← Chapters

မင်းတို့တစ်မျိုးလုံးကို မြုံပါစေလို့ ဆုတောင်းပေးတယ်

Vol. 40 Ch. 591

မင်းတို့တစ်မျိုးလုံးကို မြုံပါစေလို့ ဆုတောင်းပေးတယ်

Vol. 40 Ch. 591

ကျန်းမုန့်လောင်နှင့် နောက်ဆုံးအကြိမ် ဖုန်းပြောပြီးကတည်းက မိုက်ကယ်တစ်ယောက် အကြောင်းအရင်းမရှိဘဲ ဂနာမငြိမ်ဖြစ်နေမိသည်။

ကျန်းမုန့်လောင်၏နည်းပရိယာယ်များက အလွန်များပြားလွန်းလှသည်။ သူသည် တစ်ဖက်လူကို စိတ်ရှုပ်ထွေးပြီး အရှက်ရအောင်လုပ်နိုင်သည့် လှည့်ကွက်များကို ခင်းနိုင်သည့်အပြင် သူ့ချမ်းသာကြွယ်ဝမှုကိုပါ အကြီးအကျယ်ပြသတတ်သူပင်။

သို့သော် ဤတစ်ခေါက်တွင်မူ အခြေအနေက ထူးထူးဆန်းဆန်း တိတ်ဆိတ်ငြိမ်သက်နေသည်။ အမေရိကန်စီးပွားရေးဈေးကွက်တစ်ခုလုံး တည်ငြိမ်နေခဲ့သလို ဂိမ်းဈေးကွက်မှာလည်း ကြီးကြီးမားမားပြောင်းလဲမှုမျိုးမရှိပေ။ အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်တွင် ပုံမှန်အတိုင်း လည်ပတ်နေဟန်ပင်။

ထိုသို့ငြိမ်သက်လေလေ သူ ပိုပြီးစိတ်လှုပ်ရှားရလေလေပင်။ ကျန်းမုန့်လောင်၏စရိုက်ကို ကောင်းကောင်းသိထားသူပီပီ တစ်ဖက်လူမှာ ယခုလိုမျိုး လွယ်လွယ်နှင့် လက်လျှော့ပြီး နောက်ဆုတ်ဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပေ။

ထို့ပြင် ကျန်းမုန့်လောင်ဘက်က ငြိမ်နေသည်ဆိုဦးတော့။ မာဟွားနှင့် တင်းဆန်ရှီတို့ကပါ မူမမှန်စွာ ငြိမ်သက်နေခဲ့သည်။

ဟွာရှားဂိမ်းလောကထဲတွင် သူတို့၏ကုမ္ပဏီများက ထိခိုက်မှုအများဆုံးခံစားခဲ့ရသည်။ ဤအခြေအနေကား ယုတ္တိမရှိချေ။

ဤကာလအတွင်း မိုက်ကယ်၏လက်ထောက်က ဟွာရှားကို မျက်ခြည်မပြတ်စောင့်ကြည့်နေခဲ့ပါသော်ငြား ထူးခြားသည့် သတင်းအချက်အလက်တစ်ခုမှ မရခဲ့ပေ။

မာဟွားနှင့် တင်းဆန်ရှီတို့က ကျန်းမုန့်လောင်နှင့်တွေ့ဆုံပြီး E-sportsမြို့တော်သို့ အတူသွားခဲ့ကြသည်ဟူသော သတင်းတစ်ခုကိုသာ ရထားသည်။ သို့သော် ထို့နောက်တွင် သူတို့ ကိုယ့်လမ်းကိုယ်ဆက်သွားကြသည်တဲ့။

သူတို့ ဘာအကြောင်း‌ ဆွေးနွေးခဲ့ကြသလဲဆိုသည်ကိုမူ မသိရပေ။

…..

ထိုနေ့မှာပင် ဂိမ်းအသစ်တစ်ခုက ထန်ရွှင်းဂိမ်းနှင့် ဝမ်ယိဂိမ်းတို့၏ ပင်မစာမျက်နှာများတွင် ပေါ်ပေါက်လာခဲ့သည်။

ဤသည်မှာ ရှားပါးလှသော ဖြစ်စဉ်တစ်ခုပင်။ ဂိမ်းအသစ်တစ်ခုက ပုံမှန်ဆိုလျှင် အော်ပရေတာတစ်ယောက်တည်းကိုသာ ကိုယ်စားလှယ်ပေးတတ်လေ့ရှိရာ ယခုမူ ဂိမ်းအသစ်တစ်ခုက အော်ပရေတာနှစ်ယောက်ကို ရွေးချယ်ထားပေသည်။

