ပြောင်းလဲသင့်ပြီ
Vol. 40 Ch. 586
"ဟားဟားဟား.. ဟာသပဲ"
အဆုံးမှာတော့ မိုက်ကယ်လည်း ရယ်ချင်စိတ်ကို ထိန်းချုပ်၍ မရတော့ပေ။
"မင်းတို့ဟွာရှားဂိမ်းအင်ဂျင်တွေက သုံးစားလို့မရတာတွေချည်းပဲ။ တော်တော်များများက မူရင်းလက်ရာတောင်မဟုတ်ဘူး"
"ကိုင်း.. ခင်ဗျားက ကျုပ်တို့ဟွာရှားရဲ့ လက်သုံးစကားတွေကို တော်တော်လေ့လာထားတာပဲ"
ကျန်းမုန့်လောင်ကတော့ အေးဆေးတည်ငြိမ်နေဆဲသာ။
"ဒါပေမဲ့ ခင်ဗျား ကျုပ်ကို လျှော့တွက်လွန်းအားကြီးသွားပြီ။ ဒါပေမဲ့ ကျုပ် ခင်ဗျားကို သတိတော့ပေးထားလိုက်မယ်။ နောက်မှ ကျုပ်တို့ဟွာရှားဂိမ်းတွေကို ကိုယ်စားလှယ်
ယူချင်လာရင် ကုန်ကျစရိတ်က တော်တော်များလိမ့်မယ်နော်"
"ပေါက်တတ်ကရတွေ!"
မိုက်ကယ်က အထင်သေးဟန်ဖြင့် ပြောလိုက်၏။
"မင်းတို့ဂိမ်းတွေက ငါတို့လိုမျိုး ခေတ်မီမှာမဟုတ်ဘူး။ ဘယ်နိုင်ငံခြားကစားသမားကမှ မင်းတို့ဂိမ်းကို ဝယ်မှာမဟုတ်သလို ဘယ်သူကမှလည်း ဟက်ခ်ကုတ်သုံးတဲ့နိုင်ငံက ဂိမ်းတွေကို ကစားကြတော့မှာမဟုတ်ဘူး"
"သိပ်လှတဲ့အကွက်ဟေ့"
ကျန်းမုန့်လောင်က မိုက်ကယ်၏မျက်နှာပြောင်တိုက်မှုကို မြင်ထားပြီးဖြစ်၏။
"ကျုပ် ခင်ဗျားကို သတိပေးလိုက်မယ် မိုက်ကယ်.. အဲဒီအချိန်ကျမှ ခင်ဗျား ကျုပ်တို့ဂိမ်းတွေကို ကိုယ်စားလှယ်ယူချင်တယ်ဆိုရင် ခင်ဗျားတို့ရဲ့ရှယ်ယာကို အနည်းဆုံး၅၁ရာခိုင်နှုန်းလောက် ပေးရင်တောင် ကျုပ်က စဉ်းစားရဦးမှာ"
"ငတုံး"
မိုက်ကယ်က ချက်ချင်းဖုန်းချပစ်လိုက်သည်။ ကျန်းမုန့်လောင်၏ ယုံကြည်မှုက သူ့အတွက်တော့ ကျိုးကြောင်းဆီလျော်မှုမရှိချေ။
"ဥက္ကဋ္ဌ.. လက်က အဆင်ပြေရဲ့လား"
မိုက်ကယ်၏လက်ထောက်က ပျာပျာသလဲမေးလာချေသည်။
"အရေးမပါတာ။ ဘယ်လိုထင်လို့လဲ။ အဲဒီနားတင် ရပ်မနေနဲ့။ ဆေးရုံသွားဖို့ ကားပြင်ထားလိုက်"
မိုက်ကယ်က အော်ဟစ်လိုက်၏။
"နေဦး။ လူထုဆက်ဆံရေးအသင်းကို အရင်သွားညွှန်ကြားလိုက်။ ဟွာရှားအင်တာနက်ရေတပ်တစ်ခုငှားပြီး ကျန်းမုန့်လောင်က ဟက်ခ်ကုတ်ဖန်တီးခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို ဖြန့်လိုက်။ သူပျက်စီးသွားတာပဲ ငါလိုချင်တယ်"
"ဟုတ်ကဲ့ ဥက္ကဋ္ဌ!"
