← Chapters

သူက ဥစ္စာရူးရူးနေတာ

Vol. 40 Ch. 598

သူက ဥစ္စာရူးရူးနေတာ

Vol. 40 Ch. 598

"ဘာတွေဖြစ်နေတာလဲ"

ဖုန်းတစ်ဖက်ရှိ တီနာမှာ ဆွေ့ဆွေ့ခုန်နေလေသည်။

သူ(မ) ကျန်းချွမ်းထန်နှင့် တစ်ကြိမ်နှစ်ကြိမ်မက ဆက်ဆံဖူးသည်။ ချဲ့ကားပြောရမည်ဆိုလျှင် သူတို့၏Cashewကုမ္ပဏီက ဖိတုကန်အတွက် အဓိကအသက်သွေးကြောပင်။ သူတို့၏အော်ဒါများကိုသာ လက်လွှတ်လိုက်ပါက ဝန်ထမ်းများကို လစာပေးဖို့ မဆိုထားနှင့်။ ကုမ္ပဏီပင် ပြိုလဲသွားနိုင်လေသည်။

သူ(မ)က ခွတ်ရှ်၏လက်ထောက်လေးမျှသာဖြစ်သော်ငြား ဧကရာဇ်ဘေးရှိ မိန်းမစိုးတစ်ယောက်ကပင် နိုင်ငံတစ်နိုင်ငံကို ဝရုန်းသုန်းကားဖြစ်အောင် လုပ်နိုင်စွမ်းရှိသည်ဖြစ်ရာ Cashewကုမ္ပဏီစီအီးအို၏လက်ထောက်ဆိုသည်မှာ လူတိုင်းလုပ်နိုင်သောအရာမဟုတ်ပေ။ သူ(မ)၏နောက်ခံနှင့် အရည်အချင်းများက ထူးချွန်လှသောကြောင့် တီနာသည် ခွတ်ရှ်ကို ကိုယ်စားပြုနိုင်ပေသည်။

ထို့ကြောင့် ကျန်းချွမ်ထန်ကလည်း ဤလက်ထောက်ကို သတိကြီးကြီးထားပြီး အနည်းငယ်ခယနေခဲ့ရသည်။ သူသာ ဤမိန်းကလေးကို စော်ကားမိပါက သူ(မ)၏စကားတစ်ခွန်းမျှဖြင့် ထုတ်လုပ်ရေးကန်ထရိုက်မှာ အခြားလူ၏လက်ထဲသို့ ရောက်သွားနိုင်သည်။

ကမ္ဘာကြီးတွင် ဘာများချို့တဲ့နေလေသလဲ။ ထုတ်လုပ်သူများမှာ ပြတ်လပ်နေလေသလား။

သို့သော် ယနေ့တွင်မူ ကျန်းချွမ်းထန်၏သဘောထားက သူ(မ)၏မျှော်မှန်းချက်ထက် ကျော်လွန်နေခဲ့သည်။ သူသည် ဘာကိုမှဂရုမစိုက်တော့ဟန်ဖြင့် သူ(မ)ကို ပြောဆိုသွားသည်။

"ကျန်းချွမ်းထန် ရူးသွားပြီလား"

တီနာတစ်ယောက အံတင်းတင်းကြိတ်လျက် ပြောလိုက်သည်။

"ဘာဖြစ်တာလဲ။ မင်း ဘာလို့ ဒီလောက်အထိစိတ်တိုနေတာလဲ။ တစ်ခုခုဖြစ်လို့လား"

ခွတ်ရှ်လည်း ရုတ်ခြည်းဆိုသလို ရတက်မအေးတော့ပေ။

"သူဌေး.. ဖိတုကန်ဘက်က တစ်ခုခုတော့လွဲနေပြီ"

