← Chapters

အားလုံး အကျိုးအမြတ်ရရှိကြပြီး၊ ဓားမ မိစ္ဆာ ပေါ်ထွက်လာခြင်း (၃)

Vol. 16 Ch. 227

အားလုံး အကျိုးအမြတ်ရရှိကြပြီး၊ ဓားမ မိစ္ဆာ ပေါ်ထွက်လာခြင်း (၃)

Vol. 16 Ch. 227

~အားလုံး ပြုံးလိုက်ကြ၏။

ထို့နောက် တာအိုဆရာလုံရှန်းသည် သူ၏ မျှော်လင့်ချက်အပြည့်ပါသော အကြည့်တို့ကို ချန်ရှင်းထံသို့ လွှဲလိုက်သည်။

ချန်ရှင်းက တွန့်ဆုတ်မနေဘဲ လျှို့ဝှက်စာတစ်စောင်ကို ထုတ်ယူလိုက်ရင်း ဆို၏။

"စစ်မှန်သူ ..မင်းသားက အကြောင်းအရာ အားလုံးကို သိရှိပြီးသွားပါပြီရှင့်။ ဒီကိစ္စကို သူ အလွန်

အလေးအနက်ထားပြီး မင်းကြီးဆီကိုလည်း အကြောင်းကြားပြီးပါပြီ။ စီနီယာ 'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်'နဲ့ ကျွန်မ ရောက်လာတာက ဒီကိစ္စအတွက်ပါပဲ။"

တာအိုဆရာလုံရှန်းက အံ့ဩမနေခဲ့ပါ။

'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်' ရောက်ရှိလာသည်ကို မြင်လိုက်ကတည်းက သူ နားလည်ပြီးသား ဖြစ်ပါသည်။

တာအိုဆရာလုံရှန်း လျှို့ဝှက်စာကို ဖွင့်ဖတ်လိုက်၏။

သူ၏ တင်းကြပ်နေသော မျက်မှောင်များသည် တဖြည်းဖြည်း ပြေလျော့သွားတော့သည်။

မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်တို့က သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိရန် ကြံစည်နေကြသည်ကို သိရှိလိုက်ရသည့်အချိန်မှစ၍ တာအိုဆရာလုံရှန်း၏ နှလုံးသားထဲတွင် အရိပ်မည်းကြီးတစ်ခု အမြဲတမ်း ရှိနေခဲ့၏။ သို့သော် ယခုအခါတွင်တော့ နောက်ဆုံး၌ အနည်းငယ် သက်သာရာရသွားသလို ခံစားလိုက်ရသည်။

အနည်းဆုံးတော့ အစစ်အမှန်သိုင်းဂိုဏ်းသည် ဤစိန်ခေါ်မှုကို တစ်ဦးတည်း ရင်ဆိုင်ရတော့မည် မဟုတ်ပေ။ အားကောင်းသော ထောက်ပံ့မှု ရှိလာပေလိမ့်မည်။

လီလင်၏ အရေးကြောင့်ဖြစ်စေ၊ မဟာယန်၏ နယ်မြေအရေးကြောင့် ဖြစ်စေ၊ မြို့စောင့်မြောက်ပိုင်းဘုရင်သည် လက်ပိုက်ကြည့်နေမည် မဟုတ်သည်မှာ သေချာလှသည်။

သို့ရာတွင် မကြာသေးမီက မြောက်ပိုင်းလူရိုင်းများသည် တစ်ဖန် သောင်းကျန်းလာကြပြန်၏။ မြို့စောင့်မြောက်ပိုင်းဘုရင်သည် ထိုဘက်ကို ကိုယ်တိုင် ကြီးကြပ်နေရသဖြင့် တော်ဝင်နန်းတော်သို့ အစီရင်ခံခဲ့ခြင်း ဖြစ်သည်။

စာထဲတွင် အဓိကအားဖြင့် အပိုင်းနှစ်ပိုင်း ပါဝင်၏။

ပထမတစ်ချက် ။

မဟာယန် တော်ဝင်နန်းတော်သည် မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်တို့၏ သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိရန် ကြံစည်နေမှုအား တတ်နိုင်သမျှ အင်အားအလုံးအရင်းဖြင့် တားဆီးသွားမည်ဖြစ်ပြီး၊ သူတို့၏ အကြံအစည်များကို ပုခက်ထဲတွင်ပင် ချေမှုန်းဖျက်ဆီးပစ်ရန် ကြိုးစားသွားမည် ဖြစ်သည်။

