သူတို့ကို အားလပ်ရက်ပေးလိုက်ကြတာပေါ့
Vol. 40 Ch. 595
"ခင်ဗျားက Cashewကို သိမ်းမလို့လား"
ဤစကားကိုကြားသော် မာဟွားနှင့် တင်းဆန်ရှီတို့မှာ ကျန်းမုန့်လောင်ကို လူစွမ်းကောင်းတစ်ယောက်အလား လေးစားသွားကြသည်။
Casheကုမ္ပဏီသည် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်လာခဲ့သည်။ ကမ္ဘာပေါ်တွင် သူတို့ကုမ္ပဏီကို လှုပ်ခါနိုင်သော ကုမ္ပဏီမှာ နည်းပါးလှသည်။
ရှောင်လုံစနစ်ကဲ့သို့ ပြည်တွင်းစနစ်များ၏ စွမ်းဆောင်ရည်မှာ အလွန်ကောင်းမွန်သော်ငြား အမှန်အတိုင်းဆိုရလျှင်မူ Cashew၏ IOSစနစ်နှင့် နှိုင်းယှဉ်ပါက အကွာကြီးကွာနေဆဲပင်။
တကယ်တမ်းတွင် ပြည်တွင်းပရိုဆက်ဆာများ၏ လုပ်ဆောင်ရည်မှာ IOSစနစ်ထက် မနှေးသော်ငြား အရေးကြီးလှသော ချို့ယွင်းချက်တစ်ခု ရှိနေလေသည်။ သူတို့၏ဖုန်းများက သုံးခါစတုန်းက အလွန်မြန်ဆန်ပါသော်ငြား အချိန်ကြာလာသည်နှင့်အမျှ လုပ်ဆောင်နှုန်းက အလွန်နှေးကွေးလာသည်။
ထို့ကြောင့် Cashew၏ဖုန်းများမှာ ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းနေဆဲဖြစ်ပြီး အသုံးပြုသူအမြောက်အများ၏ နှစ်သက်မှုကိုလည်း ခံနေရသည်။
ရွေးချယ်စရာမရှိပေ။ ဂိမ်းများမှာ သူတို့၏စနစ်ပေါ်တွင် လည်ပတ်ရန် လိုအပ်သောကြောင့် သူတို့၏သဘောအတိုင်း လိုက်နာရမည်ဆိုလျှင်ပင် သူတို့၏ပလက်ဖောင်းတွင် သေချာပေါက်ထည့်သွင်းရပေလိမ့်မည်။ ဤခေတ်ကြီးထဲတွင် နည်းပညာကသာ အရာရာပင်။
အစတုန်းကတော့ Cashew၏ဝေစု၃၀ရာခိုင်နှုန်းက ဝေဖန်မှုများစွာ ခံခဲ့ရသည်။ ဆန္ဒပြမှုတချို့ လုပ်ဆောင်ပြီးနောက် တချို့ကုမ္ပဏီများအတွက် ၁၅ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့သော်ငြား ဝမ်ယိနှင့် ထန်ရွှင်းကုမ္ပဏီတို့ကို ၇၀ရာခိုင်နှုန်း တောင်းခံခြင်းမှာ လွန်လွန်းလှသည်။
ငွေမမက်လျှင် တုံးအရာကျသော်ငြား ဤလူများက ဤဂိမ်း၏အလားအလာကို မြင်ထားကြသည်။ ဤဂိမ်းကို ဟွာရှားနိုင်ငံ၏ Cashewစတိုးတွင် ဖြန့်ချိလိုက်သည်နှင့် ဂိမ်း၏ကျော်ကြားမှုကလည်း မြင့်တက်လာပေလိမ့်မည်။ ဤအကြောင်းကို နိုင်ငံခြားသားများ သိသွားသည်နှင့် အတိုက်အခံများ ဖြစ်ကြပေလိမ့်မည်။
နိုင်ငံခြားသာများက လူ့အခွင့်အရေးကို အလွန်မြတ်နိုးကြသူများပင်။
