သူတို့က မျက်နှာသာပေးဖို့ တန်လို့လား
Vol. 40 Ch. 594
"မင်္ဂလာပါ ကျွန်တော်က ကျိုးကျစ်ရှူးပါ"
ကျိုးကျစ်ရှူးဟုခေါ်သော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က လက်မြှောက်ပြလိုက်သည်။
"ဒါက ခင်ဗျားရဲ့ပါဆယ်ထုပ်ပါ။ ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါ"
"ဪ ကျေးဇူးတင်ပါတယ်"
ကျိုးကျစ်ရှူးလည်း ထိုပါဆယ်ဘူးကို ယူလိုက်သည်။
"အခုတလော ငါ ကုမ္ပဏီအတွက် ဘာမှမဝယ်မိပါဘူး"
ကျိုးကျစ်ရှုးသည် ဤပါဆယ်ဘူးကို ဖွင့်ကြည့်လိုက်လေရာ အထဲတွင် စာအိတ်နှင့်ထည့်ထားသော စာရွက်စာတမ်းအထပ်လိုက်ကြီးကို တွေ့လိုက်ရသည်။ ထိုစာအိတ်ပေါ်တွင် ထန်ရွှင်းနှင့် ဝမ်ယိကုမ္ပဏီတို့၏ သင်္ကေတများနှင့်အတူ "မိုးကြိုးစစ်ဆင်ရေး"ဂိမ်း၏ အမှတ်တံဆိပ်ကလည်း ပါရှိချေသည်။
"ဧကန္တ…"
ထိုစာအိတ်ကို သူ အလောတကြီးဖွင့်ဖောက်လိုက်လေရာ အထဲတွင် ပိုင်ဆိုင်မှုလွှဲပြောင်းစာချုပ်နှင့်အတူ စာအိတ်သေးသေးလေးတစ်လုံးကို တွေ့လိုက်ရသည်။
ထို့ကြောင့် စာအိတ်ကို ဖွင့်ကြည့်လိုက်ပြီးနောက် အသံထွက်ပြီး ဖတ်လိုက်လေသည်။
မစ္စတာကျိုးကျစ်ရှူး:
'မိုက်ကယ်ရဲ့အမေ'၉၉၉ခုကို ပထမဆုံးစုဆောင်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။ ဂိမ်းစဉ်းမျဉ်းအရ အောက်ပါဆုတွေထဲက တစ်ခုကို ရွေးချယ်နိုင်ပါတယ်။
ယွမ်သန်းငါးဆယ်တန်ဗီလာတစ်လုံး: ၁/၁
ယွမ်သန်းနှစ်ဆယ်တန် တိုက်ခန်းကျယ်ကြီး : ၁၀/၁၀
ယွမ်ငါးသန်းတန်အိမ်ခြံမြေ : ၅၀/၅၀
ယွမ်နှစ်သန်းတန်ပြိုင်ကား : ၁၀၀/၁၀၀
ယွမ်တစ်သန်းတန်ဖိုးရှိသော ကားများ : ၅၀၀/၅၀၀
မှတ်ချက် : ဆုငွေအားလုံးကို တန်ဖိုးနှင့်ညီမျှသော ငွေသားဖြင့်လည်း တိုက်ရိုက်လဲလှယ်နိုင်သည်။
"သေစမ်း"
ကျိုးကျစ်ရှူးမှာ တအံ့တဩရေရွတ်လိုက်မိသည်။
"ကျိုးကျစ်ရှူး! မင်း ဘာလုပ်နေတာလဲ။ မင်းရဲ့အလုပ်ထုတ်စာထဲမှာ စာကြောင်းနှစ်ကြောင်းသုံးကြောင်းလောက် ထပ်ထည့်ပေးရဦးမလား"
ကလယ်ရိုက ဆဲဆိုကြိမ်းမောင်းရင်း ရောက်လာသည်။
"ဆောရီးပဲ သူဌေး.. ကျုပ် ဒီမှာအလုပ်မလုပ်တော့ဘူး။ ခင်ဗျားဘာသာ ရေးချင်တာရေးလိုက်"
ကျိုးကျစ်ရှူးက လက်မှတ်ထိုးထားသော သဘောတူစာချုပ်ကို ကလယ်ရို့ဆီသို့ ပစ်ပေးလိုက်သည်။
"ကျိုးကျစ်ရှူး.. မင်းက အမြဲစည်းမျဉ်းချိုးဖောက်ခဲ့တာ။ မင်း အလုပ်ထွက်ချင်ရင်တောင် တစ်လစာတာဝန်တွေကို လွှဲပြောင်းပြီးမှ ထွက်ရမှာ။ ပရောဂျက်က မပြီးသေးဘူး။ မင်းထွက်လို့မရဘူး"
