ကျုပ်က စေတနာကောင်းတဲ့သူဌေးတစ်ယောက်
Vol. 40 Ch. 597
ဖိတုကန်စက်ရုံတွင် အလုပ်သမားများမှာ ထုတ်လုပ်ရေးလိုင်းထဲတွင် အသည်းအသန်အလုပ်လုပ်နေကြရသည်။ ဤအလုပ်သမားအများစုက ပညာရေးအဆင့်အတန်းနိမ့်ကျပြီး ကာယအားကိုသာ အားကိုးနေရသူများပင်။ သို့သော် ဖိတုကန်တွင် ပညာအရည်အချင်းမြင့်စရာမလိုပေ။ အကြောင်းမှာ သူတို့သည် နှစ်ပေါင်းများစွာအတွင်း အတွေ့အကြုံရင့်သန်သော ဝန်ထမ်းများဖြစ်လာစေရန် လေ့ကျင့်ပေးမည့် စနစ်ကို တည်ထောင်ထားသောကြောင့်ပင်။
လုံလောက်သောလစာ၊ လိုအပ်သောထောက်ပံ့ကြေးများအားလုံးကို ပေးထားသည်ဖြစ်ရာ ဤအလုပ်သမားများကို အလုပ်လုပ်ချင်စိတ်ဖြစ်လာစေရန် လုံလောက်ပေသည်။
ဤအလုပ်များက ကျွမ်းကျင်မှုမလိုအပ်သော အလုပ်များဖြစ်သော်ငြား တကယ်တမ်းတွင်မူ အလုပ်သမားတစ်ယောက်၏လစာအပြင် အချိန်ပိုကြေးများကိုပါ ထည့်တွက်ပါက ခုနစ်ထောင်ရှစ်ထောင်အထိ ရှိနိုင်သည်။ ဤသည်မှာ ရုံးဝန်ထမ်းများ၏လစာထက်ပင် ပိုများသေးသည်။
ဤသည်မှာ အလှည့်ကျဆင်းရသည့် အဆိုင်းများနှင့် အချိန်ပိုကို အပြင်းအထန်ဆင်းရသည့် ရလဒ်များပင်။ သို့သော အလုပ်သများများမှာ အချိန်ပိုဆင်းချင်ကြသည်။ သို့မှသာ ပိုက်ဆံပိုရမည်ဖြစ်၏၊
"အားလုံးပဲ.. ခဏရပ်လိုက်ကြပါ"
ထိုအချိန်မှာပင် အလုပ်ရုံဒါရိုက်တာက ထုတ်လုပ်ရေးလိုင်းထဲသို့ ဝင်လာသည်။
"မင်းတို့တွေအကုန်လုံး ဒီနေ့ အလုပ်ဆင်းလို့ရပြီ။ နောက်တစ်လလုံးလည်း ကုမ္ပဏီကို လာစရာမလိုဘူး"
"ဘာ?"
"အဲဒါက ဘာအဓိပ္ပာယ်လဲ။ ကုမ္ပဏီက အော်ဒါတွေ ထပ်မရတော့ဘူးလား။ ကျွန်တော်တို့ကို အလုပ်ထုတ်တော့မလို့လား"
"ကျွန်တော်တို့ Cashewကုမ္ပဏီရဲ့ အမှာစာတွေ ရှိနေသေးတယ်မဟုတ်ဘူးလား"
"ဒါရိုက်တာ.. ကျွန်တော့်အိမ်မှာ ရှာဖွေကျွေးမွေးရမဲ့ မိသားစုရှိပါသေးတယ်။ ကုမ္ပဏီက ကျွန်တော်တို့ကို အလုပ်ထုတ်ပစ်လို့ မရဘူးလေ"
အလုပ်သမားများမှာ အထိတ်တလန့်ဖြစ်ကုန်ကြသည်။ ဤအလုပ်သာ မရှိတော့လျှင် အခြားနေရာ၌ အလုပ်ရှာရန် ခက်ခဲသွားလိမ့်မည်။ သို့ဆိုပါက သူတို့မိသားစုကို မည်သို့ ထောက်ပံ့ရတော့မည်နည်း။
သို့သော် ထိုအချိန်မှာပင် အလုပ်ရုံဒါရိုက်တာက ပြုံးလိုက်လေသည်။
