အမြင်မကျယ်သေးဘူး
Vol. 40 Ch. 587
ကျန်းမုန့်လောင်၏စကားကြောင့် မာဟွားနှင့် တင်းဆန်ရှီတို့နှစ်ယောက်စလုံး စိတ်လှုပ်ရှားသွားကြသည်။ ဟွာရှားနိုင်ငံ၏ ပထမမျိုးဆက်ဂိမ်းထုတ်လုပ်သူများအနေနှင့် ဟွာရှားနိုင်ငံထုတ်ဂိမ်းများမှာ ကမ္ဘာ့ထိပ်တန်းတွင် ရပ်တည်နိုင်ရန် သူတို့ မျှော်လင့်မိသည်။
သို့သော် တကယ်တမ်းတွင်မူ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝှမ်း၌ နာမည်ကြီးနေသော ဂိမ်းအများစုကို ဟွာရှားနိုင်ငံက ထုတ်လုပ်ထားခြင်းမဟုတ်ချေ။ ဤသည်မှာ အမှန်တရားပင်။
"ဒါပေမဲ့ ဂိမ်းတစ်ခုဖန်တီးဖို့အတွက် အချိန်တော်တော်ကြာမှာမဟုတ်ဘူးလား"
မာဟွားက အကြီးစားဂိမ်းတစ်ခုကို ထုတ်လုပ်ရန်အတွက် နှစ်ပေါင်းများစွာကြာလေ့ရှိကြောင်း သိသဖြင့် ပြောလိုက်၏။
ကျန်းမုန့်လောင်၏ နည်းပညာစွမ်းရည်က ထူးခြားသည်မှာတော့ အမှန်ပင်။ ထိုကဲ့သို့သော ဟက်ခ်ကုတ်မျိုးကို တီထွင်နိုင်ခြင်းမှာ သူ့အစွမ်းအစသည် အုပ်စိုးသူအရှင်ဂိမ်း၏ ထုတ်လုပ်ရေးအဖွဲ့ထက် များစွာသာလွန်ကြောင်း သက်သေပြနေပေသည်။ ကျန်းမုန့်လောင်က ပိုပြောင်မြောက်သော ဂိမ်းများကိုပင် ဖန်တီးနိုင်ကြောင်း သူတို့ ယုံကြည်ကြသည်။
သို့သော် အစွမ်းအစရှိခြင်းက တစ်ကဏ္ဍ။ ထိုရလဒ်ကို ရနိုင်မရနိုင်ဆိုသည်က တစ်ကဏ္ဍပင်။
အရည်အသွေးကောင်းမွန်သော ဂိမ်းတစ်ခုကို ထုတ်လုပ်ဖန်တီးရန်အတွက် အဖွဲ့ကောင်းတစ်ခုရှိနေလျှင်ပင် အနည်းဆုံးတော့ ခြောက်လမှ နှစ်နှစ်သုံးနှစ်အထိ ကြာမြင့်နိုင်ပြီး အချိန်အမြောက်အများကို သုံးစွဲရန် လိုအပ်ပေသည်။
ကျန်းမုန့်လောင်က ငွေကြေးချို့တဲ့သူတစ်ယောက် မဟုတ်သည်မှာ မှန်ပေသည်။ ထို့ပြင် သူသည် အမြတ်မရလည်း တစ်နှစ်မက အချိန်ပေး၍ ငွေထုတ်သုံးနိုင်သည်။
သို့သော် ဟွာရှားဂိမ်းဈေးကွက်က ထိုမျှအထိ တောင့်မခံနိုင်ပေ။ ကောင်းမွန်လှသော ပြည်တွင်းဂိမ်းတစ်ခုခုမရှိပါက နိုင်ငံခြားဂိမ်းထုတ်လုပ်သူများ၏ နှပ်ချခြင်းကို ခံရမည်ဖြစ်ပြီး များပြားလှသော ငွေပမာဏများမှာ ထိုနိုင်ငံခြားသားများ၏ အိတ်ကပ်ထဲသို့ ရောက်သွားပေလိမ့်မည်။ ဤသည်မှာ သိပ်ကောင်းလှသော ကိစ္စတော့မဟုတ်ချေ။
