ဆင်းရဲတဲ့လူ
Vol. 11 Ch. 104
တစ္ဆေအိုကြီး တစ်ကောင်က သနားချင်စဖွယ် လေသံဖြင့် ပြောလာခဲ့သည်။ “ မာစတာ … ကျေးဇူးပြုပြီး ငါတို့ကို ငဲ့ညှာပေးပါ … ငါတို့မင်းကို ဆန့်ကျင်ဖို့ မရည်ရွယ်ပါဘူး …”
“ ငါတို့တွေ အကုန်လုံးက သနားဖို့ကောင်းတဲ့ လူတွေပါ … သေပြီးတဲ့မှာ နောက်ဘဝကို ကူးပြောင်းဖို့ပဲ ဆန္ဒရှိပါတယ် …”
“ အဲ့ဒီ ရက်စက်တဲ့ စီးပွားရေးသမားက ငါတို့ကို လေလွင့်တစ္ဆေတွေ ဖြစ်အောင် လုပ်ခဲ့တယ် … သူ့ကြောင့်မို့ ငါတို့တွေ ခါးသီး ကြမ်းတမ်းတဲ့ ဒုက္ခတွေ ခံစားနေရတာ …”
“ ငါတို့ ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ခဲ့ဖူးပါဘူး … ကျေးဇူးပြုပြီး ဒီအချက်ကို သေချာလေး ထည့်သွင်းစဉ်းစားပေးပါ … ငါတို့ရဲ့ ဝိဉာဏ်တွေကိုတော့ မဖျက်စီးလိုက်ပါနဲ့ ….”
တစ္ဆေများက သူတို့ရဲ့ ဒုက္ခများကို တစ်ပေါက်တစ်ပေါက် ပြောလာခဲ့ကြပြီး တခြားသူများကို တစ်ခါမျှ ထိခိုက်အောင် မလုပ်ခဲ့ဖူးကြောင်းလည်း ပြောလာသည်။
သူတို့မှာ ရွေးချယ်စရာ မရှိသောကြောင့်သာ ဤနေရာတွင် နေထိုင်နေရခြင်းဖြစ်သည်။
“ ရဲတွေ ဒီရောက်လာတုန်းကတော့ မင်းတို့ကောင်တွေက အေးအေးဆေးဆေး ကုပ်ကုပ်ကလေးတွေ နေကြတယ် …”
“ သာမန်လူတွေ ပြောင်းလာတာနဲ့ မင်းတို့က ချက်ချင်း ဇာတိပြတော့တာပဲ ဟုတ်လား …”
“ အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးတဲ့သူကိုကျတော့ ကြောက်ရွံ့တယ် … ဟက် …”
ချန်ယွီ့ အထင်တသေး မျက်လုံးလှန်လိုက်သည်။
လူသားများနှင့် တစ္ဆေများတွင် အားနည်းသူကိုသာ အနိုင်ကျင့်ဝံ့ကြပြီး အားကြီးသူကို ကြောက်ရွံ့တတ်ကြသည့် ဤတစ်ချက်တော့ တူညီကြသည်။
အနှီ ရဲအရာရှိများ ရောက်လာစဉ်တုန်းက သကောင့်သားများမှာ မခုတ်တတ်သည့် ကြောင်လေးများနှယ် ငြိမ်ကုပ်နေခဲ့ကြ၏။
“ ငါ မင်းတို့ရဲ့ နာကျည်းချက်တွေကို ကူပြီး ဖြေရှင်းပေးမယ် …”
“ အခု မင်းတို့နဲ့ သက်ဆိုင်တဲ့ နေရာကို သွားတော့ …”
ချန်ယွီ့ရဲ့ ခန္ဓာကိုယ်ပေါ် များပြားလှသည့် ရွှေရောင် အလင်းတန်းများ ဖြာကျလာခဲ့ပြီးနောက်တွင် တစ္ဆေများက သူ့စကားကို မည်သို့ မနာခံဘဲ နေဝံ့လိမ့်မည်နည်း။
သူတို့တွေ ချန်ယွီ့ကို အားတက်သရော ကျေးဇူးတင်ကြသည်။ အကယ်၍ နောက်ဘဝဆိုတာ ရှိခဲ့ရင် ချန်ယွီ့ရဲ့ ကျေးဇူးကို ဆပ်ဖို့ ဘာမဆို လုပ်ပါမည်ဟု ကျိန်ဆိုကြသည်။
မိနစ် နှစ်ဆယ်ခန့် ကြာပြီးနောက် ချန်ယွီ့ အိတ်ထောင်ထဲ လက်နှိုက်လျက် ဗီလာထဲကနေ လမ်းလျှောက် ထွက်လာသည်။
လီချန်ကျွင်းက အပြင်တွင် ဆေးလိပ်သောက်နေပြီး စီးကရက်တိုကို လျင်မြန်စွာ လွင့်ပစ်၍ သူ့ထံသို့ လျှောက်လာခဲ့၏။
“ ဒေါက်တာချန် … အထဲမှာ တစ်ခုခု တွေ့ခဲ့သေးလား …”
“ ဒီနေရာက အခု ပုံမှန် ပြန်ဖြစ်သွားပြီ …”
“ ပုံမှန် ပြန်ဖြစ်သွားပြီ ဟုတ်လား ….”
