← Chapters

ခင်ဗျားတို့ကို ကျုပ် အကုန်ထောက်ပံ့ပေးမယ်

Vol. 40 Ch. 596

ခင်ဗျားတို့ကို ကျုပ် အကုန်ထောက်ပံ့ပေးမယ်

Vol. 40 Ch. 596

"ဟုန်းရီ.. ငါလိုအပ်တဲ့ သတင်းအချက်အလက်တွေကို ရှာထားပြီးပြီလား"

ကျန်းမုန့်လောင်က ဆိုဖာပေါ်တွင် လဲလျောင်းရင်း လက်ကလည်း လုရီယောင်၏ဆံပင်များကိုပွတ်သပ်နေပုံမှာ ကြွယ်ဝချမ်းသာသည့် မြေပိုင်ရှင်တစ်ယောက်၏ ဟန်ပန်အလားပင်။

လုရီယောင်ကမူ 'မျိုးရိုးစဉ်ဆက်သူဌေးစနစ်"ဟူသော ဝတ္ထုကို စိတ်ဝင်တစားဖတ်နေချေသည်။

"မုန့်လောင်… ဖန်ကျွင်းယွီဆိုတဲ့ ဒီလူက နင်နဲ့တော်တော်တူတယ်"

"ဟားဟားဟား… သူက အပြိုင်စကြဝဋ္ဌာက ငါဖြစ်နေမလားပဲ"

ကျန်းမုန့်လောင် ရယ်မောလိုက်သည်။

"မစ္စတာကျန်း.. ဟွာရှားနိုင်ငံမှာ Cashewကုမ္ပဏီရဲ့ OEMစက်ရုံပေါင်း၁၆ရုံရှိပါတယ်။ ခုနစ်ခုက ဖိတုကန်ကုမ္ပဏီ၊ နှစ်ခုက ဖုန်းရှို့နည်းပညာနဲ့ ပိပိတိ၊ ဝမ်ပေါင်ကွန်ပျူတာ၊ ယင်းတာ့ဟွားနဲ့ Skyworthလုပ်ငန်းစုတွေက တစ်ခုစီ ပိုင်ထားကြပါတယ်။ ကွမ်တာကွန်ပျူတာကုမ္ပဏီကတော့ စက်ရုံသုံးခုရှိပါတယ်။ သူတို့က Cashewကုမ္ပဏီရဲ့ ဖုန်းထုတ်လုပ်မှု၈၀ရာခိုင်နှုန်းနီးပါးကို လုပ်ကိုင်နေကြတာပါ"

"ဒီကုမ္ပဏီတွေကို ငါ အပြည့်အဝထိန်းချုပ်လို့ရနိုင်လား"

ကျန်းမုန့်လောင်က မေးလိုက်၏။

"ပိပိတိ၊ ဝမ်ပေါင်ကွန်ပျူတာ၊ ယင်းတာ့ဟွားနဲ့ Skyworthကုမ္ပဏီတွေမှာ မစ္စတာကျန်းက ရှယ်ယာ၆၀ရာခိုင်နှုန်းကျော် ပိုင်ထားပြီးသားပါ။ အကြီးဆုံးရှယ်ယာရှင်အနေနဲ့ ရှင် အချိန်မရွေး အမိန့်ပေးနိုင်ပါတယ်။ ဖုန်းရှို့မှာတော့ ရှယ်ယာ၄.၁ရာခိုင်နှုန်းလောက်ပဲ ထပ်ဝယ်ဖို့လိုတော့မှာပါ။ အဲဒီလိုဆိုရင် ဆုံးဖြတ်ချက်ချနိုင်တဲ့ အမြင့်ဆုံးအာဏာကို ရမှာပါ။ ကွမ်တာကတော့ ကျွန်မတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးလုပ်ဖူးတာမို့ ဘာပြဿနာမှရှိမှာမဟုတ်ပါဘူး"

"ဒီတော့ ဖိတုကန်ကုမ္ပဏီပဲ ကျန်တော့တာပေါ့"

"ဟုတ်ပါတယ် မစ္စတာကျန်း"