"မလန့်ကြပါနဲ့။ ကုမ္ပဏီက ဘယ်သူ့ကိုမှ အလုပ်မထုတ်ပါဘူး။ သူဌေးက အကုန်လုံး အချိန်ပိုတွေဆင်းပြီး ပင်ပင်ပန်းပန်းအလုပ်လုပ်နေရတာကိုမြင်လို့ တစ်လအားလပ်ရက်ပေးလိုက်တာ"
ဒါရိုက်တာကလည်း ရှင်းပြလိုက်သည်။
"ဒါရိုက်တာ ကျွန်တော်တို့ မပင်ပန်းပါဘူး။ အားလပ်ရက်ပေးဖို့လည်း မလိုပါဘူး"
အားလပ်ရက်ပေးလိုက်ပါက ထိုအားလပ်ရက်အတွက် လစာရတော့မည်မဟုတ်ကြောင်း ကောင်းကောင်းသိနေသည့်အတွက် ဝန်ထမ်းတစ်ယောက်က အမြန်ဝင်ပြောလိုက်သည်။ သူတို့အနေနှင့် တစ်လအနားယူဖို့ထက် ပင်ပင်ပန်းပန်းသာ အလုပ်လုပ်ချင်မိသည်။
"ဟုတ်ပါတယ် ဒါရိုက်တာ.. ကျွန်တော်တို့ အချိန်ပိုလည်း ဆင်းနိုင်ပါတယ်။ အချိန်ပိုကြေးကိုလည်း မယူဘဲ ဆင်းပေးနိုင်ပါတ်။ ဒါပေမဲ့ အလုပ်တော့မရပ်ချင်ဘူး"
"အားလုံးပဲ..ငါပြောတာကို နားထောင်ကြပါဦး"
အလုပ်ရုံဒါရိုက်တာက ခပ်ကျယ်ကျယ်ပြောလိုက်လေသည်။
"တစ်လအားလပ်ရက်ဆိုတာက မင်းတို့တွေကို ဘာမှမလုပ်ဘဲ နေခိုင်းတာမဟုတ်ဘူး။ အလည်သွားပြီး ပျော်ပါးစေချင်လို့။ ဒီကာလအတွင်း မင်းတို့တွေ လစာလည်း ပုံမှန်အတိုင်းရနေဦးမှာ"
"အားလပ်ရက်ပေးတဲ့အပြင် လစာကလည်း ရဦးမှာပေါ့"
အလုပ်သမားများမှာ ကိုယ့်နားကိုပင် မယုံနိုင်အောင် ဖြစ်သွားသည်။ သူတို့သူဌေး အပြင်ထွက်ရင်း ကားတိုက်မိပြီး ဦးနှောက်ပျက်သွားပြီလားဟုပင် တွေးနေမိကြသည်။ ဖိတုကန်ဝန်ထမ်းများမှာ သန်းပေါင်းများစွာရှိသည်။ သူတို့၏လစာကလည်း ယွမ်တစ်ဆယ်ဘီလီယံနီးပါးရှိ၏။
"လစာပေးရုံတင်မကဘူး။ နှစ်ဆတောင် တိုးပေးဦးမှာ"
"ဘာ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ဒါရိုက်တာ ကျွန်တော်တို့ကို နောက်မနေပါနဲ့"
အလုပ်သမားများမှာ ပွက်လောရိုက်ကုန်ကြသည်။
"မင်းတို့ အပြင်ထွက်ပြီး စစ်ဆေးကြည့်လို့ရတယ်။ ပိုက်ဆံတွေကို မင်းတို့အကောင့်ထဲတောင် လွှဲပြီးလောက်ပြီ"
"တကယ်လား"
အလုပ်သမားတစ်ယောက်က လိုင်းကျနေသည့်နေရာမှ အပြင်သို့ထွက်သွားပြီးနောက် ဖုန်းကို တန်းဖွင့်လိုက်သည်။ သူ့ဖုန်းထဲသို့ ဘဏ်အကြောင်းကြားစာတစ်စောင် အမှန်တကယ်ရောက်နေပေသည်။
"တစ်သောင်းလေးထောင်တဲ့လား။ တကယ်ကြီး လစာနှစ်ဆလား"
"ငါလည်း တစ်သောင်းသုံးထောင်ကျော်ရတယ်"
"ငါက နှစ်သောင်းနီးနီးရတယ်"
"ဟေ့ကောင်.. မင်း ဘယ်လောက်တောင် အချိန်ပိုဆင်းထားတာလဲ"
...
