← Chapters

ဆန်းကြယ်ဂိုဏ်းရဲ့ စို့နင့်ဖွယ်ရာ အခြေအနေ

Vol. 11 Ch. 105

ဆန်းကြယ်ဂိုဏ်းရဲ့ စို့နင့်ဖွယ်ရာ အခြေအနေ

Vol. 11 Ch. 105

“ မင်း ဘာတွေ လာပြောနေတာ … ရူးနေတာလား …”

သူ့ဘဝက ခက်ခဲကြမ်းတမ်းလွန်းလှပါပြီ ဆိုမှပဲ ချန်ယွီ့က သူ့ကို လာကစားချင်နေတယ် ...

ဒီက စိတ်ပေါက်ပေါက်နဲ့ ထရိုက်မိတော့မယ်။

“ ကျုပ် ရူးတာ မရူးတာ ခင်များ စိတ်ပူရမယ့် အပိုင်းမဟုတ်ဘူး …”

“ ဒါပေမယ့် ခင်များရဲ့ အခြေအနေက အတော်လေး ဆင်းရဲနေတယ် …”

“ ကျုပ် ဒီခု ရောက်တာက အဲ့ဒီအတွက်ပဲ … ဘာကြောင့်ဆိုတော့ ကျုပ် ခင်များရဲ့ အစွမ်းအစတွေကို စိတ်ဝင်စားတယ် ….” ချန်ယွီ့ ပြုံးလျက် ပြောလိုက်သည်။

“ ခင်များ ကျုပ်နဲ့ အလုပ်အတူ လုပ်ဖို့ စိတ်ဝင်စားလား … ကျုပ် ခင်များကို လအလိုက် လုပ်အားခ ရှင်းပေးသွားမယ် …”

“ မင်းက ငါ့ကို အလုပ်ခန့်ချင်တာလား ….”

သက်လတ်ပိုင်း အမျိုးသားက နောက်ဆုံးတော့ ချန်ယွီ့ သူ့ကို ဝယ်ချင်သည်ဟူသော စကား အဓိပ္ပာယ်ကို နားလည်သွားခဲ့ပြီ ဖြစ်သည်။

“ ခင်များရဲ့ ပင်ကိုယ်သဘာဝက ဆိုးတဲ့ထဲ မပါဘူး …” ချန်ယွီ့ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး “ ခင်များက ဒီတိုင်း ငွေရှာဖို့ ကြိုးစားနေရုံလေးတင်ပဲ … ခင်များရဲ့ နည်းလမ်းတွေက နည်းနည်း မသတီဖို့ ကောင်းတယ်ဆိုပေမယ့်ပေါ့ ….”

“ ပိုက်ဆံချွေတာနိုင်ဖို့ ဆိုပြီး ခင်များက လူတွေရဲ့ အုတ်ဂူကိုတူး … အရိုးကို ဝိဉာဏ်လက်ထည် ပစ္စည်းအနေနဲ့ အသုံးချတယ် … ခင်များ ကောင်းကင်ရဲ့ ပြစ်ဒဏ်ကို မကြောက်ဘူးလား ….”

“ ဟမ့် …”

“ ငါ့မိသားစုရဲ့ စားဝတ်နေရေးက ငါ့အပေါ် မှီခိုနေတာ … “ သက်လတ်ပိုင်း အမျိုးသားက အေးစက်စက် နှာမှုတ်လိုက်ပြီး မထီမဲ့မြင် မျက်နှာထားဖြင့် “ စားဝတ်နေရေးလေး‌တောင် အဆင်ပြေအောင် မလုပ်နိုင်မှတော့ ကောင်းကင်က အပြစ်ပေးမှာကို ဘာကိစ္စ ကြောက်နေရမှာ ….”

