← Chapters

ကျုပ်ချစ်သူက စိန်သေးသေးလေးတွေကို စိတ်မဝင်စားဘူး

Vol. 40 Ch. 599

ကျုပ်ချစ်သူက စိန်သေးသေးလေးတွေကို စိတ်မဝင်စားဘူး

Vol. 40 Ch. 599

"အခုနေ ကန်ထရိုက်ထုတ်လုပ်သူအသစ်ကိုရှာရင် အချိန်ဘယ်လောက်ကြာမလဲ"

ယခုမှ ဒေါသထွက်နေလည်း ဘာမှအသုံးဝင်မည်မဟုတ်ပေ။

"အမြန်ဆုံးဆိုရင်တောင် နှစ်ပတ်လောက်တော့ ကြာပါလိမ့်မယ်"

တီနာက ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်မတို့ရဲ့ထုတ်လုပ်ရေးပစ္စည်းတွေအားလုံးက အခုလောလောဆယ် ဖိတုကန်လို စက်ရုံတွေမှာ ရှိနေတာပါ။ ဒီနေ့ ကန်ထရိုက်ထုတ်လုပ်သူအသစ်နဲ့ သဘောတူညီချက် ရလိုက်ရင်တောင် လုပ်ငန်းစဉ်ကို နှောင့်နှေးအောင်လုပ်ဖို့ သူတို့ဘက်က အကြောင်းပြချက်အမျိုးမျိုး ရှာနိုင်ပါတယ်"

"ပြီးတော့ ကျန်းမုန့်လောင်က ဖိတုကန်လို ကုမ္ပဏီတွေကိုပါ နာခံလာအောင် လုပ်နိုင်စွမ်းရှိတယ်ဆိုရင် တခြားကုမ္ပဏီတွေကိုလည်း ကျွန်မတို့ရဲ့အော်ဒါတွေကို ငြင်းပယ်ဖို့ အသာလေးစည်းရုံးနိုင်မှာပဲ။ သူ့ရဲ့ငွေသားပိုင်ဆိုင်မှုက ကျွန်မတို့Cashewကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးထက်တောင် ပိုများနေနိုင်ပါတယ်"

"မင်းပြောချင်တာက ငါတို့ဘက်က သူနဲ့ ပြန်ပြေလည်အောင်လုပ်ဖို့ပဲ ရှိတော့တာလား"

ခွတ်ရှ်က မေးလိုက်လေသည်။

"သူဌေး... လက်ရှိအခြေအနေမှာ သူတို့က ဒီဂိမ်းမရှိရင်တောင် ရှင်သန်နိုင်ပေမဲ့ ကျွန်မတို့ကတော့ ကန်ထရိုက်ထုတ်လုပ်သူ မရှာနိုင်ဘူးဆိုရင် ဆက်ရှင်သန်နိုင်မှာမဟုတ်ဘူး"

ဤသည်မှာ လက်ခံဖို့ခက်ခဲသော အမှန်တရားဖြစ်သော်လည်း သူတို့၏ငွေကြေးအင်အားက နိုင်ငံတစ်နိုင်ငံလုံးကိုပင် ဖြုတ်ချနိုင်သည်။ Cashewကုမ္ပဏီက အထင်ကြီးဖို့ကောင်းသော်ငြား နိုင်ငံတစ်နိုင်ငံနှင့်တော့ ယှဉ်နိုင်ပါ့မလား။

"သူဌေး... ဒါက ကျွန်မတို့အတွက် အခွင့်အရေးတစ်ခု ဖြစ်နိုင်တယ်လို့ တွေးမကြည့်ဖူးဘူးလား"

"ဘာကိုဆိုလိုချင်တာလဲ"