"ဥက္ကဋ္ဌကျန်း.. ဒီလိုမမျှတတဲ့ သပိတ်မှောက်မှုမျိုးနဲ့ ရင်ဆိုင်ရရင် ကျုပ်တို့ဟွာရှားဂိမ်းလောကက တစ်နှစ်ကို ဘယ်လောက်အရှုံးပေါ်မလဲဆိုတာ ခင်ဗျားသိလား"
မာဟွား သက်ပြင်းချလိုက်မိသည်။
"IPဆက်စပ်ပစ္စည်းတွေ၊ ဂိမ်းအခကြေးငွေတွေနဲ့ အလားတူအရာတွေကြောင့် နှစ်စဉ်ဆုံးရှုံးမှုက အနည်းဆုံးတော့ ဘီလီယံနဲ့ချီပြီး ရှိတယ်"
"ဒီတော့ ခင်ဗျားတို့က ဘာပြောချင်တာလဲ"
သူတို့၏စကားထဲတွင် အဓိပ္ပာယ်များစွာ ပါဝင်နေကြောင်း ကျန်းမုန့်လောင် ခံစားမိသည်။
"ဥက္ကဋ္ဌကျန်း..တကယ်တော့ သူတို့နဲ့ ပဋိပက္ခဖြစ်နေဖို့ မလိုဘူးလို့ ထင်တာပဲ။ ဒါက သူတို့အတွက်တော့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာကိစ္စတစ်ခုပါ။ အမှန်အတိုင်းပြောရရင် အားလုံးစုပြီး ညစာစားရင် စကားပြောကြည့်လိုက်ရင် အဆင်ပြေသွားနိုင်ပါတယ်"
"ဟုတ်တယ် ဥက္ကဋ္ဌကျန်း.. ခဏတာကျေနပ်မှုအတွက်နဲ့ ဒီလိုဂိမ်းဈေးကွက်ကြီးတစ်ခုကို ထိခိုက်နစ်နာအောင်လုပ်လိုက်တာက ဘာများအဓိပ္ပာယ်ရှိလို့လဲ"
"ခင်ဗျားတို့က ကျုပ်ကိုတောင်းပန်ပြီး အားနည်းချက်ကို ထုတ်ပြခိုင်းနေတာလား"
ကျန်းမုန့်လောင် လှောင်ပြောင်ထေ့ငေါ့လိုက်၏။
"လူကြီးမင်းတို့.. သူ ကျုပ်ကို ဘယ်လိုအပေးအယူမျိုး ကမ်းလှမ်းခဲ့လဲဆိုတာသိလား။ အမေရိကန်ဒေါ်လာတစ်ဆယ်ဘီလီယံတဲ့။ ကျုပ်ဆိုတဲ့ ကျန်းမုန့်လောင်က ငတုံးများမှတ်နေလား"
"ဒီအခြေအနေကို မင်းကိုယ်တိုင်ဖန်တီးခဲ့တာလေ"
တင်းဆန်ရှီကမူ ခပ်တိုးတိုးညည်းညူလိုက်သည်။
ကျန်းမုန့်လောင်ကတော့ တင်းဆန်ရှီ၏ စောဒကတက်မှုကို စိတ်ထဲမထားဘဲ ရယ်လိုက်သည်။ တိတိကျကျပြောရလျှင် ဤကိစ္စက သူ့နှင့်သက်ဆိုင်သည်မှာ အမှန်ပင်။ သူတို့နှစ်ယောက်စလုံးလည်း ထိခိုက်နစ်နာခဲ့ရသည်။ ထို့ကြောင့် သူတို့ ယခုလိုမကျေမချမ်းဖြစ်နေရခြင်းကို သူ နားလည်ပေးနိုင်သည်။
