ကောင်းကင်က အပြစ်ပေးသွားတဲ့ ပြစ်မှု တစ်ခု
Vol. 11 Ch. 106
“ ခင်များ အဲ့လို နားလည်တယ်ဆိုလည်း ရတယ် …”
“ ခင်များကို မကောင်းတဲ့ ဝိဉာဏ်လက်ထည်တွေ လာအပ်တဲ့လူပဲ ဖြစ်ဖြစ် ၊ ဒါမှမဟုတ် ခင်များက လူကောင်းမဟုတ်ဘူးလို့ ထင်တာပဲ ဖြစ်ဖြစ် သူတို့ ဓာတ်ပုံတွေ ရိုက်ယူထားပြီး ကျုပ်ကို ပေးရမယ် …”
“ ခင်များ အဲ့လိုလုပ်တဲ့ အချိန်တိုင်းလည်း ကျုပ်က ခင်များကို ဘောနပ်စ်ပေးဦးမှာ ….”
ချန်ယွီ့ ပြောင်မြောက်လွန်းသည့် သူ့အကြံသူ မနေနိုင်ဘဲ ကိုယ့်ကိုယ်ကို ချီးကျူးလိုက်၏။
တစ်ဖက်တွင် သူက မုန့်သဟိုင်ကို သူ့ရဲ့ အစွမ်းအစများကြောင့် အလုပ်ခန့်ချင်သည်။
ကျန်တစ်ဖက်တွင်လည်း အနှီ လမ်းမှားသို့ လျှောက်လှမ်းနေကြသူများကို လမ်းညွှန်ပေးရင်း ကုသိုလ်နှင့် ကံကောင်းမှုများကို ရရှိနိုင်သည်။
ထိုအတွေးရေယာဉ်ကြောထဲ နစ်မြောရင်း ချန်ယွီ့ ပြောင်မြောက်သည့် နောက်အကြံတစ်ခု ရလာခဲ့သည်။
သဘာဝလွန် ရာဇဝတ်မှုများကို ဖြိုခွင်းနိုင်ရေးအတွက် အာဏာပိုင်များက စီရင်စု တစ်ခုချင်းစီတိုင်းတွင် အထူးမစ်ရှင် ဌာနခွဲများ တည်ထောင်ထားသည်။
မုန့်သဟိုင်ဆီကနေ သတင်းအချက်အလက်များ ရရှိသည်နှင့် အထူးမစ်ရှင် ဌာနထံ လွှဲပြောင်းပေးပြီး ၎င်းတို့တွေ မကောင်းမှုများ မပြုလုပ်နိုင်မီ ကြိုတင် ကာကွယ်ထား၍ရသည်။
ဒါလည်း ကောင်းကင်ကို အကူအညီပေးနေတာပဲ မဟုတ်လား …
ဤအရာမှတစ်ဆင့် ကုသိုလ်နှင့် ကံကောင်းမှုတို့ ဘယ်လောက်များများ ရရှိနိုင်မလဲ သူမသိ၊ သို့သော် ကြိုးစားကြည့်ဖို့ ထိုက်တန်သည်။
“ အခုချက်ချင်း အထုပ်အပိုးတွေ သိမ်းပြီး ကျုပ်နေရာကို လိုက်ခဲ့တော့ ….”