“ တကယ်လို့ ကောင်းကင် ပြစ်ဒဏ်ဆိုတာ တကယ်ပဲ တည်ရှိတယ်ဆိုရင် အဲ့ဒီ နှလုံးသား မည်းညစ်တဲ့ အမြတ်ကြီးစားသမားတွေနဲ့ စီးပွားရေး သမားတွေ အရင် မိုးကြိုးပစ်ခံရလို့ သေနေတာ ကြာပေါ့ ….”

“ အထူးသဖြင့် ဒီဗီလာဥယျာဉ်ကို တည်ဆောက်တဲ့ ဆောက်လုပ်ရေးသမားပဲ …”

ဤစကားကို ကြားတော့ ချန်ယွီ့ ခါးသက်သက် ပြုံးမိသည်။

ကောင်းကင်ရဲ့ အမျက်ဒေါသကို ဆန်းကြယ်ဂိုဏ်း တော်တော်များများက မကြောက်ရွံ့ကြချေ။ ဤ လူကလည်း ထိုလူထူးဆန်းများထဲက တစ်ဦးဖြစ်သည်။

ပညာရှိ တစ်ဦး တစ်ခါက ပြောခဲ့ဖူးသည်။ သူရဲကောင်းတစ်ယောက်ကို ပိုက်ဆံ တစ်ပဲနိနှင့် သေအောင် တိုက်ပွဲနှင်ခိုင်း၍ရသည်။

သူတို့ ပြောတာလည်း ဟုတ်သည်။

ကောင်းကင်က အမှန်ပဲ ဗီလာဥယျာဉ် ဆောက်လုပ်ရေးသမားကို အပြစ်ပေးသင့်သည်။

ဤနေရာက မြို့ထဲ ရှားပါးယင်စုစည်းသည့် နေရာတစ်ခု ဖြစ်သည်။ ဤနေရာရှိ မြေကြောက အင်မတန် ပြင်းထန်သည့် ယင်စွမ်းအင်များကို သဘာဝအလျောက်ထုတ်လွှတ်နေသည်။

အကယ်၍ အလောင်းတစ်လောင်းကို ဤနေရာတွင် လာရောက် မြုပ်နှံထားမည်ဆိုပါက များပြားလှသည့် ယင်စွမ်းအင်များကြောင့် တဖြည်းဖြည်းချင်း သန်မာလာမည်။ နောက်ဆုံး၌ လူတို့ ဖုတ်ကောင်ဟု ခေါ်တွင်နေကြသည့် အကောင်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။

တစ်ချိန်တည်းတွင် အလောင်း၏ ဝိဉာဏ်ကလည်း သူတို့ ခန္ဓာကိုယ်ထဲတွင် ပိတ်မိနေမည်။

တစ်စုံတစ်ဦးက ယင်စုစည်းသည့် မြေကွက်၏ ဖွဲ့စည်းပုံကို မချိုးဖျက်သရွေ့ သူတို့ ဝိဉာဏ်တွေက ဘယ်တော့မှ ပြန်လည် မွေးဖွားနိုင်မှာ မဟုတ်ချေ။

“ ခင်များ ကြည့်ရတာ ဒီနေရာအကြောင်း အတော်လေး သိနေတဲ့ပုံပဲ …”

“ ကျုပ်ကို ထပ်ပြီး များများလေး ပြောပြလို့ အဆင်ပြေမလား …” ချန်ယွီ့ ပြုံးလျက် မေးလိုက်သည်။

“ ဘာပဲဆိုဆို ငါက ဒီမှာ တစ်နှစ်ကျော်လောက် နေခဲ့တဲ့ကောင်လေ … ကံဆိုးတဲ့ လူတွေ အများကြီးနဲ့လည်း တွေ့ခဲ့ဖူးတယ် ..”