ဟက်ခ်ကုတ်သုံးပြီး ဂိမ်း၏မျှခြေကို ဖျက်ဆီးခဲ့မည်ဆိုလျှင် သူတို့ကလည်း သပိတ်မှောက်မည်သာ။ မည်သို့ပင်ဖြစ်နေပါစေ တစ်ဖက်ဂိမ်းများက စုတ်ပြတ်နေပါက သူတို့ကလည်း ကစားမည်မဟုတ်။
သို့သော် သူတို့ဘက်က ဂိမ်းကောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့ပါက ယခင်က ဘာလုပ်ခဲ့သလဲဆိုသည်ကိုလည်း ဂရုစိုက်မည်မဟုတ်ချေ။ လူတိုင်း ကစားနေကြသည်ဖြစ်ရာ ဤကဲ့သို့ ကောင်းမွန်လှသော ဂိမ်းတစ်ခုကို မည်သူက ငြင်းဆန်နိုင်မည်နည်း။ ဈေးကြီးနေလျှင်ပင် ပိုက်ဆံပေါသူများလည်း ရှိသည်။
ဟွာရှားလူမျိုးများက ဤဂိမ်းကို အပြင်လူများအတွက် ဖွင့်ပေးမည်မဟုတ်ဟု ပြောထားသည်။ ဤသည်မှာ ယခင်ဂိမ်းအတွက် လက်တုံ့ပြန်နေခြင်းဖြစ်ကြောင်း လူတိုင်း သိသည်။ အကျိုးအမြတ်သာ မှန်မှန်ကန်ကန်ရနေသရွေ့ သူတို့ဘက်က ဖွင့်ပေးမည်မှာ သေချာပေါက်ပင်။
မည်သူက တွန်းအားပေးမည်နည်း။ ကစားချင်ပါသော်ငြား မကစားရသည့် ကစားသမားများပင်။
ကျန်းမုန့်လောင်က ဤကဲ့သို့သောလုပ်ရပ်များတွင် အလွန်ကျွမ်းကျင်ပြီး လူထုသဘောထားကို လှုံ့ဆော်ခြင်းကလည်း သူ့ကျွမ်းကျင်မှုတစ်ခုပင်။
ထိုဂိမ်းပေါက်ကြားမှုတွင် ပါဝင်ခဲ့သူများမှာ ကျန်းမုန့်လောင် ဘာလုပ်ချင်နေသလဲဆိုသည်ကို ခန့်မှန်းမိကြသည်။
ဤဂိမ်းသာ ဟွာရှားနိုင်ငံတွင် လူကြိုက်များလာသည်နှင့် နိုင်ငံခြားသားများကိုလည်း ဖမ်းစားနိုင်လိမ့်မည်သာ။ လက်ရှိဂိမ်းဈေးကွက်နှင့် နာမည်ဂုဏ်သတင်းကြောင့် နိုင်ငံခြားကစားသမားများ ရူးသွပ်သွားကြပေလိမ့်မည်။
မင်းတို့က ဟွာရှားဂိမ်းတွေကို ပိတ်ပင်တယ်ပေါ့လေ။ နိုင်ငံခြားမှာ ရောင်းချခွင့်လည်း မပေးနိုင်ဘူးလား။
ရတယ်လေ။ ငါတို့ကလည်း မင်းတို့ကို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ တရားစွဲမယ်။ လူတိုင်း ဂိမ်းကစားခွင့်ရှိတယ်။ ဟွာရှားနိုင်ငံကို ပြည်ပဆာဗာထောင်ခွင့်မပေးတာက ငါတို့ရဲ့လူ့အခွင့်အရေးကို ချိုးဖောက်နေတာပဲ…
ထိုအခါ နိုင်ငံခြားအော်ပရေတာများလည်း ဝမ်ယိဂိမ်းနှင့် ထန်ရွှင်းဂိမ်းတို့နှင့် ညှိနှိုင်းဆွေးနွေးရန် ရောက်လာကြပေလိမ့်မည်။
ယခင်က သူတို့မှာ ထိုလူများကြောင့် အကြီးအကျယ်ဆုံးရှုံးနစ်နာခဲ့ရသည်။ သို့ဖြစ်လေရာ လွယ်လင့်တကူဖွင့်ပေးနိုင်ရိုးလား။ အချိန်တန်လျှင် မိုးလောက်မြင့်သော ကိုယ်စားလှယ်ခနှင့် ကော်မရှင်ခတို့ကို တောင်းလာမည်ဆိုပါက ငြင်းဆန်နိုင်ဦးမည်လား။