...
"ကမ္ဘာ့ဂိမ်းကုမ္ပဏီတွေထဲက ၉၀ရာခိုင်နှုန်းကျော်က ဟွာရှားကစားသမားတွေကို သပိတ်မှောက်ကြောင်း တစ်ညီတစ်ညွတ်တည်း ကြေညာခဲ့ပါတယ်!"
"နာမည်ကြီးဂိမ်းတော်တော်များများက ဟွာရှားကစားသမားတွေကို နိုင်ငံတကာဆာဗာတွေထဲ ဝင်ရောက်ခွင့်ပိတ်ပင်ခဲ့ပါတယ်"
"လန့်လောက်စရာပဲဟေ့။ 'အုပ်စိုးသူအရှင်'ဂိမ်းရဲ့ နောက်ကွယ်က ကြိုးကိုင်သူက..."
"အတွင်းသတင်းထွက်ပေါ်လာခြင်း။ ဟက်ခ်ကုတ်က ကမ္ဘာ့အချမ်းသာဆုံးလူနဲ့ ဆက်စပ်နေပုံပဲ"
...
အင်တာနက်ရေတပ်သမားများ၏ ထိန်းချုပ်မှုအောက်တွင် ဤဖြစ်စဉ်တစ်ခုလုံးက အရူးအမူးပျံ့နှံ့သွားခဲ့သည်။
"သေစမ်း! အရှက်မရှိတဲ့လူယုတ်မာတွေ! ပြဿနာအရင်ရှာတာ ပေါင်လဲ့ကုမ္ပဏီလေ။ သပိတ်မှောက်တော့ ငါတို့ဟွာရှားကစားသမားတွေတဲ့။ ဟာသပဲ"
"နှစ်ဖက်ချွန်ကောင်တွေ။ ငါတို့ဂိမ်းတွေကို သပိတ်မှောက်တယ်ပေါ့။ ငါတို့လည်း မင်းတို့ဂိမ်းတွေကို သပိတ်မှောက်တယ်ကွ"
"ဥက္ကဋ္ဌကျန်းက ဒီလိုလုပ်ခဲ့တယ်ဆိုရင်တောင် ငါကတော့ သူ့က်ို ထောက်ခံနေတုန်းပဲ"
'အုပ်စိုးသူအရှင်'ဂိမ်းထဲရှိ ဖြစ်စဉ်ကို သိထားကြသော ကစားသမားများမှ ကျန်းမုန့်လောင်ဘက်က ဝင်ထောက်ခံကြသည်။ ဤနည်းလမ်းက ကောင်းလှချည်ရဲ့မဟုတ်သော်ငြား သူတို့၏ဒေါသများကို ဖွင့်ထုတ်ခွင့်ရခဲ့သည့်အပြင် ဟွာရှားကစားသမားများက ပြဿနာလာရှာ၍ရသောလူများမဟုတ်ကြောင်းလည်း ထိုလူများကို ပြသရာရောက်ခဲ့သည်။
သို့သော် ဤသည်မှာ 'အုပ်စိုးသူအရှင်'ဂိမ်းတစ်ခုတည်းနှင့်သာ သက်ဆိုင်သည်။ ဟွာရှားနိုင်ငံတွင် နာမည်ကြီးဂိမ်းပေါင်းများစွာ ရှိသည်ဖြစ်ရာ ဤဖြစ်စဉ်၏သက်ရောက်မှုကား ဂိမ်းတစ်ခုနှစ်ခုမျှသာ မဟုတ်ပါဘဲ အားလုံးကို လာထိခိုက်ခြင်းပင်။
ဤဖြစ်စဉ်များက ကစားသမားများအတွက် ပြင်းထန်လှသော ထိုးနှက်ချက်များပင်။
"သေစမ်း! ငါက နိုင်ငံခြားဆာဗာမှာ ထိပ်ဆုံးအဆင့် ရောက်ခါနီးနေပြီကို။ ငါ့အကောင်ကို ဘန်းလိုက်တယ်ပေါ့လေ"
"သေလိုက်လေ! ဒီဂိမ်းအတွက် ငါ သောင်းဂဏန်းလောက်သုံးထားတာတောင် မင်းတို့က ငါ့ကို လော့အင်ဝင်လို့မရဘူးလို့ ပြောနေတာလား"
