← Chapters

အခြေခံလုပ်ဆောင်ချက်လေးပါပဲ

Vol. 40 Ch. 588

အခြေခံလုပ်ဆောင်ချက်လေးပါပဲ

Vol. 40 Ch. 588

ဤစကားကို ကြားလိုက်ရချိန်ဝယ် မာဟွားနှင့် တင်းဆန်ရှီတို့၏ မျက်နှာအရောင်မှာ စိမ်းရာမှ ခရမ်းရောင်သို့ ‌ပြောင်းသွားရှာသည်။

သူတို့ကိုယ်တိုင်လည်း ချမ်းသာပါသော်ငြား ကျန်းမုန့်လောင်လောက်တော့ မချမ်းသာပေ။

ဥပမာအားဖြင့် မာဟွားကိုပင် ကြည့်ပါလေ။ သူသည် ဆယ်နှစ်ကျော်အတွင်း ထန်ရွှင်းရှယ်ယာထဲမှ အမြတ်ငွေဒေါ်လာ၂၂.၄ဘီလီယံကို ငွေသားဖြင့် ထုတ်ယူခဲ့သည်။ ဤပမာဏမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂.၂၄ဘီလီယံကို ရရှိခဲ့သည်ဟု ဆိုလိုပေသည်။

တစ်နှစ်ကို တစ်ဆယ်ဘီလီယံ သို့မဟုတ် နှစ်ဆယ်ဘီလီယံကို သုံးစွဲလိုက်မည်ဆိုပါက သူ့အနေနှင့် စားသောက်ခြင်းနှင့် အပျော်အပါးတို့ကို စွန့်လွှတ်ရလိမ့်မည်။ ဤလမ်းကြောင်းသုံးထောင်ကို စာရင်းသွင်းထားခြင်းမှာ သူ့အတွက်သူ လုပ်နေခြင်းလည်းမဟုတ်သလို နိုင်ငံတော်အတွက် အကျိုးပြုနေခြင်းလည်းမဟုတ်ပေ။ ဤသည်မှာ ပရဟိတလုပ်နေခြင်းသာဖြစ်၏။

ကျန်းမုန့်လောင်က သူ့ထန်ရွှင်းရှယ်ယာများကို ဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာငါးရာဘီလီယံကို ဘာကြောင့် အလွယ်တကူထုတ်နိုင်ခဲ့သလဲဆိုသည်ကို သူတို့ ယခုတော့ နားလည်သွားလေပြီ။ သူတို့၏ ဘဝအဆင့်အတန်းက သူနှင့် မတူညီပေ။

သူတို့ စိတ်ကူးယဉ်နေခဲ့ရသည့် လူနေမှုပုံစံက ကျန်းမုန့်လောင်၏အမြင်မှာတော့ သေးနုပ်နေချေသည်။ ထို့ပြင် အရာတစ်ခုကို ထိန်းသိမ်းထားရန်အတွက် သူ နှစ်စဉ်နှစ်တိုင်းထုတ်သုံးနေသော ငွေပမာဏမှာ သူတို့ ခဲရာခဲဆစ်ရှာဖွေနေရသည့် အရာပင်။

နှစ်ယောက်သား မှင်တက်နေခိုက်မှာပင် ခေါင်မိုးပေါ်သို့ ရောက်လာခဲ့သည်။ ထိုနေရာတွင် ပျံသန်းထွက်ခွာရန်အတွက် ရဟတ်ယာဉ်တစ်စီးကို အဆင်သင့်ပြင်ထားပြီးဖြစ်၏။

"ဒါက AW139ရဟတ်ယာဉ်လား"

ဗဟုသုတနှံ့စပ်သော မာဟွားက ဤရဟတ်ယာဉ်၏မော်ဒယ်လ်ကို မှတ်မိချေသည်။

"ကျုပ် အမေရိကန်ကို တက္ကသိုလ်နှီးနှောဖလှယ်ပွဲတစ်ခုကို သွားတက်တုန်းက ဘီဇို့စ်က ဒီရဟတ်ယာဉ်နဲ့ရောက်လာတာကို မြင်ဖူးတယ်"

