ဟမ့် … ငါမပါဘူး
Vol. 11 Ch. 101
“ အဟဲဟဲ .... ဒေါက်တာချန်လည်း အလုပ်များနေရောပေါ့ …”
လီချန်ကျွင်းက ကိုးရို့ကားယားနိုင်သည့် အပြုံးတစ်ခုကို ဆင်မြန်းထားရင်း ချန်ယွီ့ကို အရင်ဦးစွာ နှုတ်ဆက်လာခဲ့သည်။
ဘာအဓိပ္ပာယ်မှ မရှိတဲ့ စကားအနည်းငယ်ကို ပြောဆိုပြီးနောက် လီချန်ကျွင်းက သူနှင့်အတူ ပါလာသည့် လူအိုကြီးကို မိတ်ဆက်ပေးသည်။
“ ဒေါက်တာချန် … ငါမင်းကို မိတ်ဆက်ပေးရဦးမယ် ….”
“ ဒါက … ချင်းဖုန်းတောင် ၊ ရွှီးယွင် ဘုရားကျောင်းက တာအိုဘုန်းတော်ကြီး ပိုင်ဟော် ….”
“ သူက ဒီနှစ်ဆိုရင်ကိုပဲ အသက်တစ်ရာပြည့်ပြီ … အင်မတန် ထူးခြားတဲ့ပုဂ္ဂိုလ်တစ်ယောက်ပေါ့ ….”
လီချန်ကျွင်း မိတ်ဆက်ပေးပြီးနောက် တာအိုကိုယ်တော် ပိုင်ဟော်က မောက်မာစီးပိုးသည့် အမူအရာဖြင့် ချန်ယွီ့ကို ပို၍ပင် အထင်သေးစွာ ကြည့်လာသည်။
“ ကပ္ပတိန်လီ … ခင်များ ဒီအချိန်ကြီး ရောက်လာခဲ့တာ ဒီ လူအိုကြီးကို ကျွန်တော်နဲ့ မိတ်ဆက်ပေးရုံသပ်သပ်တော့ မဟုတ်ဘူးမလား ….” ချန်ယွီ့ ညင်သာစွာ ပြုံးပြီး မေး၏။
ဤသည်ကို ကြားတော့ လီချန်ကျွင်းက သူ့အိတ်ထဲကနေ အနီရောင် စာတစ်စောင်ကို ထုတ်လာသည်။
“ ဒေါက်တာချန် … မင်းက ခန့်မှန်းတဲ့ နေရာမှာ တကယ်ကို တော်တာပဲ … ဆွေးနွေးပြီးတဲ့နောက်မှာ အထက်က မင်းကို အထူးမစ်ရှင် ဌာနခွဲမှာ တိုင်ပင်ဆွေးနွေးပေးတဲ့သူ တစ်ယောက်အနေနဲ့ ခန့်အပ်ချင်တယ် …”
အထက် အာဏာပိုင်တို့ကလည်း သဘာဝကို လွန်ဆန်နေသည့် အဖြစ်အပျက်တို့ မကြာခဏ ဖြစ်ပွားလာသည်ကို သတိပြုမိသဖြင့် အထူးဌာနတစ်ခုကို ဖွဲ့စည်းတည်ထောင်လိုက်သည်။
အထူးမစ်ရှင် ဌာနခွဲ။
စီရင်စု အသီးသီးတွင် အထူးမစ်ရှင် ဌာနခွဲများကို တည်ထောင်ထားသည်။
သဘာဝလွန် ဖြစ်ရပ်များကို မကြာခဏ ကိုင်တွယ်နေရသည့် လီချန်ကျွင်းက လက်ထောက် အသင်းခေါင်းဆောင် ဖြစ်လေသည်။
အသင်းခေါင်းဆောင်ကတော့ ရဲအုပ်ကြီးပင်။
“ မင်းတို့လို တိုင်ပင်ဆွေးနွေးပေးတဲ့လူဆိုတာက ပြင်ပ အကြံပေး သဘောမျိုးပဲ … တကယ်လို့ ငါတို့ မဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခုခုနှင့် ကြုံလာပြီဆို ငါတို့က မင်းဆီ ဒုက္ခလာပေးရမှာ ….”