"ဒီတစ်ခေါက် ခင်ဗျားတို့နှစ်ယောက်လည်း တော်တော်အထိနာသွားမှန်း ကျုပ်သိပါတယ်။ ဒီနေ့ ခင်ဗျားတို့မှာ ကျုပ်နဲ့ စာရင်းရှင်းစရာတွေအများကြီးရှိမှန်းလည်း သိတယ်။ ပြီးတော့ ကျုပ်ကို တောင်းပန်ခိုင်းတာက ခင်ဗျားတို့ကိုယ်ကျိုးအတွက်သက်သက် မဟုတ်မှန်းလည်းသိတယ်"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ဒါပေမဲ့ ကျုပ်တို့ဂိမ်းလောကကြီး အခုလိုပျက်စီးလုနီးနီးဖြစ်နေတဲ့ အခြေအနေနဲ့ တစ်သက်လုံးဆက်သွားတာကို ခင်ဗျားတို့ လိုချင်တာလား"
ထိုလူနှစ်ယောက်ခမျာ တိတ်ဆိတ်သွားကြသည်။ ပထမမျိုးဆက်ဂိမ်းထုတ်လုပ်သူများအနေနှင့် သူတို့၏ဂိမ်းများက ပြည်တွင်းမှာသာမက ကမ္ဘာတစ်ဝှမ်းမှာပါ လွှမ်းမိုးနိုင်ရန် မျှော်လင့်မိသည်။
"မနှစ်တုန်းက ကျုပ်တို့နိုင်ငံရဲ့ ချစ်ပ်ပြားနည်းပညာက တခြားနိုင်ငံတွေထက် နိမ့်ကျနေခဲ့လို့ ကျုပ်တို့လည်း သူတို့ဆန္ဒအတိုင်း လုပ်ခဲ့ရတယ်။ ဒါပေမဲ့ အခု ကျုပ်ဆိုတဲ့ ကျန်းမုန့်လောင်က ဒီအနောက်နိုင်ငံတွေကို ကျုပ်တို့ရဲ့ချစ်ပ်ပြားတွေကို တောင်းတောင်းပန်ပန်ဝယ်ရအောင် လုပ်ပြခဲ့တယ်။ ဂိမ်းလောကမှာလည်း သူတို့မျက်နှာကို ကျုပ်တို့ကကြည့်နေရမယ့်အစား ကျုပ်တို့ရဲ့မျက်နှာကို သူတို့တွေ ကြည့်နေရတဲ့အခြေအနေအထိ ရောက်လာစေချင်တယ်"
"ဟူး.. အချိန်ပဲလိုတာပါ။ အချိန်ပဲလိုတာ"
တင်းဆန်ရှီက ပြောလိုက်၏။
တစ်ချိန်တုန်းက နာမည်ကြီးခဲ့သော "အနောက်အရပ်သို့ ခရီးသွားခြင်း"ဂိမ်းက NetEaseဂိမ်းကုမ္ပဏီအတွက် လမ်းကြောင်းခင်းပေးခဲ့ဖူးသော်ငြား ယခုမူ ထိုဂိမ်းမှာ အမှတ်တရတစ်ခုအဖြစ် ကျန်ရစ်ခဲ့လေပြီ။ ကစားသမားဟောင်းများက ဂိမ်းကိုစွန့်ခွာသွားကြပြီး ကစားသမားအသစ်များကလည်း စိတ်မဝင်စားကြတော့ချေ။ ဤသည်မှာ အလွန်နာကျင်ဖွယ်ကောင်းလှသည်။