လီချန်ကျွင်း ဗီလာထဲသို့ လှမ်းကြည့်လိုက်၏။
သူ အစောပိုင်း ဝင်သွားတုန်းက စိတ်ထဲ နေလို့ထိုင်လို့ မကောင်းချေ။
မရေမတွက်နိုင်သည့် မျက်လုံးပေါင်းများစွာက သူ့ကို စောင့်ကြည့်နေသည်ဟု ခံစားနေရလေသည်။
ချန်ယွီ့က ဗီလာကို ဒီလောက်မြန်မြန်ကြီး သာမန်ပြန်ဖြစ်သွားအောင် လုပ်လိုက်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ….
သိချင်စိတ် ပြင်းပြစွာဖြင့် လီချန်ကျွင်း အားတင်းပြီး အထဲသို့ ဝင်သွားလိုက်သည်။
“ အာ … အဲ့ဒီ ထူးဆန်းတဲ့ ခံစားချက်ကြီး မရှိတော့ဘူးပဲ ….”
ဗီလာဧည့်ခန်းထဲတွင် ခေတ္တမျှ ရပ်နေပြီးနောက် လီချန်ကျွင်းလည်း အားလုံး ပုံမှန်ပြန်ဖြစ်သွားပြီကို ခံစားမိလိုက်သည်။
သူ ဒုတိယထပ်သို့ ပြေးတက်သွားပြီး နေရာအနှံ့ လျှောက်ပတ်သွားကြည့်၏။ အကုန်လုံးက သာမန်ပင်။ မည်သည့် ထူးဆန်းသည့် ခံစားချက်ကိုမျှ မခံစားရချေ။
“ ဒေါက်တာချန် … မင်း ဒါ ဘယ်လိုလုပ်လိုက်တာလဲ …”
လီချန်ကျွင်း အံ့အားသင့်နေသည့် အမူအရာဖြင့် မေးလာခဲ့၏။
“ သိပ္ပံသီအိုရီတွေကို အသုံးချပြီး ဒီက သံလိုက်စက်ကွင်းကို ချိန်ညှိလိုက်တာလေ …”
ချန်ယွီ့ တွေးတွေးဆဆနှင့်၊ ဗီလာနှင့် အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။
လီချန်ကျွင်းလည်း ချန်ယွီ့၏ အကြည့်နောက်သို့ လိုက်ပါပြီး အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။
“ ဒေါက်တာချန် … အဲ့ဗီလာထဲ ပြဿနာ တစ်ခုခု ရှိနေလို့လား …”
ချန်ယွီ့ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးတက်သွားခဲ့၏။
ဗီလာက ဘာပြဿနာမှ ရှိမနေချေ။ သို့သော် ဗီလာထဲ နေထိုင်သည့်လူကတော့ အတော်လေး စိတ်ဝင်စားဖို့ကောင်းသည်။
“ ကပ္ပတိန်လီ … ခင်များ ပြန်နှင့်ပြီး ခင်များရဲ့ အထက်ကို အားလုံး ပုံမှန် ပြန်ဖြစ်ပြီလို့ တင်ပြလိုက် … ဒီမှာ လူတွေ ပုံမှန်အတိုင်း ပြန်နေလို့ရပြီ …”
ထိုသို့ ပြောပြီးနောက် ချန်ယွီ့ ရှေ့သို့ ထွက်သွားခဲ့သည်။
