သိပ္ပံပညာနဲ့ အရာအားလုံးကို ချေမှုန်းခြင်း
Vol. 11 Ch. 103
နောက်တစ်နေ့ နေ့လည်ခင်းတွင် လီချန်ကျွင်းက သာမန် ကားလေးတစ်စင်းကို မောင်းနှင်လာပြီး ချန်ယွီ့ရဲ့ ဆေးခန်းရှေ့တွင် ထိုးရပ်လာသည်။
ပေါ့ပေါ့ပါးပါး အားကစား ဝတ်စုံဖြင့် ချန်ယွီ့က ခရီးသည် ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
လုံခြုံရေး ခါးပတ်ကို ပတ်ရင်း ချန်ယွီ့ လှမ်းမေးလိုက်၏။ “ ဟိုရဲ့ အဘိုးကြီးရော ဘယ်လိုနေသေးလဲ …”
“ ဟင်း … မပြောစမ်းပါနဲ့ကွာ ….”
လီချန်ကျွင်းမှာ ငိုရအခက်၊ ရယ်ရအခက် ဖြစ်လို့နေသည်။ မနေ့ညတုန်းက သူ ပြန်သွားတော့ တာအိုကိုယ်တော်ပိုင်ဟော်ထံသို့ အထူးတလှယ်သွားရောက်လည်ပတ်ခဲ့သည်။
ပိုင်ဟော်က သူ့အတွင်း စိတ်နှလုံးကို ကျင့်ကြံဖို့အတွက် တံခါးပိတ်ကျင့်စဉ်ဝင်တော့မည်ဆိုပင်။
လီချန်ကျွင်းကိုလည်း နောက်လဝက်နေမှ ပြန်လာခဲ့ဖို့ ပြော၏။ ထိုးနှက်ချက်က အတော်လေး ပြင်းထန်သွားခဲ့ပုံရသည်။
နာရီဝက်ခန့် ကြာပြီးနောက် ကားကို ကျော့ရှင်းသည့် ဇိမ်ခံဗီလာဥယျာဉ် ဝင်ပေါက်ဝတွင် ရပ်တန့်လိုက်သည်။
သူတို့ ဝင်တော့မည့်ဆဲဆဲမှာပဲ အနောက်မှနေ၍ အသံတစ်သံကို ကြားလိုက်ရ၏။
“ ဟဲ့ မသွားနဲ့ … နင်တို့သွားရင် ပြန်မထွက်လာနိုင်ဘဲ နေလိမ့်မယ် ….”
လီချန်ကျွင်း လှည့်ကြည့်လိုက်တော့ သက်လတ်ပိုင်း အမျိုးသမီးကြီး တစ်ယောက် ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။
“ အန်တီက ဒီမှာ ဖြစ်နေတဲ့ ကိစ္စတွေကို သိနေတာလား …” လီချန်ကျွင်း မေးလိုက်သည်။
“ ဒီနားမှာ နေတဲ့လူတိုင်း သိတယ် …”
သက်လတ်ပိုင်း အမျိုးသမီးက ကြင်နာသမှုဖြင့် သတိပေးလိုက်ပြီး “ ငါ ပြောတာကို နားထောင်စမ်းပါ … အဲ့ဒီနေရာက သိပ်ထူးဆန်းလွန်းတယ် … နင်တို့ ဂရုမစိုက်ဘူးဆိုရင် တစ္ဆေက နင်တို့ကို အသာလေး ဝင်ပူးသွားလိမ့်မယ် ….”
ပြောရင်းဖြင့် သူမက တစ်ဖက်သို့ လှည့်လိုက်သည်။
“ အထူးသဖြင့် အရိုးတွေ တူးမိတဲ့ ဗီလာပဲ … ပြောသံကြားတာတော့ အဲ့နေရာက ငရဲတံခါးဝနဲ့ ဆက်စပ်နေတယ်ဆိုလား ဘာလားပဲ မသိပါဘူးအေ ….”
ရယ်သွမ်းလျက် ချန်ယွီ့ စကားဆိုလိုက်သည်။ “ အန်တီ … ခင်များက ဒီနှစ်ဆိုရင် အသက် ငါးဆယ်ထဲ ဝင်နေပြီမလား ….”