တီနာက အမှန်အတိုင်း တင်ပြလိုက်၏။

"ဘာကြောင့်မှန်းတော့မသိဘူး။ ကျန်းချွမ်းထန်က သူ့ဝန်ထမ်းတွေကို တစ်လ အနားပေးလိုက်တယ်တဲ့။ အခုလက်ရှိအထိ ကုန်ထုတ်လုပ်ရေးကလည်း ငါးဆယ်ရာခိုင်နှုန်းပဲ ပြီးသေးတယ်"

"တစ်လတောင်လား။ ငါတို့ထုတ်ကုန်တွေက တစ်လအတွင်း မိတ်ဆက်ရတော့မှာ။ အဲဒီအချိန်အထိ စောင့်နေလို့ရမှာတဲ့လား"

ခွတ်ရှ်လည်း ဒေါသတကြီးအော်ဟစ်လိုက်သည်။

"မင်း အခြေအနေကို ဘယ်လိုစောင့်ကြည့်နေတာလဲ"

"သူဌေး.. ကျွန်မလည်း ဒီလိုဖြစ်လာမယ်လို့ ထင်မထားဘူး။ လွန်ခဲ့တဲ့နှစ်ရက်လောက်ကပဲ ဖိတုကန်က တာဝန်ရှိသူနဲ့ ဗီဒီယိုကောပြောခဲ့သေးတယ်။ သူတို့ရဲ့ဝန်ထမ်းတွေက အဆိုင်းသုံးဆိုင်းခွဲပြီး အလုပ်လုပ်နေကြတာမို့ အချိန်မီပေးနိုင်မှာပါလို့ အာမခံခဲ့ပါတယ်"

"တကယ်လို့ ပြဿနာတစ်ခုခုရှိတယ်ဆိုရင်လည်း ဒီနှစ်ရက်အတွင်း ဖြစ်သွားတာပဲနေမယ်…"

တီနာ အတွေးများရလေတော့သည်။

"မင်းပြောချင်တာက ဒီနှစ်ရက်အတွင်း တစ်ယောက်ယောက်က ဖိတုကန်ကို နှောင့်ယှက်နေတာလား'

"ဟုတ်ပါတယ်"

တီနာက ပြောလိုက်၏။

"ဖိတုကန်က လူတွေက ကျွန်မတို့ရဲ့အမိန့်ကို အမြဲနာခံခဲ့ပါတယ်။ ထူးခြားတဲ့အကြောင်းပြချက်မရှိဘဲ ပူးပေါင်းဆောင်ရွက်မှုကို ရုပ်သိမ်းမှာမဟုတ်ပါဘူး။ သူတို့ဘက်က အခုလိုသဘောထားမျိုးကို ပြလာတာက ရေရှည်လုပ်ကိုင်ရမဲ့ အထူးအော်ဒါတွေ ရထားလို့ပဲဖြစ်ရမယ်။ ကျွန်မတို့ဘက်က သူတို့ကို အမြတ်အစွန်းဘက်မှာ ဖိနှိပ်ထားခဲ့တာတော့ ရှိပါတယ်။ ဒါကို သူ မကျေမနပ်ဖြစ်နေတာ တော်တော်ကြာပြီ"

"အဲဒါကြောင့် မဟုတ်ဘူးဆိုရင် တစ်ယောက်ယောက်၏ လှုံ့ဆော်မှုကြောင့်ပဲဖြစ်ရမယ်"

တီနာက ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။

"ဟွားဝေ့လား။ သူတို့လည်း မနေ့ကမှ ထုတ်ကုန်သစ်မိတ်ဆက်ပွဲ လုပ်လို့ပြီးသွားတာ။ သူတို့ရဲ့ထုတ်ကုန်က ကျွန်မတို့ထုတ်ကုန်နဲ့ ယှဉ်ပြိုင်နိုင်စွမ်းမရှိဘူး။ ဒီတော့ ကျွန်မတို့ရဲ့ထောက်ပံ့ရေးလုပ်ငန်းကိုဖြတ်တောက်ပြီး တိုက်ခိုက်ဖို့ကြံနေတာများလား"