"အုပ်စိုးသူအရှင်ဂိမ်းက တခြားဂိမ်းတွေနဲ့ဘာဆိုင်လို့လဲ။ သူတို့ဘက်က အရင်ရန်စတယ်ဆိုရင်တောင် ဒီလောက်အထိလုပ်မဲ့အစား တခြားဖြေရှင်းနည်းတစ်ခုခု ရှာလို့မရဘူးလား"
"ကဲ အခုတော့ ဘယ်သူမှ ဂိမ်းမကစားရတော့ဘူး"
"ကျန်းမုန့်လောင်က သောက်ရေးမပါတဲ့ကောင်ပဲ"
"ချမ်းသာတာနဲ့ပဲ လုပ်ချင်ရာလုပ်လို့မရဘူး။ ငါက မင်းကို ဟွာရှားရဲ့ဂုဏ်လို့ ထင်ထားခဲ့တာ။ အခုတော့ ကျက်သရေတုံးပြီး ရှက်ဖို့ကောင်းချက်"
….
ကျန်းမုန့်လောင်ကို ဆဲဆိုထားကြသည့် မှတ်ချက်များက အလွန်များပြားလှသည်။ သို့သော် ၎င်းမှာ အင်တာနက်ရေတပ်များလား၊ တကယ့်ဟွာရှားကစားသမားများလားဆိုသည်ကိုမူ ပြောရခက်ပေသည်။
သို့တိုင် ဟွာရှားကစားသမားအများစုက ကျန်းမုန့်လောင်ဘက်က ရပ်တည်နေကြဆဲသာ။ ဤဖြစ်ရပ်က သူတို့အား ဟွာရှားနိုင်ငံကို အခြားနိုင်ငံများက ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြသည့် ချစ်ပ်ပြားဝယ်ယူခြင်းပိတ်ဆို့မှုကို ပြန်သတိရမိစေသည်။
သပိတ်မှောက်မှုကို ရင်ဆိုင်ရသော အဓိကပစ်မှတ်က ဟွာရှားနိုင်ငံ၏ အကြီးဆုံးဂိမ်းကုမ္ပဏီဖြစ်သည့် မာဟွား၏ထန်ရွှင်းပင်တည်း။ ယခုအချိန်မှာ ကုမ္ပဏီ၏အမြတ်အစွန်းအများစုက လူမှုကွန်ရက်နှင့် ကိုယ်တိုင်ထုတ်လုပ်ထားသည့် ဂိမ်းများမှ ရရှိနေသော်ငြား နိုင်ငံခြားဂိမ်းများကို ကိုယ်စားလှယ်ယူထားရာမှရရှိသည့် ဝင်ငွေကလည်း အရေးပါသော အစိတ်အပိုင်းတစ်ခုပင်။
ရက်အနည်းငယ်အတွင်းမှာပင် ထန်ရွှင်းဂိမ်း၏နေ့စဉ်ဝင်ငွေက ၂၀ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့သည်။
စုစုပေါင်းအရှုံးကလည်း များပြားလှသည်။ ဤသည်မှာ တိုက်ရိုက်ဆုံးရှုံးမှုမျှသာ ရှိသေးသည်။ အခြားဂိမ်းကုမ္ပဏီများကို လျော်ကြေးပေးရန်အတွက်လည်း ဘီလီယံပေါင်းများစွာ ထုတ်သုံးရပေဦးမည်။
ဝမ်ယိဂိမ်းကုမ္ပဏီလည်း ဤဖြစ်ရပ်ကြောင့် ပြင်းထန်စွာ ထိခိုက်ခဲ့ပြီး သူတို့၏ဆုံးရှုံးမှုမှာ ထန်ရွှင်းထက် မလျော့ပေ။
...
