နိုင်ငံတော် ရောဂါ
Vol. 11 Ch. 107
“ ငါ ထင်ထားတာနဲ့ ကွဲနေမယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ ဒေါက်တာချန် …”
ချန်ယွီ့ ပထမ စကားတစ်ဝက်ကို နားထောင်ပြီးနောက် [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ] ဆိုသူသည် ဖုန်းကို ကောက်ကိုင်ရင်း ပျော်ရွှင်နေခဲ့သည်။ သို့သော် နောက်တစ်ဝက်ကို နားထောင်ပြီးသည့်နောက် သူ့ အမူအရာမှာ အေးခဲသွားခဲ့၏။
သူ နားရှုပ်သွားသည်။
“ ဒီနေ့ခေတ်ကြီးမှာ အွန်လိုင်းက ချစ်ကြိုက်ကြတဲ့လူတွေ ရှိသေးတာလားဟ … ငါတော့ အွန်လိုင်းကနေ ချစ်ကြိုက်မယ်ဆိုရင် ၂၀ ကီလိုမီတာ အချင်းအထိပဲ လက်ခံနိုင်တယ် … အဲ့ထက် ဝေးရင် ငါ့စက်ဘီးလေးနဲ့ မရောက်နိုင်လို့ …”
“ ငါတော့ အွန်လိုင်းမှာ ရည်စားထားတိုင်း လိမ်ခံရပေါင်း မနည်းတော့လို့ လက်လျှော့လိုက်ပြီ … ချစ်လည်း မချစ်ချင်တော့ဘူး …”
“ ငယ်တုန်းရွယ်တုန်း အွန်လိုင်းကနေ ရည်းစားမထားဘူးဆိုရင် လျှပ်စစ်မီး ဖြုန်းတီးတာနဲ့ အတူတူပဲ …”
“ အွန်လိုင်းရည်စားထားတယ်ဆိုတာ လောင်းကစားလုပ်တာနဲ့ အတူတူပဲ … တော်ပါကွာ … ငါတော့ ဒီတိုင်းပဲ အရှုံးပေးတယ်….”
“ ကောင်လေး လိုချင်တဲ့ အမျိုးသမီး ကြည့်ရှုသူ တစ်ယောက်လောက် မရှိဘူးလား … ငါတို့တွေ အွန်လိုင်းရည်စားထားကြရင်ကော ….”
“ ဟဲလို … ကောင်ချောလေး … ငါတို့ ဓာတ်ပုံတွေ ဖလှယ်ရအောင် … တို့က အသက် ၃၇ နှစ်ပါ …”
ကြည့်ရှုသူများက ပေါက်တတ်ကရများ ဆက်တိုက် မန့်နေစဉ်တွင် ကြင်နာတတ်သည့် ကြည့်ရှုသူများက [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]ကို ဂရုစိုက်ဖို့ သတိပေးနေကြသည်။
အွန်လိုင်း ဒိတ်တင်များမှာ အန္တရာယ်များသည်။ ထို့ကြောင့် အတော်လေး သတိထားရ၏။
လတ်တလော နှစ်များတွင် သတင်းစာမျက်နှာများထဲ၌ ကျားဖြန့်အချစ်တို့ တော်တော်တွင်ကျယ်နေသည်။
ထို့ပြင် [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]ရဲ့ မျက်နှာက …. အဟမ်း
ကြည့်ရှုသူ တော်တော်များများမှာ ဒီကောင်တော့ ကျရှုံးတော့မယ်ဟု ထင်ကြေးတွေ ပေးနေကြသည်။
“ မင်းတို့တွေ တစ်သက်လုံး အတူပေါင်းဖက်သွားရမယ် …” ချန်ယွီ့ ရှင်းပြလိုက်သည်။ “ ဒါပေမယ့် တစ်သက်လုံးတော့ ချစ်သွားနိုင်မှာ မဟုတ်ဘူး ….”