“ ငါ ဒီနယ်ပယ်ထဲ ကျင်လည်နေတာ နှစ်တွေလည်း အတော်ကြာပြီ … နှလုံးသား မည်းညစ်တဲ့ လူတွေ အများကြီးနဲ့လည်း ဆုံဖူးတယ် …”

“ ဒါပေမယ့် အဲ့ဒီ မျိုးမစစ်ကတော့ အမည်းတကာ အမည်းထဲ အမည်းဆုံးလို့ကို ပြောရလောက်တယ် …”

“ သူတို့တွေ ဆောက်လုပ်ရေးမစခင် ဖုန်းရွှေမာစတာကို ပင့်ပြီး အကြံဉာဏ် မတောင်းတာက ထားတော့ … အဲ့အထိက အဆင်ပြေသေးတယ် … ဒါပေမယ့် မြေကော်စက်က လူသားအရိုးတွေ တူးဖော်မိတာတောင် အဲ့ ခွေးမသားက တိုင်တန်းလိုက်ရင် ဆောက်လုပ်ရေး ကြန့်ကြာနေမှာကို ကြောက်လို့ အရိုးတွေကို ဖောင်ဒေးရှင်းထဲ ထည့် ၊ ဘိလပ်မြေနဲ့ အုပ်ပြီး သူတို့ကို ချိတ်ပိတ်ထားလိုက်တယ်လေ … ဒီရဲ့ အကျိုးသက်ရောက်မှုတွေက အဲ့ဒီ လေလွင့်ဝိဉာဏ်တွေကို ပြန်မမွေးဖွားနိုင်အောင် လုပ်လိုက်တာနဲ့ အတူတူပဲ …”

“ အဲ့ဒီ လွန်ခဲ့တဲ့ ရာစုနှစ် တစ်ခုကျော်လောက်က သေသွားခဲ့တဲ့ ဒီတစ္ဆေတွေကလည်း အတော်ကံဆိုးကြတဲ့လူတွေလို့ ပြောလို့ရတယ် …”

ဆန်းကြယ်ဂိုဏ်းအဖွဲ့ဝင် တစ်ဦးဖြစ်သည့်အလျောက် သူက ဝိဉာဏ်များကို မနှိင်နင်းနိုင်သော်လည်း တစ္ဆေများနှင့်တော့ ဆက်သွယ်နိုင်သည်။

တစ္ဆေတွေ သူ့အပေါ် ထိခိုက်နာကျင်အောင် လုပ်ခြင်းမှ ကာကွယ်နိုင်သည့် နည်းလမ်း နည်းနည်းပါးပါးလည်း သိထား၏။

ဤနေရာမှာ မူလတုန်းက ဧရာမ ဂူသင်္ချိုင်းကြီး တစ်ခုဖြစ်ပြီး အောက်တွင် အလောင်းအများအပြား မြုပ်နှံထားသည်။

အချိန်ကြာလာသည်နှင့် ဤနေရာကလည်း ချေဖျက်ခံလိုက်ရပြီး ဆောက်လုပ်ရေး စသည်။ ပြီးနောက် မြေကော်စက်များနှင့် မြေသယ်ကားတို့ အများအပြား တစ်ခုပြီးတစ်ခု ရောက်လာပြီး မရည်ရွယ်ပါဘဲနှင့် ယင်စုစည်းမှု ပုံစံကို ချိုးဖျက်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

တစ္ဆေများမှာ အားပါးတရ ပျော်မယ် ကြံခါရှိသေး။ အနှီ သေသင့်သည့် နှလုံးသား မည်းညစ်သည့် စီးပွားရေးသမားက သူတို့ အရိုးတွေကို ဖောင်ဒေးရှင်းထဲ မြုပ်နှံပြီး ချိပ်ပိတ်ထားလိုက်သည်။

ဤလုပ်ရပ်က သူတို့ အလောင်းများကို အစိပ်အစိပ်အမြွှာမြွှာ ဖြစ်အောင် ပြုလုပ်လိုက်သည်နှင့် မခြားပေ။

