← Chapters

ဒါက ကျန်းမုန့်လောင်မှလုပ်နိုင်တာ

Vol. 40 Ch. 589

ဒါက ကျန်းမုန့်လောင်မှလုပ်နိုင်တာ

Vol. 40 Ch. 589

"မစ္စတာကျန်း ဒါက ပေါင်လဲ့ကုမ္ပဏီကို ယှဉ်ပြိုင်မဲ့ ခင်ဗျားရဲ့လက်နက်လား"

ယခုမူ မာဟွားတို့နှစ်ယောက်၏ သဘောထားမှာ ယခင်ကနှင့် လုံးဝမတူတော့ချေ။

"ဟုတ်တယ်။ အဲဒါကြောင့် အစကနေ အဆုံးအထိ ပေါင်လဲ့ကုမ္ပဏီရဲ့ ခြိမ်းခြောက်မှုကို ကျုပ် လုံးဝအလေးအနက်မထားခဲ့တာပေါ့"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

LSPအသင်း အနိုင်ရခဲ့ချိန်ကတည်းက ကျန်းမုန့်လောင်သည် ဤဂိမ်းများကို စတင်ထုတ်လုပ်နေခဲ့ခြင်းဖြစ်၏။ မိုက်ကယ်က သူ့အား ပြဿနာမရှာခဲ့လျှင်ပင် သူက ဤတော်လှန်မှုကို ကိုယ်တိုင်စတင်မည်သာ။

မာဟွားနှင့် တင်းဆန်ရှီတို့လည်း အကြည့်ချင်းဖလှယ်လိုက်လေရာ သူတို့၏မျက်ဝန်းထဲ၌ စိုးရိမ်ပူပန်လေဟန် အရိပ်အယောင်တစ်မျိုးရှိနေကြောင်း မြင်လိုက်ရ၏။

"ခင်ဗျားတို့နှစ်ယောက်မှာ မေးစရာများရှိလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"မစ္စတာကျန်း.. ဒီဂိမ်းက ကောင်းတော့ကောင်းတဲ့ပုံပါပဲ။ ကစားရတဲ့အတွေ့အကြုံကလည်း တစ်ခါမှမကြုံဖူးဘူး"

မာဟွားက ပြောလိုက်၏။

"ဒါပေမဲ့ မစ္စတာကျန်း ဂိမ်းကောင်းကောင်းတစ်ခုကို ဖန်တီးနိုင်တာနဲ့ပဲ မလုံလောက်သေးဘူး"

ဝါရင့်ဂိမ်းကစားသူတစ်ယောက်အနေနှင့် ဂိမ်းတစ်ခုကို နာမည်ကြီးသွားအောင်လုပ်ရန်အတွက် အခြေအနေများစွာရှိကြောင်း မာဟွား ကောင်းကောင်းသိသည်။

ဂိမ်းကိရိယာအတွက် လိုအပ်ချက်နိမ့်ပါးလေလေ ကစားသမားများအတွက် အတားအဆီးနည်းလေလေပင်။ ဥပမာအားဖြင့်ဆိုရသော် Minesweeper၊ Solitaireနှင့် အာဏာရှင်ဂိမ်းတို့မှာ အလွန်ဆုံးအတိုင်းအတာအထိ ကစားနိုင်သည်။

သို့သော် PUBGကဲ့သို့ ဂိမ်းတစ်ခုကို ကစားချင်လျှင် ကိရိယာများကို မထောက်ပံ့နိုင်သည်နှင့် လုပ်ဆောင်ရည်ကလည်း ကောင်းမွန်မည်မဟုတ်ချေ။ ထိုသို့ဆိုလျှင် ဂိမ်းကစားရသည့် အတွေ့အကြုံကလည်း ပျက်စီးရပေလိမ့်မည်။

ထိုကဲ့သို့သာဖြစ်ခဲ့ပါက အကောင်းတကာ့အကောင်းဆုံးဂိမ်းများမှာပင် ပိုက်ဆံပေးပြီး ကစားချင်သည့် ကစားသမားများ ရှိမည်မဟုတ်ပေ။

ဤVRဂိမ်းများတွင် ကစားသမားများအနေနှင့် ကိရိယာများကို ဝယ်ယူရင်း ငွေကြေးအမြောက်အများ ရင်းနှီးမြှုပ်နှံကြသည်။ ဤတစ်ချက်တည်းဖြင့် အစကတည်းက ကစားသမားအမြောက်အများကို ဖယ်ထုတ်ပစ်ရာရောက်သွားလိမ့်မည်။