ခွတ်ရှ်၏မျက်လုံးများမှာ အရောင်တောက်သွားချေသည်။ သူ့လက်ထောက်သည် စိတ်ကူးအကြံဉာဏ်များဖြင့် ပြည့်နှက်နေသူတစ်ဦးပင်။ သူ(မ)က သူ့နှင့်အတူ အလုပ်စလုပ်ကတည်းက အဓိပ္ပာယ်ရှိသော အကြံပြုချက်များကို မကြာခဏပေးလေ့ရှိရာ ခွတ်ရှ်ကလည်း သူ(မ)၏စကားကို နားထောင်ရန် စိတ်ဝင်တစားရှိသည်။

"ကျွန်မတို့ရဲ့ Cashewကုမ္ပဏီက အင်တာနက်ကုမ္ပဏီတစ်ခုဆိုပေမဲ့ လက်ရှိဝင်ငွေရဲ့ ၈၀ရာခိုင်နှုန်းကျော်က Hardwareရောင်းအားကနေ လာတာပါ။ Softwareရောင်းအားက ၂၀ရာခိုင်နှုန်းအောက်ပဲ ရှိတယ်ဆိုတာ သူဌေးလည်း ကောင်းကောင်းသိမှာပါ။ အင်တာနက်ကုမ္ပဏီတွေထဲမှာ ဒီလိုအခြေအနေမျိုးက တော်တော်ရှားပါတယ်"

"ဆက်ပြော!"

"အခုလောလောဆယ်တော့ တစ်ကမ္ဘာလုံးက ဟွာရှားရဲ့ဂိမ်းတွေကို ပိတ်ပင်နေကြပေမဲ့ ကျေးဇူးပြုပြီး ကျွန်မကိုယုံပါ။ ကျွန်မရဲ့ အလိုလိုသိစိတ်က ဟွာရှားဂိမ်းတွေဟာ အောင်မြင်ရုံတင်မကဘဲ ကမ္ဘာတစ်ဝန်းမှာပါ အမြန်ဆုံးနှုန်းနဲ့ ရေပန်းစားလာလိမ့်မယ်လို့ ပြောနေတယ်"

"အဲ့ဒါကိုတော့ သံသယမရှိပါဘူး"

ခွတ်ရှ်ကိုယ်တိုင်လည်း "မိုးကြိုးစစ်ဆင်ရေး"ဂိမ်း၏ ဒေတာကို ကြည့်ထားပြီးဖြစ်၏။ ယခုအချိန်အထိ ဂိမ်း၏ဒေါင်းလုတ်ဆွဲမှုပမာဏက သန်း၂၀ကျော်နေလေပြီ။ ထို့ပြင် မြင့်တက်လာသည့်ပမာဏကြောင့် လိုင်းကလည်း အနည်းငယ်သာ နှေးကွေးပေသည်။ ဤဒေါင်းလုတ်ဆွဲမှုပမာဏမှာ လက်ရှိမိုဘိုင်းဂိမ်းအားလုံးကိုပင် ကျော်လွန်နေချေပြီ။

"တွေးကြည့်လိုက်ပါ... ကွန်ပျူတာဂိမ်းတွေကတောင် ဒီလိုဖြစ်နေတယ်ဆိုရင် မိုဘိုင်းဂိမ်းတွေဆိုရင် ဘယ်လောက်အထိ ရေပန်းစားလာလိုက်မလဲ"

"ကျွန်မမှတ်မိသလောက်တော့ ဒီကြာချိန်အတွင်းမှာပဲ 'League of Legends'ကို ဟွာရှားမှာ ကိုးသန်းလောက် ဒေါင်းလုတ်လုပ်ခဲ့ကြပြီး 'Honor of Kings'လို့ခေါ်တဲ့ ဟွာရှားမိုဘိုင်းဂိမ်းကတော့ ၁၃သန်းလောက် ရှိတယ်မဟုတ်လား"

"ဟုတ်တယ်!"