ကလယ်ရိုက မောက်မောက်မာမာပြောလိုက်၏။
"သိတယ်။ လျော်ကြေးပေးရုံပဲမလား။ ကျုပ်ပေးမယ်"
ကျိုးကျစ်ရှူးက အသက်လေးဆယ်နီးပါးရှိပြီဖြစ်သော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်၏။ တကယ်တမ်းတွင် သူ့လိုလူမျိုးက လုပ်ငန်းခွင်ထဲတွင် ပြိုင်ဆိုင်နိုင်စွမ်း သိပ်မရှိတော့ပေ။ သူ့လစာကလည်း တိုးမလာသည်မှာ ကြာလှလေပြီ။ သို့သော် သူ့အလုပ်လုပ်နိုင်စွမ်းက လက်ခံနိုင်လောက်စရာ ရှိသေးသည့်အတွက် ကုမ္ပဏီက သူ့ကို ဆက်ခန့်ထားဆဲပင်။
ကလယ်ရိုသိထားသလောက်ဆိုလျှင် ကျိုးကျစ်ရှူးသည် ဆယ်စုနှစ်တစ်ခုစာ အကြွေးများကို ဆပ်ရပေဦးမည်။ သူသည် လစာယွမ်တစ်သောင်းရှစ်ထောင်ရပြီး အိမ်အရစ်ကျငွေကလည်း လတိုင်း တစ်သောင်းသုံးထောင်လောက် ပေးနေရသည်။
အကယ်၍ သူသာ သဘောတူညီချက်ကို ဖောက်ဖျက်ပြီး ချက်ချင်းအလုပ်ထွက်သွားပါက သုံးလစာလစာကိုသာ ပြန်လျော်ရမည်မဟုတ်ချေ။ လစာနှစ်လစာကိုလည်း လျော်ကြေးအဖြစ် ပြန်ပေးရမည်ဖြစ်၏။
"ကျိုးကျစ်ရှူး.. မင်းဘာလုပ်နေလဲဆိုတာကိုရော သိရဲ့လား။ နှစ်လစာလစာက သုံးသောင်းခြောက်ထောင်နော်။ မင်းမိသားစုက ဒီကုန်ကျစရိတ်ကို ပေးနိုင်မယ်များ ထင်နေတာလား"
"အဲဒါကို ခင်ဗျားစိတ်ပူစရာမလိုပါဘူး"
ယွမ်သန်းငါးဆယ်တန်ဗီလာကို ပိုင်ဆိုင်ထားပြီဖြစ်သော ကျိုးကျစ်ရှူးက ထိုသုံးသောင်းခြောက်ထောင်လောက်ကို မမှုတော့ပေ။
သူက ထိုသဘောတူစာချုပ်ဖြင့် ကလယ်ရို၏မျက်နှာကို ရိုက်ချလိုက်သည်။
"နားထောင်! ကျုပ် အခုချက်ချင်း အလုပ်ထွက်မှာ။ ဘယ်သူမှ ကျုပ်ကို လာတားလို့မရဘူး ငတုံးကောင်!"
ကျိုးကျစ်ရှူးက ထိုသို့ပြောပြီးနောက် ရုံးခန်းထဲမှ ဆောင့်ကြွားဆောင့်ကြွားဖြင့် ထွက်သွားလေသည်။
"သူငယ်ချင်းတို့ အလုပ်ဆက်လုပ်နေတော့ရော ဘာထူးမှာလဲ။ ဂိမ်းကို မြန်မြန်ကစားပြီး မိုက်ကယ်ရဲ့အမေကို များများစုကြ! ဟားဟားဟား"
…
"သူ.. ငါသိပြီ။ သူ့ဆုကို ထုတ်လို့ရသွားပြီပဲ"
"သောက်ကျိုးနည်း! တကယ်ကြီးလား"
"သူ ဘာလို့ ဒီလောက်ရဲတင်းနေရသလဲဆိုတာ ငါနားလည်သွားပြီ။ ငါ့မှာသာ သန်းငါးဆယ်ရှိတယ်ဆိုရင် အဲဒီကလယ်ရိုဆိုတဲ့ လူယုတ်မာကိုတောင် အလုပ်ထုတ်ပစ်လိုက်ဦးမှာ"
"သံပုရာပင်မှာ သံပုရာသီးတွေ သီးနေတာ။ မင်းနဲ့ငါက သံပုရာပင်အောက်မှာ ရပ်နေတာ။ ငါတော့ ချဉ်စူးသွားပြီဟေ့"
"ငါရောပဲ"
...