ဤဒိတ်ဒိတ်ကြဲဂိမ်းကုမ္ပဏီကြီးနှစ်ခုက အမြဲလိုလို ပြိုင်ဆိုင်နေကြလေရာ သူတို့နှစ်ယောက် ပူးပေါင်းသည်ဆိုခြင်းမှာ လုံးဝမဖြစ်နိုင်သော ကိစ္စတစ်ခုပင်။

ဤသည်မှာ ပုံမှန်မဟုတ်သော အခြေအနေတစ်ခုရှိကြောင်း ပြသနေသည်။ ဤကုမ္ပဏီနှစ်ခု ပူးပေါင်းသည်ဆိုခြင်းမှာ သူတို့ကိုင်တွယ်နေသော ဂိမ်းက သာမန်ဂိမ်းတစ်ခုမဟုတ်ဘူးဟု ဆိုလိုခြင်းပင်။

"ဟမ်? VRဂိမ်းလား။ ဒါဆို VRစက်တွေ ဝယ်ရတော့မှာပေါ့။ သောက်ကျိုးနည်း ဒါကဘာသဘောတုန်း"

"စက်ပစ္စည်းဖိုးကတင် အနည်းဆုံးတစ်ထောင်လောက်ရှိမှာကို လူဘယ်နှယောက်လောက်ကများ ကစားနိုင်မှာမို့လို့လဲ"

"ရှင်သန်လွတ်မြောက်ရေး အက်ရှင်-ပစ်ခတ်ရေးဂိမ်းတဲ့လား။ ဒါက PUBGနဲ့ ပုံစံအတူတူပဲမဟုတ်ဘူးလား"

"တော်စမ်းပါ။ VRနည်းပညာက အခုထိ တိုးတက်မှုမရှိသေးဘူးလေ။ ဘယ်သူကများ ဒါကို ကစားမှာတဲ့လဲ"

ဤဂိမ်းက လူအမြောက်အများထံသို့ ပျံ့နှံ့သွားသော်ငြား တော်တော်များများ ဒေါင်းလုတ်မဆွဲချင်ကြပေ။

'ကိုယ်ပိုင်တီထွင်ထားသည်'ဟူသော စကားလုံးနှစ်လုံးကြောင့် လူအမြောက်အများ လက်တွန့်ကုန်ကြသည်။ ပြည်တွင်းဂိမ်းထုတ်လုပ်သူများမှာ ယခင်ကလည်း ဤကဲ့သို့သော ဂိမ်းမျိုးကို မတီထွင်ဖူးတာတော့ မဟုတ်ပေ။ သို့သော် ရလဒ်က အလွန်ဆိုးဝါးခဲ့သဖြင့် နာမည်ကြီးပြီးသား ဂိမ်းများကို မယှဉ်နိုင်ခဲ့ပေ။

ထို့ပြင် ကစားသမားအများစုက နာမည်ကြီးကုမ္ပဏီများက ထုတ်လုပ်သော ဂိမ်းများကိုသာ အာရုံစိုက်ကြသည်။ ကစားသမားမရှိသည့် ဂိမ်းတစ်ခုတွင် မည်သူကများ အချိန်အကုန်ခံမည်နည်း။

ပုံမှန်ဂိမ်းများဆိုလျှင် လူအရေအတွက်အကန့်အသတ်ဖြင့် စမ်းသပ်ခြင်း၊ လူတိုင်းကစားနိုင်သည့် စမ်းသပ်မှုအဆင့်၊ အချောသတ်စမ်းသပ်မှုအဆင့်စသဖြင့် အဆင့်ဆင့်သွားကြသည်။ သို့သော် ဤဂိမ်းမှာမူ ဘာဈေးကွက်စမ်းသပ်မှုမှမရှိဘဲ ရုတ်တရက်ကြီး ထွက်လာခဲ့သည်။

သူတို့က ဘယ်လောက်တောင်များ ယုံကြည်မှုရှိနေတာလဲ။ လျန်ကျင်းရူကများ သတ္တိတွေပေးထားတာလား။

"VRကိရိယာက နှစ်ရာတည်းလား။ ဒီလောက်ဈေးပေါတာကြီးက ကစားလို့ရော ရပါ့မလား"

တချို့ကစားသမားများက ဂိမ်းဝက်ဘ်ဆိုက်ထဲသို့ ဝင်ကြည့်ပြီး ပြောကြလေသည်။ ဤသည်မှာ ဟွာရှားအသုံးပြုသူများ၏ စိတ်ဓာတ်ပင်။