ဤသည်မှာ VRဂိမ်းများ လက်ရှိအချိန်အထိ မတွင်ကျယ်လာရသည့် အကြောင်းအရင်းပင်။

"ဟားဟားဟား.. ဒါကို ခင်ဗျားတို့ စိတ်ပူဖို့ မလိုပါဘူး"

ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။

"ဒီကိရိယာတွေက အဆင့်မြင့်တယ်လို့ ထင်ရပေမဲ့ သူ့တန်ဖိုးက ပင်မချစ်ပ်ပြားထဲမှာ ရှိတာ။ အခု ကျုပ်တို့က အစွမ်းထက်ဆုံးချစ်ပ်ပြားတင်သွင်းနေတဲ့နိုင်ငံ ဖြစ်နေပြီလေ။ ဒီတော့ ကုန်ကျစရိတ်ကိုလည်း အပြည့်အဝထိန်းချုပ်နိုင်တယ်"

"ဒီကိရိယာကိုသုံးဖို့အတွက် ကုန်ကျစရိတ် ဘယ်လောက်ရှိလဲ"

မာဟွားက ချက်ချင်းမေးလိုက်သည်။

"သာမန်ကွန်ပျူတာတစ်လုံးက ဂိမ်းကစားဖို့လိုအပ်တဲ့ လိုအပ်ချက်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီVRကိရိယာရဲ့ကုန်ကျစရိတ်က ၁၈၄ဒေါ်လာပဲရှိတာ"

"ဒီလောက်တောင်ဈေးပေါတာလား"

မာဟွားမှာ တအံ့တဩရေရွတ်လိုက်မိသည်။

ဤသည်မှာ သတင်းကောင်းပင်တည်း။

ဤအရာကို ကျန်းမုန့်လောင်ကိုယ်တိုင် ထုတ်လုပ်ထားခြင်းဖြစ်လေရာ မည်သူနှင့်မှလည်း အကျိုးအမြတ်ခွဲဝေစရာမလိုချေ။ ထို့ကြောင့် ဈေးနှုန်းကို သူကိုယ်တိုင် သတ်မှတ်နိုင်သည်။ သူကသာ ဤဈေးနှုန်းဖြင့် ရောင်းချမည်ဟု ဆုံးဖြတ်ချက်ချလိုက်ပါက ဈေးနှုန်းကား ဒေါ်လာနှစ်ရာပင် မပြည့်ပေ။ သို့ဖြစ်လေရာ ဤဂိမ်းကို ကစားသူများအနေနှင့် ငွေသုံးရခြင်းကို အင်တင်တင်ဖြစ်နေမည်မဟုတ်။

ကျန်းနန်မြို့၏ ငွေသုံးစွဲသည့် အဆင့်အရ သာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက်သည် နေ့လယ်စာစားရန်အတွက် ပိုက်ဆံများများစားစားမရပေ။

ဘရန်းကသာ အထင်ကရဖြစ်အောင် လုပ်နိုင်ခဲ့ပါက ၁၈၄ဒေါ်လာတန်ဖိုးရှိသော ဤကိရိယာသည် ဤဂိမ်းအတွက် အဟန့်အတားတစ်ခု ဖြစ်မလာနိုင်ပေ။

ပိုယုတ္တိရှိရှိပြောရလျှင် ဂိမ်းကို ဒေါင်းလိုက်သည်နှင့် ဤကိရိယာကိုပါ အလကားပေးလိုက်နိုင်သည်။ ဂိမ်းထဲသို့ရောက်သည်နှင့် မာဟွားထံတွင် ကစားသူများ၏အိတ်ကပ်ထဲမှ ပိုက်ဆံများကို ထုတ်ယူနိုင်မည့် လှည့်ကွက်ပေါင်းတစ်ထောင်လောက် ရှိသည်။

၆၄၈ယွမ်ရှိသော ပစ္စည်းလေးများကို ဆက်တိုက်ဝယ်ခိုင်းလိုက်လျှင် အရင်းကျေသွားလိမ့်မည်မဟုတ်လား။

ထို့နောက် ကျန်းမုန့်လောင်က နောက်ထပ်ဗုံးတစ်လုံး ပစ်သွင်းလိုက်ပြန်သည်။

သူသည် ဂိမ်းစုစုပေါင်း၁၄ခုကို ထုတ်လုပ်ထားခြင်းဖြစ်ပြီး အကုန်လုံးကလည်း ဤVRကိရိယာမှတစ်ဆင့် ဝင်ရောက်ရခြင်းပင်။