“ ဖူးဟူး …. မင်းငါ့ကို နှလုံးရောဂါရအောင် လုပ်နေတာပဲ ဒေါက်တာချန်ရာ …”
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]က စိတ်သက်သာရစွာ သက်ပြင်းမောကြီး တစ်ချက်ချလိုက်သည်။
ဒီလောကကြီးထဲ ထာဝစဉ် တည်မြဲမည့်အချစ်ဆိုသည်မှာ မည်သို့ ရှိနိုင်လိမ့်မည်နည်း။
သူ့အွန်လိုင်း အသုံးပြုသူ နာမည်ကို ယခုလို ပေးထားရသည်ကလည်း သူမအပေါ်မှာ ထားတဲ့ သူ့ရဲ့ အချစ်တွေကို ဖော်ပြဖို့ ဖြစ်သည်။
ချန်ယွီ့ ပြောသည့်အတိုင်းဆိုပါက သူတို့နှစ်ယောက် ချစ်ကျွမ်းဝင်ပြီး ပေါင်းဖက်နိုင်မည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ တစ်ယောက်အပေါ် တစ်ယောက် မြတ်နိုးတွယ်တာမှုတို့ကလည်း ဖြည်းဖြည်းချင်း လျော့နည်းသွားမည်။
“ ဒေါက်တာချန် … ငါ့ကို မှန်ကန်တဲ့ လမ်းကြောင်းအပေါ် ညွှန်ပြပေးလို့ ကျေးဇူးပါပဲ ….”
ချန်ယွီ့ကို အပြုံးဖြင့် ကျေးဇူးတင်စကား ဆိုပြီးနောက် [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ] က သူ့ခေါင်းကို ငုံ့ပြိး ဖုန်း ကလိလိုက်သည်။
“ ကလေးလေး … ကိုယ် မင်းဆီကို မနက်ဖြန် လာလည်ဖို့ လေယာဉ်လက်မှတ် ဖြတ်ထားပြီးပြီနော်… အဲ့ခါကျ တွေ့ကြမယ် …”
“ မွ … ချစ်တယ် ... အများကြီး ချစ်တယ်နော်…”
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]က နွှဲ့ချွဲလွန်းသည့် အမူအရာဖြင့် ဖုန်းပြောနေတော့၏။
ချန်ယွီ့မှာ ဤမြင်ကွင်းကိုမြင်တော့ အန်ချင်သလိုလို ဖြစ်လာသည်။
စကားပြောခန်းထဲရှိ ကြည့်ရှုသူ အများအပြားကလည်း အော့အန်သည့် အီမိုဂျီတို့ ဆက်တိုက် ပို့နေကြသည်။
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]က သူ့ဖုန်းကို ပြန်ချထားပြီး ကွန်ပျူတာထံသို့ ရောက်လာကာ အော့အန်ပြနေသည့် အီမိုဂျီများကို မမြင်ချင်ယောင် ဆောင်ထားလိုက်သည်။
“ ဒေါက်တာချန် …. ငါတော့ ဒီနေ့ သိပ်ပျော်တာပဲ …”
“ မင်းသာ ငါ့ကို လိုအပ်နေတဲ့ ယုံကြည်ချက်တွေ မပေးဘူးဆိုရင် ငါလည်း ကျားကျားဆီ စိတ်ချလက်ချနဲ့ သွားတွေ့နိုင်မှာ မဟုတ်ဘူး….”
“ ငါ အခုချက်ချင်းပဲ မင်းဆီ ပိုက်ဆံလွှဲပေးလိုက်မယ် …”
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]က အပျော်လွန်နေကြောင်းကို မျက်လုံးပါသူတိုင်း မြင်နိုင်သည်။
ထိုသို့ ပြောပြီးနောက် [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]က သူ့ဖုန်းကို တစ်ဖန်ငုံ့ကြည့်၍ ချန်ယွီ့နှင့် တိုင်ပင်ဆွေးနွေးခ ပေးဖို့ လုပ်လိုက်၏။
“ ဒါလေးပဲလား …”
“ ဒေါက်တာချန် … ဘာတွေ ဖြစ်နေတာလဲ … ငါတို့ကောင်တွေက အခုမှ ဟိုက်နေတုန်းရှိတာလေ … ပထမ တစ်နေရာက ပြီးသွားပြီတဲ့လား …”
“ ဒါ တစ်ခုခုတော့ လွဲနေပြီ …”
“ သူတကယ်ပဲ အောင်မြင်သွားမှာလား ….”
“ ဒီရဲ့ အခြအနေအပေါ် အာရုံစူးစိုက်တဲ့ ရှုထောင့်က မင်းနဲ့ငါနဲ့ မတူဘူး … ငါက ဘယ်လို မိန်းကလေးကများ ဒီလိုကောင်မျိုးနဲ့ ချစ်ကြိုက်နိုင်ရတာလဲဆိုတာပဲ သိချင်တယ် ….”