ဒုတိယတစ်ချက် ။

အစစ်အမှန်သိုင်းဂိုဏ်း၏ ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်၍၊ မကြာသေးမီက ချင်ပြည်နယ်ကို စောင့်ကြပ်ရန် တာဝန်ကျခဲ့သော 'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်'သည် ယခုအခါ ပိုမိုနီးကပ်စွာ နေရာယူထားပြီး၊ အစစ်အမှန်သိုင်းဂိုဏ်းနှင့် အနီးဆုံးဖြစ်သော မြို့တွင် တပ်စွဲထားမည် ဖြစ်သည်။ ဤသို့ဖြင့် အကယ်၍ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက 'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်'နှင့် သူ၏ ကြောက်မက်ဖွယ် စစ်တပ်ကြီးသည် ချက်ချင်း ရောက်ရှိလာနိုင်ပေမည်။

သိုင်းသူတော်စင်၏ ခြိမ်းခြောက်မှု တစ်ခုတည်းကိုသာ စိုးရိမ်နေ၍ မဖြစ်ဘဲ၊ မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်တို့၏ သေးငယ်သော လှုပ်ရှားမှု အချို့ကိုလည်း ကာကွယ်ရပေဦးမည်။

လျှို့ဝှက်စာကို ဖတ်ပြီးနောက်၊

တာအိုဆရာလုံရှန်းက လေးနက်စွာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

"'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်' နောင်ဆက်ပြီး အများကြီး အနှောင့်အယှက်ပေးရတော့မှာပဲ ခင်ဗျာ။"

ထိုသို့ ပြောဆိုသည်ကို ကြားလိူကိရသောအခါ 'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်'၏ မျက်နှာထားသည် လေးနက်သွားပြီး၊ လက်ကာပြလိုက်ရင်း ဆို၏။

"မဟုတ်တာ ၊ မဟုတ်တာ၊ စစ်မှန်သူက ယဉ်ကျေးလွန်းနေပါပြီ။ မိစ္ဆာဂိုဏ်းနဲ့ တောင်ပိုင်းနယ်စပ်ရဲ့ ရည်မှန်းချက်က ထင်ရှားနေတာပဲ။ သူတို့က ကျွန်တော်တို့ မဟာယန်ကို မှောက်လှန်ပစ်ဖို့ ပူးပေါင်းကြံစည်နေကြတာ။ ကျွန်တော် က ဘယ်လို ဒီအတိုင်း ထိုင်ကြည့်နေနိုင်မလဲ။ စစ်မှန်သူ စိတ်ချနိုင်ပါတယ်၊ သူတို့ရဲ့ အစီအစဉ်တွေက လွယ်လွယ်ကူကူ အောင်မြင်သွားမှာ မဟုတ်ပါဘူး။"

'မီးလျှံသိုင်း စစ်သူကြီးချုပ်' အစောပိုင်းက မှာလိုက်သည့် ညွှန်ကြားချက်ကို 'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်’ သတိရမိသည်။ အစစ်အမှန်သိုင်းဂိုဏ်း၏ ရပ်တည်ချက်ကို ပြောင်းလဲစေပြီး တော်ဝင်နန်းတော်ကို ပိုပြီး ထောက်ခံလာအောင် လုပ်ဖို့ ဆို‌သော အချက်ပင်။

'အစတုန်းကတော့ ဒါက ခက်ခဲလိမ့်မည်ဟု သူ ထင်ခဲ့သည်။ တဖြည်းဖြည်းနှင့် အခွင့်အရေး ရှာကြည့်ဖို့ ငါ စီစဉ်ထားခဲ့သည်။ သို့သော် မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်က မမျှော်လင့်ဘဲ ဖိအားပေးလာတော့ အစစ်အမှန်သိုင်းဂိုဏ်းကို သည်ဘက်

ပါအောင် တွန်းပို့ပေးလိုက်သလို ဖြစ်သွားသည်ပင်။

သို့သော်ငြားလည်း၊

မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်တို့က သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိရန် ကြံစည်နေကြသည် ဆိုသည့်အချက်က 'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်'ကကို အတိုင်းအတာတစ်ခုအထိ သတိရှိနေစေသည်။

'ဘာပဲဖြစ်ဖြစ် မီးလျှံသိုင်း စစ်သူကြီးချုပ်'ရဲ့ သဘောထားကလည်း မရေမရာဘူး။ အရေးကြီးတဲ့ အခိုက်အတန့်ကျရင် မဟာယန်ရဲ့ သိုင်းသူတော်စင်က တကယ် ထွက်လာပါ့မလား ဆိုတာကိုလည်း ငါက မသေချာဘူး။'