ပိုက်ဆံတွေက သူတို့လက်ထဲ ရောက်နေသော်ငြား အလုပ်သမားများမှာ ရတက်မအေးဖြစ်နေချေသည်။
"ဒါရိုက်တာ.. တစ်လပြည့်လို့ ပြန်လာရင် ကုမ္ပဏီက ကျွန်တော်တို့ကို အလုပ်ထုတ်ပစ်မှာတော့ မဟုတ်ဘူးမလား"
"ဟားဟားဟား.. စိတ်ချစမ်းပါ"
ဒါရိုက်တာက ပြောလိုက်သည်။
"မနေ့ကပဲ ငါတို့ VRစက်၁.၂ဘီလီယံခုတပ်ဆင်ရေးအတွက် အော်ဒါအကြီးကြီးတစ်ခု ရထားတယ်။ မင်းတို့တွေ လပေါင်းများစွာလောက် အလုပ်များနေမှာတော့ ကျိန်းသေတယ်။ ဒါက တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတာ"
"ဒါဆို ကျွန်တော်တို့က ဘာစောင့်နေသေးတာလဲ။ အလုပ်ဆင်းကြစို့"
"လုပ်လိုက်လေ။ သွားကြစို့"
"ဟေး ဟေး.. စက်တွေ ပိတ်လိုက်တော့"
...
"ဒါဆို ဒီနှစ်အတွက် ထုတ်ကုန်အသစ်တွေ မိတ်ဆက်တာကို ဒီနေရာမှာတင် လက်စသတ်လိုက်တာပေါ့။ ကျေးဇူးတင်ပါတယ်။ မီဒီယာလုပ်ငန်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးကို ထုတ်ကုန်သစ်မိတ်ဆက်ပွဲ တက်ရောက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ခွတ်ရှ်က ပရိသတ်များကို ဦးညွတ်လိုက်ပြီး ယခုနှစ်အတွက် Cashewကုမ္ပဏီ၏ ထုတ်ကုန်သစ်မိတ်ဆက်ပွဲကို လက်ခုပ်သံများအကြား အဆုံးသတ်လိုက်သည်။
"သူဌေး ရေသောက်လိုက်ပါဦး"
သူ့လက်ထောက်က ခွတ်ရှ်အား ရေတစ်ဘူး ကမ်းပေးလာပြီးနောက် သူ့နဖူးထက်ရှိ ချွေးစက်များကို သုတ်ပေးလိုက်သည်။
"သူဌေး. ဒီနေ့ အရမ်းမိုက်နေတယ်နော်။ ကျွန်မတို့ မျှော်မှန်းထားတာထက်တောင် ပိုကောင်းနေတယ်"
"တကယ်လား"
ဤသည်မှာ မြှောက်ပင့်မှုတစ်ခုမှန်း သူသိသော်ငြား ထိုချီးကျူးမှုကို ဝမ်းပန်းတသာလက်ခံလိုက်သည်။
"ကြိုတင်ရောင်းချမှုအခြေအနေကရော ဘယ်လိုရှိလဲ"
"ခဏလေးပါ"
ထိုလက်ထောက်လေးက တက်ဘလက်ပေါ်ရှိ အက်ပ်ကို ဖွင့်လိုက်လေရာ ပမာဏက မြင့်တက်နေချေသည်။
"လက်ရှိလမ်းကြောင်းအရဆိုရင် ကျွန်မတို့ရဲ့ကြိုတင်ရောင်းချမှုက မနှစ်ကထက် ၁၅ရာခိုင်နှုန်းကနေ ၂၀ရာခိုင်နှုန်းလောက် ပိုများပါလိမ့်မယ်"
"သိပ်ကောင်းတယ်"
ခွတ်ရှ်က ကျေနပ်အားရစွာ ပြုံးလိုက်လေသည်။ Cashewကုမ္ပဏီ၏ အမြတ်ငွေ၈၀ရာခိုင်နှုန်းကျော်က Hardwareရောင်းချမှုက ရရှိခြင်းဖြစ်ပြီး ဈေးကွက်ရှယ်ယာမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ၂၀၀ဘီလီယံကျော် ရှိ၏။ အမြတ်ငွေနှစ်ဆတိုးလာခြင်းမှာ နယ်နယ်ရရမဟုတ်ပေ။