“ ဟုတ်တယ် … ငါးဆယ့်ခြောက်နှစ် …”
“ ခင်များ ဒီအချိန်ထိ နေလာပြီးတာတောင် ခင်များ မျက်လုံးနဲ့ တစ္ဆေသရဲ တစ်ကောင်ကို ကိုယ်တိုင် မြင်တွေ့ဖူးလား ….” ချန်ယွီ့ မေးလိုက်သည်။
“ ကောင်လေး … နင် စကားပြောတာကို ကြည့်ပြောစမ်း … ငါသာ တစ္ဆေသရဲနဲ့ တွေ့ခဲ့လို့ကတော့ ဒီခုချိန် နင်နဲ့ ရပ်ပြီး စကားပြောနိုင်နေမှာလား … ငါ အစောကြီးကတည်းက ဖီး ဖီး လွဲပါစေ ချော်ပါစေ ….”
သက်လတ်ပိုင်း အမျိုးသမီးကြီးက ဖီးဖီးဖတ်ဖတ် လုပ်ပြီး ဆက်ပြော၏။ “ ငါ မမြင်ဖူးဘူး … ဒါပေမယ့် တခြားလူတွေ မြင်ဖူးတယ် …”
“ လောကကြီးထဲ သရဲတစ္ဆေတွေဆိုတာ မရှိပါဘူး အန်တီရာ … တခြားလူတွေ ပြောနေကြတယ်ဆိုတာကလည်း ကောလဟာလတွေပါပဲ ….”
ချန်ယွီ့က အလေးအနက်ထားသည့် မျက်နှာအမူအရာဖြင့် လောကကြီးထဲ တစ္ဆေဆိုတာ မရှိကြောင်းနှင့် အခြားသူတို့ ပြောသည်များကလည်း တရားမဝင် ကောလဟာလများသာ ဖြစ်ကြောင်း ရှင်းပြလိုက်သည်။
“ နင်တို့က ငါ့စေတနာကို ဝေဒနာ ဖြစ်အောင် လုပ်နေကြတာပဲ …. နင်တို့ နားမထောင်ချင်လည်းနေ … ငါတော့ အိမ်ပြန်ပြီး ချက်ရပြုတ်ရဦးမယ် … နင်တို့နဲ့ ဖြုန်းဖို့ ငါ့မှာ အချိန်မရှိဘူး ….”
သက်လတ်ပိုင်း အမျိုးသမီးကြီးက သူ့စကားကို ချန်ယွီ့တို့ နားမထောင်သဖြင့် ကျွဲမြီးတိုသွားခဲ့ပြီး တခြား ဦးတည်ရာဘက်သို့ ဒေါသတကြီး ထွက်သွားခဲ့သည်။
အပြင်ဘက်မှ ကြည့်ရှုမည်ဆိုပါက ဗီလာဥယျာဉ်က အဆင့်အတန်းမြင့်ပြီး အတော်လေး ခမ်းနားထည်ဝါလှ၏။
ဝန်းထဲသို့ ဝင်ရောက်လာခဲ့ပြီးနောက် ချန်ယွီ့မှာ အလွန်အကျွံကို ရှည်လျားနေသည့် ပေါင်းပင်တစ်သိုက်ကို တွေ့လိုက်ရသည်။
ပြတင်းပေါက် တော်တော်များများက ပျက်စီးနေပြီး တစ်ချို့နေရာတွင် မည်သူ့လက်ချက်မှန်း မသိရသည့် ကျင်ကြီး ကျင်ငယ်အနံ့များကိုလည်း ရနေသည်။
“ ဒေါက်တာချန် … အရိုးတွေ တွေ့တဲ့ ဗီလာက ငါတို့ရှေ့ကဟာပဲ …”
“ ငါတို့တွေ ဒီက စလိုက်ကြမလား …”
လီချန်ကျွင်းက ခြံစည်းရိုးခတ်ထားသည့် နှစ်ထပ် ဗီလာတစ်လုံးကို လက်ညှိုးညွှန်ပြီး ပြောသည်။
တံခါးက ခပ်ကျယ်ကျယ် ပွင့်ဟနေပြီး ဗီလာရှေ့တွင် ပေါင်းပင် မြက်ပင်တို့က အတော်လေး ရှည်လျားနေသည်။
အကယ်၍ ဤနေရာကို တစ္ဆေဇာတ်လမ်း လာရောက် ရိုက်ကူးချင်ပါက အထူးတလှယ် ပြင်ဆင်နေဖို့ လိုမှာ မဟုတ်ချေ။ တစ်ခါတည်း အဆင်သင့် ရိုက်ကူးလိုက်ရုံမျှနှင့် လုံလောက်၏။ လက်ရှိ အနေအထားက လုံလောက်သည်ထက်ကို ပိုနေသည်။
“ ဝင်သွားကြတာပေါ့ …”
လီချန်ကျွင်းမှာ အနည်းငယ် ကြောက်လန့်နေသည့်ပုံဖြင့် “ ဒေါက်တာချန် … ခုချိန်က နေ့ခင်းပိုင်းကြီး ဆိုတော့ တစ္ဆေတွေက နေ့ဆို ထွက်မလာကြဘူးမလား ….”