“ ဘရို … မင်းမသွားပါနဲ့ဦး … မင်းရဲ့ အချစ်ပုံပြင် ဇာတ်လမ်းလေးကို ပြောပြသွားဦးလေ …”
သူတို့တွေ “ အွန်လိုင်း ဒိတ်တင် “ ဆိုတဲ့ စကားကို ကြားတော့ စကားပြောခန်းထဲရှိ လူတိုင်း လှုပ်လှုပ်ရွရွတွေ ဖြစ်ကုန်ကြသည်။
ချန်ယွီ့ရဲ့ ‘ ရောဂါဆန်းစစ်မှု’ က နောက်ထပ် ကားအက်စီးဒင့် ဖြစ်မည့် မြင်ကွင်းကို ပြသပေးလိမ့်မည်ဟု သူတို့တွေ တွေးထင်ထားခဲ့ကြသည်။
သို့ပေမယ့် ဒီလောက်နဲ့ပဲ အဆုံးသတ်သွားပြီတဲ့လော။
သူတို့နှစ်ယောက် ပေါင်းဖက်သွားနိုင်မယ်… ဒါပေမယ့် တစ်သက်လုံးတော့ ချစ်သွားနိုင်ကြမှာ မဟုတ်ဘူး …
ပျင်းရိငြီးငွေ့ စာအုပ်ဟောင်းကြီးဆန်ပြီး ဘယ်လိုတောင် စိတ်မဝင်စားဖို့ ကောင်းလိုက်သလဲ…
တကယ်လို့ တခြား စထွင်မာတစ်ယောက်သာဆိုရင် သူတို့တွေ ဆဲဆိုနေကြပြီ ဖြစ်၏။
ချန်ယွီ့က စကားပြောခန်းကို တစ်ချက်ကြည့်ပြီး လက်ပိုက်၍ ပြုံးလျက် ဆိုလိုက်သည်။
“ ဒီရဲ့လူနာ … ကျေးဇူးပြုပြီး ခဏစောင့်ပါဦး … ငါ့ လိုက်စထွင်းအခန်းရဲ့ စည်းမျဉ်းက ပိုက်ဆံ လက်မခံခင် လူနာကို အရင် ကုသပေးဖို့ပဲ ….”
“ ပြီးတော့ ငါ့ရဲ့ ကုသမှုကို မင်း စိတ်ကျေနပ်တယ်ဆိုမှပဲ ပေး … မကျေနပ်ရင် မပေးနဲ့….”
ချန်ယွီ့က ဖြည်းညင်းစွာဖြင့် သူ့ လိုက်စထွင်းထဲရှိ စည်းမျဉ်းစည်းကမ်းများကို ပြန်ရှင်းပြလိုက်သည်။
“ ဒေါက်တာချန် … မင်းငါ့ကို မနောက်ပါနဲ့ … ငါ မဖျားဘူး … ငါအကောင်းကြီး …”
“ ငါ ဒီလိုက်စထွင်းထဲ ရောက်လာတာက စိတ်အပန်းဖြေဖို့ပဲ …”
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]က ပြုံးလျက် ထပ်ပြီး ဖြည့်ပြောလိုက်သည်။ “ မင်းရဲ့ အစွမ်းအစတွေကို ငါ သိတယ် … မင်းက အားလုံးကို ဖောက်ထွင်းပြီး မြင်နိုင်တယ်လေ ….”
“ ငါ ငယ်ငယ်လေးတုန်းကတည်းက ရိုးသားတဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့တာ … ပြီးတော့ ငါက ပြဿနာကိုလည်း မဖိတ်ခေါ်ဘူး ….”
“ ငါ့မိဘတွေကလည်း ငါ့အပေါ် ကျိုးကြောင်းဆီလျော်ပေးတယ် … ငါမလုပ်ချင်တဲ့ အရာတွေဆို အတင်းအကြပ် မလုပ်ခိုင်းဘူး ….”