တီနာက ခွဲခြမ်းစိတ်ဖြာမှုကို ဆက်လုပ်ပြန်လေသည်။

"ဒီဂိမ်းရဲ့စွမ်းဆောင်ရည်က ဈေးကွက်ထဲက ဂိမ်းတွေအားလုံးကို ကျော်တက်သွားပါပြီ။ ဒီတော့ တစ်ကမ္ဘာလုံးမှာပါ ရေပန်းစားလာ​တော့မှာပါ။ ပြီး​တော့ VRဂိမ်းတွေ ခေတ်စားလာတာက ခေတ်တစ်ခေတ်ရဲ့ ခေတ်ရေစီးကြောင်းပဲလေ"

"အဲဒါကို ငါယုံပါတယ်"

လူသားများ၏ ဖျော်ဖြေရေးလိုအပ်ချက်များ မြင့်တက်လာသည်နှင့်အမျှ ကွန်ပျူတာနှင့် မိုဘိုင်းများရှိ တိုက်ခိုက်မှုများက သူတို့၏လိုအပ်ချက်များကို မဖြည့်ဆည်းနိုင်တော့ပေ။ အာရုံခံဂိမ်းများနှင့် VRဂိမ်းများ ပေါ်ပေါက်လာခြင်းမှာ ဤခေတ်ရေစီးကြောင်း၏သက်သေပင်။

"ကျွန်မသာ ပေါင်လဲ့ဂိမ်းကုမ္ပဏီရဲ့သူဌေးဆိုရင် အဲ့ဒီနည်းလမ်းမျိုးနဲ့ ဒီဂိမ်းရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ဖိနှိပ်မှာမဟုတ်ဘူး။ အဲဒီအစား သူတို့ရဲ့ ဖြန့်ချိရေးကိုယ်စားလှယ်ဖြစ်လာနိုင်မဲ့ နည်းလမ်းတိုင်းကို ရှာဖွေနေမှာ။ ဖြန့်ချိမှုအခွင့်အရေးကို ရလိုက်တာက အမြဲတမ်း ဝင်ငွေရမယ့် ရေပိုက်ခေါင်းတစ်ခုကို ဖွင့်လိုက်သလိုပါပဲ။ ပြီးတော့ ကျွန်မတို့ရဲ့ ဂိမ်းတီထွင်ဖွံ့ဖြိုးမှုအဆင့်အတွက် အထောက်အကူပြုနိုင်မယ့်ကုတ်တချို့ကိုလည်း ရနိုင်တယ်"

"ဒါဆို မင်း ဘယ်လိုပူးပေါင်းဆောင်ရွက်ဖို့ အကြံပြုချင်လဲ"

"သူတို့က မိုဘိုင်းဈေးကွက်နဲ့ နိုင်ငံခြားဈေးကွက်ကို ဝင်ချင်တယ်။ ကျွန်မတို့ဘက်မှာ ပလက်ဖောင်း၊ လမ်းကြောင်းနဲ့ အရင်းအမြစ်တွေရှိတယ်။ ကျွန်မတို့ နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးကို လုပ်နိုင်တယ်လေ။ ဈေးကွက်လမ်းကြောင်းကို ပိတ်ဆို့တာက အမိုက်မဲဆုံးလုပ်ရပ်တစ်ခုဆိုတာကို သမိုင်းတစ်လျှောက် အကြိမ်ကြိမ်အခါခါ သက်သေပြထားပြီးသားပါ"

ခွတ်ရှ်ခမျာ အတွေးနက်သွားရလေသည်။

ဤဂိမ်းအတွက် လုပ်ဆောင်ခဲ့သော အစီအစဉ်များမှာ ပေါင်လဲ့ဂိမ်းကုမ္ပဏီကဲ့သို့ ဂိမ်းတီထွင်သူများက သူ့ထံသို့ ချဉ်းကပ်လာခဲ့ပြီးနောက် ဆုံးဖြတ်ခဲ့ခြင်းပင်။ အမေရိကန်လူမျိုးတစ်ယောက်အနေနှင့် ဟွာရှားနိုင်ငံက ဂိမ်းလုပ်ငန်းကို လွှမ်းမိုးထားသည့်အဖြစ်မျိုးကို မဖြစ်စေချင်ခဲ့​ပေ။