ပျှမ်းမျှတွက်ကြည့်လိုက်မည်ဆိုပါက ဂိမ်းတစ်ခုချင်းစီမှာ ဆယ်ယွမ်ဝန်းကျင်သာ ကျသင့်တော့သည်။

ဈေးကွက်ထဲရှိ ကြုံရာဂိမ်းတစ်ခုကပင် ယွမ်ပေါင်းများစွာ ပေးရသည်ဖြစ်ရာ ဈေးကွက်ပြိုင်ဆိုင်မှုက မည်မျှပြင်းထန်လိုက်လေမလဲ။

"ပြဿနာတစ်ခုရှိသေးတယ်"

မာဟွားက အရေးကြီးလှသည့် အချက်တစ်ချက်ကို ရုတ်တရက်သတိရလိုက်သည်။

"ခင်ဗျားရဲ့ဆာဗာတွေကရော"

ဤမေးခွန်းကား အစောတုန်းက စိတ်လှုပ်ရှားမှုကြောင့် ပွက်ပွက်ဆူသွားသော တင်းဆန်ရှီ၏ခေါင်းကို အေးသွားစေသည်။

သူတို့ ယခုပင် ဂိမ်း၏ဂရက်ဖစ်များကို မြင်ထားပြီးဖြစ်၏။ ဤသည်မှာ လက်တွေ့နှင့် အလွန်တူလှသည်။ ဤဂိမ်းကို ကွန်ပျူတာပေါ်တွင် ဖွင့်ဖို့အတွက်ဆိုလျှင် ဂရက်ဖစ်ကတ် ဘယ်လောက်များများလိုအပ်မလဲဆိုသည်မှာ ယုံချင်ဖွယ်ရာပင် မရှိပေ။

သို့သော် ယခုမူ ကျန်းမုန့်လောင်၏ချစ်ပ်ပြားများကြောင့် သူတို့နိုင်ငံတွင် 5Gနည်းပညာက ရေပန်းစားနေပြီဖြစ်၏။ VRကိရိယာက ဖန်သားပြင်နှင့် ဂရက်ဖစ်ကတ်များ၏နေရာတွင် အစားထိုးနိုင်သဖြင့် ကိရိယာလိုအပ်ချက်ကို လျှော့ချနိုင်သော်ငြား ဆာဗာနှင့်ပတ်သက်လာလျှင် အလွန်တင်းကျပ်ပေသည်။

ဆာဗာဆီသို့ ဒေတာအမြောက်အများပြန်လာမည်ဖြစ်ရာ အကယ်၍ ကွန်ပျူတာ၏လုပ်ဆောင်ရည်၊ စိစစ်နိုင်စွမ်းနှင့် သိမ်းဆည်းနိုင်စွမ်းတို့သာ မလုံလောက်ခဲ့ပါက မိနစ်ပိုင်းအတွင်းမှာပင် ဆာဗာတစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။ သို့ဖြစ်ပါက ကစားသမားများ၏ ဂိမ်းကစားရသည့် အတွေ့အကြုံလည်း အရသာလုံးဝပျက်သွားပေလိမ့်မည်။

"ဟားဟားဟား.. အဲဒါက လုံးဝပြဿနာမရှိဘူး"

ကျန်းမုန့်လောင်က ခြေဆောင့်လိုက်သည်။

"ဆာဗာက ဒီအောက်တည့်တည့်မှာရှိတယ်"

"ကြည့်ကြည့်လို့ရမလား"

"ရတာပေါ့"

ကျန်းမုန့်လောင်ကလည်း သူတို့ကိုဦးဆောင်၍ ဓာတ်လှေကားဖြင့် မြေအောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။

ဓာတ်လှေကားတံခါး ပွင့်သွားသည်နှင့် နည်းပညာဖြင့်ပေါင်းစပ်ထားသော စင်္ကြံက သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းထဲမှ အရာတစ်ခုနှင့် တူနေသဖြင့် သူတို့နှစ်ယောက် အံ့ဩမှင်တက်သွားချေသည်။

ထန်ရွှင်းဂိမ်းနှင့် ဝမ်ယိဂိမ်း၏ ဆာဗာသိမ်းဆည်းရေးအခန်းများကလည်း အလွန်ကြီးမားလှသော်ငြား ကျန်းမုန့်လောင်၏ဆာဗာကမူ တိုင်းတာ၍မရနိုင်လောက်အောင် ပိုကြီးမားလေသည်။

"ဒီဆာဗာအခန်းက ဘယ်လောက်တောင်ကြီးတာလဲ"