သဘောတူလိုက်ပြီဆိုလျှင်မူ ကျန်းမုန့်လောင်၏ထောင်ချောက်ထဲသို့ ဝင်သွားပြီသာ။ ထိုအခါ နိုင်ငံခြားရန်ပုံငွေအမြောက်အများက ဟွာရှားနိုင်ငံသို့ စီးဆင်းလာပေလိမ့်မည်။
သဘောမတူဘူးဆိုပါက ကစားသမားများအားလုံးက သူတို့ဂိမ်းများကို သပိတ်မှောက်ကြလိမ့်မည်။ သူတို့အနေနှင့်လည်း သိပ်မကြာခင်မှာပင် အမြတ်အစွန်းရနိုင်မည်မဟုတ်သလို ကုမ္ပဏီလည်း ပြိုလဲသွားနိုင်သည်။ အဆုံးတွင်မူ ဟွာရှားလူမျိုးများနှင့် ညှိနှိုင်းရမည်သာ။
ထို့ကြောင့် Cashewအပ်ပ်စတိုး၏ ရည်မှန်းချက်မှာ ရှင်းရှင်းလေးပင်။ ဤဂိမ်းကို သူတို့ပလက်ဖောင်းပေါ်သို့ တင်ရန် စိတ်မကူးလေနှင့်။ အကယ်၍ တင်လိုက်ပြီဆိုလျှင်လည်း ကြီးမားလှသော အဖိုးအခကို ပေးရမည်။
ဟွာရှားအပ်ပ်ဈေးကွက်တွင် ဤဂိမ်းက ဝင်ငွေ၏၇၀ရာခိုင်နှုန်းကို Cashewကို ပေးရမည်။ နိုင်ငံခြားဈေးကွက်များတွင်မူ နည်းပညာဝန်ဆောင်ခအဖြစ် ဝင်ငွေ၏၈၀ရာခိုင်နှုန်းကိုပင် တောင်းဆိုကြသည်။ ဤသည်မှာ ငွေညှစ်နေခြင်းသာဖြစ်၏။
ဤဂိမ်းက ဟွာရှားပြည်တွင်းမှာသာ နေလျှင်နေ။ သို့မဟုတ်ပါက Cashewကုမ္ပဏီ၏ ဝင်ငွေလမ်းကြောင်းတစ်ခု ဖြစ်လာလိမ့်မည်။ ဤသည်မှာ နည်းပညာ၏အာဏာစက်ပင်တည်း။
ကျန်းမုန့်လောင်.. မင်းက ကိုယ့်ကိုယ်ကိုယ်သိပ်တတ်လှပြီထင်နေတာလား။ ပိုက်ဆံရှိလှပြီထင်နေတာလား။ ဒါဆိုလည်း Cashewလိုမျိုး ဝန်ဆောင်မှုပလက်ဖောင်းတစ်ခုကို ဖန်တီးလိုက်လေ။
သို့သော် လက်ရှိမိုဘိုင်းဆော့ဖ်ဝဲလ်ပျံ့နှံ့မှုအရ Andriodဈေးကွက်ကလွဲပြီး သူတို့နှင့်ယှဉ်ပြိုင်နိုင်သော ကုမ္ပဏီဟူ၍ မရှိပေ။
ဤသည်မှာ သူတို့ယုံကြည်မှု၏အရင်းအမြစ်ပင်။ု
"ဒါက ကိုင်တွယ်ဖို့မလွယ်ဘူး"
မာဟွား သက်ပြင်းချလိုက်လေသည်။
"သူတို့က ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတွေထဲက တစ်ခုပဲ။ ခင်ဗျား လော့ယုံဟောက်ကိုသိလား။ သူက Cashewကိုအနိုင်ယူမယ်ဆိုပြီး Hammerစမတ်ဖုန်းကို ထုတ်လုပ်ခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးကျတော့ သန်းခြောက်ရာအကြွေးတင်ပြီး သူ့အကြွေးကို ပြန်ဆပ်ဖို့အတွက် တိုက်ရိုက်ထုတ်လွှင့်မှုတွေ လုပ်ခဲ့ရတယ်"