"သေစမ်း။ တကယ်ပေးတာဟ။ တကယ်ပေးတာ"
"မင်းတို့သိကြလား။ ငါ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်က မိုက်ကယ်ရဲ့အမေ၉၉၉ခုကိုစုပြီးသွားလို့ တိုက်ခန်းကြီးနဲ့ တကယ်လဲပစ်လိုက်ပြီတဲ့။ ငွေသားနဲ့ လဲလို့လည်းရတယ်တဲ့"
"ငါတို့ကုမ္ပဏီရှေ့မှာ ဘွဲ့ရခါစ အလုပ်သင်လေးတစ်ယောက်အတွက် ဖယ်ရာရီကားတစ်စီးကို လာပို့သွားတယ်။ ငါတော့ လန့်သေပြီ"
"ဥက္ကဋ္ဌကျန်းကတော့ ဥက္ကဋ္ဌကျန်း ပီသပါပေတယ်။ အရမ်းသမာသမတ်ကျတယ်။ ဒါက ချမ်းသာခြင်းရဲ့ပျော်ရွှင်မှုပဲ ဖြစ်ရမယ်"
ဤသို့ဖြင့် 'မိုက်ကယ်၏အမေ'၉၉၉ခုကို စုဆောင်းနိုင်သူများမှာ ပိုပိုပြီးများလာသည်။ အစတုန်းကတော့ တချို့က လှည့်ကွက်ဆင်ထားကြသည်ဟု ထင်နေကြသော်ငြား သူတို့အနားရှိ လူများကပါ ကံထူးရှင်များ ဖြစ်လာကြသည်ကို မြင်လိုက်ရသည့်အခါ တဖြည်းဖြည်းသဘောပေါက်သွားကြသည်။ တချို့ဆိုလျှင် ကိုယ်တိုင်ပင် ကံထူးရှင်ဖြစ်လာခဲ့သည်။
ဤအဖြစ်ကြောင့် ဂိမ်း၏ဂုဏ်သတင်းက တစ်ဖန်မြင့်တက်လာပြီး ကစားသမားများ၏ တက်ကြွလှုပ်ရှားမှုမှာလည်း ထိုးတက်လာကာ ဒေါင်းလုတ်ဆွဲသည့် ပမာဏကလည်း ကြောက်ခမန်းလိလိမြင့်တက်နေချေသည်။
ပထမဆုံးလတွင် ဂိမ်းက ဒေါင်းလုတ်ဆွဲသူအရေအတွက် ၃၂သန်းအထိ ရောက်ရှိခဲ့သည်။
ဤဂိမ်းက အရည်အသွေးမြင့်မားသော်ငြား ကွန်ပျူတာတစ်လုံးကို လိုအပ်သဖြင့် မိုဘိုင်းဗားရှင်းလောက် အဆင်မပြေပေ။ ထို့ကြောင့် ကစားသများများမှာ မိုဘိုင်းဗားရှင်းကို မျှော်နေကြတော့သည်။
ဂိမ်းလည်ပတ်ပြီး တစ်လအကြာမှာပင် ထန်ရွှင်းဂိမ်းနှင့် ဝမ်ယိဂိမ်းကုမ္ပဏီတို့က မိုဘိုင်းဗားရှင်းကို ချက်ချင်းဖြန့်ချိမည်ဟု ကြေညာထားပြီး ကစားသမားများကို စိတ်ရှည်ရှည်စောင့်ဆိုင်းပေးပါရန် မေတ္တာရပ်ခံထားသည်။
...