“ ကူညီပေးလို့က ရပါတယ် ….” ချန်ယွီ့ ပြုံးလျက် ဆိုလိုက်ပြီး “ ဒါပေမယ့် တစ်လကို အများဆုံး တစ်ကြိမ်လောက်ပဲ ကူညီပေးနိုင်မယ် …”
“ ဟမ့် … ဟွန့် ”
နားကလောဖွယ်ရာ အဓိပ္ပာယ်အမျိုးမျိုးဆောင်သည့် နှာခေါင်းရှုံ့သံတို့ အတွဲလိုက် ထွက်ပေါ်လာသည်။
“ ကပ္ပတိန်လီ … မင်းတော့ လိမ်ခံလိုက်ရပြီ ….”
လူအိုကြီးက ပြောလိုက်သည်။
“ ကျုပ်ကလား ….”
“ ကိုယ်တော် ပိုင်ဟော် … ခင်များ ဘာပြောချင်နေတာလဲ ….”
လီချန်ကျွင်း နားဝေတိမ်တောင် ဖြစ်စွာ မေးလိုက်သည်။
ဘယ်သူက ငါ့ကို လိမ်မှာလဲ…
“ မင်းရှေ့က ဒီကောင်က ဘာ စပယ်ရှယ်လစ်မှမဟုတ်ဘူး …”
“ ဒီတိုင်း သူ့ရဲ့ လူလိမ်နည်းလမ်းတွေနဲ့ပဲ လိမ်လည်တတ်တဲ့ ဘိုးတော်ယောင်ယောင်၊ ဆရာယောင်ယောင်ကောင်ပဲ …”
အထူးမစ်ရှင် ဌာနခွဲက စီရင်စုထဲရှိ ဌာန အင်အားစုများကို အချိန်မရွေး စုစည်းနိုင်ပြီး အကယ်၍ လိုအပ်လာမည်ဆိုပါက ထူးမစ်ရှင် ဌာနကို သူတို့ရဲ့ ခေါင်းဆောင်အဖြစ် လက်ခံရသည်။
ယင်းက လူတစ်ယောက်၏ အောက်နှင့် လူတစ်သောင်း၏ အထက်တွင် ရှိနေသည်နှင့် မခြားနားပေ။
တာအိုကိုယ်တော် ပိုင်ဟော်က အဖွဲ့အစည်း၏ ပထမဦးဆုံး အဖွဲ့ဝင် ဖြစ်ပြီး လီချန်ကျွင်းက အထူးအကြံပေး ရာထူးအတွက် နောက်ထပ် ကျွမ်းကျင်သူတစ်ဦကို ဖိတ်ခေါ်ချင်သည်ဟု ဆိုသည်။
သူ စူးစမ်းချင်မိသွား၏။ သူသည်လည်း စီရင်စုထဲက ထိပ်တန်း ကျင့်ကြံသူများထဲက တစ်ဦး ဖြစ်ပြီး မည်သူကများ သူ့ထက်ပို၍ ကျင့်ကြံဆင့်ပိုမြင့်နိုင်မည်နည်း။
သို့သော် လီချန်ကျွင်း ဖိတ်ခေါ်ချင်နေသည့်လူက ကလေးတစ်ယောက် ဖြစ်နေလိမ့်မည်လို့တော့ သူ ထင်မထားခဲ့ချေ။
“ ကိုယ်တော်ရယ် … ဒေါက်တာချန်က ဆရာယောင်မဟုတ်ပါဘူး … သူက တကယ့်ကို ယုံကြည်အားကိုးရတဲ့လူပါ …”
တာအိုကိုယ်တော် ပိုင်ဟော်က စာအုပ်တစ်အုပ်ကို အဖုံးကြည့်၍ ဆုံဖြတ်မိနေပြီ ဖြစ်ကြောင်း ခန့်မှန်းမိတော့ လီချန်ကျွင်း အလျင်အမြန် ရှင်းပြလိုက်သည်။
“ ငါ နတ်အကျင့်ကို ကျင့်ကြံလာခဲ့တာ နှစ်ပေါင်း ကိုးဆယ်ကျော်ပြီ … လူတစ်ယောက်ကို တစ်ချက် ကြည့်ရုံနဲ့ ဒီလူ အစွမ်းအစ ရှိတဲ့လူ ဟုတ်မဟုတ် ဆိုတာ ဒက်ခနဲ ပြောနိုင်တယ် ….”