"ဟွားဝေ့မဖြစ်နိုင်ဘူး"

ခွတ်ရှ်က ပြောလိုက်၏။

"သူတို့မှာ ကိုယ်ပိုင်စက်ရုံတွေရှိတယ်။ ဒီတော့ သူတို့အနေနဲ့ ဖိတုကန်ကို အော်ဒါတွေပေးဖို့မဖြစ်နိုင်ဘူး။ ပြီးတော့ သူတို့သာ ငါတို့ကို ဒီလိုနည်းလမ်းမျိုးနဲ့ တိုက်ခိုက်ချင်တယ်ဆိုရင် ကုန်ကျစရိတ်က တော်တော်များလွန်းတယ်"

ခွတ်ရှ်က ဉာဏ်နီဉာဏ်နက်များသော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပင်။

"ဖိတုကန်ကုမ္ပဏီမှာ အလုပ်သမားအယောက်တစ်သန်းရှိတယ်။ အကုန်လုံးကို အားလပ်ရက်ပေးလိုက်တယ်ဆိုရင် ဒီတစ်လအတွက် ကုန်ကျစရိတ်က ယွမ်တစ်ဆယ်ဘီလီယံကျော်လောက်ရှိတယ်။ ပြီးတော့ ငါတို့ကိုလည်း လျော်ကြေးပေးရဦးမှာ။ ဒီလောက်များတဲ့ ကုန်ကျစရိတ်မျိုးကို ဟွားဝေ့က တတ်နိုင်မှာမဟုတ်ဘူး"

"တခြားကုမ္ပဏီတွေကို အရင်မေးကြည့်လိုက်။ ဖိတုကန်က အော်ဒါငါးဆယ်ရာခိုင်နှုန်းပဲ ပြီးသေးတယ်။ တခြားကန်ထရိုက်စက်ရုံတွေကတော့ ဘာပြဿနာမှရှိလို့မဖြစ်ဘူး။ ငါတို့သာ အချိန်မီမပို့နိုင်ရင် ဝယ်သူတွေကို လျော်ကြေးပေးရတာနဲ့တင် တော်တော်ကုန်မှာ။ ငါတို့ကုမ္ပဏီရဲ့ဂုဏ်သတင်းလည်း တော်တော်ထိခိုက်နိုင်တယ်"

တီနာလည်း ကျန်ကန်ထရိုက်စက်ရုံများ၏ သူဌေးများကို ချက်ချင်းဖုန်းခေါ်လိုက်၏။

သို့သော် သူ(မ)၏အမူအရာမှာ တဖြည်းဖြည်းပျက်ယွင်းလာပြီး အဆုံးမှာမူ သူ(မ)ခမျာ အားမရှိတော့သလို ခံစားရသည်။

"သူဌေး… တခြားစက်ရုံတွေလည်း ရပ်ထားတယ်တဲ့"

တီနာက ပြောလာချေသည်။

"သူတို့ရဲ့အကြောင်းပြချက်ကလည်း အတူတူပဲ။ သူတို့ရဲ့အလုပ်သမားတွေကို အားလပ်ရက်ပေးထားတာမို့ ကန်ထရိုက်စက်ရုံတွေအားလုံးနီးပါးမှာ ပြုပြင်ထိန်းသိမ်းရေးအင်ဂျင်နီယာနည်းနည်းနဲ့ သန့်ရှင်းရေးသမားတွေကလွဲပြီး ဘယ်သူမှမရှိပါဘူး"

"ဘာတွေဖြစ်နေတာလဲ"