သို့သော် သူ အချက်တစ်ချက်ကို မေ့သွားခဲ့သည်။ သူသည် စီးပွားရေးသမားတစ်ယောက်ဖြစ်သည်။ စီးပွားရေးသမားများမှာ နိုင်ငံ့အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရန် မလိုချေ။ သူတို့အတွက် ပိုက်ဆံဘယ်လောက်ရှာနိုင်မလဲဆိုတာကသာ အရေးအကြီးဆုံးဖြစ်၏။

"ကျန်းမုန့်လောင်နဲ့ ညစာအတူစားနိုင်ဖို့ စီစဉ်ပေး။ သူ့ကို ငါ့အိမ်ကို ဧည့်သည်အဖြစ်ဖိတ်လိုက်။ မြန်လေကောင်းလေပဲ"

...

"မစ္စတာကျန်း... ယွမ်ငါးဆယ်ဘီလီယံကျော်ကို ဒီလိုမျိုးပေးပစ်လိုက်တာက တော်တော်သတ္တိရှိတဲ့လုပ်ရပ်ပဲဗျာ။ ခင်ဗျားက တော်တော်ရက်ရောတာပဲ!"

ကျန်းမုန့်လောင်၏ လုပ်ရပ်များအကြောင်း ကြားလိုက်ရပြီးနောက် မာဟွားနှင့် တင်းဆန်ရှီတို့နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။

ကျန်းမုန့်လောင်သည် သူ့နည်းလမ်းနှင့် အရင်းအမြစ်များကိုသုံးပြီး ကန်ထရိုက်ထုတ်လုပ်သူအနည်းငယ်ကို ကန့်သတ်ရုံလောက်သာ လုပ်မည်ဟု သူတို့ထင်ထားခဲ့ကြသည်။ သို့သော် ငါးရာဘီလီယံကျော်ကို ထုတ်သုံးပြီး ထိုကုမ္ပဏီများရှိ အလုပ်သမားများကို အားလပ်ရက်ရှည်ကြီး ပေးလိုက်လိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။

ငါးရာဘီလီယံ! တင်းဆန်ရှီပင်လျှင် ဤမျှများပြားလှသော ပမာဏမျိုးကိုရရန်အတွက် သူ့ပိုင်ဆိုင်မှုအားလုံးကို ရောင်းချပစ်ရလိမ့်မည်။

"ဘာမှရက်ရောတာမဟုတ်ဘူး"

ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။

"ဒီတစ်လအတွင်း အဲ့ဒီအလုပ်သမားတွေ ခရီးသွားမယ့်လမ်းကြောင်းကို ကျုပ်ပဲ သတ်မှတ်ပေးလိုက်တာ။ ခရီးသွားတယ်ဆိုရင် ပိုက်ဆံသုံးရမှာပဲ။ နိုင်ငံထဲက ခရီးသွားလုပ်ငန်း၈၀ရာခိုင်နှုန်းကျော်ကို ကျုပ်ပဲပိုင်တာ။ ဒီပိုက်ဆံက ကျုပ်ရဲ့အိတ်ကပ်တစ်ခုကနေ နောက်တစ်ခုဆီကို ရွေ့သွားတာပဲရှိတယ်"

တင်းဆန်ရှီနှင့် မာဟွားတို့ခမျာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး တစ်ပြိုင်တည်း မျက်ဆန်လှန်လိုက်မိကြသည်။

ချမ်းသာတဲ့သူတွေက တကယ့်ကို အားကျစရာပါပဲလား။

"သြော်"

ကျန်းမုန့်လောင်က သူ့ဖုန်းကိုကြည့်ရင်း ရယ်လိုက်လေသည်။

"ဘာများလဲ မစ္စတာကျန်း။ သတင်းကောင်း ရှိလို့လား"

"ခွတ်ရှ်က ဒီပိတ်ရက်မှာ သူ့အိမ်ကိုလာလည်ဖို့ ကျုပ်ကို ဖိတ်နေတယ်"