ဈေးကြီးလွန်းလျှင် မဝယ်နိုင်ပေ။ ဈေးပေါလွန်းပြန်လျှင်လည်း အထင်သေးကြသည်။

ဤသတင်းက မိုက်ကယ်၏နားထဲသို့ အမြန်ရောက်ချသွားသည်။

"ဪ သူတို့က ပစ်ခတ်ရေးဂိမ်းအသစ်တစ်ခု ဖန်တီးလိုက်တာလား"

မိုက်ကယ်မှာ အလွန်အံ့ဩသွားသည်။

"ရက်ပိုင်းလောက်လေးနဲ့ ငါတို့ဈေးကွက်ကို စိန်ခေါ်ချင်နေတာပေါ့။ တတိယအဆင့်ထုတ်လုပ်သူတွေဆီက ဂိမ်းအစုတ်တွေကို ဝယ်လိုက်တာနေမှာပေါ့"

"သူဌေး ဒါက VRဂိမ်းနော်။ ပြီးတော့ ဈေးကွက်ထဲမှာ ဗျူဟာမြောက်ရှင်သန်လွတ်မြောက်ရေးဂိမ်းမျိုး မရှိခဲ့ဖူးဘူး။ ကျွန်တော်တော့ လျှော့မတွက်သင့်ဘူးထင်တယ်နော်"

မိုက်ကယ်၏လက်ထောက်က ပြောလာလေသည်။

"မင်း ဒီဂိမ်းကို ဆော့ကြည့်ပြီးပြီလား"

မိုက်ကယ်၏လက်ထောက်က ခေါင်းခါယမ်းပြသည်။

"တောင်းပန်ပါတယ် သူဌေး.. ဒီဂိမ်းက ပြည်တွင်းဈေးကွက်ထဲမှာပဲ ရနိုင်တာပါ။ ဟွာရှားမှတ်ပုံတင်နဲ့မှ အကောင့်ဖွင့်လို့ရတာတဲ့။ ပြီးတော့ လူစစ်မစစ်လည်း စစ်ဆေးသေးတယ်။ ပြီးတော့ သူတို့ဘက်က နိုင်ငံခြားကိုယ်စားလှယ်တွေကို လက်မခံဘူးလို့လည်း အတိအလင်းကြေညာထားတယ်"

"ဟာသပဲ"

မိုက်ကယ်က လှောင်ပြောင်ထေ့ငေါ့လိုက်သည်။

"ဟွာရှားလူမျိုးတွေရဲ့နည်းပညာနဲ့ ဘယ်လိုဂိမ်းမျိုးကို ထုတ်လုပ်နိုင်မှာမို့လို့လဲ။ လူမျိုးနဲ့ဒေသကိုပါ ကန့်သတ်ထားလိုက်သေးတယ်။ လူတွေက သူတို့ဂိမ်းအစုတ်ကို ဝယ်မယ်များ ထင်နေတာလား။ VRဂိမ်းအတွက် ဒီလောက်အထိ အကုန်အကျများနေရင် ကစားမယ့်လူ သိပ်ရှိမှာမဟုတ်ဘူး"

"ဒါပေမဲ့ သူဌေး.. သူတို့ရဲ့ကိရိယာက နှစ်ရာပဲပေးရတာတဲ့"

"နှစ်ရာတဲ့လား။ ဟားဟားဟား"

မိုက်ကယ်မှာ ပို၍ပင် အရူးအမူးရယ်မောလေတော့သည်။ ထိုအချိန်မှာ သူ့စိုးရိမ်သောကများလည်း လုံးဝပျောက်ကွယ်သွားလေသည်။

သူ့ပေါင်လဲ့ကုမ္ပဏီကလည်း VRဂိမ်းများကို ထုတ်လုပ်သည်။ ကောင်းမွန်သော ဂိမ်းကစားသည့် အတွေ့အကြုံကို ရရှိရန်အတွက် ဈေးအပေါဆုံးVRစက်ပင် ဟွာရှားယွမ်တစ်ထောင်နီးနီးပေးရသည်။

ယွမ်နှစ်ရာတည်းဖြင့် ဘယ်လိုအမှိုက်မျိုးကို ထုတ်လုပ်နိုင်မည်နည်း။ ထိုဈေးနှုန်းမျှဖြင့်သာဆိုလျှင် အရည်အသွေးက မည်မျှစုတ်ပြတ်နေမည်နည်း။

