← Chapters

သူ့ရဲ့ အွန်လိုင်း ရည်းစား ကောင်မလေးကို စစ်ဆေးတဲ့ စမ်းသပ်မှု သုံးရပ်

Vol. 11 Ch. 108

သူ့ရဲ့ အွန်လိုင်း ရည်းစား ကောင်မလေးကို စစ်ဆေးတဲ့ စမ်းသပ်မှု သုံးရပ်

Vol. 11 Ch. 108

“ ဒါ ဘယ်လို လိမ်လည်မှုမျိုးလဲ အဲ့တာ … တစ်ယောက်ယောက်လောက် ငါ့ကို ရှင်းပြကြစမ်းပါဦး …”

“ သူက ငါးကြီးကြီး လိုချင်လို့ ကြိုးရှည်ရှည် လှန်ထားတာများလား …”

“ ဒါပေမယ့် ဒီဘရိုကို ကြည့်ရတာ ချမ်းသာတဲ့ သူဌေးသားနဲ့လည်း မတူပါဘူး ….”

“ သူ့ဆီ ငွေလွှဲပေးဖို့ လုပ်တာ စုစုပေါင်း ဒါဇင်ကျော်တယ် … အကြိမ်တိုင်းလည်း ယွမ်နှစ်သောင်းပဲ … ဒီလို ဆွဲဆောင်မှုမျိုးကို လူလိမ်မက တောင့်ခံနိုင်စရာ အကြောင်းမရှိဘူး …”

“ ငါတော့ နားမလည်နိုင်တော့ဘူး …”

[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]က နှာမှုတ်ပြီး ဝင့်ကြွားစွာ ကြေညာလိုက်သည်။ “ ဒါပေါ့ … မင်းတို့ကောင်တွေ ဘယ်နားလည်မှာ … ကျားကျားက လူလိမ် မဟုတ်ဘူးလေ …”

“ သူက လူလိမ် မဟုတ်ရုံတင် မကသေးဘူး … ထိပ်တန်းတက္ကသိုလ်က ကျောင်းပြီးထားတဲ့ မိန်းကလေးဆိုလည်း မမှားဘူး …”

ဤသည်ကို ကြားတော့ [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]ကို စတင် လှောင်ပြောင်သည့် ကွန်းမန့်အများအပြား ထွက်ပေါ်လာသည်။

ထိပ်တန်း တက္ကသိုလ်ကနေ ဘွဲ့ရထားတဲ့ ကောင်မလေးက ဒီလို လူစားမျိုးနဲ့ ဒိတ်မှာတဲ့လား … ဟာသပဲ …

“ တိတ်မယ် …”

ရှုပ်ပွနေသည့် ကွန်းမန့်များကို ကြည့်ပြီး ချန်ယွီ့ လေးနက်သည့် အမူအရာဖြင့် ပြောလိုက်၏။

“ နောက်ထပ် တစ်ယောက်ယောက်ကများ ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်တဲ့ ကွန်းမန့်တွေ မန့်လာရင် အဲ့လူကို တစ်သက်တာ ဘန်းမယ် …”

ချက်ချင်းဆိုသလို ထေ့ငေါ့လှောင်ပြောင်သည့် ကွန်းမန့်အများအပြား ပျောက်ကွယ်ကုန်သည်။

“ ဒီရဲ့ လူနာ … ကျေးဇူးပြုပြီး စိတ်ကို အေးအေးထားပါ ...” ချန်ယွီ့ ပြောလိုက်ပြီး “ စကားပြောခန်းထဲက သူငယ်ချင်းတွေက မကောင်းတဲ့ စိတ်နဲ့ ပြောချင်ကြတာ မဟုတ်ဘူး … သူတို့က ဒီတိုင်း သိချင်စိတ် ပြင်းပြနေကြရုံပဲ …”

“ ငါ့ကိုယ်စား ပြောပေးလို့ ကျေးဇူးပဲ ဒေါက်တာချန်….”

“ သူတို့က ငါ့စကားကို မယုံကြဘူးဆိုတော့ ဒေါက်တာချန်ကပဲ ငါနဲ့ ကျားကျားတို့နှစ်ယောက် ဘယ်လိုတွေ ချစ်ကျွမ်းဝင်ခဲ့ကြလဲဆိုတာ ပြောပြဖို့ ဒုက္ခပေးရတော့မယ် ….”

“ မင်း သေချာလား ….”

ချန်ယွီ့ မေးသည်။

[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]က လေးပင်စွာ ခေါင်းညိတ်လိုက်၏။

ချန်ယွီ့က အရာရာကို သိမြင်သည်။ ပြီးတော့ ဤအကြောင်းကိုလည်း သူ့ပရိသတ်တိုင်းက သိကြသည်။

တိုက်ဆိုင်ချင်တော့ [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]ကလည်း သူ့ ပရိသတ်တစ်ဦး ဖြစ်နေခဲ့၏။ ထို့ကြောင့်ပဲ ချန်ယွီ့ကို သူတို့ အချစ်ဇာတ်လမ်းအကြောင်း ပြန်ပြောင်းပြောပြဖို့ တောင်းဆိုလာခဲ့ခြင်းပင်။

