← Chapters

ဂိမ်းကစားပြီး ဗီလာတစ်လုံး ရယူလိုက်ပါ

Vol. 40 Ch. 590

ဂိမ်းကစားပြီး ဗီလာတစ်လုံး ရယူလိုက်ပါ

Vol. 40 Ch. 590

"လက်ဖက်ရည်သုံးဆောင်ပါဦး"

LSPအဖွဲ့ထဲရှိ ဧည့်ကြိုအမျိုးသမီးက ကော်ဖီခွက်သုံးခွက်ကို စားပွဲပေါ်သို့ ချပေးလိုက်သည်။

နှစ်နာရီနီးပါး ကြာမြင့်သွားသော်လည်း မာဟွားနှင့် တင်းဆန်ရှီတို့သည် ဂိမ်း၁၄မျိုးစလုံးကို စမ်းကစားကြည့်ပြီးကြပြီ ဖြစ်၏။ အထူးခြားဆုံးအချက်မှာ ဤဂိမ်း၁၄မျိုးစလုံးတွင် ကွန်ပျူတာဗားရှင်းသာမက မိုဘိုင်းဗားရှင်းပါ ရှိနေခြင်းပင်။ ထို့ပြင် VRမျက်မှန်ကို အသုံးပြုပြီး ကစားရခြင်းဖြစ်သည့်အတွက် ပလက်ဖောင်းမတူညီသော်လည်း ဒေတာအချက်အလက်များနှင့် ကစားပုံများမှာ ချိတ်ဆက်မှုရှိသည်။

ဤသည်မှာ လက်ရှိဈေးကွက်တွင် ကြုံတွေ့နေရသော ကွန်ပျူတာနှင့် ဖုန်းများ၏ဂိမ်းဒေတာ မတူညီသည့်ပြဿနာကို အပြည့်အဝဖြေရှင်းပေးလိုက်ခြင်းဖြစ်လေရာ တစ်ခေတ်ဆန်းသော တီထွင်မှုတစ်ခုပင်။

ဤနည်းအားဖြင့် ကွန်ပျူတာဂိမ်းဈေးကွက်ကို လွှမ်းမိုးနိုင်ရုံသာမက မိုဘိုင်းဂိမ်းဈေးကွက်တွင်လည်း ပြိုင်ဆိုင်မှုပြင်းထန်လာမည်ဖြစ်၏။

ဤသည်မှာ ကြီးမားခမ်းနားလှသော ဂိမ်းအင်ပါယာကြီးတစ်ခု၏ အစပျိုးမှုပေတည်း။

"ဥက္ကဋ္ဌကျန်း... ခင်ဗျား ဘာလို့ ကျုပ်တို့နဲ့လက်တွဲဖို့ ရွေးချယ်လိုက်တာလဲဆိုတာ အရမ်းသိချင်မိတယ်"

ဤကိစ္စသည် မိုးပေါ်က ပိုင်မုန့်ပြုတ်ကျလာသလို ဖြစ်နေသဖြင့် ယခုအချိန်ထိ မာဟွားနှင့် တင်းဆန်ရှီတို့မှာ ယုံရခက်နေဆဲပင်။

"ရှင်းရှင်းလေးပါ။ ခင်ဗျားတို့က ဂိမ်းတစ်ခုရဲ့တန်ဖိုးကို အမြင့်ဆုံးအထိရောက်အောင် လုပ်နိုင်စွမ်းရှိလို့လေ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

ဂိမ်း၏လုပ်ဆောင်ချက်နှင့် ပတ်သက်လာလျှင် မာဟွားနှင့် တင်းဆန်ရှီတို့က ဝါရင့်သမ္ဘာရင့်များ ဖြစ်ကြသည်။ ကျန်းမုန့်လောင်၏ အဖွဲ့ကလည်း ထိုကဲ့သို့သော အရည်အချင်းရှိသူများကို လိုအပ်နေသည်ဖြစ်ရာ ဤအစီအစဉ်ကို သူတို့နှစ်ယောက်အား မျှဝေရန် ရွေးချယ်လိုက်ခြင်းဖြစ်၏။