'ငါက မဟာယန်ရဲ့ ထိပ်တန်း အဆင့်တွေထဲမှာ ပါနေပေမဲ့ တကယ့် အတွင်းကျကျ လျှို့ဝှက်ချက်တချို့ကတော့ ငါ့လက်လှမ်းမမီတဲ့ နေရာမှာ ရှိနေတုန်းပဲ'

သူ တွေးတောနေစဉ်မှာပင်၊

လော့ဝမ်ထျန်းသည်လည်း လျှို့ဝှက်စာကို ဖတ်ရှုပြီးသွားကာ မေးမြန်းလိုက်၏။

"စစ်သူကြီးချုပ်'ကို တစ်ခုလောက် မေးခွင့်ပြုပါဗျ၊ တကယ်လို့များ မိစ္ဆာဂိုဏ်းနဲ့ တောင်ပိုင်းနယ်စပ်က သိုင်းသူတော်စင် တစ်ယောက် တကယ် မွေးထုတ်ပေးနိုင်ခဲ့ရင် ကျွန်တော်တို့ အစစ်အမှန်သိုင်းဂိုဏ်းက ဘာလုပ်ရမလဲ ခင်ဗျာ။"

သူ၏ စကားထဲမှ အဓိပ္ပာယ်မှာ ထင်ရှားလှသည်။

သိုင်းသူတော်စင်ကို သိုင်းသူတော်စင်ကသာ ကိုင်တွယ်နိုင်သည်။

သူတို့နှင့် ရင်ဆိုင်ရလျှင် ကျန်လူအားလုံးအတွက် သေလမ်းသာ ရှိ လေသည်။

မေးခွန်းကြောင့် 'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်'၏ နှလုံးသားသည် တင်းကျပ်သွား၏။ သို့သော် သူက ထိတ်လန့်မှု အရိပ်အယောင်ကို အနည်းငယ်မျှပင် မပြသမိစေရန် သတိထားလိုက်သည်။ သူက တည်ငြိမ်စွာ ပြန်ဖြေ၏။

"တကယ်လို့ အဲ့ဒီနေ့ ရောက်လာခဲ့ရင် ကိုင်တွယ်မယ့်သူတွေ ရှိလာမှာပါ စိတ်ချပါ။ ကျွန်တော် ဒီနေရာကို စောင့်ကြပ်နေမှတော့ ဘာပဲဖြစ်ဖြစ် အစစ်အမှန်သိုင်းဂိုဏ်းနဲ့ ကံကြမ္မာတူ မျှဝေခံစားသွားမှာပါ၊ ဘယ်တော့မှ ထွက်မသွားဘူး။"

သူ၏ စကားလုံးများက သံမဏိကဲ့သို့ ခိုင်မာလှသည်။

ထိုအခါ လော့ဝမ်ထျန်းက ညင်သာစွာ တောင်းပန်စကား ပြန်ဆိုလိုက်၏။

တာအိုဆရာလုံရှန်းက ပြုံးလိုက်ပြီး ထိုအကြောင်းအရာကို ကျော်လွှားလိုက်ကာ ..

"တကယ်လို့ မဖြစ်မနေ လိုအပ်တာမျိုး မဟုတ်ရင်တော့ ဒီလိုအခြေအနေထိ မရောက်တာ အကောင်းဆုံးပါပဲ။ မိစ္ဆာဂိုဏ်းနဲ့ တောင်ပိုင်းနယ်စပ်က သိုင်းသူတော်စင်တွေ တံခါးလာခေါက်တာကို ထိုင်စောင့်နေမယ့်အစား အရင်းအမြစ်ကနေတင် သတ်ဖြတ်ပစ်တာက ပိုကောင်းပါတယ်။ စစ်သူကြီးချုပ်'လည်း သိမှာပါ ကျွန်တော်တို့ အစစ်အမှန်သိုင်းဂိုဏ်းက 'သွေးဘုရင် ကူ' ကိစ္စကြောင့် တောင်ပိုင်းနယ်စပ်နဲ့ ရန်ငြိုး ဖွဲ့ခဲ့ပြီးသား။ ဒါကို အစပြုတဲ့ အချက်အနေနဲ့ သုံးပြီး စုံစမ်းစစ်ဆေးလို့ ရပါတယ်။"

မဟာယန်၏ သိုင်းသူတော်စင်က ဝင်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ။