“ ကပ္ပတိန်လီ …” ချန်ယွီ့က ရှေ့သို့လျှောက်သွားရင်း ပြောလိုက်သည်။ “ ခင်များက ပြည်သူ့ လုံခြုံရေးဝန်ထမ်းတစ်ယောက် ဖြစ်ပြီးတော့မှ ခင်များကတောင် ဘယ်လိုဖြစ်ပြီး လောကကြီးထဲ တစ္ဆေတွေ ရှိတယ်ဆိုတာ ယုံကြည်နိုင်နေရတာ …”
“ လူတွေ ပြောပြောနေကြတဲ့ တစ္ဆေတွေဆိုတာ အထူးစွမ်းအင် ခန္ဓာ တစ်မျိုးပဲ….”
“ တစ်ချို့ အခြောက်ခံရတဲ့ နေရာဆိုတာ အဲ့ဒီရဲ့ အထူးစွမ်းအင် ခန္ဓာတွေကို စုပ်ယူနိုင်တဲ့ အထူးသံလိုက်စက်ကွင်း ရှိနေလို့ပဲ …”
လီချန်ကျွင်း အံ့အားသင့်သွားခဲ့သည်။
ဒါက ဘာတွေ ဖြစ်နေတာလဲ …
သူ ချန်ယွီ့ကို ဖိတ်ခေါ်ခဲ့တယ်ဆိုတာ သဘာဝလွန် ဖြစ်ရပ်တွေကို ဖြေရှင်းဖို့လေ … ဘာလို့ သံလိုက်စက်ကွင်းတေ ၊ အထူးစွမ်းအင် ခန္ဓာပုံစံအကြောင်းတွေ လာပြောနေတာလဲ …
အဲ့တာက ရူပဗေဒနဲ့ သက်ဆိုင်သွားပြီ မဟုတ်ဘူးလား …
“ ကျွန်တော် ခင်များကို ဥပမာတစ်ခုပေးမယ် …” ချန်ယွီ့ စကားဆက်သည်။ “ တကယ်လို့ တောထဲတောင်ထဲ သွားရင် တစ္ဆေက ခင်များကို လမ်းမှန် မမြင်နိုင်အောင် တမင် လမ်းလွဲတယ် … လူက စက်ဝိုင်းလိုမျိုးပဲ တစ်ချိန်လုံး လည်ပတ်နေတတ်တယ် … ကိုယ်က ပြန်တောင်းပန်မှ လမ်းမှန်ကို ပြန်တွေ့တယ်လို့ လူတွေရဲ့ ပါးစပ်ပြော စကားကို ခင်များ ကြားဖူးမှာပါ … တကယ်တော့ အဲ့တာလည်း သိပ္ပံဖြစ်စဉ် တစ်ခုပဲ …”
“ အဲ့ဒီ … တစ္ဆေက လူကို အမြင်ကန်းအောင် လုပ်ထားတယ်ဆိုတာ ညမှာ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ တစ္ဆေသရဲ ပုံပြင်တွေ ပြောရတာ ကြိုက်တဲ့လူတွေ လုပ်ကြံဖန်တီးထားတဲ့ ပုံပြင် ဇာတ်လမ်းသပ်သပ်ပဲ … “
“ တကယ်တော့ အဲ့ဒါက သံလိုက်စက်ကွင်း နှောင့်ယှက်ခံရတာထက် မပိုဘူး ….”