တင်းဆန်ရှီလည်း ရဟတ်ယာဉ်၏မော်ဒယ်လ်ကို အမြန်စစ်ဆေးလိုက်လေရာ ဈေးကွက်တန်ဖိုးက ယွမ်၁၀၆သန်းရှိနေလေသည်။

"သန်းတစ်ရာကျော်တန် ရဟတ်ယာဉ်တဲ့လား။ ဥက္ကဋ္ဌကျန်းက ရင်းနှီးမြှုပ်နှံရဲသားပဲ"

တင်းဆန်ရှီက မြှောက်လုံးပင့်လုံးများကို အမြန်ပြောလိုက်လေသည်။ သူ့ကိုယ်ပိုင်ရဟတ်ယာဉ်များမှာ အရေအတွက်များပြားသော်ငြား ဈေးအကြီးဆုံးရဟတ်ယာဉ်ပင်လျှင် သန်းနှစ်ဆယ် မကျော်ပေ။ ထို့ပြင် သူ့မှာ ထိုစဉ်တုန်းက စိတ်မသက်မသာပင် ဖြစ်ခဲ့ရသေးသည်။

ကျန်းမုန့်လောင်၏ ရဟတ်ယာဉ်တစ်စင်းတည်းကပင် သူ့မှာရှိသည့် ရဟတ်ယာဉ်အားလုံး၏ ကုန်ကျစရိတ်နှင့် ညီမျှပေသည်။

"တစ်ဘီလီယံဆိုတာ ဘာမှမပြောပလောက်ပါဘူး"

ကျန်းမုန့်လောင် ရယ်လိုက်မိသည်။

"သွားရမဲ့နေရာက ဆယ့်ငါးမိနစ်လောက် ဝေးတယ်"

ကျန်းမုန့်လောင်မှာ ရဟတ်ယာဉ်ပေါ်သို့ တက်လိုက်လေသည်။

ရဟတ်ယာဉ်ထဲသို့ရောက်မှသာ ကျန်းမုန့်လောင်ဆိုလိုချင်သည့် "မပြောပလောက်ပါဘူး"ဟူသော စကား၏အဓိပ္ပာယ်ကို သူတို့ နားလည်သွားကြသည်။

ရဟတ်ယာဉ်ထဲရှိ နံရံထက်တွင် ကမ္ဘာကျော်ပန်းချီကားများကို ချိတ်ဆွဲထားပြီး ရှေးဟောင်းပစ္စည်းများကိုလည်း ပြသထားသည်။ ထိုပစ္စည်းများ၏တန်ဖိုးကို ပေါင်းလိုက်ပါက ရဟတ်ယာဉ်အစင်းရေအများအပြားကိုပင် ဝယ်ယူနိုင်သည်။

"ကိစ္စမရှိပါဘူး။ ကျုပ် ပါးစပ်ပိတ်ထားလိုက်တော့မယ်"

တင်းဆန်ရှီခမျာ ဆိုဖာပေါ်တွင် စိတ်ပျက်လက်ပျက်ထိုင်ချလိုက်၏။

"ကျုပ်လည်း တိတ်တိတ်လေးပဲ နေလိုက်တော့မယ်။ ဥက္ကဋ္ဌကျန်းနဲ့ မိတ်ဆွေဖြစ်ရတာ တော်တော်ပင်ပန်းတာပဲ"

မာဟွားကလည်း ကူကယ်ရာမဲ့စွာဖြင့် ပြောလာလေသည်။

"ကျုပ် တစ်သက်လုံးအလုပ်လုပ်ပြီး ကမ္ဘာ့အချမ်းသာဆုံးလူ ဖြစ်ခဲ့တုန်းကတောင် ဒီလောက်အစွမ်းအစမဲ့တဲ့ခံစားချက်မျိုးကို မခံစားဖူးဘူး"