တာအိုကိုယ်တော် ပိုင်ဟော်က လီချန်ကျွင်းရဲ့ စကားကို အထင်တသေး တုံ့ပြန်လိုက်သည်။
ကျင့်ကြံသူများက ဝိဉာဏ်ချီစွမ်းအင်ကို ပိုင်ဆိုင်ကြပြီး ချန်ယွီ့၏ ခန္ဓာကိုယ်ထဲတွင် ပြောပလောက်စရာ မည်သည့် ဝိဉာဏ်စွမ်းအင်မျှ ရှိမနေချေ။
သူက သာမန်လူတစ်ယောက်နှင့် မခြားနားပေ။
“ သူ့ လိုက်စထွင်း ကိစ္စကတော့ … ဗေဒင်တွက်ချက်တဲ့ နည်းလမ်းတစ်ချို့နဲ့ ခန့်မှန်းတွက်ချက်လိုက်တာပဲ ဖြစ်ရမယ် ….”
တာအိုကိုယ်တော် ပိုင်ဟော်၏ လေသံက အရာအားလုံးကို ကြည်လင်ရှင်းလင်းစွာ မြင်နေသည့် လေသံဖြစ်နေပြီး အကယ်၍ သူဆိုပါကလည်း လွယ်လင့်တကူ ပြုလုပ်နိုင်သည်ဟု ညွှန်းဆိုနေသည်။
ထို့ပြင် သူက ချန်ယွီ့ထက်ကို ပိုပြီး ကောင်းအောင် လုပ်နိုင်သေးသည်။
“ သူက သာမန် အပေါ်ယံ ဗေဒင်နည်းလမ်းတစ်ချို့ကို တတ်မြောက်ပြီး သာမန်လူတွေကိုပဲ လှည့်စားရင် လှည့်စားနိုင်မယ် ….”
“ ဒါပေမယ့် ငါ့မျက်လုံးထဲမှာတော့ သူက သာမန်လူတွေထက် နည်းနည်းဆို နည်းနည်းလေးလောက်ပဲ အသုံးဝင်တဲ့ကောင်ပဲ … မခေါ်နဲ့ … မတန်ဘူး ….”
“ ပြီးတော့ ဟော့ဒီက ကောင်လေး … ငါမင်းကို အကြံပေး စကားတစ်ခွန်း နှစ်ခွန်း ပြောလိုက်မယ် …”
“ ကျင့်ကြံခြင်း လမ်းကြောင်းဆိုတာ လွယ်ကူတာမဟုတ်ဘူး ... မင်းကိုယ်မင်း အပေါ်ယံ သာမန်လျှံကာ နည်းနည်းလောက်လေး သိတာနဲ့ပဲ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်မနေနဲ့ ….”
“ ဒီရဲ့ လူကြီးမင်း … “ ချန်ယွီ့ညင်သာစွာ ပြုံး၍ “ ခင်များ ကြည့်ရတာ အထင်လွဲနေသလိုပဲ …”
“ ကျုပ်က သာမန် စိတ်ကျန်းမာရေးဆရာဝန်တစ်ယောက်ပါပဲ … ကိုယ့်ကိုယ်ကို ကျင့်ကြံသူပါဆိုပြီးလည်း တစ်ခါမှ မပြောမိပါဘူး …”
“ မင်းရဲ့ ကျင့်ကြံခြင်း အခြေခံက ဘာမှသာ မဟုတ်တာ လျှာစောင်းကတော့ တယ်ထက်သကိုး …” တာအိုကိုယ်တော် ပိုင်ဟော်က နှာမှုတ်လိုက်သည်။
ယခုအချိန်၌ တာအိုကိုယ်တော် ပိုင်ဟော်သည် ချန်ယွီ့က ဂုဏ်သတင်းနှင့် မထိုက်ဘူးဆိုတာကို အခိုင်အမာ ယုံကြည်သွားခဲ့ပြီ ဖြစ်၏။
ဗေဒင်နည်းလမ်းပေါ် မှီခိုပြီး လူတစ်ယောက် ကံကောင်းမလား ၊ သို့မဟုတ် ကံဆိုးမလားဆိုတာကို အတိုင်းအတာတစ်ခုအထိ တွက်ချက် ဟောပြောနိုင်သည်။
ချန်ယွီ့က သူ့ တာအိုရောင်းရင်းများ သူ့အား ဖော်ထုတ်မှာကို စိုးရွံ့၍ စိတ်ကျန်းမာရေးဆရာဝန်အဖြစ် ရည်ရွယ်ချက် ရှိရှိ ဟန်ဆောင်နေခြင်း ဖြစ်ရမည်။