ချန်ယွီ့ ရှေ့ဘက်ခြမ်းသို့ လျှောက်လှမ်းသွားသည်ကို မြင်တော့ လီချန်ကျွင်းက အလျင်စလို မေးလာသည်။ “ ဒေါက်တာချန် … မင်း ငါနဲ့ ပြန်မလိုက်တော့ဘူးလား …”
“ ကျွန်တော် ဒီမှာ မိတ်ဆွေ တစ်ယောက်နဲ့ တွေ့စရာ ရှိလို့ … ခင်များ သွားနှင့် …”
လီချန်ကျွင်းကို အဝေးသို့ နှင်လွှတ်ပြီးနောက် ချန်ယွီ့ ရှေ့သို့ ဆက်လှမ်းသွားသည်။
ရေညှိများဖြင့် ဖုံးလွှမ်းနေသည့် ကျောက်ခင်းလမ်းကို ဖြတ်ကျော်ပြီးနောက် ဗီလာတစ်ခုရှေ့သို့ ရောက်ရှိလာသည်။
ဗီလာဧရိယာထဲတွင် ဤဗီလာတစ်လုံးတည်းသာလျှင် နေသည့်လူရှိသည်။
ခြံဝန်းနောက်ကျောဘက်တွင် အခြောက်လှန်းသည့် စင်တစ်ခု ရှိပြီး ထိုစင်ပေါ်တွင် လျှော်ဖွပ်ပြီးသည့် အဝတ်အများကို ညှပ်နှင့် ညှပ်ပြီး တင်လှန်းထားသည်။
အဝတ်လှန်းစင်နောက်တွင် ဟင်းသီးဟင်းရွက် စိုက်ခင်းကြီး တစ်ခု ရှိပြီး ဘယ်ဘက်ခြမ်းတွင်တော့ သစ်သားလက်မှုပစ္စည်း ကိရိယာတို့ အများအပြား ရှိနေသည်။
တင်းတောင် ….
ချန်ယွီ့ တံခါးဘဲလ်ကို နှိပ်လိုက်သည်။
မကြာမီ ဗီလာတံခါး ပွင့်လာသည်။
သက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရိုးရိုးရှင်းရှင်း သာမန် အဝတ်အစားကို ဝတ်ဆင်ထားကာ လက်တွင်လည်း အသားမာတို့ အများအပြား တည်နေသည်။
“ ဘယ်သူ့ကို လာရှာတာလဲ …”
“ ဒါပေါ့ … ခင်များကို လာရှာတာပေါ့ ….” ချန်ယွီ့ အပြုံးက မပျောက်ကွယ်သွားချေ။
“ ငါ့ကို သိတာလား ….”
အမျိုးသားက တုံ့ဆိုင်းသွားပြီး မေးလိုက်သည်။
“ ခင်များကတော့ ကျုပ်ကို သိမှာ မဟုတ်ဘူး … ဒါပေမယ့် ကျုပ်ကတော့ ခင်များရဲ့ ဝိဉာဏ်လက်ထည်တွေနဲ့ နှစ်ခါတောင် ကြုံခဲ့ဖူးတယ် …”
ဘေးဘီဝဲယာကို ကြည့်ရင်း ချန်ယွီ့ အေးအေးလူလူ ပြောလိုက်၏။
“ ဒီမှာ ဘာဝိဉာဏ်ချီစွမ်းအင်မှ မရှိဘူးဆိုပေမယ့် ယင်စွမ်းအင်ကတော့ အလျှံပယ်ကို ပေါများတယ် …”
“ မကောင်းတဲ့ ဝိဉာဏ်လက်ထည်ပစ္စည်းတွေ လုပ်ဖို့ အံကိုက်ပဲ …”