အခြားလူများ၏ရှေ့တွင် တင်းဆန်ရှီနှင့် မာဟွားတို့၏အဆင့်အတန်းက တစ်ဆင့်နိမ့်နေပါသော်ငြား သူတို့ကြားရှိ ကွာဟချက်မှာ မြင်သာသေးသည်။ သူ့ပိုင်ဆိုင်မှုနှင့် ဘီဇို့စ်၏ပိုင်ဆိုင်မှုကြားရှိ ကွာခြားချက်မှာ လေးဆပင် မပြည့်ပေ။

ထိုကွာခြားချက်က အမေရိကန်ဒေါ်လာ တစ်ရာဘီလီယံကျော် ရှိနေလျှင်ပင် အနည်းဆုံးတော့ လိုက်မီနိုင်သေးသည်။

သို့သော် ကျန်းမုန့်လောင်၏ပိုင်ဆိုင်မှုများမှာမူ အလွန်စိတ်ဓာတ်ကျဖို့ကောင်းလျသည်။ Forbesမဂ္ဂဇင်း၏ ခန့်မှန်းချက်အရ သူ့ပိုင်ဆိုင်မှုမှာ အမေရိကန်ဒါ်လာတစ်ဆယ်ထရီလီယံခန့်ဟု ပြသထားသည်။ ၎င်းမှာ သူ့ပိုင်ဆိုင်မှု၏ အဆနှစ်ထောင်ပင်။

သူ့ပိုင်ဆိုင်မှုပမာဏမှာ အမေရိကန်ဒေါ်လာငါးဆယ်ဘီလီယံမျှသာ ရှိ၏။

ဟားဟားဟား အဆနှစ်ထောင်တဲ့…

ကျန်းမုန့်လောင်၏ နေ့စဉ်ခရီးစရိတ်အနည်းငယ်ကပင် သူ့နှစ်စဉ်ဝင်ငွေကို ကျော်လွန်နေပြီဖြစ်လေရာ သူ့အနေနှင့် မည်သို့ယှဉ်ပြိုင်နိုင်မည်နည်း။

ခရီးစဉ်တစ်လျှောက်လုံးတွင် သူတို့နှစ်ယောက်သား နာခံတတ်သော နောက်လိုက်များအလား ဆိုဖာပေါ်တွင် ငြိမ်ငြိမ်လေးထိုင်နေခဲ့ပြီး ဆယ့်ငါးမိနစ်အကြာတွင်မူ လိုရာခရီးသို့ ရောက်လာခဲ့ကြသည်။

"ဒါက E-sportsမြို့တော်လား"

နှစ်ယောက်စလုံးလည်း ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ ဤသည်မှာ ကျန်းနန်မြို့၏တောင်ပိုင်းရှိ အီလက်ထရောနစ်စက်မှုပန်းခြံတစ်ခုဖြစ်ပြီး ကျန်းမုန့်လောင်၏ LSPအဖွဲ့ တည်ရှိရာနေရာပင်။

သူ့LSPအဖွဲ့က E-sportsအိုလံပစ်တွင် ချန်ပီယံဆုရရှိပြီးနောက် ဤမြို့တော်မှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ နိုင်ငံတစ်ဝှမ်းရှိ Esportsလုပ်ငန်းများမှာ ဤနေရာသို့ တဖြည်းဖြည်းပြောင်းရွှေ့လာကြပြီး လေ့ကျင့်ရေးအဖွဲ့များကလည်း ဤနေရာကို အခြေစိုက်စခန်းအဖြစ် အသုံးပြုကြလေတော့သည်။ LSPအဖွဲ့သားများမှာ ထိုအဖွဲ့များအတွက် ဂုဏ်ထူးဆောင်နည်းပြများပင် ဖြစ်ချေသည်။

ဟုန်းရီ၏ စီမံခန့်ခွဲမှုအောက်တွင် ဤမြို့၏စားရေးသောက်ရေးနှင့် ဖျော်ဖြေရေးများအပြင် esportsဆက်စပ်ပစ္စည်းများ၊ အိမ်ခြံမြေနှင့် အခြားစက်မှုလုပ်ငန်းများလည်း ဝင်ရောက်လာကြသည်။ ကျန်းမုန့်လောင်မှာ အခြားကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံစရာမလိုဘဲ အမြတ်များစွာ ရရှိခဲ့သည်။

