကင်းမဲ့သော ဧည့်သည်' သည် 'ကောင်းကင်ဘုံ မိစ္ဆာ ဓားမ' ၏ တစ်ဝက်ကိုပင် မခံနိုင်ခဲ့ဘဲ 'ဓားမမိစ္ဆာ' ၏ လက်ထဲတွင် ပျက်စီးခဲ့ရကြောင်း သူတို့ သိရှိသွားစေခဲ့သည်။

ယခုမူ 'နေကို လိုက်သော ဓားဘုရင်' သည် ဤဓားမချက်ကို ဒဏ်ရာမရဘဲ ခံယူနိုင်ခဲ့သည်။ သူ ရှုံးနိမ့်ခဲ့သော်လည်း မည်သူက သာလွန်သည်ကို တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းစွာ သိနိုင်ပေသည်။

'နေကို လိုက်သော ဓားဘုရင်' သည် သက်ပြင်းကို ညင်သာစွာ ချလိုက်ရုံသာ တတ်နိုင်ခဲ့သည်။

သူသည် မိမိကိုယ်ကို အခြားသူများနှင့် များစွာ နှိုင်းယှဉ်လိုသည့် ရည်ရွယ်ချက် မရှိခဲ့ပေ။

"နောက်တစ်ခါ၊ ခင်ဗျား 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' နဲ့ တိုက်ခိုက်တော့မှာလား"

သူသည် စူးစမ်းစွာ မေးလိုက်သည်။

'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ အမည်ကို သူ သိရှိပြီးသား ဖြစ်၏။ သူနှင့် တန်းတူ ပြိုင်ဘက်ကင်း ဓားသိုင်းသမား တစ်ဦး။ 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို တစ်ချက် ကြည့်လိုက်ရုံဖြင့် ဤ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သည် သူ့အောက် မနိမ့်ကျဘဲ ထူးခြားဆန်းကြယ်သူ ဖြစ်ကြောင်း သိနိုင်ပေသည်။ သူ၏ ရှေ့မှ 'ဓားမမိစ္ဆာ' အတွက်မူ ပြောစရာပင် လိုအပ်တော့မည် မဟုတ်ပေ။ အကြောင်းမှာ သူသည် ဤသူ့ထံတွင် ယခုလေးတင် ရှုံးနိမ့်ခဲ့သည် မဟုတ်ပါလား။

ဤသို့ ပြိုင်ဘက်ကင်း အင်အားကြီး ပုဂ္ဂိုလ် နှစ်ဦးကြားမှ တိုက်ပွဲမျိုးကို သူကိုယ်တိုင်ပင် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။

'ဓားမမိစ္ဆာ' သည် ခေါင်းညိတ်လိုက်ပြီး ဆို၏။

"ဟုတ်တယ်။ အရင်တစ်ခေါက် အစစ်အမှန်သိုင်းတောင်ကို အလည်သွားတုန်းက သူ့ရဲ့ 'ဓားစိတ်ဆန္ဒ' က ငါ့ကိုတောင် မသေမချာ ဖြစ်သွားစေခဲ့တယ်”

All Chapters