ဟုန်းရီက ပြောလိုက်၏။

"ဖိတုကန်ကုမ္ပဏီက Cashewရဲ့လမ်းစဉ်ကို အမြဲလိုက်ခဲ့ကြတာပါ။ အခုဆိုရင် သူတို့က Cashewကုမ္ပဏီရဲ့ စက်ရုံလိုတောင် ဖြစ်နေပါပြီ"

"သူတို့ဘက်က Cashewနဲ့ ပူးပေါင်းဆောင်ရွက်မှုကို လွယ်လွယ်တော့ လက်လျှော့မှာမဟုတ်ပါဘူး"

ဟုန်းရီက ဆက်ပြောလိုက်သည်။

"သူတို့ရဲ့ဆက်ဆံရေး ပျက်ပြားသွားရင် ဖိတုကန်က Cashewဆီက ဘာအမှာစာမှ ရတော့မှာမဟုတ်ဘူးလေ။ ဒီလိုဆိုရင် ကုမ္ပဏီလည်း ပျက်စီးသွားနိုင်တယ်"

ဟုန်းရီက ထပ်ဖြည့်ပြောလိုက်ပြန်သည်။

"မစ္စတာကျန်း… ဖိတုကန်ကုမ္ပဏီမှာ ဝန်ထမ်းအင်အား ဘယ်လောက်ရှိလဲဆိုတာသိလား"

"သိန်းဂဏန်းလောက်လား"

"အခု တစ်သန်းနီးပါးရှိနေပါပြီ"

ဟုန်းရီက ဆို၏။

"သူတို့ရဲ့အမှာစာအများစုက Cashewက လာတာပါ။ အဲဒါတွေကို ဆုံးရှုံးသွားတာနဲ့ ဝန်ထမ်းသန်းပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်သွားမှာပါ။ ကျွန်မ ပွင့်ပွင့်လင်းလင်းပြောရတာကို ခွင့်လွှတ်ပါ။ ဒါပေမဲ့ ဒီနည်းလမ်းက ကိုယ့်ဒုက္ခကိုယ်ရှာသလိုဖြစ်နေလိမ့်မယ်"

"ငါနားလည်ပါတယ်"

ကျန်းမုန့်လောင်လည်း ခေါင်းညိတ်ပြလိုက်သည်။

"သူတို့သူဌေးနဲ့ စကားပြောကြည့်လိုက်ဦးမယ်"

ကျန်းမုန့်လောင်က ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။ ဤနံပါတ်ကား ဖိတုကန်ကုမ္ပဏီ၏ပိုင်ရှင် ကျန်းချွမ်းထန်၏နံပါတ်ပင်။

"ဟယ်လို ကျွန်တော်က ကျန်းချွမ်းထန်ပါ။ ဖုန်းခေါ်တာ ဘယ်သူပါလဲ"

တစ်ဖက်မှ ယဉ်ကျေးမှုရှိသော အသံတစ်သံ ထွက်လာလေသည်။

"ဟယ်လို မစ္စတာကျန်း..ကျွန်တော်က ကျန်းမုန့်လောင်ပါ"

"ကျန်းမုန့်လောင်လား"

ဖုန်းတစ်ဖက်မှ တစ်ခုခုပြုတ်ကျသွားသည့်အသံကို ကျန်းမုန့်လောင် ပြတ်ပြတ်သားသားကြားလိုက်ရသည်။ သူ့နာမည်က ဤမျှအထိ လွှမ်းမိုးနိုင်စွမ်းကြီးနေလေပြီလား။

"မစ္စတာကျန်း.. ကျွန်တော် ခင်ဗျားကို အပြစ်မပြုမိထားဘူးလားလို့။ ကျွန်တော် OEMလုပ်ငန်းကိုပဲ ရိုးရိုးသားသားနဲ့ အစဉ်တစိုက်လုပ်ကိုင်ခဲ့တာပါ။ နှစ်စဉ်အခွန်ငွေလည်း အချိန်မီပေးဆောင်ပါတယ်။ ကျွန်တော့်ဝန်ထမ်းတွေကိုလည်း အကျိုးခံစားခွင့်တွေနဲ့ အချိန်ပိုလုပ်အားခတွေကို စံနှုန်းနဲ့အညီ ချက်ချင်းပေးပါတယ်။ မဟုတ်တာ ဘာတစ်ခုမှမလုပ်ခဲ့ဖူးပါဘူး"

ကျန်းမုန့်လောင် : "???"