"ဟုတ်တယ်။ ဒါက လွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူး။ အထူးသဖြင့် iPhone13အသစ်က ထွက်နေပြီလေ။ ဒီမော်ဒယ်လ်က အဆင့်မြှင့်ထားပြီးသား။ ကင်မရာမဲ့ပြတ်သားကြည်လင်မှုနဲ့ လုပ်ဆောင်နိုင်စွမ်းက ဟွားဝေ့ရဲ့ P30ထက် မလျော့ဘူး။ အသုံးပြုသူရဲ့အလှကို ပိုမြှင့်တင်ပေးနိုင်တယ်။ စွမ်းဆောင်ရည်ကလည်း ပရိုဆက်ဆာအသစ်ကို ထည့်သွင်းထားတာမို့ ပြည်တွင်းဖုန်းတွေ လိုက်မမီတဲ့လုပ်ဆောင်ချက်မျိုးတွေပဲ"
"နောက်ထပ်အရေးကြီးတဲ့အချက်က Cashewရဲ့ထုတ်ကုန်တန်ဖိုးက အရင်ကလို မဝယ်နိုင်တာမျိုးတွေ မရှိတော့ဘူး။ ဒီမော်ဒယ်ရဲ့ဈေးနှုန်းက မူရင်းတန်ဖိုးထက် ၈၀ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီ။ သူတို့ရဲ့ဈေးကွက်ရှယ်ယာက မြင့်တက်လာနိုင်ခြေရှိတယ်"
မာဟွားက စိုးရိမ်တကြီးရှင်းပြလိုက်သည်။
"iPhone13 ထွက်ပြီးရင် သူတို့ရဲ့ဈေးကွက်တန်ဖိုးက အရှိန်အဟုန်နဲ့ တိုးတက်လာလိမ့်မယ်လို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်းထားကြတယ်"
"ဪ? သူတို့က ဖုန်းအသစ်ထုတ်တော့မှာလား"
ဤသတင်းကို ကြားလိုက်ရချိန်ဝယ် ကျန်းမုန့်လောင်က စိတ်ပျက်လေဟန် အရိပ်အယောင်တစ်စွန်းတစ်စမှ မပြဘဲ ပို၍ပင် စိတ်လှုပ်ရှားလာပုံပင်။
ထိုနှစ်ယောက်ကမူ အံ့အားသင့်သွားလေသည်။
ကျန်းမုန့်လောင်က အကြံတစ်ခုခုများရလိုက်လို့လား?
"မစ္စတာကျန်း ခင်ဗျားမှာ အစီအစဉ်တစ်ခုခုများရှိလား"
"ဒါပေါ့"
ကျန်းမုန့်လောင် ပြုံးလိုက်လေသည်။
"သူတို့က ဖုန်းရောင်းရမယ်ဆိုတော့ ပမာဏအများကြီး ဖန်တီးရမှာမဟုတ်လား။ သူတို့ရဲ့OEMနဲ့ တပ်ဆင်ရေးစက်ရုံတွေက ဟွာရှားနိုင်ငံမှာ ရှိတာနော်။ ဟုတ်တယ်မလား"
"ဟုတ်တယ်။ လောလောဆယ်မှာ Cashewကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတဲ့ ထုတ်လုပ်သူအယောက်နှစ်ဆယ်ထဲက ၁၆ယောက်က ကျုပ်တို့ဟွာရှားနိုင်ငံထဲမှာပါ"
"ဒါက လုပ်သားအင်အားလိုအပ်တဲ့ လုပ်ငန်းတစ်ခုလေ။ အာရှမှာ လုပ်အားခစရိတ်က နည်းတယ်လေ။ ကုမ္ပဏီတော်တော်များများကလည်း သူတို့ရဲ့စက်ရုံတွေကို ဟွာရှား ဒါမှမဟုတ် အိန္ဒိယလိုနေရာမျိုးမှာ လာတည်ဆောက်ချင်ကြတာ။ ဘာလို့လဲဆိုတော့ ကျုပ်တို့ရဲ့လုပ်အားခက ဈေးပေါလို့ပေါ့"
"ဟဲဟဲ.. ဒီစက်ရုံတွေက နိုင်ငံခြားမှာသာရှိတယ်ဆိုရင် ကျုပ်လည်း ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ ဒါပေမဲ့ ပြည်တွင်းမှာရှိနေတာဆိုတော့ သူတို့ကို ကိုင်တွယ်ဖို့ နည်းလမ်းပေါင်းစုံစဉ်းစားလို့ရတယ်"