မဟာယန်၏ သိုင်းသူတော်စင်က သိုင်းသူတော်စင် နှစ်ယောက်၏ တိုက်ခိုက်မှုကို တားဆီးနိုင်လိမ့်ည် ဟူသော လောင်းကြေးပေါ်မှာတော့ အစစ်အမှန်သိုင်းဂိုဏ်း တစ်ခုလုံး၏ ဘေးကင်းရေးကို ငါ ဘယ်လိုမှ မစွန့်စားနိုင်ပေ။

ယခုလို စောင့်နေမည့်အစား သိုင်းသူတော်စင် နှစ်ယောက် မမွေးဖွားလာအောင် တားဆီးတာက ပိုမကောင်းပေဘူးလား။

'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်'က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"စစ်မှန်သူ စိတ်ချနိုင်ပါတယ်။ တော်ဝင်နန်းတော်က အခုပဲ လှုပ်ရှားမှုတွေ စတင်နေပါပြီ။ ပြည်နယ် ဆယ့်သုံးခုမှာရှိတဲ့ လျှို့ဝှက် လူယုံတွေက တိတ်တဆိတ် စုံစမ်းနေကြပါပြီ။ တောင်ပိုင်းနယ်စပ်က လူတွေ ဘယ်လောက်ပဲ နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေပါစေ သူတို့ လုံးဝ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မဟာယန်ရဲ့ မြေပေါ်မှာ ဒီလို ဆိုးရွားတဲ့ လုပ်ရပ်မျိုးကို လုပ်ရဲမှတော့ ပြင်းပြင်းထန်ထန် အပြစ်ပေးရမှာပေါ့။"

သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ပါဝင်နေခဲ့သည်။

ထို့နောက် သူက ထပ်ဖြည့်စွက်လိုက်၏။

"မိစ္ဆာဂိုဏ်းက လျှို့ဝှက်နည်းစနစ်နဲ့ သိုင်းသူတော်စင် ဖြစ်အောင်လုပ်တဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ သဲလွန်စ တချို့ ရထားတယ်။ ဒါက ဆန်းပြား သားရဲတွေရဲ့ အတွင်းအမြုတေ’ တွေနဲ့ ဆက်စပ်နေနိုင်တယ်။ တောင်ပိုင်းနယ်စပ်က 'တောင်တစ်သိန်း' ကို နောက်ခံထားထားတော့ အတွင်းပိုင်း အခြေအနေကို ကောင်းကောင်း ရင်းနှီးတယ်။ ဒီတော့ ဆန်းပြား သား အမြုတေတွေ ရဖို့ ပိုလွယ်ကူတာပေါ့။ ဒါကပဲ သူတို့နှစ်ဖွဲ့ မဟာမိတ် ဖွဲ့ရခြင်းရဲ့ အရင်းခံ အကြောင်းတရား ဖြစ်နိုင်တယ်။"

ထိုသတင်းကို ကြားသိလိုက်ရသောအခါ တာအိုဆရာ လုံရှန်း၏ မျက်လုံးများထဲတွင် အံ့ဩမှု အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားသည်။

မဟာယန်က တောင်ပိုင်းနယ်စပ်ကို စုံစမ်းနေတုန်း ဆိုသော်လည်း မိစ္ဆာဂိုဏ်း၏ သိုင်းသူတော်စင် လျှို့ဝှက်နည်းစနစ် အချက်အလက်ကို ဒီလောက် မြန်မြန် ရထားသည်။ ဒါက မိစ္ဆာဂိုဏ်းထဲမှာ သူလျှိုတွေ အများကြီး ရှိနေသည်ဟူသော သဘောပဲ။

နှစ်ပေါင်းများစွာ ရုန်းကန်တိုက်ခိုက်လာခဲ့ပြီးနောက်၊

မဟာယန်နှင့် မိစ္ဆာဂိုဏ်းတို့သည် တစ်ဖက်နှင့်တစ်ဖက် အတိုင်းအတာတစ်ခုအထိ အပြန်အလှန် ထိုးဖောက် ဝင်ရောက်ထားကြသည်မှာ သေချာလှသည်။

ဤသို့ တွေးမိသောအခါ တာအိုဆရာလုံရှန်းသည် ပို၍ သတိထားလာမိသည်။

'တော်ဝင်နန်းတော်ကိုလည်း ငါ အပြည့်အဝ ယုံကြည်လို့ မဖြစ်ဘူး။ မဟုတ်လို့ရှိရင် နောင်တစ်နေ့ကျ မိစ္ဆာဂိုဏ်းက အတွင်းလူ တစ်ယောက်ယောက်ရဲ့ သစ္စာဖောက်ခြင်းကို ခံလိုက်ရမှ ငါ ဘယ်လိုလုပ် သိနိုင်တော့မှာလဲ'