“ တခြားလူတွေက ဒီလို ဒုက္ခပေးတဲ့ နေရာတွေကို ရှောင်တယ် … ဒါပေမယ့် ခင်များကတော့ ဒီလိုနေရာကို လုံခြုံတယ်လို့ ထင်ရုံတင် မကသေးဘူး … ရှိတဲ့ အခွင့်အရေးကိုပါ အခွင့်ကောင်း ယူလိုက်သေးတယ် …”
ဤစကားကို ကြားတော့ အမျိုးသားက ချန်ယွီ့ကို ရန်သူတော်တစ်ယောက်ကို ကြည့်သည့် အကြည့်မျိုးဖြင့် ကြည့်လာသည်။
သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
“ ခင်များရဲ့ မေးခွန်းကို မဖြေခင် … ကျုပ်မေးတာကို အရင်ဖြေနိုင်မလား …” ချန်ယွီ့ စိတ်ဝင်တစားနှင့် မေးမြန်းလိုက်၏။
“ ခင်များလို … လုပန်နည်းစနစ်ရဲ့ အမွေဆက်ခံသူက ဘယ်လိုဖြစ်ပြီး ဒီလိုဘဝမျိုးကို ရောက်သွားခဲ့ရတာလဲ …”
“ ခင်များတို့ရဲ့ ဘိုးဘေး လုပန်သာ ဒီအကြောင်းတွေ သိသွားခဲ့လို့ကတော့ ညသန်းခေါင်ကြီး သူ ခင်များဆီ ရောက်လာမှာကို ခင်များ စိတ်မပူဘူးလား …”
ဤသည်ကို ကြားတော့ အမျိုးသားရဲ့ တုံ့ပြန်မှုက အနည်းငယ် လျော့ပါးသွားခဲ့ပြီး တံခါးကို ကျယ်ကျယ်ဖွင့်ပေးလိုက်သည်။
“ ဆိုတော့ မင်းကလည်း ဆန်းကြယ်ပညာရပ်တွေကို လေ့ကျင့်တဲ့လူပဲကိုး …"
(ဆန်းကြယ်ပညာရပ် = စိတ်တန်ခိုးပညာရပ်
ဆန်းကြယ်ဂိုဏ်း = စိတ်တန်ခိုးဂိုဏ်း )
ချန်ယွီ့က မကောင်းသည့် ဝိဉာဏ်ပစ္စည်းများအကြောင်းပြောပြီး သူ့အထောက်အထားကိုလည်း ပြောဆိုခဲ့သည်။
သူ့ရှေ့ရှိ လူငယ်က ဆန်းကြယ်ဂိုဏ်းတစ်ခုခု၏ တပည့်သားတစ်ယောက် ဖြစ်မည်ဟု ယူဆလိုက်ပြီး သူနှင့် တစ်လောကတည်းသားတွေဟု မှတ်ယူလိုက်၏။
မဟုတ်ပါက ချန်ယွီ့မှာ ဤမျှ များပြားလှသည့် အတွင်းသတင်းများကို သိနေမှာ မဟုတ်ချေ။
“ ငါ့ ဘိုးဘေး ညသန်းခေါင်ကြီး ငါ့ဆီ လာလည် မလည်တော့ ငါမသိဘူး … ငါသိတာတစ်ခုက ငါသာ ဒီလိုမျိုး မလုပ်ဘူးဆိုရင် ငါ့မိဘတွေ ဆေးဖိုးစရိတ် လောက်မှာ မဟုတ်ဘူးဆိုတာပဲ …”
“ ငါ့အကြီးဆုံးသားလည်း အိမ်တစ်လုံး ဝယ်ဖို့ တတ်နိုင်မှာ မဟုတ်ဘူး … အဲ့လိုဆိုရင် သူ အိမ်ထောင်မပြုနိုင်တော့ဘူး …”
“ ဒီနေ့ခေတ်ကြီးမှာ လုပန်နည်းစနစ်ရဲ့ အမွေဆက်ခံသူဆိုတာ ဘာ စောက်သုံးမှမဝင်တဲ့ ဂုဏ်ပုဒ်ကြီးပဲ ….”