“ ကိုယ်တော် ပိုင်ဟော် … ကျုပ်တို့ အပြင်မှာ ခဏလောက် စကားပြောကြရအောင် …”
တာအိုကိုယ်တော် ပိုင်ဟော်က ချန်ယွီ့ကို မယုံကြည်သော်ငြား လီချန်ကျွင်းကတော့ ရင်ဘက်ကြီးတစ်ခုလုံးနှင့် ပုံအောပြီးတော့မှ ယုံကြည်သည်။
မည်သို့ပင်ဆိုစေ ၊ အကယ်၍ သူ့ထံတွင် ချန်ယွီ့ပေးသည့် ကြောင်နက် စတစ်ကာလေး မရှိဘူးဆိုပါက လီချန်ကျွင်း ယနေ့ ဤနေရာတွင် မတ်တပ်ရပ်ပြီး စကားပြောနေနိုင်မှာ မဟုတ်ချေ။
အကယ်၍ သူသာ ချန်ယွီ့ကို မယုံကြည်ဘူးဆိုပါက ယခုလောက်ဆို သူ့ရဲ့ အဖြူအမည်း ဓာတ်ပုံလေးက နံရံတွင် ချိတ်ဆွဲခံထားရလောက်ချေပြီ။
တာအိုကိုယ်တော် ပိုင်ဟော်က လီချန်ကျွင်းရဲ့ လက်ကို ဝေးဝေး ခါထုတ်ပစ်လိုက်ပြီး ခိုင်မာစွာ ပြောသည်။ “ မင်းငါ့ကို အထူးမစ်ရှင် ဌာနဆီဖိတ်ထားတာ နတ်ဆိုးတွေကို ရှင်းလင်းပြီး လူကောင်းတွေ ကာကွယ်ဖို့ …”
“ မင်းက ဒီလိုလူကို အကြံပေးခန့်ဖို့ ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင်တော့ ….”
“ ဟေ့ကောင် … ငါတော့ မင်းတို့ ဌာနမှာ ဆက်ပြီး နေနိုင်မယ် မထင်ဘူး …”
တာအိုကိုယ်တော် ပိုင်ဟော်က စီရင်စုထဲတွင် ထိပ်တန်း ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး သူ့ကိုယ်သူ အမြဲ မြင့်မြင့်ပဲ တွေးသည်။
“ ဒီလို ဘာမဟုတ်တဲ့ ဆရာယောင်နဲ့ တစ်ဖွဲ့တည်း အတူနေရတယ်ဆိုတာ ငါ့ဂုဏ်သိက္ခာကို စော်ကားလိုက်တာနဲ့ အတူတူပဲကွ ….”
ကြမ်းကြုတ်ခက်ထန်မှု အပြည့်ဖြစ်နေသည့် တာအိုကိုယ်တော် ပိုင်ဟော်နှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက ချန်ယွီ့မှာ တစ်ချိန်လုံး အပြုံးပန်းကို ဆင်မြန်း၍ အေးအေးဆေးဆေး ရှိနေသည်။
ဒီလူအိုကြီးက တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ …
အရှိန်အဝါ သန့်စင်ခြင်း နယ်ပယ်မှာ ရှိတဲ့ ကျင့်ကြံသူတစ်ယောက်က အုတ်မြစ် သန့်စင်ခြင်း နယ်ပယ်မှာ ရှိတဲ့ ကျင့်ကြံသူကို ဖောက်ပြီး မမြင်နိုင်တာ သာမန်ပဲ မဟုတ်ဘူးလား …
ချန်ယွီ့ရဲ့ အပြုံးမျက်နှာကို မြင်တော့ တာအိုကိုယ်တော်ပိုင်ဟော်က ပိုပိုပြီး စိတ်အနှောင့်အယှက် ဖြစ်လာသည်။
ဒင်းလို လမ်းဘေးဈေးသည်ကများ သိပ်သတ္တိကောင်းလို့ ကိုယ့်ကိုယ်ကို ဟန်ထုတ်နေလိုက်သေးတယ် ….