သို့သော် ကျန်းမုန့်လောင်၏ စိတ်ခံစားချက်ကတော့ ဤကိစ္စများကြောင့် ထိခိုက်သွားခြင်း အလျဉ်းမရှိခဲ့ချေ။ သူသည် ဤကိစ္စက သူနှင့်ဘာမှမဆိုင်သည့်အလား အစားအသောက်ပင် မပြတ်ချေ။
"ကမ္ဘာ့အချမ်းသာဆုံးလူကို ဆဲဆိုကြိမ်းမောင်းတာက ငါဆိုတဲ့ ကျန်းမုန့်လောင်နဲ့ ဘာဆိုင်လို့လဲ"
"မစ္စတာကျန်း.. မစ္စတာမာဟွားနဲ့ မစ္စတာတင်းဆန်ရှီတို့က ရှင့်ကို ညစာစားဖို့ ဖိတ်ထားပါတယ်။ အားရဲ့လား"
လုရီယောင်နှင့်အတူ ပြည်တွင်းဂိမ်းတစ်ခုကို ကစားနေသည့် ကျန်းမုန့်လောင်အား ဟုန်းရီက မေးလိုက်ခြင်းပင်။
"သြော်?"
ကျန်းမုန့်လောင် လုံးဝမအံ့သြပေ။။ ဤအခြေအနေကို သူကတော့ ကျေနပ်မိသော်လည်း ဤအဖြစ်ကြောင့် ဟွာရှား၏ဂိမ်းလုပ်ငန်းအပေါ် ပြင်းထန်လှသော သက်ရောက်မှုတစ်ခု ဖြစ်စေခဲ့ပြီး သူတို့၏ကုမ္ပဏီနှစ်ခုလည်း အများဆုံးထိခိုက်ခံစားခဲ့ရသည်။
"သူတို့ရဲ့စိတ်အခြေအနေကရော ဘယ်လိုရှိလဲ"
ကျန်းမုန့်လောင်က စနောက်ကျီစယ်လိုဟန်ဖြင့် မေးလိုက်သည်။
"သူတို့ တော်တော်လေးတော့ တည်ငြိမ်နေပါတယ်။ ဒါပေမဲ့ လေသံကတော့ နည်းနည်းဆောက်တည်ရာမရဖြစ်နေတယ်"
"ဟာဟားဟားဟား"
ကျန်းမုန့်လောင် ရယ်မောလိုက်ချေသည်။
"ကောင်းပြီ။ အချိန်မီလာခဲ့မယ်လို့ သူတို့ကိုပြောလိုက်။ ငါ့ကို နေရာသာပြောလိုက်"
...
"မင်း အရင်ပြောလိုက်!"
"မင်းပြောလိုက်!"
"မဖြစ်ဘူး။ ငါတို့ကုမ္ပဏီကို အရင်တုန်းက သူဝယ်ပစ်လိုက်လို့ ဝမ်ယိဂီတကနေ ဝမ်ယိအနှိပ်ခန်းဖြစ်သွားတာနော်။ အခုလည်း သူစိတ်ဆိုးပြီး ဝမ်ယိဂိမ်းကုမ္ပဏီကို ဝမ်ယိလူကြီးပစ္စည်းကုမ္ပဏီဆိုပြီး ပြောင်းပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ"
ဟွာရှား၏ ဂိမ်းလုပ်ငန်းဆိုင်ရာ သူဌေးကြီးနှစ်ယောက်က အခန်းထဲမှာ စကားနိုင်လုနေကြပြီး မည်သူကမှ ကျန်းမုန့်လောင်ရှေ့တွင် သူတို့၏အထင်အမြင်များကို တိုက်ရိုက်ထုတ်မပြောချင်ကြပေ။
"ကျန်းမုန့်လောင်ရဲ့စရိုက်ကိုလည်း မင်းသိတာပဲ။ သူက အကောက်ကြံတာကို အရမ်းမုန်းတာ။ အထူးသဖြင့် ဒီလိုမူဝါဒဆိုင်ရာ ကိစ္စမျိုးတွေပေါ့။ သူ့လုပ်ရပ်ကမမှားဘူးလို့ ခံယူထားတာ"