သို့သော် တစ်ပတ်ကုန်လွန်သွားချိန်၌ ဂိမ်းအက်ပ်က Andriodဈေးကွက်တွင် ပေါ်လာခဲ့သော်ငြား Cashewစတိုးတွင် ဘာအရိပ်အယောင်မှမပြသဖြင့် IOSအသုံးပြုသူများမှာ ဆဲဆိုကြလေတော့သည်။
"@မာဟွား @တင်းဆန်ရှီ ဘာတွေဖြစ်နေတာလဲ။ ဘာလို့ထွက်မလာသေးတာလဲ"
ကျန်းမုန့်လောင်က သူတို့သုံးယောက်တည်းသာရှိသည့် ဂရုထဲတွင် မက်ဆေ့ချ်ပို့လိုက်သည်။ သူတို့၏အစီအစဉ်အရ အက်ပ်က လွန်ခဲ့သည့်တစ်ပတ်ကတည်းက ထွက်သင့်နေပြီသာ။
"စာတစ်ကြောင်းနှစ်ကြောင်းတည်းနဲ့ ရှင်းပြလို့မရဘူး။ ဗီဒီယိုကောပြောရအောင်"
ပြဿနာတစ်ခုခုရှိနေပြီဖြစ်ကြောင်း ကျန်းမုန့်လောင် သဘောပေါက်လိုက်သည်။
"သေစမ်း။ ခင်ဗျားတို့နှစ်ယောက် ဘာဖြစ်နေကြတာလဲ"
မျက်ကွင်းညိုမည်းနေသော လူနှစ်ယောက် ကင်မရာရှေ့တွင် ပေါ်လာသည်။ မာဟွားနှင့် တင်းဆန်ရှီတို့ခမျာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေဟန်တူသည်။
"မပြောပါနဲ့တော့။ ဒီရက်ပိုင်း ကျုပ်တို့တွေ အသက်ရှူကျပ်နေကြတာ"
တင်းဆန်ရှီက ညည်းတွားလိုက်သည်။
"အဲဒီCashewစတိုးက ဘယ်လောက်ရွံဖို့ကောင်းလဲသိလား"
"ဘယ်လိုရွံဖို့ကောင်းတာလဲ"
"သူတို့က ကျုပ်တို့ဟွာရှားဂိမ်းတွေကို ဝင်ခွင့်မပြုဘူးလေ"
"သူတို့က တုံးတာလား။ ဘာလား။ ပိုက်ဆံရမဲ့လမ်းကြောင်းကို လာငြင်းနေတာလား"
ကျန်းမုန့်လောင်လည်း ဆဲလိုက်မိတော့သည်။
"တုံးအမနေဘူး။ သူတို့က ဈေးမြှင့်ချင်နေတာ"
မာဟွားက ပြောလိုက်သည်။
"Cashewဘက်က ပြောတာတော့ အခု လူတိုင်းက ကျုပ်တို့ဟွာရှားဂိမ်းတွေကို သပိတ်မှောက်နေကြတာတဲ့။ အက်ပ်ကိုသာ တင်လိုက်ရင် မကျေမနပ်ဖြစ်တဲ့လူတွေ များလာပြီး သူတို့ရဲ့ဂုဏ်သတင်းလည်း ထိခိုက်နိုင်တယ်တဲ့"
"ပုံမှန်ဆိုရင် ကျုပ်တို့ဘက်က နည်းပညာပိုင်းဆိုင်ရာ ဆားဗစ်ခအနေနဲ့ ပလက်ဖောင်းဘက်ကို ဝင်ငွေရဲ့ သုံးဆယ်ရာခိုင်နှုန်းကို ပေးရတယ်။ တချို့လုပ်ငန်းသေးသေးလေးတွေဆိုရင် ၁၅ရာခိုင်နှုန်းပဲပေးရတာ။ သူတို့ ဘယ်လောက်တောင် လောဘကြီးလဲဆိုတာသိလား"
"ဘယ်လောက်လောဘကြီးတာလဲ"
ကျန်းမုန့်လောင်လည်း မေးကြည့်လိုက်သည်။
"သူတို့က နည်းပညာပိုင်းဆိုင်ရာဆားဗစ်ခကို ၇၀ရာခိုင်နှုန်း လိုချင်နေတာ။ ဒါက ဓားပြတိုက်နေတာမဟုတ်ဘူးလား"
"ဘာ? သူတို့က ၇၀ရာခိုင်နှုန်းတောင် လိုချင်နေတာလား"