ဤသည်က မတော်တဆမှု တစ်ခုကြောင့် အလောင်းမပြည့်မစုံနှင့် သေဆုံးသွားခဲ့ပြီး ပြန်လည်မွေးဖွားခြင်း မပြုနိုင်တော့ဘဲ အတိုင်းအဆမဲ့ လွင့်မြောနေရသည်နှင့် တူညီသည်။

သက်လတ်ပိုင်း အမျိုးသားက ချန်ယွီ့ကို ကြည့်လျက် မေး၏။ “ မင်း ငါ့ကို အလုပ်ခန့်ချင်တယ်ဆိုတာ ရွှတ်နောက်ပြီး ပြောတာတော့ မဟုတ်ဘူးမလား …”

ချန်ယွီ့ စကား လေကုန်ခံမနေတော့ဘဲ ကမ်းလှမ်းမှု တစ်ခု ပြုလုပ်လိုက်သည်။ “ တစ်လ ယွမ်နှစ်သောင်း ၊ နှစ်ကုန် ဘောနပ်စ်လည်း ရှိမယ် …”

“ အားလပ်ရက် ပွဲတော်နေ့တွေဆို ခင်များရဲ့ လစာအပြင် မုန့်ဖိုးပါ ပေးမယ် … လက်ဆောင်တွေလည်း ပါပြီးသားပဲ …”

ချန်ယွီ့ရဲ့ လေးနက်သည့် အမူအရာကို မြင်တော့ သက်လတ်ပိုင်းအမျိုးသားက မျက်လုံးလှန်လိုက်သည်။

“ မရဘူး …”

တစ်ဖက်လူ၏ ငြင်းဆန်သံကို ကြားတော့ ချန်ယွီ့ မေးလိုက်သည်။ “ ဘာလဲ … ကျုပ် ခင်များကို လှည့်စားမှာ ကြောက်နေတာလား …”

သက်လတ်ပိုင်း အမျိုးသားက ဘဝင်ခိုက်နေသည့် မျက်နှာထားဖြင့် ခွန်းတုံ့ပြန်လာသည်။

“ မင်းလည်း ဆန်းကြယ်ဂိုဏ်းက ၊ ငါလည်း ဆန်းကြယ်ဂိုဏ်းက ၊ ငါတို့သာ တကယ်ပဲ တိုက်ခိုက်ကြမယ်ဆိုရင် နောက်ဆုံး အနိုင်ရမယ့်လူက ဘယ်သူလဲ မသေချာဘူး …”

“ ငါက လုပန်နည်းစနစ် အပြည့်အစုံကို လေ့လာထားတဲ့လူ … ပြီးတော့ လုပန်ရဲ့ ဆက်ခံသူတွေကြားထဲ အတော်ဆုံး တစ်ယောက်လို့ သတ်မှတ်လို့ရတယ် ….”

“ အသက်အရွယ်ချင်း ယှဉ်မယ်ဆိုလည်း ငါက မင်း ဦးလေး ဖြစ်ဖို့ လုံလောက်တဲ့အထိကို အသက်ကြီးတယ် …”

“ လက်မှုပညာနဲ့ ဝိဉာဏ်လက်ထည်တွေ လုပ်တဲ့ အပိုင်းမှာဆိုလည်း ငါ့ကိုယ်ငါ နိုင်ငံထဲ အကောင်းဆုံးလို့တော့ မကြိမ်းဝါးဝံ့ဘူးဆိုပေမယ့် စီရင်စုထဲမှာတော့ ထိပ်တန်း သုံးယောက်ထဲပါတာ သေချာတယ် ….”

“ မင်းငါ့ကို ငှားချင်တယ်ဆိုရင် ငါ့ကို ပိုပြီး ပေးရမယ် ….”