လေးယောက်သား အသေးစိတ် အချက်အလက်များစွာကို ဆွေးနွေးခဲ့ကြသည်။

အားလုံးမှာ နောက်ဆက်တွဲ လုပ်ဆောင်ရမည့် အစီအမံအမျိုးမျိုးနှင့် ပတ်သက်၍ အပြန်အလှန် သတင်း ဖလှယ်ကြခြင်းသာ ဖြစ်သည်။

ချန်ရှင်းနှင့် 'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်'တို့ကို နှုတ်ဆက် လိုက်ပို့ပြီးနောက်၊

တာအိုဆရာလုံရှန်းနှင့် လော့ဝမ်ထျန်း နှစ်ဦးစလုံး သက်ပြင်းတစ်ချက်စီ ချလိုက်ကြပြီး ဤသတင်းများကို နင်ချီထံသို့ ချက်ချင်း အကြောင်းကြားလိုက်တော့သည်။

နင်ချီလည်း အတိုင်းအတာ တစ်ခုအထိ စိတ်သက်သာရာ ရသွားသည်။

မဟာယန်က ဝင်ပါလာမှတော့ အနည်းဆုံးတော့ ဖိအားက အရင်လောက် မပြင်းထန်တော့ဘူးပေါ့။

မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်က သိုင်းသူတော်စင်တွေ ပေါ်ထွက်လာတာကို လုံးဝ မတားဆီးနိုင်ခဲ့လျှင်တောင် အနည်းဆုံးတော့ သူတို့၏ တိုးတက်မှုကို အကြီးအကျယ် နှောင့်နှေးစေလိမ့်မည်။ ဒါဆို သူ့အတွက် အချိန် အလုံအလောက်ရနိုင်လေသည်။

'တကယ်လို့ လဝက်လောက်တောင် အချိန် မဆွဲထားနိုင်ဘူးဆိုရင်တော့ မဟာယန်ရဲ့ တော်ဝင်နန်းတော်က တော်တော် ညံ့ဖျင်းလွန်းနေပြီ'

မဟာယန် တော်ဝင်နန်းတော်သည် ဤမျှလောက်သာ စွမ်းဆောင်နိုင်လိမ့်မည်ဟု နင်ချီ မယုံကြည်ခဲ့ပေ။ သူတို့က ဝင်ရောက်စွက်ဖက်ရန် ဆန္ဒရှိနေမှတော့ နောက်ဆုံးတွင် သူကိုယ်တိုင် ဝင်တိုက်ခိုက်စရာ မလိုတော့သည်မျိုးလည်း ဖြစ်သွားနိုင်၏။

သို့သော် သူသည် တခြားသူများကို အားကိုးလျက် မှားယွင်းသော မျှော်လင့်ချက်မျိုး ထားရှိမည် မဟုတ်ပေ။

လာမည့် နေ့ရက်များတွင်..၊

နင်ချီသည် သူ၏ ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်ခဲ့သည်။

'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ 'နှလုံးသား စူးစမ်းခြင်းဓား' ကို သတ်ဖြတ်မှုကြောင့် လှုပ်ခတ်သွားသော လှိုင်းလုံးများသည်လည်း တဖြည်းဖြည်း ပြန်လည် ငြိမ်သက်သွား၏။ သိုင်းလောကသည် အဖြစ်အပျက် အသစ်များ ဘယ်သောအခါမှ ရှားပါးခြင်း မရှိပေ။ နင်ချီသည် ဤငြိမ်းချမ်းမှုကို သဘောကျသည်။ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' အပေါ် အာရုံစိုက်မှု သိပ်များနေခြင်းသည် မကောင်းလှပေ။

သို့သော် မကြာမီပင်၊

အဖြစ်အပျက်တစ်ခုသည် ကမ္ဘာလောကကြီးကို တစ်ဖန် တုန်လှုပ်စေခဲ့ပြီး မရေမတွက်နိုင်သော အာရုံစိုက်မှုများကို ဆွဲဆောင်သွားခဲ့တော့သည်။

ကောင်းကင်ဘုံလူသား အဆင့်စာရင်းတွင် အဆင့် သုံး နေရာ၌ ရှိနေသည့် ဓားမ မိစ္ဆာ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

All Chapters