ကျန်းမုန့်လောင်၏မျက်နှာထက်တွင် ခပ်ညစ်ညစ်အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။
"ခင်ဗျားသိတဲ့အတိုင်းပဲ။ သူတို့က သူတို့ရဲ့ကြော်ငြာတွေကို ဈေးကွက်ထဲမှာ တော်တော်ဖြန့်ထားပြီးပြီမို့ တော်တော်လေးရေပန်းစားနေပြီ။ ရောင်းရမဲ့အချိန်ရောက်လာပေမဲ့ ကုန်ပစ္စည်းကို မထုတ်ရသေးရင် ဘာဖြစ်သွားမလဲ"
"ဟားဟားဟား ပြောစရာလိုသေးလို့လား။ သူတို့တွေ တစ်စစီဖြစ်ကုန်မှာပေါ့"
မာဟွားက ပြောလိုက်၏။
"Cashewဖုန်းတွေရဲ့ ဝယ်သူပထမအသုတ်က ကြိုတင်ငွေချေထားရတာ။ ဝယ်သူတွေဆီက ပိုက်ဆံယူထားပြီး ဖုန်းကို မပို့ပေးနိုင်ဘူးဆိုရင် တော်တော်စိတ်ဝင်စားဖို့ကောင်းသွားမှာ။ လျော်ကြေးငွေကိစ္စတစ်ခုတည်းနဲ့တင် တော်တော်စိတ်ညစ်ဖို့ကောင်းနေမှာ"
"ခင်ဗျားက စာချုပ်ချုပ်ထားတဲ့ အဲဒီထုတ်လုပ်သူတွေကို ဝယ်ပစ်ပြီး သူတို့ရဲ့လုပ်ငန်းကို လုံးဝပိတ်ဆို့ပစ်ဖို့ စီစဉ်နေတာလား"
တင်းဆန်ရှီက ခန့်မှန်းကြည့်လိုက်သည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ကျုပ်က ပရော်ဖက်ရှင်နယ်ဆန်တဲ့ စီးပွားရေးသမားတစ်ယောက်ပါ။ အဲဒီလိုလုပ်ရပ်မျိုးကို ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ
ကျန်းမုန့်လောင်က ဖြောင့်မတ်စွာ ပြောလိုက်လေသည်။
"ဒီစက်ရုံတွေကို ပိတ်ပစ်လိုက်ရင် လူအယောက်သိန်းဂဏန်း၊သန်းဂဏန်းနဲ့ချီပြီး အလုပ်လက်မဲ့ဖြစ်သွားမှာ။ ဒီလူတွေက ဟွာရှားလူမျိုးတွေဆိုတော့ လူတိုင်း ဝိုင်းဆဲတာကို ကျုပ် မခံနိုင်ပါဘူး"
"ဒါဆို ဘာလုပ်ဖို့ စိတ်ကူးထားလဲ"
"သူတို့ကို အားလပ်ရက်နည်းနည်းလောက်ပေးလိုက်။ လစာလည်း ဆက်ပေးထားပြီး ခရီးစရိတ်ကိုပါ ထောက်ပံ့ပေးမယ်။ Cashewကုမ္ပဏီရဲ့ ထုတ်ကုန်သစ်မိတ်ဆက်ပွဲပြီးမှ ပြန်လာခိုင်းလိုက်မယ်"
"ဒါပေမဲ့ ထုတ်ကုန်ပို့ဆောင်မှု နောက်ကျသွားရင် လျော်ကြေးငွေအများကြီးပေးရမှာနော်"
"ကျုပ်ပေးလိုက်မှာပေါ့"
ကျန်းမုန့်လောင်က ရယ်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဒီစက်ရုံတွေက အဆင့်မြင့်လုပ်ငန်းကြီးတွေလည်း မဟုတ်ဘူးလေ။ ဒီတော့ လျော်ကြေးငွေက သိပ်မများလောက်ဘူး။ အလွန်ဆုံးရှိလှ ဒေါ်လာဘီလီယံနည်းနည်းလောက်ပေါ့။ သူတို့အတွက် လက်ဆောင်ပေးတယ်လို့ပဲ သဘောထားလိုက်မယ်။ ဒါပေမဲ့ သူတို့ရဲ့ဆုံးရှုံးမှုကတော့ နည်းနည်းဆိုတာထက် ပိုများမှာပဲ"
****************