"ရောင်းအားတက်လာတာနဲ့အမျှ ထောက်ပံ့ရေးကလည်း လိုက်မီမှဖြစ်မယ်။ ငါတို့ရဲ့ထုတ်ကုန်ပထမဆုံးအသုတ်ကို ဘယ်တော့ပို့ပေးမှာလဲ"
"နောက်လ၂၀ရက်နေ့ပါ"
လက်ထောက်က ပြောလာလေသည်။
"ပုံမှန်အတိုင်း ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ စက်ရုံ၁၈ရုံမှာ ထုတ်လုပ်တပ်ဆင်မှာပါ။ သူတို့တွေအကုန်လုံးက ရေရှည်ပါတနာတွေဖြစ်တဲ့အတွက် ဘာမှပြဿနာမရှိပါဘူး"
"ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီနေ့ပဲ အခြေအနေကို အတည်ပြုရအောင်"
"ဟုတ်ကဲ့ သူဌေး"
အမေရိကန်တွင် ညရှစ်နာရီရှိပြီဖြစ်ရာ ဟွာရှားဘက်တွင်မူ နေ့ခင်းဘက်ဖြစ်၏။ ခွတ်ရှ်၏ ပထမဆုံးဖုန်းခေါ်ဆိုမှုကား ကျန်းချွမ်းထန်ဆီကိုပင်။
"ဟယ်လို မစ္စတာကျန်း အခုပြောနေတာ တီနာပါ"
"ဪ မစ္စတီနာ… ခင်ဗျားတို့ဘက်မှာ ညဉ့်နက်နေပြီမလား။ ဒီအချိန်ကြီးကျမှ ဘာကိစ္စများရှိလို့လဲ"
ကျန်းချွမ်းထန်က အေးအေးလူလူလက်ဖက်ရည်သောက်ရင်း သတင်းကြည့်နေလေသည်။
"ဘာရယ်မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့အော်ဒါပထမအသုတ်က ဘယ်လိုအခြေအနေရှိလဲလို့ မေးချင်လို့ပါ။ အခုလောက်ဆိုရင် ရှစ်ဆယ်ရာခိုင်နှုန်းတော့ ပြီးပြီမဟုတ်လား"
"တောင်းပန်ပါတယ် မစ္စတီနာ.. ကျုပ်တို့တွေ ငါးဆယ်ရာခိုင်နှုန်းလောက်တော့ ပြီးစီးနေပါပြီ"
"ဘာ?"
ဖုန်းတစ်ဖက်တွင်မူ တီနာခမျာ ရုတ်ခြည်းမတ်တတ်ထရပ်လိုက်လေသည်။
"မစ္စတာကျန်း.. ကျွန်မတို့ သဘောတူထားတာ ဒီလိုမဟုတ်ဘူးလေ။ ရှင့်အလုပ်သမားတွေက ပျင်းရိနေကြတာလား။ ဒီလုပ်ငန်းစဉ်ကို ကျွန်မကတော့ တော်တော်မကျေနပ်ဘူးနော်"
"မစ္စတီနာ.. မလောပါနဲ့ဗျာ"
ကျန်းချွမ်းထန်က ဖြည်းဖြည်းချင်းပြောလိုက်လေသည်။
"ကျွန်တော့်အလုပ်သမားတွေက အခုနောက်ပိုင်း အချိန်ပိုတွေဆင်းထားရလို့ တော်တော်ပင်ပန်းနေကြတာ။ သူတို့တွေ ကောင်းကောင်းနားဖို့လိုတယ်။ သူတို့က သားရဲတွေမဟုတ်ဘူးလေ။ ကျုပ်တို့ကလည်း အရင်းရှင်နိုင်ငံမဟုတ်ဘူး။ ဆိုရှယ်လစ်နိုင်ငံဗျ။ လူသားချင်းစာနာမှုကို အရမ်းတန်ဖိုးထားတာ"