သက်လတ်ပိုင်း အမျိုးသားက ကြေကွဲဝမ်းနည်းသည့် အမူအရာဖြင့် ထိုင်ချလိုက်သည်။
“ မင်းလည်း ဆန်းကြယ်ပညာရပ်တွေ လေ့ကျင့်တဲ့လူပဲ … အခုခေတ်မှာ ငါတို့တွေ ဘယ်လောက်ထိတောင် သနားဖို့ကောင်းနေလဲ ဆိုတာ မင်း မသိဘူးလား …”
“ ရှေးတုန်းကဆိုရင် လုပန်ဆိုတာ နာမည်ကြီး ပုံရိပ်တစ်ခု …”
“ ဒါပေမယ့် အခုတော့ … ငါက ဘာမှမဟုတ်တဲ့ ကောင်ပဲ …”
သက်လတ်ပိုင်း အမျိုးသားက စိတ်ပျက်လက်ပျက်နှင့် ညည်းညူပြသည်။
ပရောဂနှင်ခြင်း၊ ဗေဒင်ဟောပြောခြင်း ၊ သို့မဟုတ် ဖုန်းရွှေပညာရပ်များကို လေ့လာသူများက သူ့နည်းသူ့ဟန်နှင့် ကောင်းမွန်သည့် ဘဝများတွင် နေထိုင်နိုင်ကြသည်။
သို့ပါသော်လည်း လုပန်နည်းစနစ် အမွေဆက်ခံသူ၏ ဘဝအခြေအနေကတော့ စကား တစ်ခွန်းတည်းနှင့်သာ ဖော်ကြူးပြနိုင်သည်။
အင်မတန် ဝမ်းနည်းစရာ ဖြစ်၏။
လုပန် နည်းစနစ်ဆိုသည်မှာ လုပန် အမည်ရသည့် လူတစ်ဦးထံက ဆင်းသက်လာခြင်း ဖြစ်ပြီး လုပန်ကျမ်းကို သုံးပိုင်း ခွဲခြားထားသည်။
ပထမပိုင်းတွင် အမျိုးမျိုးသော သစ်သား အိမ်များ ဆောက်လုပ်သည့် နည်းလမ်းများ ပါဝင်ပြီး အလယ်ပိုင်းတွင် ဝိဉာဏ်လက်မှုပစ္စည်းများ ပြုလုပ်သည့် နည်းစနစ်ကို မှတ်တမ်းတင်ထားသည်။ နောက်ဆုံးပိုင်းတွင်တော့ ဂါထာနှင့် မန္တရားမန်းမှုတ်သည့်နည်းလမ်းများကို မှတ်တမ်းတင်ထား၏။
လုပန်နည်းစနစ်ကို မကောင်းသည့် ကံများ ကျရောက်လာခြင်းမှ တိမ်းရှောင်နိုင်ရန်အတွက် ကျယ်ကျယ်ပြန်ပြန့် အသုံးချကြလေသည်။
“ အစောပိုင်း နှစ်တွေတုန်းကဆို ငါတို့တွေဆိုတာ အလုပ်နဲ့လက်ကို မပြတ်ဘူး … ငွေရေးကြေးရေးဆိုလည်း မပူပင်ရဘူး …”
“ ဒီနေ့ခေတ်ရောက်တော့ ငါတို့နေတဲ့ အိမ်တွေက ကွန်ကရစ်တိုက်တွေ ဖြစ်ကုန်ပြီ … ဘယ်သူမှ သစ်သားနဲ့ အိမ်တွေ မဆောက်ကြတော့ဘူး …”
သက်လတ်ပိုင်း အမျိုးသားက သူ့ဘဝ သက်တမ်းတစ်ခုလုံးကို အမျိုးမျိုးသော သစ်သားအိမ်များ ဆောက်လုပ်နိုင်ဖို့ လေ့လာခဲ့သည်။
တတ်မြောက် ကျွမ်းကျင်ပြီးနောက် ခေတ်သစ်ကမ္ဘာကြီးတွင် သူ့အား လိုအပ်သည့် နေရာ ၊ မည်သည့်နေရာတွင်မျှ မရှိတော့သည်ကို သတိပြုမိလိုက်၏။
သူ့ မိသားစုကို ပံ့ပိုးပေးနိုင်ရေးအတွက် လုပန် နည်းစနစ်ကို အသုံးပြု၍ အခြားသူများအတွက် ဝိဉာဏ်လက်ထည်များ ပြုလုပ်ပေးဖို့သာ တတ်န်ိုင်သည်။
လက်ရှိ မျက်မှောက်ခေတ်တွင် ဝိဉာဏ်စွမ်းအင် နည်းပါးလွန်းသည့်အတွက်ကြောင့် မကောင်းသည့် ဝိဉာဏ်လက်ထည်ပစ္စည်းများ ပြုလုပ်သည့်ဘက်ခြမ်းကို သူ ပိုပြီး အလေးပေးခဲ့သည်။
“ မင်းက ကောင်းကောင်းမွန်မွန် ဝတ်စားထားတယ်ဆိုတော့ ကြည့်ရတာ တာအိုဂိုဏ်းသား ဖြစ်မယ် … ဆိုတော့ မင်းက ကံကြမ္မာဖတ်တဲ့ နည်းလမ်းကို လေ့လာနေတာပေါ့ မှန်တယ်မလား …”
သက်လတ်ပိုင်း အမျိုးသားက ချန်ယွီ့ကို အားကျမနာလိုသည့် မျက်လုံးစိမ်းကြီးများဖြင့် ကြည့်လာသည်။
“ မင်းတို့ကောင်တွေ တကယ့်ကို ကံကောင်းတဲ့ကောင်တွေ … ဒီနေ့ခေတ် ချမ်းသာတဲ့ လူတော်တော်များများက စီးပွားရေး ကိစ္စ တစ်ခုခု ဆုံးဖြတ်ချက် ချမှတ်တော့မယ်ဆိုရင် ဖုန်းရွှေနဲ့ ကံကြမ္မာဟောပြောသူတွေကို တော်တော်လေး မှီခိုကြတာများတယ်…”
“ သူတို့ကို ကံကြမ္မာ တစ်ခါလောက် ဖတ်ပေးလိုက်ရင် ယွမ်တစ်သောင်းကတော့ အေးဆေး လာထားပဲ ….”