သူတို့လည်း ဂိမ်းအင်ဂျင်အသစ်များနှင့် ဂိမ်းအသစ်များကို ဖန်တီးနေသော်ငြား ဈေးကွက်တုံ့ပြန်မှုက မကောင်းလှပေ။ အရည်အသွေးဖြင့် နိုင်ငံခြားထုတ်ကုန်များနှင့် ယှဉ်လိုက်လျှင် သူတို့၏ကြိုးစားအားထုတ်မှုက နမော်နမဲ့နိုင်ပြီး မလုံလောက်ခဲ့ပေ။
သူတို့၏ဂိမ်းအင်ဂျင်အပ်ဒိတ်က မြန်ဆန်သော်လည်း နောက်ကျသွားမှ စတင်ခဲ့ရသည်ဖြစ်ရာ ထိပ်တန်းဂိမ်းကုမ္ပဏီများက အလွန်လျင်မြန်စွာ တိုးတက်နေသဖြင့် သူတို့အနေနှင့် လိုက်မီဖို့အတွက် ခရီးအရှည်ကြီးတစ်ခုကို လျှောက်ရဦးမည်သာ။
"ကျုပ်တို့ရဲ့ ကိုယ်ပိုင်ဈေးကွက်တစ်ခု တည်ဆောက်ဖို့ အချိန်ဘယ်လောက်ယူရမလဲ"
မာဟွားက မျက်မှန်ချွတ်၍ နားထင်ကို ပွတ်သပ်လိုက်သည်။
"ကျုပ်တို့ စောင့်နိုင်မှာမဟုတ်ဘူး"
"အဲဒါကြောင့်ပဲ လူကြီးမင်းတို့ဆီက ဖိတ်ကြားမှုကို ကျုပ် လက်ခံခဲ့ရတာပေါ့"
ကျန်းမုန့်လောင်သည် တော်တော်များများစားသောက်ပြီးပြီဖြစ်ရာ သူ့စားသောက်ချင်စိတ်က တင်းဆန်ရှီနှင် မာဟွားတို့ထက် ပိုကောင်းနေသည်။
"ကဲပါ..ကျုပ် ခင်ဗျားကို ရတနာတစ်ခုထုတ်ပြမယ်"
ကျန်းမုန့်လောင်က လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်၏။
"ရတနာလား"
တင်းဆန်ရှီနှင့် မာဟွားတို့လည်း စားပွဲပေါ်ရှိ ငန်းအသည်းနှင့် အမဲသားလွှာကို ခပ်မြန်မြန်အပြတ်ရှင်းပစ်လိုက်ကြသည်။
"ဘာကိုကြည့်ရမှာလဲ"
"ရောက်ရင် သိပါလိမ့်မယ်"
ကျန်းမုန့်လောင်လည်း ဖုန်းထုတ်ပြီး ဟုန်းရီကို ဖုန်းခေါ်လိုက်သည်။
"ဟုန်းရီ.. အဆင်သင့်ပြင်ထား။ ငါ မစ္စတာတင်းနဲ့ မစ္စတာမာကို ခေါ်လာခဲ့မယ်"
ထိုသို့ပြောပြီးနောက် ကျန်းမုန့်လောင်က အပြင်သို့ ဦးဆောင်၍ ထွက်ခွာသွားလေသည်။
ထိုနှစ်ယောက်သားမှာမူ အကြည့်ချင်းဖလှယ်ပြီးနောက် အမြန်လိုက်သွားလိုက်ကြသည်။
ဓာတ်လှေကားထဲသို့ ရောက်သောအခါ တင်းဆန်ရှီက အောက်ထပ်သို့ဆင်းမည့်ခလုတ်ကို စိတ်အားထက်သန်စွာ နှိပ်လိုက်သည်။ သို့သော် ကျန်းမုန့်လောင်ကတော့ ပြုံးစစဖြင့် ပြောလိုက်လေသည်။
"နေရာက နည်းနည်းဝေးတော့ ကျုပ်တို့ ကားနဲ့မသွားဘဲ ရဟတ်ယာဉ်နဲ့ သွားကြမယ်"