"သူတို့ ဘယ်နှရက်လောက် အနားယူရမှာလဲ"
တီနာက အေးတိအေးစက်လေသံဖြင့် မေးလိုက်သည်။
"သိပ်မများပါဘူး။ တစ်လလောက်ပါပဲ"
"တစ်လတဲ့လား။ မစ္စတာကျန်း.. ရှင် ကျွန်မကို အရူးလာလုပ်နေတာလား။ ကျွန်မတို့ထုတ်ကုန်က တစ်လအတွင်း မိတ်ဆက်ပွဲလုပ်တော့မှာ။ ရှင့်ဘက်က ငါးဆယ်ရာခိုင်နှုန်းပဲ ပြီးသေးတယ်။ အခုကျမှ အလုပ်သမားတွေကို အားလပ်ရက်ပေးနေတယ်ပေါ့။ ရှင် လျော်ကြေးပေးချင်လို့လား"
"လျော်ကြေးနည်းနည်းလေးပဲမဟုတ်လား"
ကျန်းမုန့်လောင်၏ အမေရိကန်ဒေါ်လာတစ်ဆယ်ဘီလီယံထဲတွင် ဤလျော်ကြေးလည်း ပါထားပြီးသားပင်။ ယခုမူ လျော်ကြေးငွေဘီလီယံအနည်းငယ်က ကျန်းချွမ်းထန်အတွက် မပြောပလောက်တော့ပေ။
"အချိန်ကျလာရင် လျော်ကြေးတောင်းပေါ့"
"ဒါက ဘာသဘောလဲ မစ္စတာကျန်း"
"ဘာကိုမှဆိုလိုတာမဟုတ်ပါဘူး။ ကျွန်တော်က ကိုယ့်ဝန်ထမ်းကိုယ် ဂရုစိုက်တတ်တဲ့ သူဌေးတစ်ယောက်လေ။ ဘာများမှားလို့လဲ"
"ရှင်က Cashewကုမ္ပဏီကို ဆန့်ကျင်ချင်လို့လား"
တီနာက ခြိမ်းခြောက်လိုက်၏။
"ကျွန်မတို့ဆီက အော်ဒါတွေသာမရှိရင် ရှင်တို့ရဲ့အလုပ်သမားတွေကို ဆက်ထောက်ပံ့နိုင်မှာမဟုတ်ဘူးနော်။ ဒီတော့ ရှင့်အလုပ်သမားတွေအားလုံးကို ချက်ချင်းအလုပ်ပြန်ဆင်းခိုင်းပြီး အချိန်ပိုဆင်းခိုင်းလိုက်"
"သွားသေလိုက်လေ"
ကျန်းချွမ်းထန်မှာ ပြောင်ပြောင်တင်းတင်းပင် ဆဲလိုက်လေသည်။ သူသည် ဤနေ့ကိုရောက်လာဖို့ အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ရခြင်းပင်။
"ကုပ်သွေးစုပ်တဲ့ သောက်အရင်းရှင်တွေ..ကျုပ်တို့ဘက်က လူအင်အားတွေအများကြီး သုံးထားရတာ။ မင်းတို့ကရော ဖုန်းတစ်လုံးစာအတွက် ဘယ်လောက်ပေးထားလဲ။ ဖုန်းတစ်လုံးကို ဒေါ်လာရာဂဏန်းလောက်ပေးရတယ်။ ကျုပ်တို့ကျတော့ တစ်လုံးကို ယွမ်နှစ်ဆယ်လောက်ပဲ ရတယ်။ ကျုပ်တို့ဟွာရှားအလုပ်သမားတွေက အရေးမပါဘူးလို့ ထင်နေတာလား"
"ကျုပ်ပြောမယ်။ ကျုပ် ဆက်မလုပ်တော့ဘူး"
ကျန်းချွမ်းထန်က အော်ပြောလိုက်၏။
"မင်းတို့ရဲ့အမှာစာကို နှစ်လနေမှ လာယူလှည့်။ အဲဒီအတွက် လျော်ကြေးငွေကို ခဏနေရင် မင်းတို့အကောင့်ထဲ လွှဲပေးလိုက်မယ်။ ငါ့ဝန်ထမ်းတွေကို မင်းတို့အမေရိကန်တွေ ဘာမှလာဝေဖန်စရာမလိုဘူး။ လစ်လိုက်တော့"
******************