"ဒါပေမဲ့ အရေးကြီးဆုံးအချက်ကတော့... ခင်ဗျားတို့နှစ်ယောက်စလုံးက ဟွာရှားလူမျိုးတွေဖြစ်နေတာရယ်၊ ကျုပ်တို့က ရည်မှန်းချက်ချင်း တူနေတာရယ်ကြောင့်ပဲ။ ရိုးရိုးလေးပဲ"

"ဒါဆို ဂိမ်းအတွက် ကိုယ်စားလှယ်ခကရော ဘယ်လောက်ပေးရမလဲ"

မာဟွားက လေးနက်လှသော လေသံဖြင့် မေးလိုက်သည်။

အရေးကြီးဆုံးပြဿနာကို ရောက်လာလေပြီ။ ကျန်းမုန့်လောင်က သူတို့ကို ဂိမ်းအော်ပရေတာအဖြစ် ရွေးချယ်လိုက်သည်။ အကောင်းဘက်က ပြောရလျှင် သူတို့က အော်ပရေတာဖြစ်သော်လည်း ပိုအရေးကြီးသည်မှာ သူတို့သည် ကျန်းမုန့်လောင်၏ အမြတ်ထုတ်ရေးကိရိယာများ ဖြစ်လာတော့မည်။

လက်တွေ့၌ ဂိမ်းတီထွင်သူနှင့် အော်ပရေတာတို့ကြားရှိ ဆက်ဆံရေးတွင် တီထွင်သူများက အမြဲတမ်းတစ်ပန်းရှုံးတတ်ကြသည်။

အကြောင်းအရင်းက ရှင်းပေသည်။ ဘယ်သူမှမဝယ်သည့် ဂိမ်းကောင်းတစ်ခုက တန်ဖိုးမရှိပေ။ ကစားသမားများက ဘာကြောင့်များ ငွေကုန်ခံပြီး ပိုက်ဆံဖြည့်ကြမည်နည်း။ အော်ပရေတာများ၏ အခန်းကဏ္ဍကား မရှိမဖြစ်လိုအပ်ပေသည်။

ထန်ရွှင်းက အော်ပရေတာအနေနှင့် အမြတ်ငွေအားလုံး၏ ၇၀ရာခိုင်နှုန်း သို့မဟုတ် ထို့ထက်များများ ယူလေ့ရှိသည်။

အကြောင်းမှာ ဂိမ်းတီထွင်သူအများစုတွင် စီမံခန့်ခွဲနိုင်စွမ်း မရှိကြသောကြောင့်ပင်။ စီမံခန့်ခွဲနိုင်စွမ်းရှိသူများမှာမူ အော်ပရေတာမလိုဘဲ ကိုယ့်ဘာသာဖန်တီးပြီး ကိုယ့်ဘာသာစီမံခန့်ခွဲကြသည်။

သို့သော် ကျန်းမုန့်လောင်အတွက်မူ ဤကိစ္စက ပြဿနာလုံးဝမဟုတ်ပေ။ သူကိုယ်တိုင်ကပင် နာမည်ကြီးဘရန်းတစ်ခု ဖြစ်နေချေသည်။ အကယ်၍ သူသာ ဂိမ်းတစ်ခုရောင်းချင်သည်ဆိုပါက "ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်က ထောက်ခံပေးထားသောဂိမ်း"ဟူသည့် ကြော်ငြာတစ်ခုတည်းနှင့်ပင် ဈေးကွက်တစ်ခုလုံးကို ပေါက်ကွဲသွားအောင် လုပ်နိုင်စွမ်းရှိသည်။

ကျန်းမုန့်လောင်က ဤကိစ္စများကို သူတို့လက်ထဲသို့ အပ်ချင်ရသည့် အကြောင်းအရင်းမှာ သူကိုယ်တိုင် ဝင်လုပ်ရမည်ကို ပျင်းသောကြောင့်သာ။

သို့သော် ဤအချက်က သူတို့၏အနေအထားများကို လုံးဝ ပြောင်းလဲသွားစေသည်။

အကယ်၍ ကျန်းမုန့်လောင်သာ ဂိမ်းများကို ကိုယ်တိုင်စီမံခန့်ခွဲမည်ဆိုပါက ဈေးကွက်တစ်ခုလုံးကို လွှမ်းမိုးသွားပေလိမ့်မည်။ ဝမ်ယိဂိမ်းနှင့် ထန်ရွှင်းဂိမ်းတို့ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရသည့် ဂိမ်းဈေးကွက်ကိုလည်း ဖြည်းဖြည်းချင်း ဝါးမျိုသွားဖို့ဆိုသည်မှာ အနှေးနှင့်အမြန်သာ။