“ ကိုယ်တော်ပိုင်ဟော် … ကျေးဇူးပြုပြီး စိတ်ကို ငြိမ်ငြိမ်ထားပါ … ခင်များ မသိတဲ့အရာတွေ ရှိသေးတယ် …”
နှစ်ယောက်သား နောင်ဂျိမ်ချကြမှာကို စိုးရွံ့သဖြင့် လီချန်ကျွင်းက တာအိုကိုယ်တော် ပိုင်ဟော်ကို ဟန့်တားလိုက်သည်။
သူ အလျင်အမြန်ပဲ ကြောင်နက် စတစ်ကာ ကိစ္စကို ရှင်းပြလိုက်၏။
“ ကြည့်လိုက် … အဲ့ဒီအရာလေးက ကျုပ်အသက်ကို ကယ်တင်ပေးခဲ့တဲ့ဟာပဲ …”
လီချန်ကျွင်းက စင်သို့ လက်ညှိုးညွှန်ပြလိုက်သည်။
တာအိုကိုယ်တော် ပိုင်ဟော်လည်း မကြည့်ချင် ကြည့်ချင်နှင့် တစ်ချက် လှမ်းကြည့်လိုက်သည်။
နောက်တစ်စက္ကန့်၌ သူ့မျက်လုံးတို့မှာ မျက်လုံးအိမ်ထဲက ထွက်ကျတော့မည့်နှယ် ပြူးထွက်လာသည်။
ခြေသုံးလှမ်း လှမ်းရမည့် ခရီးကို တစ်လှမ်းတည်းဖြင့် လျှောက်၍ စင်ရှိရာ နေရာသို့ ပြေးလွှားရောက်သွားခဲ့သည်။
“ ဒီလိုတွေ လုပ်တာက ဝိဉာဏ်စွမ်းအင်ကို တအား ကုန်ဆုံးစေတာလေ …”
“ မဟုတ်မှလွဲရော ဒီကောင်က နောက်တစ်ဆင့်ကို မတက်ချင်တော့လို့များလား …”
တာအိုကိုယ်တော် ပိုင်ဟော်က ‘ ဆေးဝါးများ’ နှင့် ‘ ကိရိယာပစ္စည်းများ ‘ နာမည်တပ်ထားသည့် စင်သို့ အစုန်အဆန် ကြည့်လိုက်သည်။
သူပိုပြီး ကြည့်လေလေ ၊ သူ့ အမူအရာက ပိုပြီး ရှော့ခ်ရလာလေလေပင်။
စင်ပေါ်ရှိ ပစ္စည်းတစ်ခုချင်းစီတိုင်းတွင် ဝိဉာဏ်စွမ်းအင် အတိုင်းအတာ ပမာဏ တစ်ခုအထိ ပါဝင်နေပြီး အထူးသဖြင့် အလယ်ဗဟိုတွင် ရှိနေသည့် ပစ္စည်းတစ်ချို့ပင်။ ယင်းပစ္စည်းများက တာအိုကိုယ်တော် ပိုင်ဟော်ကိုပင် ငမ်းငမ်းတက် ဖြစ်စေဖို့ လုံလောက်သည်။ ဝိဉာဏ်ချီစွမ်းအင်တို့က လက်ရှိ ကမ္ဘာတွင် လျော့ပါးသထက် လျော့ပါးလာနေပြီး ပန်ဒါများထက်ပင် ပိုပို၍ ရှားပါးလာနေပြီဖြစ်၏။
ကျင့်ကြံခြင်း နယ်ပယ်ထဲသို့ ခြေချပြီးသည်နှင့် ဝိဉာဏ်ချီစွမ်းအင်ဆိုသည်မှာ ကျင့်ကြံသူတို့အတွက် ဒုတိယအသက်ဝိဉာဏ်နှင့် မခြားပေ။
မည်သည့် ကျင့်ကြံသူမဆို ဝိဉာဏ်ချီစွမ်းအင်များကို လိုချင်မက်မောစွာဖြင့် စုပ်ယူလိုကြ၏။
ထိုကဲ့သို့သော အထွတ်မြတ်ထားရလောက်သည့် ဝိဉာဏ်ချီများကို ယခုလို သာမန် ပစ္စည်းများထဲ သွန်းလောင်းထားရလောက်သည်အထိ မည်သူကများ ရူးနှမ်းနေရသနည်း။
သူ့ရှေ့ရှိ မြင်ကွင်းက တာအိုကိုယ်တော် ပိုင်ဟော်ရဲ့ လောကအမြင်ကို ကပြောင်းကပြန် ဖြစ်သွားစေခဲ့သည်။
ချန်ယွီ့က ဝိဉာဏ်ချီစွမ်းအင်များကို သူ့ ခန္ဓာကိုယ်ထဲတွင် ထိန်းသိမ်းမထားဘဲ ထိုအစား သူက ဝိဉာဏ်စွမ်းအင် ကိရိယာများကို ပြုလုပ်ဖို့ အသုံးချနေသည်။
သူက မသိလို့ ဖြုန်းတီးပစ်နေတာလား … ဒါမှမဟုတ် …
ဒါပေမယ့် ဒီကောင်လေးရဲ့ ကိုယ်ထဲမှာ ဝိဉာဏ်ချီစွမ်းအင်ရှိတဲ့ လက္ခဏာတွေလည်း မမြင်မိတာ သေချာပါတယ် …
ဒီရဲ့ ဝိဉာဏ်ကိရိယာ ….