သူ ဘာမှမပြောရသေးဘူးလေ?

"မလန့်ပါနဲ့။ ကျုပ်ကလည်း ခင်ဗျားကို အမှားလုပ်ထားပါတယ်လို့ မပြောမိပါဘူး။ ကျွန်တော်က ပြဿနာရှာဖို့လာတာမဟုတ်ပါဘူး"

ကျန်းမုန့်လောင်ခမျာ ရယ်ရအခက် ငိုရအခက် ဖြစ်သွားလေသည်။ ဤကျန်းချွမ်းထန်မှာ အနည်းငယ်ရယ်ချင်စရာကောင်းသော်ငြား ဤအဖြစ်ကြောင့်ပင် ဤလုပ်ငန်းရှင်အပေါ် အကောင်းမြင်စိတ်များ ပေါက်ဖွားလာသည်။

အလုပ်သမားတစ်သန်းလောက်ကို ထောက်ပံ့ပေးထားသော လုပ်ငန်းရှင်တစ်ယောက်မှာ အမှန်တကယ်လေးစားထိုက်ပေသည်။

"သေလောက်အောင် လန့်သွားတာပဲဗျာ။ ဒါပေမဲ့ လုံးဝကြီးသေလောက်အောင်ကြောက်သွားတာတော့ မဟုတ်ပါဘူး"

ကျန်းချွမ်းထန်က ခပ်တိုးတိုးရေရွတ်လိုက်၏။

"ကျွန်တော် မဟုတ်တာတစ်ခုခု လုပ်မိပြီထင်တာ"

"ကျွန်တော့်ဂုဏ်သတင်းက ဒီလောက်တောင်ဆိုးဝါးနေတာလား"

ကျန်းမုန့်လောင်က စနောက်လေဟန်ဖြင့် မေးလိုက်သည်။

"မစ္စတာကျန်း.. ကျွန်တော့်ကို ဘာလို့လာရှာတာလဲ"

ကျန်းချွမ်းထန်က မေးလိုက်၏။

တစ်ဖက်လူက ပြဿနာရှာဖို့ လာခြင်းမဟုတ်လျှင်ပင် သူ့ကိုတော့ အကြောင်းမဲ့သက်သက် ဖုန်းခေါ်မည်မဟုတ်ပေ။ ထို့ပြင် သူတို့ကြားတွင် အပြန်အလှန်ဆက်သွယ်မှုလည်း မရှိထားဖူးပေ။

"ခင်ဗျား လတ်တလော Cashewကုမ္ပဏီကနေ ထုတ်လုပ်မှုအမှာစာတွေများ ရထားသလားလို့ မေးချင်လို့ပါ မစ္စတာကျန်း"

"ဟုတ်ပါတယ်"

ကျန်းချွမ်းထန်ကလည်း ပြန်ဖြေလိုက်သည်။ သူ့ဖိတုကန်ကုမ္ပဏီမှာ Cashewကုမ္ပဏီအတွက် ထုတ်လုပ်ရေးလုပ်ပေးနေသည်ကို တစ်ကမ္ဘာလုံးသိကြသည်။

"ဘယ်အချိန်လောက် ပို့ပေးရမှာလဲ"

"ဒီနှစ်အတွက် ထုတ်ကုန်သစ်မိတ်ဆက်ပွဲကို နိုဝင်ဘာလအထိ ရွှေ့ဆိုင်းထားပြီး တရားဝင်ဖြန့်ချိမှုကို ဒီဇင်ဘာလတစ်ရက်နေ့ဝန်းကျင်လောက်လို့ ယာယီသတ်မှတ်ထားတယ်ဗျ။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ iPhone 13နဲ့ iPhone 13 Proနဲ့ မော်ဒယ်လ်အမျိုးမျိုးကို သန်းရှစ်ဆယ်နှုန်းနဲ့ နိုဝင်ဘာလအလယ်လောက် ပို့ဆောင်ပေးရမှာပါ"