ကျန်းမုန့်လောင်က ပြုံးစစဖြင့် ပြောလိုက်လေသည်။

"လာလည်ဖို့တဲ့လား? စက်ရုံကိစ္စက ခင်ဗျားလက်ချက်ဆိုတာ သူသိသွားပြီလား"

"မဖြစ်နိုင်တာ! သူက ခင်ဗျားကို တကယ်လာဖိတ်နေတာလား။ အခုလောက်ဆိုရင် သူ ခင်ဗျားကို သေလောက်အောင် မုန်းနေပြီမဟုတ်ဘူးလား"

တင်းဆန်ရှီနှင့် မာဟွားတို့ခမျာ နားမလည်နိုင်ဖြစ်သွားရသည်။ ခွတ်ရှ်ဘက်က အရှုံးပေးခြင်းမှာ ရှားပါးလှသည်။ သူတို့ ယခင်ကလည်း ခွတ်ရှ်နှင့် ပတ်သက်ဆက်ဆံဖူးသည်။ သူသည် အလွန်မာနကြီးသူတစ်ယောက်ဖြစ်ပြီး တစ်ယောက်ယောက်က သူ့ထက် ပိုသာကြောင်းကိုလည်း လက်မခံနိုင်ပေ။ ယခုလို အညံ့ခံသည့်လက္ခဏာမျိုး ပြလာခြင်းမှာမူ ပြောနေစရာပင် မလိုချေ။

"အနည်းဆုံးတော့ ခွတ်ရှ်မှာ ဦးနှောက်တော့ရှိသေးသားပဲ။ မိုက်ကယ့်လို ငတုံးမဟုတ်ဘူး"

"မစ္စတာကျန်း... သွားဖို့စီစဉ်ထားလား"

"ခင်ဗျားတို့ရဲ့ လက်ရှိစွမ်းဆောင်ရည်နဲ့ဆိုရင် Cashewပလက်ဖောင်းကို အားမကိုးဘဲ ဂိမ်းကို တစ်နိုင်ငံလုံးမှာရော တစ်ကမ္ဘာလုံးမှာပါ အရောင်းမြှင့်တင်နိုင်လား"

ကျန်းမုန့်လောင်က ပြန်မေးလိုက်သည်။

ကျန်းမုန့်လောင်အတွက်ပင် အချိန်တိုအတွင်း ထိုသို့လုပ်ဆောင်နိုင်ရန် မဖြစ်နိုင်ပေ။

စမတ်ဖုန်းအသုံးပြုခြင်းမှာ လူတစ်ယောက်၏ အကျင့်တစ်ခုလို ဖြစ်နေပြီး ဖျော်ဖြေရေးပစ္စည်းဖြစ်သော ဂိမ်းများနှင့် မတူသည်မှာ ဤအရာသည် မရှိမဖြစ်လိုအပ်ချက်တစ်ခု ဖြစ်နေပေ၏။ ဤသည်မှာ ကျန်းမုန့်လောင်ကိုယ်တိုင် QQမှ ဝီချက်ကို ပြောင်းသုံးခဲ့သည့် အဖြစ်နှင့် တူလှပေသည်။ ထိုအရာကား သိသာလှသော အပြောင်းအလဲတစ်ခုပင်။

Cashewနှင့် ယှဉ်ပြိုင်နိုင်မည့် ပလက်ဖောင်းတစ်ခု ပေါ်မလာသရွေ့ အသုံးပြုသူများ၏ အလေ့အထများကလည်း မပြောင်းလဲဘဲ သည်အတိုင်းဆက်ဖြစ်နေမည်သာ။

ဂိမ်းကို အောင်အောင်မြင်မြင်မြင် စတင်နိုင်ရန်အတွက် သူတို့အနေနှင့် Cashewကို မသုံးလို့မဖြစ်ချေ။