ပို့ဆောင်ရန် တစ်လသာလိုတော့သည့်အချိန်တွင် စက်ရုံများကို အစားထိုးလိုက်မည်ဆိုလျှင်ပင် အော်ဒါလက်ခံနိုင်မည့်စက်ရုံကို ရှာတွေ့ဖို့ ရက်အတော်ကြာအောင် ရှာရပေလိမ့်မည်။ ထို့ပြင် သူတို့၏ထုတ်လုပ်ရေးကုန်ကြမ်းပစ္စည်းများမှာ ထိုကုမ္ပဏီများ၏ ဂိုဒေါင်ထဲတွင် စုပုံနေချေသည်။ သို့ဖြစ်လေရာ လွှဲပြောင်းဖို့မှာ မဖြစ်နိုင်ချေ။ စာချုပ်ချုပ်ဆိုမှု၏ ရှုပ်ထွေးလှသော အဆင့်များကို ပြောနေစရာပင် မလိုတော့ချေ။ တစ်လအတွင်း ထုတ်လုပ်မှုစတင်နိုင်ရန်ပင် မဖြစ်နိုင်ပေ။

"သူတို့ကိုပြောလိုက်။ အလုပ်သမားကို ချက်ချင်းအလုပ်ပြန်မဆင်းခိုင်းဘူးဆိုရင် နောက်နောင် ငါတို့Cashewကုမ္ပဏီကနေ အော်ဒါတွေရဖို့ မမျှော်လင့်နဲ့တော့လို့"

ခွတ်ရှ်က ဒေါသတကြီးအော်ဟစ်လိုက်သည်။

"သူဌေး..ကျွန်မ သူတို့ကိုပြောပြီးပါပြီ။ ဒါပေမဲ့ သူတို့က ဒီအပြောင်းအလဲလောက်လေးနဲ့ ဘာမှမထူးဘူးလို့‌ ပြောနေကြတယ်။ သူတို့‌ အော်ဒါအသစ်တွေရထားပြီးပြီတဲ့။ ဝန်ထမ်းတွေ အားလပ်ရက်ပြည့်လို့ ပြန်လာတာနဲ့ ထုတ်လုပ်မှုကို စတင်တော့မှာတဲ့။ ကျွန်မတို့ရဲ့အော်ဒါတွေ ရှိမရှိဆိုတာက သူတို့အတွက် အရေးမကြီးဘူးတဲ့"

"ဘာ? ဟာသပဲ။ တခြားဘယ်ကုမ္ပဏီကများ ဒီလိုအော်ဒါအများကြီးကို‌ ထောက်ပံ့ပေးနိုင်မှာလဲ။ တစ်ကမ္ဘာလုံးက ငါတို့ထုတ်ကုန်တွေကို သုံးနေကြတာ။ ငါတို့မှာပဲ ဒီလိုရောင်းနိုင်စွမ်းမျိုးရှိတာ"

"သူတို့က VRစက်ပစ္စည်းတွေ ထုတ်လုပ်ဖို့ အော်ဒါရထားတယ်လို့ ပြောပါတယ်။ စက်တစ်လုံးအတွက်ရတဲ့ အမြတ်အစွန်းက ကျွန်မတို့ဆီက ရတဲ့အမြတ်ထက် နှစ်ဆနီးပါးပိုများတယ်တဲ့"

"VRစက်ပစ္စည်းလား"

ထိုအချိန်မှာတော့ ခွတ်ရှ် သဘောပေါက်သွားလေသည်။

"ဒီကိစ္စကို ကြိုးကိုင်တဲ့လူက ဘယ်သူလဲဆိုတာ ငါသိပြီ"

ယခု ကမ္ဘာတစ်လွှားတွင် ပြောဆိုနေကြသည့် VRစက်များမှာ ကျန်းမုန့်လောင်၏စက်များပင်။ ဈေးနှုန်းက ယွမ်နှစ်ရာမျှသာ ရှိသော်ငြား ထောင်ချီတန်သော VRစက်များထက် ပိုသာသည်။