"ထုတ်လုပ်မှုအချိန်ဇယားက တော်တော်တင်းကျပ်နေပုံပဲ"

ကျန်းမုန့်လောင်က မှတ်ချက်ပေးလိုက်လေသည်။

"တော်တော်ကျပ်တာပါ"

ကျန်းချွမ်းထန်ကလည်း ရယ်ကာမောကာဖြင့် ပြောလိုက်လေသည်။

"အဲဒါကြောင့် ကျွန်တော်တို့ ထုတ်လုပ်ရေးလိုင်းတွေအကုန်လုံး အချိန်ပိုဆင်းနေကြရတာ။ လက်ရှိအရှိန်အတိုင်းဆိုရင် နိုဝင်ဘာ၁၅ရက်နေ့မှာ ပို့ဆောင်နိုင်မှာပါ။ ဝန်ထမ်းတွေကိုလည်း ဥပဒေလိုအပ်ချက်အတိုင်း အချိန်ပိုလုပ်အားခပေးထားပါတယ်"

"ခင်ဗျား သမာသမတ်ကျတဲ့ လုပ်ငန်းရှင်တစ်ယောက်ဆိုတာ ကျွန်တော်သိပါတယ်။ အနည်းဆုံးတော့ ဝန်ထမ်းတွေကို ၉၆၆အလုပ်ချိန်နဲ့ အချိန်ပိုကြေးမပေးဘဲ ငွေညှစ်နေတာမျိုးမရှိဘူး"

ကျန်းမုန့်လောင် ရယ်လိုက်မိသည်။

"ကျုပ်က အဲဒီကိစ္စနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ခင်ဗျားနဲ့ဆွေးနွေးချင်လို့"

"ဘာကိစ္စများလဲ"

ကျန်းချွမ်းထန်က မေးမြန်းလိုက်၏။

"ခင်ဗျားက အခု VRစက်တွေ ထုတ်လုပ်နေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အော်ဒါတွေကလည်း ပြည့်နေပြီ။ တကယ်လို့များ ကျွန်တော်တို့ကို ခင်ဗျားအတွက် ထုတ်လုပ်ပေးစေချင်တယ်ဆိုရင် ဒီဇင်ဘာလနောက်ပိုင်းမှ အဆင်ပြေလိမ့်မယ်"

"မဟုတ်ပါဘူး။ မဟုတ်ဘူး။ မစ္စတာကျန်းအနေနဲ့ ထုတ်လုပ်ရေးလိုင်းထဲက အလုပ်သမားတွေအကုန်လုံးကို အားလပ်ရက်ပေးစေချင်တာပါ"

"ဟင်?"

ကျန်းချွမ်းထန်ခမျာ အံ့အားသင့်သွားလေသည်။

"ဒါက ဘာကိုဆိုလိုချင်တာလဲ"

"ဘာရယ်မဟုတ်ပါဘူး"

ကျန်းမုန့်လောင်က ရယ်မောလိုက်ချေသည်။

"ကျွန်တော် တဲ့တိုးပဲပြောတော့မယ်။ Cashewကုမ္ပဏီက ကျွန်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်သွားလို့ ကျွန်တော် မကျေမနပ်ဖြစ်နေတယ်။ ဒီတော့ ကျွန်တော်ကလည်း သူတို့ကို မကျေမနပ်ဖြစ်အောင် ပြန်လုပ်ချင်တယ်"

"အခုတောင် အောက်တိုဘာထဲ ရောက်နေပြီလေ။ ခင်ဗျားရဲ့ပို့ဆောင်မှုအချိန်ဇယားအရဆိုရင် တစ်လလောက်ပဲ ကျန်တော့တာ။ ဒီလအတွင်းမှာပဲ ခင်ဗျားကုမ္ပဏီမှာရှိတဲ့ ထုတ်လုပ်ရေးအလုပ်သမားတွေကို လစာအပြည့်နဲ့ တစ်လအားလပ်ရက်ပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်"

"မဖြစ်နိုင်တာ"