“ ငါ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို လက်လျှော့ပြီး စားဖိုမှူးပညာရပ်ကို လေ့လာဖို့ ရွေးချယ်လိုက်တာတောင် သူတို့ကို ဘာကန့်ကွက်တာမှ မလုပ်ကြဘူး …”
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]က စိတ်ကောင်း ဝင်နေပြီး သူ့မိသားစုရဲ့ အခြေအနေကို စပြီး ပြောပြသည်။
သူနဲ့ သူ့ မိဘများက ဆက်ဆံရေးကောင်းမွန်ပြီး မည်သည့် ပြဿနာမျှ မရှိကြောင်းနှင့် သူ့ဘက်ကလည်း ၎င်းတို့ကို တတ်နိုင်သမျှ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးကြောင်း ပြောပြသည်။
သူ့တွင် အမှောင်ဘက်ခြမ်းဆိုတာလည်း မရှိသလို မည်သူမျှ မသိသည့် ညစ်ညမ်းသည့် နောက်ခံလည်း မရှိ၊ ရှုပ်ထွေးသည့် မိသားစုရေးရာ ပြဿနာများလည်း ကင်းဝေးသည်။
နည်းနည်းလေးဝပြီး မျက်နှာနည်းနည်းပြည့်တင်းသည်ကလွဲ၍ [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ] တွင် အခြားသော မည်သည့် စိုးရိမ်ပူပန်စရာမျှ မရှိပေ။
“ လူနာတစ်ယောက်ကသာ သူ့ဘာသူ ရောဂါကို ဆန်းစစ်နိုင်နေမယ်ဆိုရင် ဆရာဝန်တွေ လိုနေပါဦးမလား …”
ချန်ယွီ့ ပြောလိုက်သည်။
“ နေဦး … ငါ့မှာ တကယ်ပဲ ပြဿနာ တစ်ခုခု ရှိနေတာလား ….”
ချန်ယွီ့ရဲ့ လေးနက်နေတဲ့ အမူအရာကို မြင်တော့ [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]သည် အနည်းငယ် ကြောက်လန့်သွား၏။
သူ့ကိုယ်သူကတော့ ကိုယ်ရောစိတ်ပါ ကျန်းမာနေသည်ဟု ထင်သည်။
ဆိုတော့ … ချန်ယွီ့က ဘာလို့ အဲ့လို စကားမျိုး ပြောနေတာလဲ …
ချန်ယွီ့ စကားပြောလိုက်သည်နှင့် လိုက်စထွင်း စကားပြောခန်းတစ်ခုလုံး ချက်ချင်းလက်ငင်း တက်ကြွကုန်ကြသည်။
“ အမှန်ပဲ … ပြီးတော့ အဲ့တာက ပိုပြီး ပိုပြီး လေးနက်ပြင်းထန်လာမယ် …” ချန်ယွီ့ ခွန်းတုံ့ပြန်လိုက်သည်။
“ ငါက ဘာဖြစ်နေတာလဲ …”
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]က စိုးရိမ်ကြောင့်ကြစွာ မေး၏။
ချန်ယွီ့ လိုက်စထွင်းကို အကြိမ်ရေများစွာ ကြည့်ရှုပြီးနောက် [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]သည် ချန်ယွီ့ရဲ့ စကားလုံးများကို လုံးဝ သံသယ မရှိပေ။
“ PTSD “
“ PTSD က ဘာရောဂါလဲ ….”
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]က ရှုပ်ထွေးသမှုဖြင့် သူ့ခေါင်းသူ ကုတ်လိုက်၏။
“ ငါ သိတယ် … ငါပြောပါတယ် … ဒေါက်တာချန်က ငါတို့တွေကို စိတ်ပျက်အောင် မလုပ်ပါဘူးလို့ …”
“ ဒေါက်တာချန် … အဲ့ဒီ စကားအတိုကောက် PTSD ရဲ့ အဓိပ္ပာယ်က ဘာလဲ ….”
“ PTSD ဆိုတာ လူတစ်ယောက်က ပြင်းထန်တဲ့ တစ်စုံတစ်ခုရဲ့ လှုံ့ဆော်ခံရမှုအပြီးမှာ ခံစားရတဲ့ စိတ်မကျန်းမာမှုပဲ …”
“ အပေါ်ကလူပြောတာ မှန်တယ် … ဒါက US နဲ့စပြီး A နဲ့ဆုံးတဲ့ နိုင်ငံရဲ့ နိုင်ငံတော်ရောဂါလေ …”
“ ဟားဟား … ပြောတာလှတယ် ….”
“ နိုင်ငံတော် ရောဂါတဲ့လား … လိုး ….”