သူတို့ဘက်က မပူးပေါင်းချင်လျှင် သို့မဟုတ် ကျန်းမုန့်လောင်၏ အမြတ်ခွဲဝေမှုအချိုးကို လက်မခံနိုင်လျှင် သူတို့၏ဇာတ်သိမ်းက ရိုးရှင်းလှသည်။ လအနည်းငယ်အတွင်း သို့မဟုတ် အများဆုံး နှစ်နှစ်အတွင်းမှာပင် ဝမ်ယိဂိမ်းနှင့် ထန်ရွှင်းဂိမ်းကုမ္ပဏီတို့ကို ကျန်းမုန့်လောင်က သိမ်းပိုက်သွားပြီး 'ဝမ်ယိလူကြီးသုံးပစ္စည်းအရောင်းဆိုင်'နှင့် 'ထန်ရွှင်းရေပူစမ်းနှင့်အနှိပ်ခန်း'အဖြစ် ပြောင်းလဲပစ်ပေလိမ့်မည်။

ထို့ကြောင့် ကျန်းမုန့်လောင်နှင့် အမြတ်ငွေခွဲဝေရာတွင် သူတို့ဘက်က ဈေးဆစ်ခွင့်ရှိမည်မဟုတ်ကြောင်း နားလည်ထားကြသည်။

"ခင်ဗျားတို့ ဘယ်လိုစီမံခန့်ခွဲမလဲ။ ငွေဘယ်လိုရှာမလဲဆိုတာ ကျုပ် ဂရုမစိုက်ဘူး။ ဒါပေမဲ့ အမြတ်ငွေအားလုံးရဲ့ ၅၀ရာခိုင်နှုန်းကို ကျုပ်လိုချင်တယ်"

"၅၀ရာခိုင်နှုန်းပဲ လိုချင်တာလား"

ဤပမာဏက သူတို့မျှော်မှန်းထားသည်ထက် များစွာ လျော့နည်းနေသည်။ ကျန်းမုန့်လောင်ဘက်က ၇၀ရာခိုင်နှုန်း သို့မဟုတ် ၈၀ရာခိုင်နှုန်းလောက်အထိ တောင်းလိမ့်မည်ဟုပင် သူတို့ တွေးထားခဲ့ကြသည်။

"ဟားဟားဟား... အခုနောက်ပိုင်း ခင်ဗျားတို့နှစ်ယောက် ငွေတွေအများကြီး ရှုံးထားတယ်လေ။ ကျုပ် အသားစားရတဲ့အချိန်မှာ ခင်ဗျားတို့ကို ဟင်းရည်တစ်ငုံလေးတော့ သောက်ခွင့်ပေးရမှာပေါ့"

ဝေစု၅၀ရာခိုင်နှုန်းဆိုသည်မှာ ဟင်းရည်တစ်ငုံသောက်ရရုံထက် များစွာပိုသေးသည်။

သူတို့၏ဂိမ်းများကို စတင်မိတ်ဆက်လိုက်သည်နှင့် သုံးလအတွင်းမှာပင် နာမည်ကြီးနေသော ဂိမ်းများအားလုံးကို ဖြိုချပစ်ပြီး ထိပ်ဆုံးသို့ တက်လှမ်းနိုင်ကြောင်း သူတို့ အပြည့်အဝယုံကြည်မှုရှိသည်။

ကမ္ဘာ့ဂိမ်းဈေးကွက်၏ ဝေစုက ဘယ်လောက်ရှိလေသလဲ။

၅၀ရာခိုင်နှုန်းဆိုလျှင် သူတို့ကုမ္ပဏီများ၏ရှယ်ယာမှာ ဒုံးပျံစီးသွားသလို ထိုးတက်သွားပေလိမ့်မည်။