“ ပြီးတော့ ရှေးလူကြီးတွေရဲ့ ပါးစပ်ပြော ဒဏ္ဍာရီတွေကလည်း နှောင်းလူတွေရဲ့ နှလုံးသားထဲကို ကြောက်စိတ်တွေ သယ်ဆောင်လာတယ် … အဲ့တာကြောင့်လည်း ဒီသံသရာကြီးက ဆက်ပြီး လည်ပတ်နေနိုင်တာ ….”
“ ခင်များအိပ်တဲ့အချိန် တစ္ဆေက ခင်များရင်ဘက်ပေါ် တက်ထိုင်လို့ အသံထွက်မရ၊ ရုန်းမရ ၊ ဘာမှပြုမရ ဖြစ်တဲ့ ကိစ္စကို သိလား … အဲ့တာက ဒီတိုင်း အိပ်နေရင်းနဲ့ သိစိတ်နဲ့ မသိစိတ်ရောယှက်နေတဲ့အချိန် ကိုယ့်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း လုပ်ဆောင်မှုအပေါ် ဦးနှောက်ရဲ့ အမိန့်ပေးနိုင်စွမ်း ယာယီဆုံးရှုံးသွားရုံ သပ်သပ်ပဲ …”
လီချန်ကျွင်းမှာ အကြောင်သား ဖြစ်နေမိသည်။
သူနဲ့ ချန်ယွီ့က ဒီကို တစ္ဆေခြောက်တဲ့ ကိစ္စ ဖြေရှင်းဖို့ ရောက်လာတာလား … ဒါမှမဟုတ် သိပ္ပံဟောပြောပွဲ နားထောင်ဖို့လား …
“ ဒါဆို တစ္ဆေခြောက်ခံရတာတို့ ၊ ပုဏ္ဏက တိုက်တယ်ဆိုတာတို့ကရော သိပ္ပံဖြစ်စဉ်ပဲလား …”
“ ဒါပေါ့ …”
ချန်ယွီ့ စဉ်းပင် မစဉ်းစားဘဲ ပြောချလိုက်သည်။
“ သဘာဝလွန်ဖြစ်ရပ်တွေ အကုန်ဆုံးက ဒဏ္ဍာရီလာ နတ်ဘုရားတွေ ၊ တစ္ဆေတွေနဲ့ ဆက်စပ်နေလျက်ချည်းပဲ … ဘာလို့ဆို အဲ့ဒီ အချိန်တုန်းက လူသားတွေဆိုတာ သိပ္ပံဆိုတဲ့ ပညာရပ်ကို သေချာ နားမလည်ခင်အချိန်တုန်းကပဲ … ဖြစ်သမျှ အကြောင်းအကုန် အဲ့ဒီ နတ်တွေ တစ္ဆေတွေအပေါ်ပဲ ပုံချလိုက်တာပေါ့... ”
“ အဲ့တာတွေ အကုန်လုံးက အယူသည်းတဲ့ ဝါဒသပ်သပ်ပဲ … ဒါကြောင့်မို့ ကျွန်တော်တို့က သိပ္ပံလက်နက်ကိုင်စွဲပြီး အဲ့ဒီဝါဒကို တိုက်ထုတ်ပစ်ရမယ် …”
“ သာမန်လူတွေအတွက် မယုံကြည်နိုင်စရာ ကောင်းတဲ့ အရာတွေကို ကျွန်တော်တို့က သိပ္ပံနည်းကျ ရှင်းပြပေးဖို့ လိုတယ် …”
လီချန်ကျွင်း ဆွံ့အသွားသည်။
ချန်ယွီ့က မျက်နှာတည်ကြီးနဲ့ လိမ်ရတာကို ဒီလောက်တောင် ကြိုက်နေတာလား …
ဒါ သူတို့ချင်း ပြောဆိုဆက်ဆံဖူးတာ ပထမဆုံးအကြိမ် မဟုတ်တော့ဘူးလေ … တစ္ဆေသရဲအကြောင်းတွေ ပြောလို့ မမှန်ကန်တဲ့ အယူဝါဒတွေ ဖြန့်ပါတယ်ဆိုပြီး သူလည်း ဖမ်းမှာမဟုတ်…. ၊
ဒါကို ချန်ယွီ့က ဘာလို့ ပေါက်ကရတွေ ဆက်ပြီး ပြောနေသေးတာ …
“ ဝှစ် … ၀ုန်း ... ဒိုင်း ...”