ဤသည်မှာ ကျန်းမုန့်လောင်ပိုင်သော ဟိုတယ်ပင်။ ထို့ကြောင့် သူ ခေါင်မိုးပေါ်ရှိ ရဟတ်ယာဉ်ဆင်းသက်ရာနေရာကို အလိုရှိသည့်အချိန်တိုင်း အသုံးပြုနိုင်သည်။
"မစ္စတာကျန်း…ကျုပ်တို့ ဒီနေ့ ခင်ဗျားကိုလာရှာမယ်ဆိုတာ သိနေတာလား"
တင်းဆန်ရှီနှင့် မာဟွားတို့က မေးလိုက်၏။
ပြည်တွင်းရှိ နာမည်ကြီးလုပ်ငန်းရှင်များအနေနှင့် သူတို့တွင်လည်း ကိုယ်ပိုင်ရဟတ်ယာဉ်များ ရှိသည်။ သို့သော် ရဟတ်ယာဉ်ဆိုသည်မှာ အချိန်မရွေးပျံသန်း၍မရကြောင်းကိုမူ သိထားရပေမည်။ မဟုတ်ပါက လေကြောင်းလမ်းတွင် ဝရုန်းသုန်းကားဖြစ်ကုန်လိမ့်မည်။
ရဟတ်ယာဉ်ထွက်ခွာခြင်းအတွက် လေကြောင်းထိန်းချုပ်ရေးနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားရမည်ဖြစ်ပြီး ပျံသန်းမှုအစီအစဉ်ကို အနည်းဆုံးတစ်ရက်လောက် ကြိုတင်စာရင်းပေးထားရမည့်အပြင် အခေါက်တိုင်းလည်း ငွေသွင်းရမည်သာ။
ထို့ပြင် ပျံသန်းမှုအစီအစဉ်ကို ဖျက်သိမ်းလိုက်လျှင်ပင် ငွေကိုတော့ ပြန်မရနိုင်ပေ။ အကြောင်းမှာ သက်ဆိုင်ရာဌာနတွင် လူအင်အားနှင့် အရင်းအမြစ်ကုန်ကျစရိတ်များ ရှိသောကြောင့်ပင်။
သူတို့သည် ယနေ့မှသာ ကျန်းမုန့်လောင်ကို ဖိတ်ကြားခဲ့ခြင်းဖြစ်၏။ အကယ်၍ သူတို့ကို ရဟတ်ယာဉ်နှင့် ခေါ်သွားနိုင်သည်ဆိုပါက ကျန်းမုန့်လောင်သည် ဤပျံသန်းမှုအစီအစဉ်ကို မနေ့ကတည်းက ကြိုတင်လျှောက်ထားခဲ့သည်ဟူသော အဓိပ္ပာယ်ပင်။
ကျန်းမုန့်လောင်ထံတွင် သက်ဆိုင်ရာဌာနနှင့် ဆက်ဆံရာ၌ အလွန်ထူးချွန်ပြောင်မြောက်သော စွမ်းရည်များ ရှိနေသောကြောင့်သာမဟုတ်ပါက ယနေ့ သူတို့ရောက်လာလိမ့်မည်ဖြစ်ကြောင်း ကြိုသိနေခြင်းပင် ဖြစ်ရမည်။
မည်သည့်အကြောင်းပြချက်ပင်ဖြစ်ပါစေ ကျန်းမုန့်လောင်ကို လျှော့တွက်၍မရသည်မှာမူ ထင်ရှားပေသည်။
"ကျုပ်မသိပါဘူး"
ကျန်းမုန့်လောင်က ခေါင်းခါယမ်းပြလိုက်သည်။
"လေကြောင်းထိန်းချုပ်ရေးဌာနထဲမှာများ အဆက်အသွယ်တွေရှိတာလား"
တင်းဆန်ရှီက ထပ်မေးပြန်သည်။