သူတို့၏Cashewကုမ္ပဏီက Hardwareစက်ပစ္စည်းများကို ထုတ်လုပ်သည်ဖြစ်ရာ လမ်းကြောင်းတချို့မှတစ်ဆင့် VRစက်ပစ္စည်းနမူနာတစ်ခုကို ရထားကြသည်။ စက်ပစ္စည်း၏စွမ်းဆောင်ရည်က သူတို့မျှော်မှန်းထားသည်ထက်ပင် ပိုသာလွန်နေချေသည်။ ယွမ်နှစ်ရာတန်စက်ပစ္စည်းတစ်ခုက ယခုလိုစွမ်းဆောင်ရည်မျိုး ရှိနေခြင်းမှာ မယုံနိုင်စရာပင်။

သူတို့၏Cashewကုမ္ပဏီက ပိုများသော ကုန်ကျစရိတ်ဖြင့် ရင်းနှီးမြှုပ်နှံလျှင်ပင် ဤသို့လုပ်နိုင်မည်မဟုတ်ချေ။

မကြာသေးခင်ကပင် သူသည် မာဟွားနှင့် တင်းဆန်ရှီတို့၏တောင်းဆိုမှုများကို ပယ်ချခဲ့သည်။ ထို့ပြင် ဤဂိမ်းတွင် ကျန်းမုန့်လောင်က ငွေကြေးထောက်ပံ့ထားသည်ဟု သိထားသဖြင့် ဤသည်မှာ ကျန်းမုန့်လောင်၏လက်ချက်ဖြစ်ကြောင်း သိသာလှသည်။ အခြားမည်သူကမှ ဤသို့လုပ်နိုင်မည်မဟုတ်ပေ။

Cashewကုမ္ပဏီနှင့် အချင်းများနိုင်သူ၊ ချမ်းသာကြွယ်ဝပြီး ထင်တိုင်းကြဲနိုင်သူမှာ ဤကမ္ဘာပေါ်တွင် နောက်တစ်ယောက်ရှိနိုင်ဦးမည်လား။

"ဒီကုမ္ပဏီတွေရဲ့ ဝန်ထမ်းတွေက စုစုပေါင်းငါးသန်းလောက်ရှိတယ်။ တစ်လတိတိ အားလပ်ရက်ပေးလိုက်မယ်ဆိုရင် ဟွာရှားယွမ်ငါးဆယ်ဘီလီယံလောက်ကုန်မှာ။ စာချုပ်ဖောက်ဖျက်မှုအတွက် လျော်ကြေးငွေကိုပါ ထပ်ပေါင်းလိုက်ရင်…သူ့ပိုက်ဆံတွေက မိုးပေါ်က ကျလာတာမို့လို့လား"

"သူဌေး… မမေ့နဲ့နော်။ အမေရိကန်မှာရှိတဲ့ ကျွန်မတို့ရဲ့အလုပ်သမားဈေးကွက်ကို ဖျက်ဆီးဖို့အတွက် သူက အဲဒီအလုပ်သမားတွေကို ဖောင်ဒေးရှင်းတစ်ခုထောင်ပြီး ထောက်ပံပေးခဲ့တယ်။ ဟွာရှားငွေဘီလီယံနည်းနည်းလောက်ကတော့ သူ့အတွက် အကြွေသာသာပဲရှိတာ"

"ပြီးတော့ သူ့အော်ဒါတွေက သန်းလေးဆယ်ကနေ သန်းပေါင်းရာဂဏန်းအထိ ရှိတယ်။ ဒီလောက်စက်တွေအများကြီးကို ရောင်းနိုင်မယ်များ ထင်နေတာလား"

ခွတ်ရှ်ကတော့ ဤသည်ကို ယုတ္တိမရှိဘူးဟုသာ ထင်မိသည်။ သူတို့၏ Cashewထုတ်ကုန်များကို တစ်ကမ္ဘာလုံးက အသုံးပြုနေကြသည်။ သို့တိုင် ဤမျှများပြားလှသော စက်ပစ္စည်းများကို တစ်နှစ်အတွင်း ရောင်းနိုင်မည်ဟု သူ အာမမခံနိုင်ပေ။