"ဥက္ကဋ္ဌကျန်း.. ခင်ဗျား ကျုပ်တို့ကို ဂိမ်းကစားဖို့ ခေါ်လာတာတော့ မဟုတ်ဘူးမလား"

"အမှန်ပဲ။ ကျုပ် ခင်ဗျားတို့ကို ဂိမ်းကစားဖို့ ခေါ်လာတာ"

ကျန်းမုန့်လောင်က ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။

ကျန်းမုန့်လောင်သည် သူတို့အား LSPကလပ်ထဲသို့ ဦးဆောင်၍ ခေါ်သွားလိုက်လေရာ ထိုနေရာတွင် လေ့ကျင့်နေကြသော အဖွဲ့ဝင်များက သူ့ကိုမြင်သည်နှင့် အနားသို့ အမြန်ရောက်လာကြသည်။

Esportsအိုလံပစ်ပွဲ ပြီးသွားသည့်နောက် ကျန်းမုန့်လောင်သည် Esportsနယ်ပယ်၏ ထာဝရနတ်ဘုရားတစ်ပါးဖြစ်လာခဲ့သည်။ LSPအဖွဲ့ဝင်ဟောင်းများပင်ဖြစ်စေ၊ အဖွဲ့ဝင်အသစ်လေးများပင်ဖြစ်စေ သူ့အား ကိုးကွယ်ကြသည်။

ကျန်းမုန့်လောင်သာ ရှိနေသရွေ့ Esportsလောကကြီးတစ်ခုလုံးမှာ သူ့စိုးမိုးမှုအောက်တွင် ရှိနေမည်ဖြစ်ပြီး ညတာရှည်သော ညတစ်ညအလား ထာဝရတည်နေပေလိမ့်မည်။

"ဂိမ်းက ဘယ်လိုအခြေအနေရှိလဲ"

ကျန်းမုန့်လောင် မေးလိုက်လေသည်။

"လပေါင်းများစွာ ဆက်တိုက်စမ်းသပ်ပြုပြင်ထားပြီးပြီမို့ ပိုထူးခြားတဲ့ ပြောင်းလဲမှုတွေ လုပ်နိုင်စွမ်းမရှိတော့ပါဘူး"

LSPအသင်းခေါင်းဆောင်က ပြောလိုက်လေသည်။

"Esportsကစားသမားတွေအများကြီးကတောင် အခုလိုမျိုး ပြုပြင်မွမ်းမံနိုင်ဖို့ အကြံပြုချက်တွေမပေးနိုင်တော့ဘူးဆိုရင် အဓိကပြဿနာတွေလည်း ရှိမှာမဟုတ်တော့ဘူး"

ကျန်းမုန့်လောင် ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။

"မင်းတို့ လုပ်စရာရှိတာ ဆက်လုပ်နေကြ။ ငါ ဒီသူဌေးနှစ်ယောက်ကို လေ့လာရေးဆင်းဖို့ ခေါ်သွားလိုက်ဦးမယ်"

"ဟုတ်ကဲ့"

ကျန်းမုန့်လောင်သည် မာဟွားနှင့် တင်းဆန်ရှီတို့ကို ဂိမ်းပေါင်းတစ်ဒါဇင်ကျော်၏ ပိုစတာများချိတ်ဆွဲထားသော အခန်းထဲသို့ ခေါ်သွားလိုက်သည်။ ဤဂိမ်းများမှာ သူတို့နှင့် မရင်းနှီးသော်ငြား ပင်မမျှော်စင်တိုက်ခိုက်ရေးဂိမ်းများ၊ ပစ်ခတ်ရေးဂိမ်းများ၊ ဗျူဟာဂိမ်းများ၊ တိုက်ခိုက်ရေးဂိမ်းများနှင့် အခြားအရာများ ပါဝင်နေကြောင်း သူတို့ ကောင်းကောင်းသိသည်။