ထိုအချိန်ရောက်လျှင် ထန်ရွှင်းနှင့် ဝမ်ယိဂိမ်းကုမ္ပဏီတို့၏ ဈေးကွက်တန်ဖိုးက အဆပေါင်းများစွာ မြင့်တက်လာဖို့ဆိုသည်မှာ အနှေးနှင့်အမြန်ဖြစ်လာမည့် ကိစ္စတစ်ခုပင်။

"ပြီးတော့ ကျုပ်က ခင်ဗျားတို့ကို ဂိမ်းတွေပဲ ထောက်ပံ့ပေးမှာမဟုတ်ဘူး။ ကြော်ငြာပိုင်းကိုလည်း ပံ့ပိုးပေးမယ်"

ကျန်းမုန့်လောင်က ပြောသည်။

"ကျုပ် အကောင်းဆုံးကြော်ငြာရလဒ်ကိုပဲ လိုချင်တယ်။ ဈေးအကြီးဆုံး စူပါစတားတွေ ငှားမလား။ ဈေးအကြီးဆုံး ကြော်ငြာရှင်တွေ ယူမလားဆိုတာမျိုးတွေကို ကျုပ် ဂရုမစိုက်ဘူး။ တစ်လအတွင်း တစ်ကမ္ဘာလုံးကို ကျုပ်ရဲ့ဂိမ်းအကြောင်း သိသွားစေချင်တယ်"

"မစ္စတာကျန်း... ဒီလိုလုပ်မယ်ဆိုရင် ခင်ဗျား ဒီဂိမ်းကနေ အမြတ်သိပ်ရမှာမဟုတ်ဘူးနော်"

မာဟွားက ပြောလိုက်သည်။

"ကျုပ် ပိုက်ဆံရှာချင်တယ်လို့ ဘယ်တုန်းကပြောဖူးလို့လဲ"

ကျန်းမုန့်လောင် ရယ်မောလိုက်ချေသည်။

"ဒီဂိမ်းတွေကို ဖန်တီးတုန်းကလည်း ပိုက်ဆံအတွက် ဖန်တီးခဲ့တာမဟုတ်ဘူး"

"ဘယ်လို! ခင်ဗျားက ဂိမ်းကနေ ပိုက်ဆံရှာဖို့ အစီအစဉ် မရှိဘူးလား။ ဒါဆို ဘာလို့ ဒီဂိမ်းတွေကို ထုတ်လုပ်နေသေးတာလဲ"

"ဘာရှိဦးမလဲ။ ဈေးကွက်ထဲက ဂိမ်းအစုတ်တွေက ခဏလောက်ဆော့ပြီးတာနဲ့ ပျင်းစရာကောင်းလာလို့လေ။ ပြီးတော့ ဂိမ်းထဲမှာ ဦးနှောက်မရှိတဲ့ကောင်တွေ များလွန်းတော့ ကစားရတာ စိတ်ညစ်ဖို့ကောင်းတယ်။ ကိုယ့်ဘာသာ ဂိမ်းနည်းနည်းလောက် ဖန်တီးလိုက်ရင်တော့ အကုန်လုံးကို ကျုပ်စိတ်ကြိုက် လုပ်လို့ရပြီလေ။ ကစားသမားတွေ အများကြီးလည်း မလိုတော့ဘူး။ ကျုပ်နဲ့ ကျုပ်သူငယ်ချင်းတွေ ကစားရရင်ပဲ အဆင်ပြေပြီ"

"သေစမ်း!"

မာဟွားခမျာ စိတ်ထဲမှ မဆဲဘဲမနေနိုင်တော့ပေ။

ကျန်းမုန့်လောင်၏ ရည်ရွယ်ချက်က စင်စစ်ရိုးစင်းလွန်းလှသည်။ ဈေးကွက်ထဲရှိ ဂိမ်းများက သူ့စိတ်ကြိုက်မဟုတ်သောကြောင့် ကိုယ်ပိုင်ဂိမ်းထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့သတဲ့။