"ဘယ်သူ့ကိုမှ မသိပါဘူး"
ကျန်းမုန့်လောင်ကလည်း ခေါင်းခါဆဲသာ။
"ဒါဆို ခင်ဗျားရဲ့ပျံသန်းမှုအစီအစဉ်အတွက် ဘာလို့ ကြိုပြီးတင်ပြစရာမလိုတာလဲ"
"ကျုပ် တင်ပြပါတယ်"
သူတို့နှစ်ယောက်၏မေးခွန်းကြောင့် ကျန်းမုန့်လောင်ခမျာ နားမလည်နိုင်ဖြစ်သွားလေသည်။
"နေ့တိုင်း စာရင်းသွင်းတယ်"
"နေ့တိုင်းစာရင်းသွင်းတာလား"
သူတို့နှစ်ယောက်စလုံး အံ့အားသင့်သွားလေသည်။
"ဟုတ်တယ်လေ။ ဘယ်အချိန် ရဟတ်ယာဉ်သုံးရမလဲဆိုတာ ကြိုမသိဘူးလေ။ ဒီတော့ ရဟတ်ယာဉ်ရပ်နားရာနေရာတွေအကုန်လုံးနဲ့ ကျုပ် သွားနိုင်ခြေရှိတဲ့ နေရာတွေတိုင်းအတွက် နေ့တိုင်း စာရင်းသွင်းထားပြီးသား။ ဒီတော့ အချိန်မရွေးသွားနိုင်တာပေါ့"
"တစ်နေ့ကို လမ်းကြောင်း ဘယ်နှခုလောက် စာရင်းသွင်းရလဲ"
"ပြည်တွင်းဆိုရင် တစ်နေ့ကို လမ်းကြောင်းသုံးထောင်ကျော်လောက်ရှိတယ်"
ကျန်းမုန့်လောင်က ခန့်မှန်းခြေအရေအတွက်ကို ပြောပြလိုက်သည်။
"ဒါပေမဲ့ အဲဒါတွေကို နေ့တိုင်းမသုံးဖြစ်ဘူးဆိုရင် ပိုက်ဆံတွေက အလကားပေးလိုက်ရသလိုဖြစ်မှာမဟုတ်ဘူးလား"
လမ်းကြောင်းတစ်ခုချင်းစီအတွက် ကုန်ကျစရိတ် ဘယ်လောက်ရှိလဲဆိုသည်ကို သူတို့ ကောင်းကောင်းသိသည်။ လမ်းကြောင်းတစ်ခုကို နှစ်စဉ်စာချုပ်ချုပ်လျှင် အနည်းဆုံးတော့ အမေရိကန်ဒေါ်လာတစ်သန်းခန့် ကုန်ကျသည်။
လမ်းကြောင်းသုံးထောင်ကို ကျန်းမုန့်လောင်တစ်ယောက် တစ်နေ့တစ်ကြိမ်ပင် သုံးနိုင်မည်မဟုတ်ကြောင်း သူတို့ ယုံကြည်ကြသည်။ သို့ဆိုလျှင် ဤပိုက်ဆံများက လုံးဝအလဟဿဖြစ်သွားခြင်းပင်။
သို့ဖြစ်လေရာ တစ်နှစ်ကို ဘီလီယံဆယ်ဂဏန်းလောက် အလကားဖြစ်နေသည်သာ။
"ဒါဆိုရင်လည်း နိုင်ငံတော်ကို လှူတယ်လို့ပဲ သဘောထားတာပေါ့"
ကျန်းမုန့်လောင်က မာဟွား၏ပခုံးကို ပုတ်လိုက်သည်။
"တစ်နှစ်ကို ဘီလီယံဆယ်ဂဏန်းပဲရှိတာပါ။ ကျုပ်အတွက်လည်း အဆင်ပြေတယ်။ နိုင်ငံတော်အတွက်လည်း အထောက်အကူဖြစ်တယ်လေ။ မကောင်းဘူးလား။ ခင်ဗျားတို့က အမြင်မကျယ်သေးဘူးပဲ"
*****************