"စမ်းကြည့်ချင်လား"

ကျန်းမုန့်လောင်က သူတို့အား တရုတ်ကုထုံးသုံးကိရိယာနှင့် ဆင်တူသော မျက်မှန်တစ်စုံကို ကမ်းပေးလာသည်။

နှစ်ယောက်စလုံးက ဂိမ်းဝါသနာရှင်များဖြစ်သောကြောင့် တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ဤသည်မှာ VRဂိမ်းကိရိယာတစ်ခုဖြစ်ကြောင်း အတပ်သိလိုက်သည်။ ထို့ကြောင့် တွေဝေမနေဘဲ တပ်လိုက်သည်။

ကျန်းမုန့်လောင်က သူ့ရှေ့ရှိ ကွန်ပျူတာကိုဖွင့်ကာ "ကြယ်တာရာနယ်မြေသွေးသီချင်း"ဟု အမည်ရသော ဂိမ်းတစ်ခုကို စတင်လိုက်သည်။

"သေစမ်း!'

ဂိမ်းစသည်နှင့် သူတို့နှစ်ယောက်စလုံးလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသဖြင့် VRမျက်မှန်ကို အမြန်ပြန်ချွတ်လိုက်ရသည်။

"ဟားဟားဟား ဘယ်လိုနေလဲ ဘော့စ်.. ကျွန်တော့်ဂိမ်းက ကောင်းတယ်မလား"

"ဒါက ဂိမ်းလား။ ရိုးရိုးVRဗီဒီယို မဟုတ်ဘူးလား"

သူတို့ ဂိမ်းထဲသို့ ဝင်လိုက်သည်နှင့် စစ်မြေပြင်တစ်ခုသို့ တန်းရောက်သွားပြီး သူတို့နားကိုလည်း အမြောက်ကျည်တစ်လုံး ပေါက်ကွဲသွားသည်။ စွဲမက်ဖွယ်ကောင်းသော ထိုအတွေ့အကြုံကြောင့် သူတို့နှစ်ယောက်စလုံး လန့်ဖျပ်သွားကြသည်။

ဤသည်မှာ လက်တွေ့ဆန်လွန်းလှသည်။

"ဒါက PUBGနဲ့ဆင်တူတဲ့ဂိမ်းတစ်ခုလေ။ ခင်ဗျားတို့နှစ်ယောက် ဆက်ကစားကြည့်လို့ရတယ်"

တင်းဆန်ရှီနှင့် မာဟွားတို့လည်း မျက်မှန်ပြန်တပ်လိုက်ကြသည်။ သူတို့သည် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်လာကြသဖြင့် ပိုသတ္တိရှိလာကြသော်လည်း မကြာခင်မှာပင် ဤဂိမ်း၏ယန္တရားများက ပုံမှန်ပစ်ခတ်ရေးဂိမ်းများနှင့် ဆင်တူသော်လည်း အတွေ့အကြုံကမူ အလွန်ကြမ်းလွန်းလှကြောင်း သဘောပေါက်သွားကြသည်။

လက်ရှိအချိန်တွင် VRဂိမ်းများ ရှိပါသော်ငြား မီနီဂိမ်းများ သို့မဟုတ် စွန့်စားခန်းဂိမ်းများသာ ရှိပေသည်။

သို့သော် ဤဂိမ်းကတော့ သူတို့ကို စစ်မြေပြင်ထဲသို့ တန်းပို့ပစ်လိုက်ချေသည်။

ဝှီးခနဲဖြစ်သွားသော ကျည်ဆန်များ၊ ပေါက်ကွဲမှုများနှင့် မြင်ကွင်းများပင်။

သူတို့အား အံ့အားသင့်စေသောအရာမှာ သူတို့လက်ထဲတွင် ဘာမှကိုင်ထားခြင်းမရှိသည့်တိုင် ဂိမ်းထဲတွင်မူ လက်နက်များ၊ လက်ပစ်ဗုံးများ၊ ကားများနှင့် အခြားကိရိယာများမှာ မြင်လည်းမြင်ရသလို ထိလည်းထိတွေ့နိုင်သည့်အလား ခံစားရသည်။