ဤဂိမ်းများမှတစ်ဆင့် ဝင်ငွေမည်မျှဝင်လာမလဲဆိုသည်ကို ကျန်းမုန့်လောင် ကောင်းကောင်းသိသည်။ အက်ပ်အဖြစ် ပြောင်းလဲလိုက်သည်နှင့် လစဉ်ဝင်ငွေက အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ ရနိုင်ဖွယ်ရှိ၏။ Cashewစတိုးဘက်က ပိုများသော ဝေစုကို လိုချင်သည်ကို နားလည်ပေးနိုင်သော်ငြား ၇၀ရာခိုင်နှုန်းကတော့ လွန်လွန်းအားကြီးသည်။ မသိလျှင် သူတို့က အမေရိကန်လူမျိုးများအတွက် အလုပ်လုပ်ပေးနေရသလိုပင်။
"သူတို့ ဘာတွေတွေးနေတာလဲ"
"ကျုပ်တို့ဘက်ကတော့ ငြင်းလိုက်တာပေါ့"
မာဟွားက ဆို၏။
"ဒါပေမဲ့ ခင်ဗျားသိတဲ့အတိုင်း ကစားသမားတွေက အရမ်းတက်ကြွနေကြတာ။ သူတို့ရဲ့စိတ်ခံစားချက်ကို တည်ငြိမ်အောင်လို ကျုပ်တို့တွေ တစ်ပတ်လုံး လူထုဆက်ဆံရေးကို ကိုင်တွယ်နေရလို့ အခုလိုဖြစ်နေတာပဲ"
"ခင်ဗျားတို့တွေ တော်တော်ပင်ပန်းခဲ့ရမှာပဲ"
သူတို့ ဘယ်လောက်ဖိအားများနေခဲ့မလဲဆိုသည်ကို ကျန်းမုန့်လောင် တွေးကြည့်နိုင်သည်။ ထိုဖိအားကို မည်သူမှ တောင့်ခံနိုင်မည်မဟုတ်ချေ။
"ဒါဆို တခြားအက်ပ်ဈေးကွက်တွေကိုရော မစဉ်းစားတော့ဘူးလား"
ကျန်းမုန့်လောင်က မေးခွန်းထုတ်လိုက်သည်။
"ဥက္ကဋ္ဌကျန်း.. ခင်ဗျားလည်း ကောင်းကောင်းသိတာပဲ။ ပြည်တွင်းဖုန်းတွေက နာမည်ကြီးလာတယ်ဆိုပေမဲ့ Cashewဖုန်းတွေကတော့ ဈေးကွက်ထဲမှာ အဓိကဖြစ်နေတုန်းပဲ။ တခြားနည်းလမ်းတွေနဲ့ ဒေါင်းလုတ်ဆွဲလို့ရပေမဲ့ အဲဒီနည်းလမ်းတွေက တရားမဝင်ဘူး"
"ဒါဆို ခင်ဗျားတို့ပြောချင်တာက Cashewအက်ပ်စတိုးထဲကို မဝင်ဘဲနေရင်နေ ဒါမှမဟုတ် ရှယ်ယာ၇၀ရာခိုင်နှုန်းကို ပေးချင်ပေး. .. ဒီလိုလား"
"အမှန်ပဲ။ သူတို့က ဒီလိုအကွက်မျိုးခင်းနေတာ"
"အဓိပ္ပာယ်မရှိတာ။ သူတို့ပလက်ဖောင်းကို သုံးပေးတာနဲ့တင် မျက်နှာသာပေးရာရောက်နေပြီ"
'ဒါပေမဲ့ Cashewစတိုးကို မသုံးလို့လည်း မဖြစ်ဘူးမလား"
"ဒါပေါ့။ သုံးရဦးမှာပေါ့"
ကျန်းမုန့်လောင် သက်ပြင်းချလိုက်မိသည်။ မိုဘိုင်းပြည်တွင်းထုတ်ကုန်ပိုင်းဆိုင်ရာမှာ လျှောက်ရမည့်လမ်းက အရှည်ကြီးရှိသေးကြောင်း သတိထားမိလိုက်သည်။
"ဒါပေမဲ့ သူတို့ဘက်က လက်လျှော့သွားအောင်လုပ်ဖို့ နည်းလမ်းပေါင်းတစ်ထောင်ရှိတယ်။ ကျုပ်တို့တွေ ဂယက်ရိုက်အောင် လုပ်ခဲ့ပြီးပြီဆိုမှတော့ Cashewအက်ပ်စတိုးကိုပါ ဂယက်ရိုက်အောင် လုပ်ကြတာပေါ့"
**************