“ အိုကေ …”
မုန့်သဟိုင် ဗီလာထဲ ခေါက်တုံ့ခေါက်ပြန် လျှောက်သွားနေပြီး တစ်နာရီကျော် ကြာတော့မှပဲ လိုအပ်သည်များအားလုံး ထုပ်ပိုးသိမ်းဆည်းပြီးသွားတော့သည်။
သူက ပတ္တူစ ခရီးဆောင်အိတ် အကြီးကြီးကို လွယ်ထားပြီး ပခုံးတွင်လည်း မီးဖိုချောင်သုံး ပစ္စည်းများ ပြည့်နှက်နေသည့် ခြင်းတောင်းကြီး တစ်ခုကို လွယ်ထားသည်။
အခြားလက်တစ်ဖက်တွင် အဝါရောင် အိတ်တစ်လုံးကို ကိုင်ဆွဲထားပြီး ၎င်းအိတ်ပေါ်တွင် မျက်စိဖမ်းစားနိုင်လောက်သည့် စာသားတစ်ခုကို ရေးထိုးထား၏။
ယူရီးယား ( မြေဩဇာ)
ချန်ယွီ့ မုန့်သဟိုင်ကို ကူညီ၍ မြေပြင်တွင် ပျံ့ကျဲ့နေသည့် ဝိဉာဏ်လက်ထည်များ ပြုလုပ်သည့် ကိရိယာများကို သိမ်းဆည်းပေးလိုက်သည်။
အားလုံး ပြီးဆုံးသည်နှင့် ချန်ယွီ့က သူ့ဖုန်းကို ထုတ်ပြီး လီချန်ကျွင်းကို လှမ်းခေါ်လိုက်၏။
“ ဒေါက်တာချန် … ဘာကိစ္စရှိလို့လဲ …”
“ ဗီလာဧရိယာထဲမှာ ရှိတဲ့ သံလိုက်စက်ကွင်း ပြောင်းလဲသွားတာက ဗီလာဥယျာဉ် ဆောက်လုပ်တဲ့လူက ဆောက်လုပ်ရေး စတဲ့အချိန်မှာ လက်ခံခွင့်လွှတ်လို့ မရနိုင်တဲ့ အမှုကို ကျူးလွန်ခဲ့လို့ပဲ …”
စကားလုံး အနည်းငယ်ဖြင့် ချန်ယွီ့သည် ထို ဆောက်လုပ်ရေးသမားက တူးဆွမိသည့် အရိုးများကို ကွန်ကရစ် ဖောင်ဒေးရှင်းထဲ မည်သို့ မြုပ်ပစ်လိုက်ကြောင်း ရှင်းပြလိုက်သည်။
“ ခင်များတို့က ဒီလို အလောင်းတွေကို မလေးမစား လုပ်တဲ့ အမှုတွေကို ကိုင်တွယ်နေကြပဲမလား …”
“ ဒါပေါ့ …”
ချန်ယွီ့ရဲ့ စကားလုံးတွေက သွယ်ဝိုက်ပြီး အဓိပ္ပာယ် မပေါ်လွင်သော်လည်းပဲ လီချန်ကျွင်းကတော့ သူ ပြောချင်နေသည့် အကြောင်းအရာကို ကောင်းကောင်းကြီး နားလည်သည်။
ဗီလာဥယျာဉ်ထဲတွင် ဤမျှ တစ္ဆေတွေ များနေသည်မှာ မထူးဆန်းတော့ချေ။ ဆောက်လုပ်ရေးသမားက သူတို့ အလောင်းတွေကို မလေးမစား ပြုမူခဲ့၏။
ထိုသို့ ပြုလုပ်ပြီး၍ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေမှပဲ ထူးဆန်းနေပေလိမ့်ဦးမည်။
တစ်ချိန်တည်းတွင် ချန်ယွီ့ရဲ့ စကားအသွားအလာမှတစ်ဆင့် လီချန်ကျွင်း နောက်တစ်ခုကိုလည်း နားလည်သွားခဲ့ရသည်။
ဆေးမှုခင်း ဆရာဝန်များ အရိုးပိုင်ရှင် သေဆုံးသွားခဲ့သည့် အချိန်ကာလအတိအကျကို မဖော်ထုတ်နိုင်ခဲ့သည်က ဖော်ထုတ်ရရှိသည့် အရိုးများမှာ သာမန်မဟုတ်သောကြောင့်ပင်။