ကျန်းချွမ်းထန် ထိုသို့ရေရွတ်လိုက်ချေသည်။ သူက စီးပွားရေးသမားတစ်ယောက်ပင်။ ပရဟိတသမားတစ်ယောက် မဟုတ်ချေ။ ဝန်ထမ်းပေါင်းတစ်သန်းရှိသည်ဖြစ်ရာ တစ်ယောက်ကို လစာတစ်သောင်းနှင့် တွက်လျှင်ပင် လစာတစ်ခုတည်းဖြင့် ဟွာရှားယွမ်ငွေ တစ်ဆယ်ဘီလီယံခန့် ကုန်ကျပေလိမ့်မည်။

Cashewကုမ္ပဏီနှင့် ချုပ်ဆိုထားသော စာချုပ်အရ နောက်ဆုံးပို့ဆောင်ရမည့်ရက်မှာ နိုဝင်ဘာလ၂၀ရက်နေ့ဖြစ်၏။ အကယ်၍ သူတို့သာ ဤရက်ကိုကျော်သွားခဲ့လျှင် အမှာစာတန်ဖိုး၏ ငါးရာခိုင်နှုန်းကို လျော်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်၏။ ဤအသုတ်၏အမှာစာတန်ဖိုးကလည်း အမေရိကန်ဒေါ်လာသန်းရှစ်ဆယ်ဖြစ်လေရာ လျော်ကြေးငွေမှာ လေးသန်းဖြစ်ပေသည်။

ထို့ပြင် ဆယ်ရက်နောက်ကျတိုင်း နောက်ထပ်ငါးရာခိုင်နှုန်း ထပ်မံပေးဆောင်ရဦးမည်။

"အဲဒီလောက်တောင်ဈေးပေါတာလား"

ကျန်းမုန့်လောင်မှာ တအံ့တဩပြောလိုက်သည်။

"ဖုန်းတစ်လုံးတပ်ဆင်ခအတွက် ခင်ဗျားတို့ ဒီလောက်လေးပဲရတာလား"

ကျန်းချွမ်းထန်ခမျာ ခါးသက်သက်ပြုံးလိုက်မိသည်။

"ကျွန်တော်တို့က လုပ်အားအများကြီးစိုက်ထုတ်ရတဲ့ လုပ်ငန်းတစ်ခုလေ။ ဖုန်းတစ်လုံးတပ်ဆင်ခက အမေရိကန်ဒေါ်လာနှစ်ဆယ်ကနေ သုံးဆယ်ကြားမှာရှိပါတယ်။ ကျွန်တော်တို့ရဲ့အမြတ်က ဖုန်းတစ်လုံးကို အများဆုံး ဒေါ်လာဆယ်ဂဏန်းလောက်ပဲရှိတယ်"

"ဒါဆို မလုပ်နဲ့တော့"

ကျန်းမုန့်လောင်က အကြံပြုလိုက်သည်။

"ကျွန်တော် ခင်ဗျားကို အမေရိကန်ဒေါ်လာတစ်ရာဘီလီယံပေးမယ်။ ခင်ဗျားရဲ့ဝန်ထမ်းတွေကို လစာနှစ်ဆပေးပြီး အားလပ်ရက်တစ်လပေးလိုက်ပါ။ ပေးဖို့လိုအပ်တဲ့ လျော်ကြေးငွေတွေကိုလည်းပေးလိုက်။ ကျွန်တော်တို့ဘက် ပိုက်ဆံပြတ်လပ်မနေပါဘူး"

ကျန်းချွမ်းထန်၏ ခါးသက်သက်အပြုံးမှာ ပိုနက်ရှိုင်းလာသည်။

"မစ္စတာကျန်း.. ကျွန်တော်တို့ ခင်ဗျားကို မကူညီချင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ခင်ဗျားသိတဲ့အတိုင်း ကျွန်တော်တို့ရဲ့အမှာစာအများစုက Cashewကုမ္ပဏီက လာတာလေ။ ဒီပူးပေါင်းဆောင်ရွက်မှုသာ ပျက်သွားခဲ့ရင် သူတို့ရဲ့အမှာစာတွေကို ရတော့မှာမဟုတ်ဘူး။ ဒီလိုဆိုရင် ကျွန်တော်တို့ဝန်ထမ်းတွေကို ဘယ်သူက ထောက်ပံ့ပေးမှာလဲ"