မာဟွားက မေးလိုက်သည်။

"နှစ်သောင်းသုံးသောင်းစတုရန်းမီတာလောက်ပေါ့"

"နှစ်သောင်းသုံးသောင်းစတုရန်းမီတာတဲ့လား"

သူတို့နှစ်ယောက်ခမျာ ပို၍ပင် အံ့အားသင့်သွားချေသည်။

"ဆာဗာအကြီးကြီးတစ်ခုအတွက်ဆိုရင်တောင် ဒီလောက်ကြီးဖို့လိုလို့လား"

သူတို့ကုမ္ပဏီ၏ဂိမ်းဆာဗာများမှာ အလွန်ဆုံးရှိလှ စတုရန်းမီတာရာဂဏန်းမျှသာ ရှိ၏။

"ဂိမ်းဆာဗာက အဲဒီလောက်မကြီးပါဘူး"

ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။

"ဒါပေမဲ့ ဆာဗာရဲ့လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးဖို့ နည်းပညာပိုင်းဆိုင်ရာဒေတာထောက်ပံ့ရေးအတွက် စူပါကွန်ပျူတာတစ်လုံးကို ဆင်ထားရတာမို့ နေရာအများကြီးယူသွားတာ"

"စူပါကွန်ပျူတာလား"

ဤစကားကိုကြားလိုက်ရချိန်ဝယ် နှစ်ယောက်သား ကြောင်အသွားကြသည်။

"ကျုပ်က ဂိမ်းဒေတာတွေကို ပင်မအရင်းအမြစ်ပေါင်းသောင်းဂဏန်းအထိ ခွဲခြမ်းပြီး နည်းပညာဖွံ့ဖြိုးတိုးတက်မှုတစ်ခုကတစ်ဆင့် ဒီစူပါကွန်ပျူတာပေါ်ကို ပို့လိုက်တာ"

ကျန်းမုန့်လောင်က ရှင်းပြနေလေသည်။ ဤအရာက ကွန်ပျူတာစွမ်းအင် မြင့်မားလှသော်လည်း Minesweeperကို ချက်ချင်းကစား၍ မရနိုင်ပေ။ ဤဂိမ်းမှာ တွက်ချက်နိုင်စွမ်းကို အခြေခံထားသည်။

"ဒါက ခင်ဗျားဆိုတဲ့ ကျန်းမုန့်လောင်တစ်ယောက်တည်းပဲ လုပ်နိုင်တဲ့အရာတစ်ခုပဲ"

တချို့အရာများက ငွေဖြင့် ဝယ်ယူ၍ရနိုင်သည်။ ဥပမာ ကျန်းမုန့်လောင်၏စံအိမ်၊ ကျန်းမုန့်လောင်၏ကိုယ်ပိုင်ရဟတ်ယာဉ် သို့မဟုတ် ပြည်တွင်းလေကြောင်းလမ်းသုံးထောင်တို့ပင်။ အားလုံးကို ငွေပေး၍ ဝယ်ယူနိုင်သည်။

သို့သော် စူပါကွန်ပျူတာ ဆင်ဖို့ကမူ ငွေဖြင့် ဝယ်ယူ၍ရနိုင်သော အရာတစ်ခုလေလား။ နိုင်ငံတော်အဆင့်က ကြည့်လျှင်ပင် ဤအရာကို ဗျူဟာမြောက်အဆင့်အရင်းအမြစ်တစ်ခုဟု ယူဆနိုင်သည်။

စူပါကွန်ပျူတာတစ်လုံးက ဘာလုပ်နိုင်လေသလဲ။

ကွမ်တမ်အဆင့်သင်္ချာဆန်းစစ်ရေးမော်ဒယ်၊ မော်လီကျူးအဆင့်ဓာတုဖော်မြူလာဆန်းစစ်ရေး၊ ရာသီဥတုဆန်းစစ်ရေးနှင့် ခန့်မှန်းရေး၊ အာကာသယာဉ်နှင့် တိုက်လေယာဉ်ဒီဇိုင်းများ၊ ထောက်လှမ်းရေးဒေတာ၊ အာကာသအချက်အလက်ဆန်းစစ်ရေးနှင့် စကြဝဋ္ဌာ၏မူလကို ရှာဖွေဖော်ထုတ်ခြင်းတို့ပင်။

ဂိမ်းတစ်ခုအတွက်နှင့် ဤကဲ့သို့အံ့ဖွယ်ကောင်းလှသော ကိရိယာတစ်ခုကို အသုံးပြုခြင်းမှာ စင်စစ်အံ့ဩဖွယ်ရာပင်။