နောက်ပြီး စုံစမ်းရေး အင်အားစု ဗီလာထဲ နေထိုင်စဉ်တွင် အဘယ်ကြောင့် တစ္ဆေတစ်ကောင်နှင့်မျှ မကြုံခဲ့ရတာလဲ ဆိုတာကိုလည်း သူ နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ ဖြစ်၏။ လူကောင်းကို တစ္ဆေမခြောက် ဟူသည့် စကားအတိုင်း စုံစမ်းရေး အင်အားစု အဖွဲ့ဝင်များထံတွင် ဖြောင့်မတ်မှန်ကန်သည့် အရှိန်အဝါတို့ ကိန်းအောင်းနေသည်။
ဝိဉာဏ်များနှင့် တစ္ဆေတို့က ထိုသို့သော လူများကို သူတို့ တတ်နိုင်သလောက် ရှောင်ကြဉ်ကြ၏။ ထို့ပြင် အကြောင်းအရင်း မရှိပါဘဲ သူတို့ရှေ့မှောက်တွင် ပေါ်လာမှာ မဟုတ်ချေ။
ဖုန်းချပြီးနောက် လီချန်ကျွင်းသည် သူ့လက်အောက်ငယ်သားများကို ချက်ချင်း လှုပ်ရှားဖို့ အမိန့်ပေးလိုက်သည်။
တိုင်ကြားချက် လက်ခံရရှိထားသည်ဟူသော အကြောင်းပြချက်ဖြင့် ဗီလာ ဆောက်လုပ်ရေးသမားနှင့် သက်ဆိုင်ရာ အလုပ်သမားများကို လက်ဖက်ရည်သောက်ဖို့ စခန်းထံ ဖိတ်ကြားလိုက်သည်။
အခြားတစ်ဖက်တွင် မုန့်သဟိုင်နှင့် ချန်ယွီ့တို့က ဆေးခန်းထဲ ရောက်လာကြပြီး ဖြစ်၏။
မုန့်သဟိုင် အထဲကို ဝင်တော့ မြို့ကြီးပြကြီးထဲ ပထမဆုံးအကြိမ် ရောက်ဖူးသည့် ကျေးကလာသည့် တောသားတစ်ဦးနှယ် ဖြစ်နေမိတော့သည်။
သူ ချန်ယွီ့ကို ထူးဆန်းသည့် အမူအရာဖြင့် ကြည့်လာသည်။
ချန်ယွီ့က ကျင့်ကြံသူ တစ်ယောက်ဆိုတာ အသိသာကြီးပဲလေ … ဒါကို ဘာလို့ သူနေတဲ့နေရာကို ဒီလောက် အဆန်းကြီး ဆင်ထားရတာ …
“ ဒီအဘိုးကြီးက ဘယ်သူကြီးလဲ … မင်းဘိုးဘေး တစ်ယောက်ယောက်လား … ”
Freud ရုပ်ထုကို မြင်တော့ မုန့်သဟိုင်မှာ အံ့အားသင့်ပြီး စူးစမ်းချင်သည့် လေသံဖြင့်မေးလာသည်။ ဘာကြောင့်ဆို ထိုလူသာ ချန်ယွီ့ရဲ့ ဘိုးဘေး ဖြစ်ရိုးမှန်မည်ဆိုပါက အဘယ်ကြောင့် နိုင်ငံခြားသားရုပ် ပေါက်နေရသနည်း။
“ စိတ်ပညာ နယ်ပယ်ရဲ့ တည်ထောင်သူ ဖခင်ကြီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Freud လေ …” ချန်ယွီ့ ရှင်းပြလိုက်သည်။ “ နံရံမှာ ပုံတူ ချိတ်ဆွဲထားတဲ့လူတွေ အကုန်လုံးကလည်း ကြီးမြတ်တဲ့ စိတ်ပညာရှင်တွေပဲ …”
မုန့်သဟိုင် ချန်ယွီ့ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ ပြီးနောက် မယုံသင်္ကာလေသံဖြင့် မေး၏။
“ မင်း တကယ်ပဲ လူနာတွေကို စိတ်ကျန်းမာရေး ကုသပြီး အသက်မွေးနေတာပေါ့ ….”