ဤဂိမ်းများကို ဖန်တီးရန်အတွက် စူပါကွန်ပျူတာတစ်လုံးကိုပင် သုံးလိုက်သေးသည်။

လူသားများ၏ ပျော်ရွှင်မှုများနှင့် ဝမ်းနည်းမှုတို့မှာ စင်စစ်ကွာခြားလှပေသည်။

"မစ္စတာကျန်း... ပွင့်ပွင့်လင်းလင်းပြောရရင် ကျုပ်တို့ရဲ့စီမံခန့်ခွဲမှု မဟာဗျူဟာအရ အဲ့ဒီဂိမ်းတွေကို ဖြုတ်ချဖို့အတွက် တစ်နှစ် ဒါမှမဟုတ် ခြောက်လလောက်တော့ ကြာနိုင်တယ်။ ဒါပေမဲ့ အချိန်တိုအတွင်း ပေါက်ကွဲသွားနိုင်တဲ့ရလဒ်မျိုး လိုချင်ရင်တော့ လူတွေစိတ်ဝင်စားလာအောင် ဆွဲဆောင်ဖို့ ပွဲဆူမယ့်ကိစ္စတစ်ခုခုတော့ မဖြစ်မနေလုပ်မှရမယ်။ အကြောင်းအရာက ပေါက်ကွဲအားပြင်းပြီး လူတွေရဲ့ရင်ထဲကို ထိသွားမယ်ဆိုရင် အကောင်းဆုံးရလဒ်တွေ ရလာလိမ့်မယ်"

"ဥပမာ ဘယ်လိုမျိုးလဲ"

"ဥပမာ ဂိမ်းကို ပထမဆုံးဒေါင်းလုတ်ဆွဲတဲ့ လူအယောက်တစ်ရာကို ကန့်သတ်ထုတ်ကုန် VRစက်တစ်လုံး လက်ဆောင်ပေးတာမျိုး ဒါမှမဟုတ် ဆွဲဆောင်မှုရှိတဲ့ ဂိမ်းအမှတ်တရပစ္စည်းတွေ ပေးတာမျိုးပေါ့"

"လူသိအောင်လုပ်တဲ့အကြံက ကောင်းသားပဲ"

ကျန်းမုန့်လောင် တဒင်္ဂမျှ စဉ်းစားကြည့်လိုက်သည်။

"ဒါပေမဲ့ ခင်ဗျားရဲ့နည်းလမ်းက အလုပ်ဖြစ်မှာမဟုတ်ဘူး။ လူတွေက ဘာဂိမ်းမှန်း မသိသေးတဲ့အတွက် ခင်ဗျားပေးတဲ့ ပစ္စည်းတွေကို စိတ်ဝင်စားမှာမဟုတ်ဘူး"

"ပြီးတော့ ပထမဆုံးဒေါင်းလုတ်ဆွဲတဲ့ လူအယောက်တစ်ရာလောက်ကိုပဲ ပေးမယ်ဆိုရင် လူတွေက ဒေါင်းလုတ်ဆွဲပြီးတာနဲ့ ပြန်ဖျက်ပစ်ကြမှာ။ အခုခေတ်မှာ လူတိုင်းက အလုပ်များနေကြတာလေ။ ဘယ်သူက အချိန်ကုန်ခံပြီး ဂိမ်းအသစ်ကို စမ်းဆော့နေမှာလဲ။ ကားချေးငွေတွေနဲ့ အိမ်အရစ်ကျငွေတွေက ဒီတိုင်းပျောက်သွားမှာမှမဟုတ်တာ"

"နေဦး"

ကျန်းမုန့်လောင်၏ မျက်လုံးများမှာ လင်းလက်သွားလေသည်။

"ပိုက်ဆံသုံးမယ့်အတူတူတော့ အကုန်ထုတ်သုံးပစ်တာပေါ့"

ကျန်းမုန့်လောင်က ဆက်ပြောလိုက်သည်။

"ဂိမ်းထဲမှာ သတ်မှတ်ထားတဲ့ အဆင့်တစ်ခုခုကိုရောက်ရင် ရနိုင်မယ့် ပစ္စည်းတစ်မျိုးကို ထည့်ထားလိုက်မယ်။ အဲ့ဒီပစ္စည်းတွေကို တကယ့်ပစ္စည်းတွေနဲ့ လဲလှယ်လို့ရအောင် လုပ်ပေးမယ်"

"Limited Editionကိရိယာတွေနဲ့ ဂိမ်းSkinတွေလား"