မိုးကြိုးစစ်ဆင်ရေးဂိမ်းက နိုင်ငံတကာတွင် ဖြန့်ချိခြင်းမရှိသေးသည်ကို ထည့်တွက်ပါက လက်ရှိ ပြည်တွင်းအဆင့်မျှဖြင့်ဆိုပါက အော်ဒါပမာဏမှာ အများဆုံး သန်းဆယ်ဂဏန်းခန့်သာ ရှိမည်မဟုတ်လား။ ထပ်တိုးလိုက်မည်ဆိုပါလျှင် သန်းတစ်ရာဆိုသည်မှာ အမြင့်ဆုံးပင်။

ကျန်စက်ပစ္စည်းများကို မည်သို့လုပ်မည်နည်း။ ဂိုဒေါင်ထဲမှာ ပုံထားမှာလား။ ဤသည်မှာ အရှုံးပေါ်ခြင်းသာဖြစ်၏။

"သူဌေး.. ကျွန်မတို့ ဒီဟွာရှားလူမျိုးရဲ့အမြင်က ကြည့်ဖို့လိုမယ်ထင်တယ်"

တီနာက ပြောလိုက်၏။

"စက်ပစ္စည်းတစ်လုံးကို နှစ်ရာ။ သူ့ဘက်က ဘာအမြတ်မှမယူဘဲ အကုန်ပေးလိုက်ရင်တောင် ကုန်ကျစရိတ်က ဘယ်လောက်ရှိနိုင်မှာလဲ။ အလုံးသန်းတစ်ရာဆိုရင် နှစ်ဆယ်ဘီလီယံပဲရှိတာ။ အလုံးတစ်ဘီလီယံဆိုရင် နှစ်ရာဘီလီယံရှိမယ်။ တကယ်လို့ သူသာ အဲဒီကုမ္ပဏီတွေကို ထောက်ပံ့ပေးဖို့အတွက် တစ်နှစ်ကို နှစ်ရာဘီလီယံသုံးမယ်ဆိုရင် သူ့အတွက် ဘာရမှာလဲ"

"သူ ရူးနေတာလား"

တီနာ၏ ခွဲခြမ်းစိတ်ဖြာချက်ကို ကြားလိုက်ရသောအခါ ဤကိစ္စမှာ ကျန်းမုန့်လောင်တစ်ယောက်တည်းသာ လုပ်နိုင်သည့် ကိစ္စတစ်ခုဖြစ်သည်ဟု ခံစားလိုက်ရသည်။ ချစ်ပ်ပြားအကျပ်အတည်းကိစ္စကိုပင် သူ ပြန်အမှတ်ရလိုက်သည်။ ကျန်းမုန့်လောင်က ဆီလီကွန်မွန်းလိုက်ကုမ္ပဏီတစ်ခုလုံးကို ရန်ပုံငွေထောက်ပံ့ခဲ့သည်မဟုတ်လား။ အလုပ်ဖြုတ်ခြင်းနှင့် လစာဖြတ်ခြင်းမျိုး မရှိရုံတင်မကဘဲ လစာပင် တိုးပေးလိုက်သေးသည်။ သူက ပိုက်ဆံကို ဘယ်နားထားရမှန်း မသိလောက်အောင်အထိ ချမ်းသာသည်။

"သူဌေး… ကျန်းမုန့်လောင်က တကယ်ရူးနေတာဖြစ်နိုင်တယ်"

တီနာခမျာ ကူကယ်ရာမဲ့စွာပြုံးလျက် ပြောလိုက်လေသည်။

"သူရူးတာက ဥစ္စာရူးရူးနေတာ။ သူစိတ်တိုတာနဲ့ တစ်ဖက်လူကို ပြန်မတိုက်ခိုက်နိုင်တော့တဲ့အထိ ငွေနဲ့ပစ်ပေါက်တာ။ ဒါက ကုလို့မရတဲ့ရောဂါတစ်ခုပဲ"

*****************

All Chapters