“ မဟုတ်လို့ ဘာဖြစ်ရမှာ …”
ချန်ယွီ့ ပခုံးတွန့်လိုက်သည်။
“ ဒီလာတဲ့လမ်းမှာ ကျုပ်ခင်များကို မရေမတွက်အောင် ပြောပြပြီးပြီ … ဒါပေမယ့် ခင်များပဲ မယုံကြည်ဘူး ဇွတ်လုပ်နေတာလေ ….”
“ ဘုရားရေ …”
၎င်းနောက် ချက်ချင်းပဲ မုန့်သဟိုင် သူ့လက်ထဲ ရှိသည့် ပစ္စည်းများကို ရှော့ခ်ရစွာ လွှတ်ချပြီး စင်သို့ ပြေးသွားခဲ့သည်။
“ မင်း ... သေသင့်တဲ့ကောင် …”
“ မင်းရဲ့ ဝိဉာဏ်ချီစွမ်းအင်တွေကို ဒီလို အမှိုက်တွေအပေါ် ကောင်းချီးပေးဖို့ သုံးနေတယ်ပေါ့ … ဖြုန်းတီးနေတာပဲ … ဒါ ဖြုန်းတီးနေတာပဲ ….”
စင်ပေါ်ရှိ ထူးထူးဆန်းဆန်း ပစ္စည်းများကို မြင်တော့ မုန့်သဟိုင် သူ့ နှလုံးသား နာကျင်ကိုက်ခဲသွားသည်။
အသေးစား လက်ဝတ်တန်ဆာ ပစ္စည်းလေးများ၊ စတစ်ကာများ၊ အပေါစား အရုပ်များ၊ ကာတွန်း မျက်နှာဖုံးများ ။
၎င်းတို့ တစ်ခုချင်းစီတိုင်းတွင် ဧရာမများပြားသည့် ဝိဉာဏ်ချီစွမ်းအင်များ သွန်းလောင်းထားသည်။
မုန့်သဟိုင် သူ့ကိုယ်သူ ဉာဏ်မမီတော့သည့်နှယ် ခံစားလိုက်ရ၏။
ချမ်းသာလွန်းလို့ ဆိုရင်တောင် ဒီလိုကြီး ဖြုန်းတီးပစ်နေတာကတော့ မဟုတ်သေးဘူးလေ …
“ ကျုပ်လည်း တခြားရွေးချယ်စရာမှ မရှိတာ …” ချန်ယွီ့ အေးအေးလူလူပဲ တုံ့ပြန်လိုက်ပြီး “ ဘာပဲဆိုဆို ဝိဉာဏ်လက်ထည်တွေ ဘယ်လိုလုပ်ရမလဲ ကျုပ် မသိဘူးလေ …”
“ အဲ့ပစ္စည်းတွေကိုလည်း အချိန်တစ်ခုလောက် အထိပါပဲ … အခု ခင်များ ရောက်လာပြီဆိုတော့ ဒီပြဿနာလည်း ဖြေရှင်းပြီးသွားပြီ …”
၎င်းနောက် ချက်ချင်းပဲ မုန့်သဟိုင်ကို သူ့ဆိုင်တွင် အနားယူရန် ထားခဲ့ပြီး သူကတော့ အပြင်ထွက်၍ အိမ်တစ်လုံး ရှာသည်။
သုံးနာရီလောက် လှည့်ပတ်ကြည့်ပြီးနောက် မုန့်သဟိုင် အတွက် ဟော်ဖန်းလမ်း အနောက်ဘက်ရှိ ဘန်ဂလိုတစ်လုံးကို ချန်ယွီ့ ငှားလိုက်သည်။
အိမ်နောက်တွင် ခြံဝန်းသေးသေးလေး တစ်ခုလည်း ပါပြီး မုန့်သဟိုင် အလုပ်လုပ်ဖို့ အဆင်ပြေသည်။
သူ အားလုံး ပြီးစီးသည့် အချိန်ရောက်တော့ ကောင်းကင်က မှောင်ရီပျိုးနေပြီး ဖြစ်၏။
ချန်ယွီ့ လမ်းဘေးတွင် တွေ့သည့် ဆိုင်ထဲ ဝင်၍ ဗိုက်ဖြည့်လိုက်သည်။