"ဒီပစ္စည်းက တော်တော်ကောင်းတာနော်။ ဂိမ်းကစားရင် တော်တော်မြန်တယ်။ ဗီဒီယိုတွေကြည့်ရင်လည်း ချောမွေ့နေတာပဲ။ Bitcoin မိုင်းတူးဖို့သုံးရင်လည်း တော်တော်ကောင်းတယ်။ ဒါကိုရဖို့အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ သုံးလိုက်ရတာက ဈေးပေါပေါနဲ့ ရလိုက်တာလို့တောင် ပြောလို့ရတယ်"

...

ကျန်းမုန့်လောင်၏ ဟိတ်ဟန်ထုတ်မှုကြောင့် မာဟွားနှင့် တင်းဆန်ရှီတို့ခမျာ ဆွံ့အသွားကြသော်ငြား ကိရိယာပြဿနာကိုလည်း ဖြေရှင်းပြီးသွားသည့်အပြင် ဆာဗာပြဿနာကိုပါ ရှင်းပြပြီးသွားပြီဖြစ်ရာ ဤဂိမ်း၏အားသာချက်များမှာ ပြိုင်ဘက်ကင်းလုနီးနီးပင်။

စူပါကွန်ပျူတာ၏ ထောက်ပံ့မှုကိုပါ ပေါင်းလိုက်ပါက ဤဂိမ်းသည် သာမန်ဂိမ်းများ ကြုံတွေ့ရတတ်သည့် ဆာဗာကျပ်နေသည့် ပြဿနာမျိုးနှင့် ကြုံတွေ့ရမည်မဟုတ်ပေ။

"မစ္စတာကျန်း.. ဒါကို ကျုပ်တို့ကို ဘာလို့ပြတာလဲ"

သူတို့နှစ်ယောက်လည်း အဓိကအချက်ကို သဘောပေါက်လိုက်သည်။

ဤဂိမ်းက အလွန်ပြောင်မြောက်လှကြောင်း သူတို့ မြင်ပြီးလေပြီ။ ဤဂိမ်းကိုသာ ထုတ်ပြလိုက်ပါက ဈေးကွက်တစ်ခုလုံးကို ကျန်းမုန့်လောင်က သိမ်းပိုက်သွားပေလိမ့်မည်။ ထန်ရွှင်းပင်ဖြစ်စေ၊ ဝမ်ယိပင်ဖြစ်စေ သူတို့၏အမြတ်အစွန်းအများစုက ဂိမ်းများထံမှ လာခြင်းပင်။ ထိုသို့သာဖြစ်သွားပါက ကျန်းမုန့်လောင် သူတို့ကို ဝယ်စရာပင် မလိုပါဘဲ ဒေဝါလီခံရပေလိမ့်မည်။

"မလန့်ပါနဲ့"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်လေသည်။

"ခင်ဗျားတို့သိတဲ့အတိုင်း ဂိမ်းကို ကြော်ငြာဖို့ဆိုတာကလည်း အရမ်းအရေးကြီးတယ်လေ။ ကျုပ်ဆီမှာ နာမည်ကြီးဂိမ်းကုမ္ပဏီတွေလည်း မရှိဘူး။ ဒါပေမဲ့ ဝမ်ယိဂိမ်းနဲ့ ထန်ရွှင်းဂိမ်းက ဒီနယ်ပယ်မှာ ဆရာကြီးတွေလေ။ ဒီတော့ ဒီဂိမ်း၁၄မျိုးကို ခင်ဗျားတို့ကို စီမံခွင့်ပေးလိုက်တာက အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ထင်တယ်"

"တကယ်လား"

သူတို့နှစ်ယောက်၏ မျက်လုံးကား ညပိုင်းတွင်တောက်ပတတ်သော ကြောင်တစ်ကောင်၏မျက်ဝန်းထက်ပင် ပိုတောက်ပသွားသည်။

ငွေအမြောက်အများရှာနိုင်မည့် အခွင့်အရေးတစ်ခုက သူတို့ထံသို့ ရောက်လာခြင်းပင်။

"ကျုပ်မှာ တောင်းဆိုစရာတစ်ခုပဲရှိတယ်"

ကျန်းမုန့်လောင်က စကားတစ်လုံးချင်းစီကို အသားပေးကာ ဖိပြောလိုက်လေသည်။

"PUBGကို ဖျက်ဆီးပစ်လိုက်"

*******************

All Chapters