သူတို့ ဧည့်ခန်းထဲရောက်တော့ ပြတင်းပေါက်များ ၊ မီးဆိုင်းများနှင့် တံခါးများအားလုံး လေမတိုက်ဘဲ လှုပ်ရှားကုန်ကြကာ အမျိုးမျိုးသော ဆူညံသံတို့ ထွက်ပေါ်လာသည်။
လီချန်ကျွင်းရဲ့ ခြေထောက်နှစ်ချောင်းလုံး ပျော့ခွေသွားပြီး ချန်ယွီ့ကို မြည်တမ်းလိုက်သည်။ “ ဒါ … ဒါကရော သိပ္ပံဖြစ်စဉ်ပဲလား ဒေါက်တာချန် …”
သဘာဝလွန်ဖြစ်ရပ်များနှင့် ပထမဆုံးအကြိမ် ဆုံတွေ့စဉ်တွင် ကြောက်ရွံ့ခြင်း မရှိပါဟု ပြောဆိုမည်ဆိုပါက မုသားဆိုရာ ကျလိမ့်မည်။
ချန်ယွီ့ ပြောသည့် လောကကြီးထဲ သရဲတစ္ဆေများ မရှိပါဟူသော အဆိုကို လီချန်ကျွင်း ယုံကြည်ဖို့ ငြင်းဆန်သည်။
“ မိုးလေဝသ သတင်းကြေညာချက်က ဒီနေ့ အဆင့် ၄ ပြင်းအားရှိတဲ့ လေပွေ တိုက်ခတ်လိမ့်မယ်လို့ ကြေညာထားတယ် …”
ချန်ယွီ့ ရှင်းပြလိုက်၏။
“ ဗီလာတံခါးတွေက အကျယ်ကြီး ပွင့်ဟနေတယ် … ပြီးတော့ ပြတင်းပေါက်တွေ အကုန်လုံးကလည်း ပွင့်နေတယ် ….”
“ အိမ်ထဲ ဝင်လာတဲ့အချိန် လေတိုက်လာတယ်ဆိုတာ ပုံမှန်ပါပဲ ….”
“ ကပ္ပတိန်လီ … ခင်များ အပြင်မှာ စောင့်နေပေးလို့ရလား … ကျွန်တော် ဒီနား တစ်ယောက်တည်း လျှောက်ပတ်ကြည့်ချင်လို့ ….”
“ ရတယ် … ငါ တံခါးပေါက်ဝနားမှာ စောင့်နေလိုက်မယ် …”
ယခုအခိုက်အတန့်၌ လီချန်ကျွင်း၏ စိတ်ဓာတ်ရေးရာ အခြေအနေက သာမန်လူများနှင့် ညီတူမျှတူ ဖြစ်လာသည်။
သူက အမှန်တရားကို စူးစမ်းချင်သည်။ သို့ပါသော်လည်း တကယ့် တစ္ဆေသရဲတစ်ကောင်နှင့် ကြုံတွေ့ရမှာကိုတော့ ကြောက်၏။
စက္ကန့်အနည်းငယ်ကြာအောင် အတွင်းစိတ်ထဲ လွန်ဆွဲပြီးနောက်တွင် လီချန်ကျွင်း ပြတ်ပြတ်သားသားပဲ ထွက်သွားဖို့ ဆုံးဖြတ်လိုက်၏။
ဗီလာ ဒုတိယထပ်သို့ တစ်လှမ်းချင်း တစ်လှမ်း ၊ လျှောက်လှမ်းသွားရင်း ချန်ယွီ့ သူ့ရှေ့ရှိ ဘာမျှ မရှိသည့် နေရာသို့ စကားပြောလိုက်သည်။ “ ငါ မင်းတို့ရဲ့ နာကျည်းချက်တွေကို သိထားပြီးပြီ … ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲ ဝင်ချင်တယ်ဆိုရင် ငါ မင်းတို့ကို အခုချက်ချင်းပဲ ပို့ပေးလို့ရတယ် ….”