မျက်မှန်က အမြင်အာရုံကိုသာ လှုံ့ဆော်နိုင်ပြီး နားကြပ်က အကြားအားရုံကို လှုံ့ဆော်နိုင်သည်ဟုသာ သိထားကြသည်။ သို့သော် အထိအတွေ့အာရုံကို ခံစားနိုင်ဖို့ မည်သို့လုပ်ဆောင်ထားလေသလဲ။ ထို့ပြင် ဤကိရိယာ၌ နားကြပ်လည်း မပါပေ။ သို့ဖြစ်လေရာ သူတို့ကြားနေရသည့်အသံက ဘယ်ကလာခြင်းလေလဲ။

"ဟဲဟဲ"

ကျန်းမုန့်လောင်က လျှို့ဝှက်ဆန်းကြယ်သော အပြုံးဖြင့် ပြောလာလေသည်။

"ဒီVRမျက်မှန်ထဲမှာ အရမ်းထူးခြားတဲ့ နည်းပညာတစ်ခုကို ထည့်သွင်းထားတယ်။ အဲဒါကို အာရုံငါးပါးခံစားမှုနည်းပညာလို့ခေါ်တယ်။ အဲဒါက ခင်ဗျားခန္ဓာကိုယ်ပေါ်က အာရုံတွေအကုန်လုံးကို လှုံ့ဆော်ပေးနိုင်တယ်"

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ဒါပေမဲ့ အဲဒါကို ခင်ဗျားတို့ ခုနကပဲ ခံစားပြီးပြီလေ"

ကျန်းမုန့်လောင်ကတော့ သူတို့၏တုံ့ပြန်မှုကြောင့် လုံးဝအံ့ဩမသွားပေ။

"အာရုံငါးပါးခံစားမှုနည်းပညာ"ဆိုသည်မှာ အာရုံကြောလှုံ့ဆော်မှုကိရိယာတစ်မျိုးပင်။ ပါမောက္ခကျိုးကို ကျန်းမုန့်လောင်ပေးခဲ့ဖူးသည့် အဆင့်မြင့်ဒီဇိုင်းစာရွက်စာတမ်းများတွင် ဤနည်းပညာလည်း ပါဝင်လေသည်။ ဤအရာက လူ့အာရုံကြောများကို လှုံ့ဆော်ကာ ပြင်ပယန္တရားများကိုပင် ထိန်ချုပ်နိုင်စွမ်းရှိ၏။ ဂိမ်းထဲတွင် အသုံးပြုထားသည့်အရာမှာ ဤအခြေခံနည်းပညာ၏အပြင်ပန်းမျှသာဖြစ်သည်။

ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုနှုန်းအရဆိုလျှင် ဤနည်းပညာမှာ နောက်ထပ်ရှစ်နှစ်မှ ဆယ်နှစ်အတွင်း ပေါ်လာဦးမည်မဟုတ်ပေ။

"ဒီလိုဂိမ်းမျိုးကိုသာ ထုတ်လုပ်လိုက်ရင် ဈေးကွက်တုံ့ပြန်မှုက ဘယ်လိုအခြေအနေရှိမယ်လို့ ထင်လဲ"

ကျန်းမုန့်လောင်က မေးလိုက်၏။

"အံ့မခန်းပဲပေါ့။ ဂိမ်းလောကကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေမှာ သေချာတယ်"

မာဟွားက ဆိုလိုက်သည်။

တင်းဆန်ရှီ : "ကျုပ်ကတော့ အရမ်းမိုက်တယ်လို့ပဲ ပြောချင်တော့တယ်"

ကျန်းမုန့်လောင် : "ရိုးရိုးပဲပြောပါ။ တအားချီးကျူးစရာမလိုပါဘူး"

********************

All Chapters