ဆေးခန်းသို့ ပြန်ရောက်လာပြီးနောက် အချိန်ကို တစ်ချက် ကြည့်လိုက်၏။
ညနေခင်း ရှစ်နာရီ အချိန်ပင်။
ယနေ့ အတော်လေး ရိတ်သိမ်းလိုက်နိုင်သည်ဟု ပြော၍ရသည်။ ကံကောင်းမှုနှင့် ကုသိုလ်အများအပြား ရရှိခဲ့ပြီး အသုံးဝင်သည့် အလုပ်သမားတစ်ဦးကိုလည်း ငှားရမ်းနိုင်ခဲ့လေသည်။
ဆိုတော့ … ယခုက သူ့ ကြည့်ရှုသူ ပရိသတ်များကို ပျော်ရွှင်အောင် လုပ်ပေးဖို့ အချိန်အခါ ဖြစ်သည်။
သာမန် အိမ်နေအဝတ်များလဲပြီးနောက် ချန်ယွီ့ ပထမထပ်ရှိ သူ့ရုံခန်း စားပွဲသို့ ရောက်လာသည်။
ကွန်ပျူတာကို ဖွင့်၍ သူ့ချန်နယ်ထဲ ဝင်ရောက်လိုက်၏။
“ မာစတာချန် … ဟိုကောင်တော့ ဝဋ်လည်သွားပြီ ….”
“ ခွန်သေသွားပြီ … တိလေးတွေက သူ့ကို လက်စားပြန်ချေသွားတာ ….”
“ ဒီလိုဖြစ်အောင်လည်း သူ့ဘာသူပဲ လုပ်တာလေ … သူ့ပြစ်မှုတွေက ကောင်းကင်ကတောင် ဒီတိုင်း လက်ပိုက် မကြည့်နိုင်တော့တဲ့အထိ ပြင်းထန်နေတာကိုး ….”
“ ပြောခါမှ ငါလည်း အရင်က ငါ့ခွေးကို ရိုက်ဖူးတယ် … အခု တောင်းပန်ရင် အချိန်မီသေးလား …”
“ RIP …”
“ ငါ ဒေါက်တာချန်ရဲ့ လိုက်စထွင်းကို ကြည့်ပြီးကတည်းက ကံကံ၏ အကျိုးကို စပြီး ယုံကြည်လာတာပဲ ….”
လိုက်စထွင်း စကားပြောခန်းထဲတွင် များပြားလှသည့် ကွန်းမန့်တို့ ဝင်ရောက်လာသည်။
လွန်ခဲ့တဲ့ တစ်နာရီခန့်အကြာက အင်တာနက်ပေါ်တွင် ကြားဖြတ် သတင်းတစ်ပုဒ်တက်လာခဲ့သည်။
ဆင်ခြေဖုံး ရပ်ကွက်တစ်နေရာတွင် အရိုးများသာ ကျန်သည့် အလောင်းတစ်လောင်း ထွက်ပေါ်လာခဲ့၏။
ဒေသခံ ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားသည့် နေရာသို့ အလျင်အမြန် ရောက်လာခဲ့ပြီး နာရီအတော်ကြာ စုံစမ်းစစ်ဆေးပြီးနောက်တွင် အမှန်တရားက ထွက်ပေါ်လာခဲ့သည်။
အနီးနားရှိ စောင့်ကြည့်ရေး ကင်မရာများမှတစ်ဆင့် သေသွားသည့်လူကို သတ်ဖြတ်သွားခဲ့သူက ဧရာမ များပြားလှသည့် လမ်းဘေးလေလွင့် ကြောင်များနှင့် ခွေးများ ဖြစ်နေသည်ကို အံ့အားသင့်ဖွယ် မြင်တွေ့လိုက်ရသည်။
မြင်ကွင်းက ရက်စက်လွန်း၍ သူတို့တွေ မျက်လုံးနှင့်ပင် တိုက်ရိုက်မကြည့်ဝံ့ကြချေ။