မဟုတ်ဘူး မဟုတ်ဘူး … ဝိဉာဏ်လက်နက်တွေလို့ ခေါ်ရမှာ …
ဒါတွေနဲ့ ယှဉ်လိုက်ရင် သူကိုယ်တိုင် လက်ရှိ သုံးနေတဲ့အရာတွေက တကယ့် အမှိုက်သရိုက်တွေလို့ ပြောလို့ရတယ် …
ဝိဉာဏ်ချီစွမ်းအင်တောင် မရှိတဲ့လူတစ်ယောက်က ဘာကြောင့်များ ဒီလို ဝိဉာဏ်လက်နက်တွေကို ဖန်တီးနေနိုင်တာလဲ …
ပိုင်ဟော် တွေးတောကြည့်လေလေ ၊ ပိုပြီး ရှုပ်ထွေးမိလာလေလေပင်။
သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ဝေခွဲမရနိုင်သည့် အရာတစ်ခုနှင့် ကြုံတွေ့လိုက်ရခြင်းပင်။ တာအိုကိုယ်တော် ပိုင်ဟော်က အလွန်အမင်း ရှော့ခ်ရနေသည်ကို သတိပြုမိတော့ လီချန်ကျွင်း ခါးသက်သည့် အပြုံးမျိုး ပြုံးလိုက်သည်။
သူလည်း အရင်တုန်းက ချန်ယွီ့ရဲ့ အစွမ်းအစတွေကို မျက်မြင်ကြုံတွေ့မိချိန်တွင် ထိုသို့သော အမူအရာမျိုး ဖြစ်ခဲ့ဖူးသည်။
ချန်ယွီ့ လေးယောက်မြောက် နစ်နာသူအကြောင်း ဖော်ထုတ်တုန်းကဆို သူ့မှာ ခါးက သေနတ်ကို ဆွဲထုတ်မိမယောင်တောင် ဖြစ်သွားခဲ့သေး၏။
ခေတ္တမျှ ကြာပြီးနောက် ပိုင်ဟော်က ချန်ယွီ့ထံသို့ ထူးဆန်းသည့် မျက်နှာအမူအရာဖြင့် လျှောက်လှမ်းလာခဲ့သည်။
“ ကောင်လေး … မှားလို့ မှားလို့ …. စီနီယာ … ငါ မင်းကို တစ်ခုလောက် မေးချင်လို့ပါ …”
ပိုင်ဟော်ရဲ့ လေသံက တရိုတသေ ဖြစ်လာသည်။
“ ကျေးဇူးပြုပြီး ပြောပါ ….” ချန်ယွီ့ လက်ပြလိုက်သည်။
ခွင့်ပြုချက် ရပြီးနောက် ပိုင်ဟော်က ဂရုတစိုက်နှင့် မေးလိုက်၏။ “ စီနီယာ … မင်းက ဘယ်နယ်ပယ်အဆင့်ကို ရောက်နေပြီလဲ သိလို့ရမလား ….”
“ ခင်များက ကျုပ်အဆင့်ကို မေးနေတာမလား ….”
ချန်ယွီ့ ပြန်မေးလိုက်၏။
ပိုင်ဟော်ကလည်း ကြက်အစာကောက်သလို ခေါင်းညိတ်ပြသည်။
“ ကျုပ်က ပြည်နယ် အသိအမှတ်ပြု ပထမတန်းအောင် စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးပေးတဲ့သူပါ …”
ချန်ယွီ့က သူ့ အံဆွဲကို ဖွင့်ပြီး ပရော်ဖက်ရှင်နယ် အရည်အချင်း အသိအမှတ်ပြု စာရွက်စာတမ်းကို ထုတ်ပြလိုက်၏။