‘ပိုပေးရမယ်’ဆိုတဲ့ စကားကို ပြောနေချိန်တွင် အမျိုးသားရဲ့ မျက်နှာက တစ်ချက်လေးမျှ မပြောင်းသွားခဲ့ချေ။

“ ဘယ်လောက်လဲ …”

ချန်ယွီ့လည်း ဆွံ့အနေမိသည်။

လစာညှိနှိုင်းချင်တယ်ဆိုလည်း ညှိနှိုင်းချင်တယ် တန်းပြောလေ … အခုတော့ ဘယ်နှယ့် စကားတွေ အများကြီး ပြောပြီး ရှင်းပြနေသေးတယ် …

တကယ့်ကို လူထူးဆန်းပဲ …

ဒါပေမယ့်လည်း သူက လူထူးဆန်းမဟုတ်ဘူးဆိုရင် သူများရဲ့ အိမ်မှာ ပေါ်ပေါ်ထင်ထင်ကြီး နေပြီး သိပ်သည်းနေတဲ့ ယင်စွမ်းအင်တွေကို အခွင့်ကောင်းမယူဘဲ ဘယ်နေလိမ့်မှာ …

သူက သူများ နောက်ဖေးခြံထဲမှာ ဟင်းသီးဟင်းရွက်တွေတောင် စိုက်ထားလိုက်သေးတယ် …

မခန့်ချက်က မသိရင် သူ့အိမ်သူ့ယာ ကျနေတာပဲ …

ပြီးတော့ ဒီလို ယင်စွမ်းအင် သိပ်သည်းတဲ့ နေရာမှာ ရှိတဲ့ လူသားအရိုးတွေက သာမန်လူသားအရိုးတွေနဲ့ ကွဲတယ် … သူတို့ထဲမှာ ယင်စွမ်းအင် ပမာဏ တော်တော်များများ ပါဝင်နေပြီးတော့မှ နတ်ဆိုးဝိဉာဏ်လက်ထည်ပစ္စည်းတွေ ပြုလုပ်ဖို့ အကောင်းဆုံးပဲ …

သိပ်မကြာခင်တုန်းက ဂိုစစ်တုရင် ကစားသမား ကျိုးမုန့်မုန့် လက်မှာ ဝတ်ဆင်ထားတဲ့ အရိုးလက်ကောက်ကို ဖန်တီးခဲ့တဲ့ ပိုင်ရှင်ကလည်း ဒီလူပဲ …

တစ္ဆေဘုရင်ရဲ့ မျက်နှာမှန်ကို ဖန်တီးခဲ့တာလည်း ဒီလူပဲ …

ဆိုရလျှင် သူက အတော်လေး ကျွမ်းကျင်သည့်လူလို့တော့ ပြော၍ရ၏။

“ ခင်များ ဘယ်လောက် လိုချင်လဲ …”

ချန်ယွီ့ မေးလိုက်သည်။

“ ဘာပဲ ဖြစ်ဖြစ် မင်းနှစ်ဆပေးရမယ် …”

သက်လတ်ပိုင်းအမျိုးသားက သူသည် ထိုတန်ဖိုးနှင့် ထိုက်တန်ပါသည်ဟု ပြောနေသည့်နှယ် ခေါင်းကို မြင့်မြင့်မော်ကြွားလိုက်သည်။

“ ဟားဟား …..”

ချန်ယွီ့ ညင်သာစွာ ခေါင်းခါလိုက်သည်။ သူ ငိုရမလို ၊ ရယ်ရမလို ဖြစ်နေတော့၏။

“ မရဘူးလား … ဒါဆိုရင်ကော … မင်း မင်းငါ့ကို တစ်သောင်းပဲ ပိုပေးကွာ … တစ်သောင်းပဲ … အဆင်ပြေတယ်မလား …”

သူက ဆင်းရဲလွန်းသည့် ဘဝနှင့် နေသားကျနေပြီ ဖြစ်၍ သူ့ရဲ့ အလွန်အကျွံ တောင်းဆိုမှုက ချန်ယွီ့ကို ကြောက်လန့်ပြီး အဝေးသို့ မောင်းထုတ်မိသလို ဖြစ်သွားမှာကိုလည်း ကြောက်မိသည်။

ထို့ကြောင့် ဈေးနှိမ်ဖို့ကို သူ့ဘက်က ဦးစွာ ကမ်းလှမ်းပေးလာသည်။

“ မလိုဘူး … ယွမ် လေးသောင်း … ခင်များက တန်တယ် ….”