တင်းဆန်ရှီနှင့် မာဟွားတို့လည်း ဖြေရှင်းနည်းတစ်ခုမှ မစဉ်းစားနိုင်သဖြင့် ခေါင်းခါပြလိုက်ကြသည်။

"ဒါဆို အဆင်ပြေသွားပြီမဟုတ်လား"

ကျန်းမုန့်လောင်က ပြုံးစစဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ ကျုပ်တို့က စီးပွားရေးကိစ္စကို ဆွေးနွေးမှာဆိုတော့ အမြတ်အစွန်း အများဆုံးရအောင်လုပ်ဖို့ ကျုပ်မှာ နည်းလမ်းတွေရှိတယ်။ ဘာပဲဖြစ်ဖြစ် ဒီဂိမ်းက ကျုပ်အတွက်တော့ အဆင်မပြေရင်တောင် ကစားစရာတစ်ခုသက်သက်ပဲ။ Cashewကို ဖြုတ်ချဖို့ဆိုတာ ကျုပ်အတွက် အလွယ်လေးပါ"

တင်းဆန်ရှီနှင့် မာဟွားတို့ခမျာ မျက်ရည်ကျချင်လာသည်။

အမှန်ပင်။ ဤဂိမ်းက သူ့အတွက် အဆင်မပြေလည်း သူဂရုမစိုက်ပေ။ သို့သော် သူတို့အတွက်တော့ မတူချေ။ ဟွာရှားဂိမ်းလုပ်ငန်းမှာ အတွင်းရော အပြင်မှာပါ ဒုက္ခများနေချိန်တွင် ကျန်းမုန့်လောင်၏ကစားစရာက သူတို့အတွက် နောက်ဆုံးအားကိုးရာတစ်ခု ဖြစ်နေလေသည်။

"မပူပါနဲ့။ ကျုပ် သတင်းကောင်းပြန်သယ်လာခဲ့မယ်"

...

Cashewကုမ္ပဏီခေါင်းဆောင်ဟု ခေါ်ထိုက်လောက်အောင်ပင် ခွတ်ရှ်သည် သူ့အပိုင်ကိုယ်ပိုင်ကျွန်းပေါ်တွင် ကျန်းမုန့်လောင်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ ထိုနေရာတွင် အလွန်ကြီးမားသော ဂေါက်ကွင်းတစ်ခုရှိပြီး ခွတ်ရှ်တစ်ယောက်တည်း ရှိနေချိန်တွင် လာရောက်လည်ပတ်တတ်သည့် အကြိုက်ဆုံးနေရာဖြစ်၏။

ကျန်းမုန့်လောင်၏ ကိုယ်ပိုင်လေယာဉ်က အမေရိကန်လေဆိပ်သို့ ဆင်းသက်လာပြီးနောက် ခွတ်ရှ်စီစဉ်ပေးထားသော ရဟတ်ယာဉ်ဖြင့် ဆန်တိုအေးရှားဟုခေါ်သော ကျွန်းငယ်လေးသို့ ရောက်လာခဲ့သည်။

"မစ္စတာကျန်း... ခင်ဗျား ဒီကိုရောက်လာလို့ ကျွန်တော် အရမ်းဝမ်းသာမိပါတယ်!"

ခွတ်ရှ်က လက်နှစ်ဖက်ကိုဖြန့်ကားပြီး ငယ်ပေါင်းကြီးဖော်သူငယ်ချင်းများအလား ကျန်းမုန့်လောင်ကို နှုတ်ဆက်လိုက်သည်။

ခွတ်ရှ်က ဤမျှအထိ ယဉ်ကျေးနေသည်ဖြစ်ရာ ကျန်းမုန့်လောင်ကလည်း ရေလိုက်ငါးလိုက် ပြန်ပွေ့ဖက်ရင်း အထင်သေးစက်ဆုပ်လေဟန် အမူအရာကို ပြသလိုက်သည်။

"မိတ်ဆက်ပေးပါရစေ။ ဒါက ကျွန်တော့်ရဲ့ချစ်သူ လုရီယောင်တဲ့"

"မစ္စတာကျန်းရဲ့ အလှပဂေးကောင်မလေးအကြောင်း ကြားဖူးနေတာ ကြာပါပြီ။ ဒီနေ့ ကိုယ်တိုင်မြင်လိုက်ရတော့ ဟောလီးဝုဒ်မင်းသမီးတွေထက်တောင် ပိုလှနေသေးတယ်!"