မာဟွားကလည်း ချက်ချင်းဝင်ပြောလိုက်သည်။

"ဘာကို Limited Editionလက်နက်တွေနဲ့ ဂိမ်းSkinတွေလဲ။ အဲ့ဒါတွေက ကျုပ်အတွက် နည်းနည်းလေးမှ ဆွဲဆောင်မှုမရှိဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒီခေတ်ကြီးမှာ လူတွေက ဘာအတွက် ရုန်းကန်နေကြတာလဲ။ ပိုက်ဆံပဲလေ။ ပိုက်ဆံရဲ့ တိုက်ရိုက်အကျဆုံးပုံစံက ဘာလဲ။ အိမ်ခြံမြေနဲ့ မိန်းမတွေပေါ့။ မိန်းမကိုတော့ ဥပဒေနဲ့မညီလို့ ပေးလို့မရဘူး။ ဒါပေမဲ့ အိမ်ခြံ​မြေကိုတော့ ပေးလို့ရသားပဲ"

ကျန်းမုန့်လောင်က စာရွက်တစ်ရွက်ကိုထုတ်ပြီး ချရေးလိုက်သည်။

"ပထမဆု - ယွမ်သန်းငါးဆယ်တန်ဗီလာတစ်လုံး (သတ်မှတ်လူဦးရေ - တစ်ယောက်)။

ဒုတိယဆု - ယွမ်သန်းနှစ်ဆယ်တန် တိုက်ခန်းကျယ်ကြီး (သတ်မှတ်လူဦးရေ ဆယ်ယောက်)။

တတိယဆု - ယွမ်ငါးသန်းတန်အိမ်ခြံမြေ (သတ်မှတ်လူဦးရေ - အယောက်၅၀)။

စတုတ္ထဆု - ယွမ်နှစ်သန်းတန်ပြိုင်ကား (သတ်မှတ်လူဦးရေ အယောက်၁၀၀)။

ပြီးတော့ နှစ်သိမ့်ဆုအနေနဲ့ ယွမ်တစ်သန်းတန်ကား (သတ်မှတ်လူဦးရေ အယောက်၅၀၀)!"

ကျန်းမုန့်လောင်က ထိုစာရွက်ကို သူတို့ဘက်သို့ တွန်းပို့လိုက်သည်။

"ဒီစံနှုန်းအတိုင်း ကြော်ငြာလိုက်!"

"မိုက်လိုက်တာ"

မာဟွားက ပြောလိုက်သည်။

"ဒီဆုတွေက သေချာပေါက် ဆွဲဆောင်မှုရှိနေမှာပဲ။ ကျုပ်တို့ လူယုံတချို့ရှာပြီး မဲပေါက်သလို ဟန်ဆောင်ခိုင်းလိုက်ရင် ဒီသတင်းက လုံးဝပေါက်သွားမှာ သေချာတယ်"

"ဘာကိုဟန်ဆောင်ခိုင်းရမှာလဲ"

ကျန်းမုန့်လောင်က စားပွဲကို ရိုက်ချလိုက်လေတော့သည်။

"ကျုပ်ဆိုတဲ့ ကျန်းမုန့်လောင်က ဒီလိုလူငှားပြီး ဟန်ဆောင်ခိုင်းစရာလိုလို့လား။ ဒီဆုတွေက တရားမျှတရမယ်။ မှန်ကန်ရမယ်။ အကုန်လုံးကို တကယ်လဲလှယ်လို့ရရမယ်"

"ဘာ? ခင်ဗျားက ကြော်ငြာဖို့သက်သက် လုပ်တာမဟုတ်ဘူးလား။ အတည်ကြီးလား"

မာဟွားနှင့် တင်းဆန်ရှီတို့ခမျာ ထိုင်ရာမှ ချက်ချင်းထရပ်လိုက်မိကြသည်။

"ဆောရီးပဲ... ကျုပ်က ချမ်းသာလွန်းတော့ ထင်ရာစိုင်းလို့ရတယ်လေ။ သူတို့ဘက်က လာရန်စရင် ကျုပ်ကလည်း သူတို့ကို ပိုက်ဆံနဲ့ ဖို့သတ်ပစ်လိုက်မယ်"

*******************

All Chapters