သူ့ရှေ့ရှိ ဤလူက အရှိန်အဝါ သန့်စင်ခြင်း နယ်ပယ်၏ အစွန်အဖျားကိုပင် မထိတွေ့နိုင်သေးသော်လည်း သူ့ရဲ့ ဝိဉာဏ်လက်ထည်ပစ္စည်းများ ပြုလုပ်သည့် စွမ်းရည်ကတော့ တကယ့်ကို ထိပ်တန်း ဖြစ်သည်။

ချန်ယွီ့အတွက် ဝိဉာဏ်ပစ္စည်းကိရိယာများ ဖန်တီးပေးဖို့ ကူညီပေးနိုင်ရုံတင်မက တောက်တိုမယ်ရ အလုပ်သမား အဖြစ်လည်း ခိုင်း၍ရသည်။ ဆိုတော့ ဘာကြောင့် မပေးရမှာ။ ဟုတ်တယ်မလား။

ထို့ပြင် ဤလူ၏ စရိုက်လေးကလည်း မဆိုးပေ။ ပိုက်ဆံပေးပြီး ဤလူကို ကောင်းသည့်လမ်းသို့ လျှောက်လှမ်းခိင်းသည်ကလည်း သူ့အတွက် ကုသိုလ်ရနည်း တစ်မျိုးပင်။

အကယ်၍ သူသာ ဆက်လက်ပြီး မကောင်းသည့် ဝိဉာဏ်လက်ထည်များကို ဖန်တီးနေဦးမည်ဆိုပါက အနှေးနှင့်အမြန် ကောင်းကင်၏ အပြစ်ပေးခြင်းကို ခံစားရလိမ့်မည်။

“ ဟားဟားဟား … ငါ နောက်ဆုံးတော့ ဒီလို ခက်ခဲကြမ်းတမ်းတဲ့ ဘဝကြီးမှာ ဆက်ပြီး နေစရာ မလိုတော့ဘူးကွ ….”

သက်လတ်ပိုင်း အမျိုးသားက စိတ်လှုပ်ရှားလွန်း၍ ကျယ်လောင်စွာ အော်ဟစ်ကြွေးကြော်လိုက်သည်။

ရွှတ်နောက်တစ်ဝက် ၊ လေးနက်တစ်ဝက် အဓိပ္ပာယ်ဖြင့် ချန်ယွီ့ မေးလိုက်၏။ “ ကျုပ် ဘာကြောင့် ခင်များကို အလုပ်ခန့်လဲဆိုတာကိုရော မမေးတော့ဘူးလား …”

“ ဘာပဲဖြစ်ဖြစ် မကောင်းတဲ့ဟာတော့ မဖြစ်နိုင်ပါဘူး …”

အမျိုးသားက ယုံကြည်ချက် ပြည့်ဝနေသည့် လေသံဖြင့် ဖြေလာသည်။

“ အို ….”

“ ခင်များက ဘာလို့ ဒီလောက်တောင် သေချာပြောနိုင်ရတာ …” ချန်ယွီ့ စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

“ ငါတို့ လုပန် စုန်းထီးတွေက တစ္ဆေတွေ၊ နတ်ဆိုးတွေ ၊ သူတော်ကောင်းတွေနဲ့ မကောင်းဆိုးဝါးတွေကို ခွဲခြမ်းစိတ်ဖြာဖို့ ယင်ယန်မျက်လုံးကို ဖွင့်နိုင်တယ် … “