“ ငါတို့လိုကောင်တွေနဲ့ မတူဘူး … တာအိုဂိုဏ်း အပြင်ဘက်က ငါတို့လို တခြား ဆန်းကြယ်ပညာရပ်ကို လေ့ကျင်သူတွေဆို လမ်းဘေးမှာ တောင်းစားရတဲ့ကောင်တွေတောင် ရှိတယ် …”
အနှီ သက်လတ်ပိုင်း အမျိုးသားကို ကြည့်ရသည်မှာ အတောမသတ်နိုင်သည့် စောဒကတက်ချင်စရာတို့ ရှိနေသည့်ပုံပင်။
သူ့ အခြေအနေအကြောင်းကို ပြောပြပြီးနောက် တာအိုဂိုဏ်း အကြောင်းကို အတင်းတုပ်တော့သည်။
လုပန်ရဲ့ အမွေဆက်ခံသူတွေ ၊ ရှန်းရှီးရဲ့ အလောင်းသယ်ဆောင်သူတွေ ၊ တောင်ပိုင်းရဲ့ ရှားမန်းတွေ ၊ မြောက်ပိုင်းရဲ့ ချူးမာ တပည့်တွေ။
သူတို့ထဲ မည်သူကမျှ သူတို့ တတ်ကျွမ်းသည့် လက်မှုအတတ်ပညာနှင့် မှီခိုရှင်သန် မရပ်တည်နိုင်ကြချေ။
သူ ဟန်ကျိုး ရောက်လာပြီးနောက်တွင် ဝိဉာဏ်ဆင့်ခေါ်နည်းလမ်းကို တတ်ကျွမ်းသည့် ဆက်ခံသူ တစ်ဦးက သန်မာသည့် တစ္ဆေတစ်ကောင်ကို သူ့ကိုယ်ထဲ ဝင်စီးခိုင်းပြီး ဆောက်လုပ်ရေးဆိုက်တွင် သုံးလေးရက်လောက် အုတ်သယ် အုတ်ထမ်း ပြုလုပ်နေသည်ကို ယခုတိုင် မှတ်မိနေသေး၏။ ထိုမြင်ကွင်းက သူ့မျက်လုံးထဲကနေ ဘယ်တော့မှ ထွက်မသွားချေ။
“ တော် တော် တော် …. ခင်များ တော်လိုက်တော့ …”
ချန်ယွီ့ မနေနိုင်တော့ဘဲ သက်လတ်ပိုင်း အမျိုးသားရဲ့ စောဒကတက်နေမှုများကို ကြားဖြတ်နှောင့်ယှက်လိုက်ရတော့သည်။
အကယ်၍ သူ့ကိုသာ ဤအတိုင်း ဆက်လွှတ်ထားမည်ဆိုပါက နောက်ထပ် တစ်နာရီဆိုလည်း ဆက်ပြောနေလောက်သည်။ ဒီလူ ဘယ်တုန်းကများ ဒီလောက်ထိ ပြောချင်နေမှန်း မသိ။ တော်တော်လေး စုထားပုံရသည်။
“ ဟုတ်သား … ဒါနဲ့ မင်းက ဘယ်လို ဝိဉာဏ်လက်ထည်မျိုး ဝယ်ချင်တာ …” သက်လတ်ပိုင်း အမျိုးသားက မေးလိုက်သည်။
“ ကျုပ် ဒီလာတာ ဝိဉာဏ်လက်ထည်တွေ ဝယ်ဖို့ မဟုတ်ဘူး … ခင်များကို ဝယ်ဖို့ ရောက်လာတာ …”
ချန်ယွီ့ ရယ်ကျဲကျဲနှင့် တုံ့ပြန်လိုက်၏။