မာဟွား သက်ပြင်းချလိုက်လေတော့သည်။
"သူက ငါတို့လို အရင်းရှင်တွေကို မုန်းနေမှန်း မင်းလည်း သိပါတယ်။ အလုပ်ချိန်နဲ့ပတ်သက်တဲ့ကိစ္စတောင် အခုထိပြီးသေးတာမဟုတ်ဘူး"
"သူ ရောက်လာပြီ"
ခြေသံများကို ကြားလိုက်ရသောအခါ နှစ်ယောက်သား ချက်ချင်းတိတ်ဆိတ်သွားကြသည်။
"လူကြီးမင်းတို့..မတွေ့ရတာကြာပြီနော်"
ကျန်းမုန့်လောင်က အားနာလိုစိတ်အလျဉ်းမရှိဘဲ သီးသန့်ခန်းထဲသို့ လျှောက်ဝင်လာပြီး ထိုင်ချလိုက်သည်။
သူသည် မီနူးကို တည်တည်ငြိမ်ငြိမ်ကောက်ကိုင်ကာ ဟင်းပွဲတချို့ကို မှာလိုက်၏။
"ခင်ဗျားတို့ ကြိုက်တာသာမှာကြ။ ဒီနေ့ ကျုပ် ဒကာခံမယ်"
မာဟွားနှင့် တင်းဆန်ရှီတို့ခမျာ ဆွံ့အသွားကြလေသည်။ ဤညစာစားပွဲကို သူတို့စီစဉ်ထားသည်မှာ အသိသာချည်းပင်။
ကျန်းမုန့်လောင်က ဘယ်လိုလုပ်ပြီး ဧည့်ခံသူဖြစ်သွားရတာလဲ။
"လူကြီးမင်းတို့.. ဘာလို့မပြုံးကြတာလဲ။ စိတ်မချမ်းသာစရာ ကိစ္စတစ်ခုခုများရှိလို့လား"
ကျန်းမုန့်လောင်က ခနဲ့တဲ့တဲ့မေးလိုက်သည်။
အဓိပ္ပာယ်မရှိလိုက်တာ။ မပျော်ရုံတင်မကဘူး။ ရူးတောင်ရူးတော့မယ်။
မာဟွားနှင့် တင်းဆန်ရှီတို့ခမျာ စိတ်ထဲမှာ ကျိတ်ဆဲနေမိသော်ငြား သည်းခံနေရုံမှလွဲ၍ ဘာမှမတတ်နိုင်ကြပေ။ သူတို့ကုမ္ပဏီများက အများပိုင်စာရင်းသွင်းထားခြင်းဖြစ်လေရာ ကျန်းမုန့်လောင်၏ ငွေကြေးအင်အားအရဆိုလျှင် သူတို့ကို အလွယ်တကူချေမှုန်းပစ်နိုင်သည်။
"မစ္စတာကျန်း မသိချင်ယောင်ဆောင်မနေပါနဲ့တော့"
အဆုံးမှာမူ မာဟွားက စကားစလိုက်လေတော့သည်။
"ဟက်ခ်ကုတ်ကို ခင်ဗျားထုတ်လုပ်ခဲ့တာမဟုတ်လား"
"ဟုတ်တယ်"
ကျန်းမုန့်လောင်ကလည်း အသာတကြည်ဝန်ခံလိုက်သည်။ သူသည် သူ့လုပ်ရပ်သူ ဝန်ခံရဲသူတစ်ယောက်ပင်။
"ဒီတစ်ခါတော့ ခင်ဗျား နည်းနည်းစိတ်လောသွားတယ်နော်။ အဲဒီအခြေအနေကိုဖြေရှင်းဖို့ ပိုကောင်းတဲ့နည်းလမ်းတွေ ရှိပါတယ်"
တင်းဆန်ရှီက ပြောလိုက်သည်။