PTSD ဆိုတဲ့ အသုံးနှုန်းက တည်ငြိမ်နေတဲ့ ကန်ရေပြင်ကို လှုပ်ခါသွားစေသည့် ကျောက်ခဲတစ်လုံးနှယ် လှိုင်းတွန့်ပေါင်းများစွာကို ဖြစ်ပေါ်လာစေသည်။
စကားပြောခန်းထဲတွင် ယူအက်စ်အကြောင်း ဟာသလုပ်သည့် ကွန်းမန့်တို့ ထွက်ပေါ်လာသည်။ ထို့နောက် သူတို့ရဲ့ စိတ်ကူးယဉ်ဆန်မှုတို့ကလည်း ချဲ့ကားကုန်ကြတော့သည်။
သူတို့အားလုံး [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]က ဘာကြောင့်များ PTSD ရောဂါ ဖြစ်သွားရသလဲဆိုတာကို စူးစမ်း သုံးသပ်နေကြတော့၏။
အများစုကတော့ ယင်းက သူ့ အွန်လိုင်းရည်းစား ဆက်ဆံရေး အဆုံးသတ်သွားတာကြောင့် ဖြစ်မည်ဟု ထင်ကြေးပေးကြသည်။
ကောင်မလေးက အလွန်အမင်း အကျည်းတန်နေတာမျိုး ၊ ဒါမှမဟုတ် [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ] လက်မခံနိုင်တဲ့ တစ်စုံတစ်ရာ ရှိနေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။
သူ့မှာ အဆိုပါ ထိုးနှက်ချက်ကို မခံနိုင်ဘဲ PTSD ရောဂါ ဖြစ်ပွားလာရတော့သည်။
“ မင်းတို့ ပေါက်ကရတွေ လျှောက်မပြောနဲ့ … ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး …”
ကြည့်ရှုသူ အများအပြားက သူ့ချစ်သည်းလေးကို ရုပ်ဆိုးမကြီးဟု လှောင်ပြောင်လာနေသည်ကို မြင်တော့ [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]သည် သူ့အဆုတ်များ ပေါက်ကွဲထွက်လုနီးပါး အော်ဟစ်လိုက်သည်။
စကားပြောခန်းထဲ တိတ်ဆိတ်သွားသည်အထိ အော်ဟစ်ပြီးနောက် သူ့ဖုန်းထဲကနေ ဓာတ်ပုံတစ်ပုံကို ထုတ်ပြလာသည်။
“ မင်းတို့ မျက်လုံးနဲ့ သေချာကြည့်ကြ… သူက ငါသွားတွေ့မယ့် အွန်လိုင်း ရည်းစား ကျားကျားပဲ …”
ယင်းက အသက် နှစ်ဆယ်ပိုင်း အရွယ် ကောင်မလေးတစ်ဦး ဗွီဒီယိုကော ပြောနေသည့် မြင်ကွင်းကို စခရင်ရှော့ခ်ရိုက်ထားခြင်းပင်။
သူမက လှရက်လွန်းသည် မဟုတ်သော်လည်း ရုပ်ဆိုးတဲ့ထဲ မပါချေ။
သူမ ရှိနေသည့် အခန်းက အိပ်ခန်း ဖြစ်ဖို့များ၏။
အခန်းရဲ့ အတွင်းပိုင်းကလည်း အင်မတန် သန့်ရှင်းသပ်ရပ်နေသည်။
“ မင်းတို့ကောင်တွေက သူများစော်ရှိတာကို မနာလို ဂျေဝင်နေတဲ့ စောက်FA တစ်သိုက်ပဲ … ကိုယ်မစားနိုင်တဲ့ စပျစ်သီးကို ချဉ်တယ်ဆိုပြီး ဝေဖန်နေကြတဲ့ကောင်တွေ ….”
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]က သူ့ အွန်လိုင်း ချစ်သူကောင်မလေးအကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောပြသည်။
“ ငါတို့ တွေ့ပြီးချင်း မကြာခင်မှာပဲ ကျားကျားနဲ့ ဗွီဒီယိုကောတွေ စပြောတယ် …”
“ သူက မိန်းမကောင်းလေး … ငါ့ကို ငွေမက်ရုံသပ်သပ်နဲ့တော့ ငါနဲ့ ဒိတ်မှာ မဟုတ်ဘူး …”
ထိုသို့ ပြောပြီးနောက် သူက ကျားကျားနှင့် စကားပြောထားသည့် မှတ်တမ်းများကို ထုတ်ပြလာသည်။
ယင်းက [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]သည် ကျားကျားထံ ပိုက်ဆံ လွှဲပေးဖို့ အကြိမ်များစွာ ကြိုးစားခဲ့ဖူးသည့် မှတ်တမ်းများပင်။ ပမာဏကလည်း လုံးဝ မသေးပေ။
သို့သော် ကျားကျားကတော့ သူ့ရဲ့ ငွေတွေကို တစ်ပြားတစ်ချပ်မျှ လက်မခံချေ။