ခွတ်ရှ်က ချီးကျူးရုံသက်သက် ပြောနေခြင်းမဟုတ်ပေ။ ကျန်းမုန့်လောင်သည် လုရီယောင်အတွက် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ အဖိုးတန်ရတနာအမြောက်အများကို ယူလာခဲ့သည်။ ဤရှားပါးရတနာများ၏ အာဟာရဖြည့်တင်းမှုကြောင့် သူ(မ)၏အသားအရေမှာ ဝင်းပချောမွတ်လာပြီး မျက်နှာအသွင်အပြင်များပင် ပို၍ပြည့်စုံလာသည်။

"မစ္စတာခွတ်ရှ်... မြှောက်လွန်းနေပါပြီ"

လုရီယောင်က တော်ဝင်ဆန်သော အမျိုးသမီးငယ်တစ်ယောက်အလား ကျက်သရေရှိရှိ ပြန်ဖြေလိုက်သည်။

"ဒါက ကျွန်တော့်ခွေးလေးဝမ်ချိုင်လေ။ ကြိုအကြောင်းမကြားဘဲ သူ့ကိုခေါ်လာခဲ့မိတဲ့အတွက် မစ္စတာခွတ်ရှ် စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်"

"ဟားဟားဟား... လုံးဝစိတ်မထားပါဘူး။ ကျွန်တော်က အိမ်မွေးတိရစ္ဆာန်တွေမွေးရတာကို ဝါသနာပါတယ်။ ကျွန်တော့်စံအိမ်မှာလည်း အများကြီးရှိပါတယ်။ ခဏနေမှ တစ်ယောက်ယောက်ကို သေချာဂရုစိုက်ခိုင်းလိုက်ပါ့မယ်"

"ဒါက မိန်းကလေးလုအတွက် ကျွန်တော့်လက်ဆောင်ပါ"

ခွတ်ရှ်က ထိုသို့ပြောလိုက်သည့်အခါ အသက်သုံးဆယ်မပြည့်သေးသည့် သူ့ရည်းစားစူပါမော်ဒယ်မလေးက စိန်လည်ဆွဲပါသော သေတ္တာတစ်လုံးကို ကမ်းပေးလိုက်သည်။

၎င်းမှာ ရှားပါးလှသော သွေးစိန်အမျိုးအစားဖြစ်ပြီး အလေးချိန်မှာ လေးကာရက်နီးပါးရှိကာ အမေရိကန်ဒေါ်လာ၁၂သန်းကျော် တန်ဖိုးရှိသည်။ ဤသည်မှာ ခွတ်ရှ်သည် ကျန်းမုန့်လောင်နှင့် တွေ့ဆုံရန်အတွက် မည်မျှရင်းနှီးမြှုပ်နှံထားကြောင်း ပြသနေ၏။

ခွတ်ရှ်ကမူ ကျန်းမုန့်လောင်ကို ဖားလိုက်နိုင်ပြီဟု ထင်နေသဖြင့် ကျန်းမုန့်လောင် ဝမ်းမြောက်ဝမ်းသာဖြစ်သွားလိမ့်မည်ဟု မျှော်လင့်ထားသည်။ သို့သော် မမျှော်လင့်ထားပါဘဲ ကျန်းမုန့်လောင်က​တော့ ခပ်တည်တည်သာ။

"တောင်းပန်ပါတယ် မစ္စတာခွတ်ရှ်... ကျွန်တော့်ကောင်မလေးက စိန်ပွင့်သေးသေးလေးတွေကို စိတ်မဝင်စားပါဘူး"

********************

All Chapters