"ကျုပ်တို့ဂိမ်းလုပ်ငန်းမှာ ထိခိုက်မှု တော်တော်ပြင်းတယ်။ ကျုပ်တို့ကုမ္ပဏီနှစ်ခုရဲ့ ဆုံးရှုံးမှုတွေဆိုရင်... စကားနဲ့တောင် ဖော်ပြလို့မရဘူး"
"ကြည့်ရတာတော့ ဒီနေ့ ခင်ဗျားတို့နှစ်ယောက်က စာရင်းရှင်းဖို့လာခဲ့တာထင်တယ်"
နှစ်ယောက်သား တိတ်ဆိတ်နေကြသည်။
"ဟွာရှားနိုင်ငံရဲ့ ဂိမ်းထုတ်လုပ်မှုနည်းပညာက ကောင်းတယ်လို့ မထင်ဘူးလား"
နှစ်ယောက်သား တဒင်္ဂမျှအံ့အားသင့်သွားကြသည်။ ကျန်းမုန့်လောင်ဘက်က ယခုလိုမေးခွန်းမျိုး ထုတ်မေးလာလိမ့်မည်ဟု သူတို့ လုံးဝထင်မထားပေ။
"ပြည်တွင်းထုတ်ဂိမ်းအင်ဂျင်တွေက အမြဲအပ်ဒိတ်လုပ်နေပေမဲ့ နိုင်ငံတကာအင်ဂျင်တွေနဲ့ ယှဉ်လိုက်ရင် ကွာဟချက် ရှိနေတုန်းပါပဲ။ ဒါကြောင့်လည်း ကျုပ်တို့ နိုင်ငံခြားနည်းပညာကို အားကိုးပြီး ဂိမ်းတွေကို တင်သွင်းနေရတာ"
"ခင်ဗျားတို့ အဲဒါနဲ့တင် ကျေနပ်လား"
ကျေနပ်သလားတဲ့။ သေချာပေါက် မကျေနပ်ပေ။ သူတို့မှာသာ ယခုလိုအင်ဂျင်မျိုးရှိပါက ပိုကောင်းသည့် ဂိမ်းများကို ဖန်တီးနိုင်ပြီး ကိုယ့်လူမျိုးဆီကသာ မဟုတ်ဘဲ အခြားနိုင်ငံများထံကပါ ပိုက်ဆံရှာနိုင်မည်။
"ဒါဆို ဒီကိစ္စက မကောင်းတဲ့ကိစ္စမဟုတ်ဘူး။ အံ့ဖွယ်ဖြစ်ရပ်တစ်ခုပဲ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ကျုပ်တို့ရဲ့ဂိမ်းတွေကို သပိတ်မှောက်တာလေးပဲ မဟုတ်လား။ သူတို့ ဘာလို့သပိတ်မှောက်နိုင်တာလဲ။ ကျုပ်တို့ဂိမ်းတွေရဲ့ အရည်အသွေးက မကောင်းလို့လေ။ လူတိုင်း ဂိမ်းစွဲနေမယ်ဆိုရင် သပိတ်မှောက်တာက ထိရောက်ပါ့မလား"
"ဒါပေမဲ့ ကျုပ်တို့ရဲ့နည်းပညာက..."
"ကျုပ်က ဟက်ခ်ကုတ်ကျတော့ ရေးနိုင်ပြီး ပိုကောင်းတဲ့ဂိမ်းတွေ မဖန်တီးနိုင်ဘူးလို့ ခင်ဗျားတို့ ထင်နေတာလား"
ကျန်းမုန့်လောင်က အဓိပ္ပာယ်ပြည့်ဝသော အပြုံးတစ်ခုကို ပြုံးလိုက်၏။ ဤအချက်မှာ သူ ယနေ့ လာတွေ့ဖို့ သဘောတူခဲ့ရသည့် အကြောင်းပြချက်ပင်။
"ဧကန္တ.."
သူတို့နှစ်ယောက်စလုံး၏ မျက်လုံးထဲ၌ အံ့အားသင့်လေဟန် အရိပ်အယောင်များ ရုတ်ခြည်းထင်ဟပ်လာသည်။
"ဂိမ်းလုပ်ငန်းလောကကိုတော့ အကြီးအကျယ်ပြင်ဆင်ဖို့လိုနေပြီ!"
****************