"သူတို့က အဲဒီလိုဂိမ်းမျိုးနဲ့ ငါတို့ကို စစ်ကြေညာဖို့တွေးနေတာတော့ မဟုတ်ပါဘူးနော်"

မိုက်ကယ်က ပြောလိုက်သည်။

"ဟွာရှားလူမျိုးတွေရဲ့ ယုံကြည်မှုက အရမ်းမြင့်လွန်းအားကြီးတာပဲ။ ဒီလိုထုတ်ကုန်တစ်ခုက ကုမ္ပဏီသေးသေးလေးတစ်ခုကိုတောင် မလှုပ်ခါနိုင်ဘူး။ ဟွာရှားနိုင်ငံရဲ့ ဂိမ်းထုတ်လုပ်မှုအဆင့်အတန်းကို စိန်ခေါ်ဖို့ဆိုရင် ဝေးရော"

...

ထင်ထားသည့်အတိုင်းပင် ထန်ရွှင်းနှင့် ဝမ်ယိဂိမ်းတို့က အကောင်းဆုံးကြော်ငြာနေရာများကို ပေးထားသည့်တိုင် ဂိမ်း၏ပထမဆုံးနေ့စာရင်းဇယားများမှာ သနားစရာကောင်းလှသည်။ ပင်မစာမျက်နှာသို့ ဝင်ကြည့်သူအရေအတွက်မှာ ၁၂၈၀၉၀ယောက်ရှိပြီး ဒေါင်းလုတ်ဆွဲသူ ၉၈၀ယောက်နှင့် အော်ဒါမှာယူသူ ၁၅ယောက်သာရှိသည်။

ဂိမ်းတစ်ခု၏ ကနဦးအချက်အလက်များအရဆိုလျှင် ဤသည်မှာ ကျရှုံးမှုကြီးတစ်ခုဟု သတ်မှတ်နိုင်သည်။

"ဒီနေ့ခေတ်လူတွေကတော့လေ…"

ကျန်းမုန့်လောင်၊ တင်းဆန်ရှီနှင့် မာဟွားတို့က ဤဂိမ်းဒေတာများကိုကြည့်ရင်း အတူထိုင်နေကြသည်။ ဤအချက်အလက်များကြောင့် သူတို့ လုံးဝစိတ်ပျက်ခြင်းမရှိပေ။ အကြောင်းမှာ အဓိကဗုံးတစ်လုံးကို ပစ်မချရသေးသောကြောင့်ပင်။

"ခင်ဗျားတို့နှစ်ယောက် ကြော်ငြာနေရာတွေ အဆင်သင့်ဖြစ်ပြီလား"

"အဆင်သင့်ပါပဲ"

နှစ်ယောက်သား ရယ်မောလိုက်ကြသည်။ ထန်ရွှင်းက အမြတ်အစွန်းအတွက် ဂိမ်းများအပေါ် မှီခိုနေရသော်လည်း သူတို့၏အကြီးမားဆုံးပြိုင်ဆိုင်နိုင်စွမ်းမှာမူ ဆိုရှယ်မီဒီယာနှင့် ကွန်ယက်ပင်။ သူတို့၏ကြော်ငြာစွမ်းအားက အလွန်ကြီးမားလှသည်။

"မိုးကြိုးစစ်ဆင်ရေးဂိမ်းကို ဝင်ရောက်ကစားပြီး သန်းငါးဆယ်တန်ဗီလာတစ်လုံးကို ရယူလိုက်ပါ"

ညရှစ်နာရီတိတိတွင် ပလက်ဖောင်းအားလုံး၍ ဤကြော်ငြာက ဖုံးလွှမ်းသွားလေသည်။ ထန်ရွှင်းသတင်း၊ ဝေ့ရွှင်းသတင်း၊ မူယင်ကြော်ငြာ၊ ဝေးပေါ်နှင့် အစရှိသော ပလက်ဖောင်းများပင်။ နေရာတိုင်း၌ ဂိမ်းလင့်ခ်နှင့် ကြော်ငြာများက ကြီးစိုးထားသည်။

"ဂိမ်းကစားပြီး ဗီလာတစ်လုံးရမှာတဲ့လား။ လာနောက်နေတာလား"

"မာဟွားက လူတွေကို ထပ်လိမ်နေပြန်ပြီ။ သူတို့မှတ်တမ်းအရဆိုရင် ကံထူးရှင်ဖြစ်နိုင်ခြေက သုညပဲမဟုတ်လား။ ပြီးမှ ကုမ္ပဏီဝန်ထမ်းတစ်ယောက်ကို မဲပေါက်သလို ဟန်ဆောင်ခိုင်းမှာသေချာတယ်"

"ကျေးဇူးပြုပြီး.. ဒီလောက် ပုံကြီးချဲ့မနေပါနဲ့တော့။ ဒီဗီလာတွေနဲ့ ကားတွေကို ပေးနိုင်ဖို့အတွက် ဂိမ်းကို ဘယ်လောက်ကြာအောင်ထုတ်လုပ်ရမှာလဲ"

"လုံးဝအဓိပ္ပာယ်မရှိဘူး။ သူတို့က ငါတို့ကို အရူးတွေများမှတ်နေလား။ အပြင်အထန်ဆန့်ကျင်ကြဟေ့"

...