"ကျွန်တော် ထောက်ပံ့ပေးမယ်"

ကျန်းမုန့်လောင်က အခိုင်အမာပြောလိုက်၏။

"မစ္စတာကျန်းသာ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော့်လက်အောက်က အီလက်ထရောနစ်ပစ္စည်းတွေရဲ့ ကန်ထရိုက်တွေအားလုံးကို ခင်ဗျားဆီ လွှဲပေးမှာပါ။ အခကြေးငွေကလည်း တအားများမယ်လို့ ကတိမပေးနိုင်ပေမဲ့ Cashewကုမ္ပဏီကပေးတာထက်တော့ သေချာပေါက်ပိုများမှာပါ"

"ခင်ဗျား.. ခင်ဗျားလက်အောက်မှာ အဲဒီလိုစက်မှုလုပ်ငန်းတွေ ရှိတာလား"

"ဒါပေါ့"

ကျန်းမုန့်လောင် ပြုံးလိုက်လေသည်။

"ဝမ်စန်းအီလက်ထရောနစ်၊ ကျင်းလော့နည်းပညာ.. အဲဒါတွေအကုန်လုံးက ကျွန်တော့်လုပ်ငန်းစုတွေပဲ။ ပြီးတော့ အခုချက်ချင်းတောင် အော်ဒါအကြီးကြီးတင်စရာရှိတယ်။ VRစက်ပေါင်း၁.၂ဘီလီယံကို ကန်ထရိုက်ပေးမှာ။ စိတ်ဝင်စားလား"

"ဝမ်စန်းအီလက်ထရောနစ်နဲ့ ကျင်းလော့နည်းပညာလား"

ကျန်းချွမ်းထန်၏အသက်ရှူသံများမှာ လေးလံလာသည်။ ထိုကုမ္ပဏီများမှ ထိပ်တန်းကုမ္ပဏီငါးရာအဆင့်ကိုဝင်သော ကုမ္ပဏီများပင်။ ထိုကုမ္ပဏီအားလုံးကို ကျန်းမုန့်လောင် ပိုင်သတဲ့လား။

ထို့ပြင် VRစက်၁.၂ဘီလီယံအမှာစာကြီးမှာ စင်စစ်ကြောက်မက်ဖွယ်ကောင်းလှသည်။

"ကျွန်တော်တို့အတွက် နှစ်တိုင်း ဒီလောက်များတဲ့ လုပ်ငန်းပမာဏမျိုးရှိနိုင်မယ်လို့ ခင်ဗျားအာမခံနိုင်လား"

ကျန်းမုန့်လောင်ကလည်း ယုံကြည်မှုအပြည့်ဖြင့် အာမခံလိုက်သည်။

"အဲဒီထက်တောင် ပိုဦးမယ်။ ခင်ဗျားရဲ့ဝန်ထမ်းတွေ လုပ်နိုင်မလားဆိုတာပဲ အရေးကြီးတာပါ မစ္စတာကျန်း"

"ရပါပြီ ရပါပြီ"

ကျန်းချွမ်းထန်လည်း အမြန်ပြန်ပြောလိုက်သည်။

"အဲဒီCashewကုမ္ပဏီလည်း လစ်လိုက်တော့။ ကျွန်တော် သူတို့ကို မကျေမနပ်ဖြစ်နေတာကြာပြီ။ ဖုန်းတစ်လုံးကို ၂၅ဒေါ်လာပဲရတာ။ သူတို့က ကျွန်တော်တို့ကို ဈေးပေါတဲ့အလုပ်သမားတွေလို သဘောထားတာ။ အခုကစပြီး ကျွန်တော် မစ္စတာကျန်းအတွက်ပဲ အလုပ်လုပ်တော့မယ်။ အဲဒီအမေရိကန်လူမျိုးတွေအတွက် အလုပ်လုပ်မပေးတော့ဘူး"

"ဟားဟားဟား သိပ်ကောင်းတယ်"

ကျန်းမုန့်လောင်က လက်ဆန့်ထုတ်လိုက်၏။

"ဒါဆို ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ဖို့ မျှော်လင့်ပါတယ်.."

*******************

All Chapters