အမျိုးသားက သူ့မျက်လုံးသူ ညွှန်ပြပြီး ပြောသည်။

“ မင်း ငါ့ဆီ ရောက်လာတဲ့အချိန်ကတည်းက ငါ့မျက်လုံးကို ဖွင့်ထားပြီးသား …”

“ မင်းမှာ ဝိဉာဏ်ချီစွမ်းအင်တွေ မရှိဘူးဆိုပေမယ့် မကောင်းတဲ့ ချီစွမ်းအင်ကိုလည်း မတွေ့ရဘူး …”

“ ပြောချင်တဲ့သဘာက မင်း မကောင်းတဲ့ အလုပ်တွေ တစ်ခါမှ မလုပ်ဖူးဘူးဆိုတဲ့ သဘောပဲ …”

ချန်ယွီ့ ပြုံးလိုက်သည်။

“ကောင်းပြီ … သေချာနားထောင် … ခင်များ ဒီနေ့ကစပြီး အလုပ်ဝင်ရမယ် … အစမ်းခန့် ကာလ မရှိဘူး …”

“ ဒီမှာရှိနေတဲ့ တစ္ဆေတွေကို ကျုပ် နှင်လွှတ်ပြီးပြီ … ဒီနေရာက မကြာခင်မှာ အသက်စွမ်းအင်တွေ ပြန်ပြည့်ဝလာတော့မှာ … ခင်များလည်း ဆက်ပြီး နေလို့ရမှာ မဟုတ်ဘူး …”

“ ခဏကျရင် ကျုပ်နဲ့လိုက်ခဲ့ … ကျုပ် ခင်များအတွက် အိမ်တစ်လုံး ငှားပေးမယ် ….”

“ ခင်များ လုပ်ရမယ့်တာဝန်က စုစုပေါင်း သုံးခုရှိတယ် … ပထမတစ်ခုက ... ကျုပ် ပေးတဲ့ ပစ္စည်းတွေနဲ့ ကျုပ်အတွက် ဝိဉာဏ်လက်ထည်တွေ လုပ်ပေးရမယ် …”

“ ဒုတိယတစ်ခုက ကျုပ် ခင်များကို လိုအပ်တဲ့ အချိန်တိုင်း ကျုပ် အတွက် တောက်တိုမယ်ရ လုပ်ပေးပြီး သတင်း အချက်အလက်တွေ စုဆောင်းတဲ့တာဝန်ကို လုပ်ပေးရမယ် …”

“ တတိယ တစ်ချက်က ….”

ထို့နောက် ချန်ယွီ့ စတင်ပြီး ဤအမျိုးသား၏ နာမည်ကို မေးကာ ပုံမှန် သူ့ပစ္စည်းများ ရောင်းချသည့် နည်းလမ်းကို စပြီး နည်းနာသည်။

“ ငါ့နာမည်က မုန့်သဟိုင် ၊ မင်းငါ့ကို ခုကစပြီး လောင်မုန့်လို့ ခေါ်လို့ရတယ် …”

“ ပုံမှန်အားဖြင့်တော့ ငါ့ဖောက်သည်တွေက တခြားလူတွေ ညွှန်းလို့ ရောက်လာကြတဲ့လူတွေချည်းပဲ ….”

မုန့်သဟိုင်က ပြောလိုက်သည်။

“ ဒါဆို အခုကစပြီး တကယ်လို့ တစ်စုံတစ်ယောက်က ခင်များဆီမှာ စိတ်ကြိုက် ဝိဉာဏ်လက်ထည်တွေ လုပ်ပေးဖို့ တောင်းဆိုလာခဲ့ရင် ကျုပ်ဆီကို အချိန်မီ သတင်းပို့ရမယ် …”

“ ဟမ် …”

“ မင်းက ငါ့ကို မင်းရဲ့ သူလျှို လုပ်ခိုင်းချင်တာလား ….” မုန့်သဟိုင်က အံ့အားသင့်သည့် လေသံဖြင့် မေးလိုက်သည်။

All Chapters