"သူဌေးမာ..သူဌေးတင်း..ခင်ဗျားတို့ရဲ့ဂုဏ်သတင်းက သိပ်မဟန်ပါလား"

ကျန်းမုန့်လောင် ရယ်မောလိုက်ချေသည်။

"ကြည့်ဦး။ ခင်ဗျားတို့က ပိုက်ဆံပေးပါ့မယ်လို့ ကမ်းလှမ်းနေတာတောင် လူတွေက မယုံကြဘူး။ ကျုပ် ခင်ဗျားတို့ဂိမ်းတစ်ခုကို ကစားတုန်းကဆိုရင် နိုင်နိုင်ခြေ၉၀ရာခိုင်နှုန်းရှိတယ်ဆိုလို့ ကစားကြည့်လိုက်တာ ဆယ်ခါစမ်းကြည့်တာတောင် ဘာမှလည်းမဲမပေါက်ဘူး။ ဒီဖြစ်နိုင်ခြေနဲ့ဆိုရင် ထီထိုးလိုက်တာကတောင် သန်းပေါင်းများစွာ ပေါက်နေလောက်ပြီ"

"ဟဲဟဲဟဲ"

မာဟွားနှင့် တင်းဆန်ရှီတို့ခမျာ ရှက်ကိုးရှက်ကန်းရယ်လိုက်ကြသည်။

"ကျုပ်တို့လည်း စားဝတ်နေရေးအတွက် လုပ်နေကြတာလေ။ ကိုယ့်မိသားစုကိုယ် ထောက်ပံ့ရဦးမှာကိုး"

"ထားလိုက်တော့။ အခု ကျုပ်အလှည့်ပဲ"

ကျန်းမုန့်လောင်က သူ့ဝေ့ပေါ်တွင် ပို့စ်တစ်ခုရေးပြီး ချက်ချင်းတင်လိုက်သည်။

"ငါရှင်းမယ်"

လင့်ခ်တစ်ခုနှင့်အတူ ရိုးရှင်းလှသော စာလုံးသုံးလုံးသာ ပါသည်။

ဝေးပေါ်တွင် ပို့စ်တင်လိုက်သည်နှင့် ဖတ်ရှုသူအရေအတွက်၊ မျှဝေသူအရေအတွက်နှင့် လိုက်ခ်ပေးသူအရေအတွက်မှာ ဒုံးပျံအလား ထိုးတက်သွားသည်။

တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်း၊ တစ်သန်း…

"ဘာ? ဘော့စ်ကျန်းက ပေးမှာလား"

"သေစမ်း! ဘယ်သူက ငြင်းနိုင်မှာလဲ။ သူသာ စောစောကပြောရင် ဒီမနက်ကတည်းက ဒီဂိမ်းကို ဒေါင်းပြီးနေပြီ"

"တခြားလူဆိုရင် ငါယုံမှာမဟုတ်ဘူး။ ဒါပေမဲ့ ဘော့စ်ကျန်းပြောတာဆိုတော့ ငါ့နေရာကိုလာလုတဲ့ကောင်တွေကို သတ်ပစ်ဖို့ဝန်မလေးဘူး"

"တောက်! မာဟွား.. ခင်ဗျားရဲ့ဝက်ဘ်ဆိုက်အစုတ်ကြီးက တော်တော်အသုံးမကျတာပဲ။ ဒီဒေါင်းလုတ်အရေအတွက်ကိုတောင် မခံနိုင်ဘူး"

"တင်းဆန်ရှီ! ခင်ဗျားရဲ့ပေါ့ဆမှုကြောင့် ကျုပ်ရဲ့သန်းငါးဆယ်တန်ဗီလာနဲ့ လွဲသွားခဲ့ရင် ခင်ဗျားတို့တစ်ဆွေတစ်မျိုးလုံးကို မြုံသွားအောင် ကျိန်စာတိုက်ပစ်မယ်"

**********************

All Chapters