ခွန်က အသေဆိုးနှင့် သေသွားခဲ့ရပြီး လူတော်တော်များများကလည်း ထိတ်လန့်နေကြ၏။ သို့သော် ချန်ယွီ့ရဲ့ကြည့်ရှုသူ အများအပြားက စိတ်သက်သာရနေကြလေသည်။
နာမည်ကြီးပြီး ချမ်းသာလာနိုင်ရေးအတွက် ခွန်က မရေမတွက်နိုင်သည့် ခွေးလေး၊ ကြောင်လေးများကို သွေးအေးရက်စက်စွာ သတ်ဖြတ်ခဲ့သည်။
လိမ်ရလွယ်ကူသည့် သူ့ကြည့်ရှုသူများ၏ ကြင်နာတတ်မှုကို အခွင့်ကောင်းယူကာ သူတို့ ပိုက်ဆံအိတ်များကို ကြက်သွန်မြိတ်ကဲ့သို့ ပါးပါးလှီး ရိတ်သွားခဲ့သည်။
ဒေါက်တာချန်ရဲ့ ဖော်ထုတ်ခြင်း ခံရသည့်တိုင် ခွန်မှာ နောင်တရမည့်ဟန်မရှိ။ သူလုပ်ခဲ့သည့်အရာကား ထွက်ပြေးခြင်းပင်။
“ ကဲ … အားလုံးပဲ … တော်လိုက်ကြတော့ … သေတဲ့လူက သေသွားပြီးပြီ …”
“ စည်းမျဉ်းဟောင်းတွေ အတိုင်းပဲ …” ချန်ယွီ့ ပုံမှန်အမူအရာဖြင့် ပြောလိုက်ပြီး “ နေရာသုံးခု ၊ ယွမ် တစ်ရာတန် ဟုန်ပေါင်း သုံးခု …”
ဟုန်ပေါင်း ဖမ်းသည့် ပွဲက အသက်ဝင်လာခဲ့ပြီး ကံကောင်းသူ သုံးဦး၏ အမည်စာရင်းလည်း ထွက်ပေါ်လာသည်။
ပထမဆုံး ဝင်ရောက်လာသူ၏ နာမည်က [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]ဆိုတဲ့ အကောင့်ပိုင်ရှင်ပင်။
သူ့ကိုယ်အလေးချိန်က ပေါင် ၂၀၀ ကျော်လောက် ရှိပြီး ပန်ကိတ်လို မျက်နှာမျိုးနှင့်ဖြစ်သည်။
“ ဒေါက်တာချန် … ငါ အခုအလျင်လိုနေလို့ လိုရင်းတိုရှင်းပဲ ပြောမယ် …”
သူက ဝင်လာသည်နှင့် စိတ်မရှည်နိုင်ဘဲ ပြောလာသည်။ “ ငါ မနက်ဖြန် နှစ်ဝက်လောက် ရင်းနှီးလာခဲ့တဲ့ အွန်လိုင်း ချစ်သူနဲ့ သွားတော့မှာမလို့ ….”
“ အဲ့တာ … ငါတို့နှစ်ယောက် အတူ ပေါင်းဖက်နိုင်မှာလား …”
သူက အင်မတန် စိုးရိမ်ကြောင့်ကြနေသည်။ ချန်ယွီ့ နှုတ်ကနေ မကောင်းသတင်း ထွက်လာမှာလည်း ကြောက်သည်။
ချန်ယွီ့က သူ့နဖူးကို တစ်ချက်ကြည့်ပြီး ထူးဆန်းသည့် အပြုံးဖြင့် တုံ့ပြန်လိုက်၏။
“ မင်းတို့နှစ်ယောက် အတူပေါင်းဖက်ဖို့က ပေါင်းဖက်နိုင်မယ် … ဒါပေမယ့် မင်းစိတ်ကူးထဲ ထင်ထားတာနဲ့တော့ နည်းနည်းကွဲလိမ့်မယ် …”