သူ့စကားဆုံးသည်နှင့် ကြောက်မက်ဖွယ်ရာ အော်ဟစ်သံ အများအပြားက ချန်ယွီ့ နားဘေးတွင် ထွက်ပေါ်လာသည်။
အနည်းဆုံးတော့ ချန်ယွီ့အနားဝိုင်းရံနေသည့် တစ္ဆေအရေအတွက်က တစ်ဒါဇင်လောက်တော့ ရှိသည်။
တစ္ဆေများက မနက်ခင်း ပျံကျဈေးသည်များကဲ့သို့ သူတို့ပြောချင်သည်များကို တစ်ခွန်းပြီး တစ်ခွန်း ပြောဆိုနေကြသည်။
ချန်ယွီ့ရဲ့ ကတိစကားကို သူတို့တွေ လှောင်ပြောင်နေကြပြီး သူတို့အား ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့ ပို့ပေးမည်ဆိုတာကို မယုံကြည်ကြပေ။
အထူးအခြေအနေ တစ်ချို့ကြောင့် ဤတစ္ဆေများက ပြန်လည်မွေးဖွားနိုင်ခွင့်ကို ဆုံးရှုံးသွားခဲ့ကြသည်။
ချန်ယွီ့က နတ်မဟုတ်သရွေ့ သူတို့ကျန်သည့် ‘သက်တမ်း’ တစ်လျှောက် လေလွင့် ဝိဉာဏ်တစ္ဆေများအဖြစ်သာ ရှင်သန်နိုင်မည်။
“ မင်းတို့အားလုံး … တိတ်စမ်း …”
ချန်ယွီ့ရဲ့ အမူအရာက တင်းမာသွားခဲ့ပြီး အမျိုးမျိုးသော ဆူညံသံများကြောင့် သူ့နားတို့ အူလာခဲ့သည်။
“ မင်းတို့ ဆက်ပြီး ဆူညံနေဦးမယ်ဆို တစ်သက်လုံး လေလွင့် တစ္ဆေဘဝနဲ့ပဲ နေရစ်ကြတော့ …”
ရွှေရောင် အလင်းတန်း ရောင်ဝါစက်ကွင်းက ချန်ယွီ့၏ ခန္ဓာကိုယ် နောက်ကျောတွင် လင်းလက်လာခဲ့ပြီး တစ္ဆေသရဲများ၏ မျက်လုံးထဲတွင် သူက လူသားလောကသို့ ဆင်းသက်လာသည့် နတ်တစ်ပါးနှင့် မခြားပေ။ အဆိုပါ အရောင်အဆင်း အရှိန်အဝါတို့က ချန်ယွီ့နား ဝေ့တဲနေသည့် မကောင်းသည့် ဝိဉာဏ်များကို အဝေးသို့ လွင့်ထွက်သွားစေသည်။
ရွှေရောင် အလင်းတန်းတို့က တောက်ပလွန်း၍ ဗီလာဒုတိယထပ် တစ်ခုလုံး လင်းထိန်သွားသည်အထိပင်။
အော်ဟစ်ဆူညံနေသည့် တစ္ဆေများအားလုံး ရှော့ခ်ရသွားခဲ့ကြ၏။
ရွှေရောင် အလင်းတန်းများက ကုသိုလ်အလင်းတန်းများဟုလည်း လူသိများကြပြီး ရွှေရောင် အလင်းတန်းနှင့် ထိတွေ့မိသည့် မည်သည့် မကောင်းဆိုးဝါးမဆို တစ်မဟုတ်ချင်း ပျောက်ကွယ်သွားရသည်။
“ ပြေး ….”
တစ္ဆေတစ်ကောင်က စတင်အော်ဟစ်လိုက်ပြီး ကျန်သည့် တစ္ဆေများကလည်း ခေါင်းမပါသည့် ယင်ကောင်များကဲ့သို့ ပြေးမိပြေးရာ စွတ်ပြေးကြတော့သည်။
ချန်ယွီ့ သူ့ညာဘက်လက်နှင့် ရိုးရှင်းသည့် ချိတ်ပိတ်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်၏။
တစ္ဆေများအားလုံး အေးခဲသွားပြီး လေထဲ ပေါလောပေါ်နေကြကာ တစ်လက်မမျှ ဆက်မရွေ့လျားနိုင်ကြတော့ချေ။
“ ငါ မင်းတို့ကို ထပ်ပြီးမေးမယ် … မင်းတို့ ပြန်ပြီး မွေးဖွားချင်လား …” ချန်ယွီ့ မေးမြန်းလိုက်သည်။
သူ့နောက်ကျောရှိ ရွှေရောင်အလင်းတန်းတို့ကလည်း တစ်မဟုတ်ချင်း ပျောက်ကွယ်သွားလေသည်။