“ မင်းက အဲ့လိုလုပ်ဖို့ တောင်းဆိုလာတယ်ဆိုတော့လည်း ငါလည်း ဖြည့်ဆည်းပေးရတာပေါ့ ….” ချန်ယွီ့ စပြီး တည်ငြိမ်သည့် လေသံဖြင့် သူတို့ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို စပြီး ပြန်ပြောင်းပြသည်။

“ အဲ့ဒီတုန်းက မင်း တက္ကသိုလ်တစ်ခုရှေ့မှာ ကိုယ့်ပုံကိုယ် ဆယ်လ်ဖီရိုက်ပြီး တင်တယ် … မင်းသာ စားဖိုမှူးလမ်းကြောင်းကို မလျှောက်ဖြစ်ဘူးဆိုရင် ဒီတက္ကသိုလ် တက်ဖြစ်တယ် ဘာညာပေါ့ …”

“ အဲ့မှာ တစ်စုံတစ်ယောက်က သူလည်း အဲ့တက္ကသိုလ်ကျောင်းဆင်းပဲ ဆိုပြီး ကွန်းမန့်ပေးလာတယ် …”

“ မင်းတို့နှစ်ယောက် အဲ့မှာ ရီပလိုင်းတွေ ပြန် ... ပြီးတာနဲ့ တစ်ယောက်ကို တစ်ယောက် ဝီချက်အပ်လိုက်ကြတယ်…”

“ တဖြည်းဖြည်းချင်း မင်းတို့နှစ်ယောက်ကြားမှာ ချစ်ခြင်းရဲ့ မီးပွားမီးစလေးတွေ ပေါက်ဖွားလာခဲ့တယ် …”

“ ဒါပေမယ့် မင်းက သိပ်ကို သတိကြီးတဲ့လူ … အွန်လိုင်းပေါ်မှာ ဒီလို ဇာတ်ကွက်အထာတွေက သိပ်ပြီး မယုံကြည်ရမှန်း သိတယ် … ပြီးတော့ တစ်ဖက်က ကောင်မလေးယောင်ဆောင်ထားတဲ့ အဘိုးကြီး တစ်ယောက် ဖြစ်နေမှာကိုလည်း မင်း ကြောက်တယ် …”

“ ဒီလိုနဲ့ မင်း အကြောင်းပြချက် တစ်ခုရှာပြီး ဗွီဒီယိုကော ခေါ်ဖို့ ဖန်တယ် …”

“ သူကလည်း မင်းရဲ့ တောင်းဆိုမှုကို လိုက်လျောပေးပြီး တကယ်လည်း ကင်မရာ ဖွင့်ပြလာခဲ့တယ် ….”

“ ဒါတောင် မင်းက စိတ်ပူနေတုန်းပဲ … အဲ့မှာ တက္ကသိုလ် ဒီပလိုမာကို ကြည့်ဖို့ သူ့ကို ပြခိုင်းတယ် …”

“ သူကလည်း မင်းဆီ ဘွဲ့လက်မှတ် ဓာတ်ပုံ ပို့ပေးလာတယ် … မင်းကလည်း တက္ကသိုလ်ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်မှာ ဟုတ်မဟုတ် စစ်ဆေးကြည့်တယ် …”

“ ရလဒ်က တကယ်ပဲ ဟုတ်နေတယ် …”

“ ဒီရဲ့ စစ်ဆေးမှု နှစ်ခုက မင်းရဲ့ သံသယ အများစုကို ကင်းစင်ပေးလုနီးပါး ဖြစ်သွားတယ် … ဒါပေမယ့် မင်းရင်ထဲ နည်းနည်းလေး သံသယ ဖြစ်နေတုန်းပဲ …”

“ အဲ့မှာ ဆက်ပြီးတော့မှ မင်းရဲ့ တတိယ စမ်းသပ်စစ်ဆေးမှုကို လုပ်တယ် …”

ချန်ယွီ့ ပြောနေစဉ်မှာပဲ လိုက်စထွင်း စကားပြောခန်းထဲတွင် ဒေါသတကြီးနှင့် ရေးထားသည့် ကွန်းမန့်တို့ အများအပြား တက်လာသည်။

“ ဘယ်လိုတောင် သောက်အောက်တန်းကျလိုက်တဲ့ကောင်လဲ …”

“ ရွံဖို့ကောင်းလိုက်တာ … အွက် … နင် သူ့ကို တစ်ကြိမ်တစ်ခါ စစ်ဆေးစမ်းသပ်တာ အဆင်ပြေသေးတယ် … ဒါပေမယ့် နင်က တကယ်ကြီး သုံးကြိမ်တောင် စမ်းသပ်ခဲ့တယ်ပေါ့ ….”

“ သူများကို လူလိမ်မလို့ ထင်တယ်ဆိုလည်း တန်းဘလော့ လိုက်ပေါ့ဟယ် …. နင် သူ့အပေါ် ဒီလိုစိတ်မျိုးနဲ့ ဒီလိုလှည့်ကွက်တွေ လုပ်ခဲ့တာ သူသိသွားရင် သေချာပေါက် ဝမ်းနည်းသွားတော့မှာ ….”

“ လက်ထပ်ရမှာနဲ့ ချစ်ကျွမ်းဝင်ရမှာကို ကြောက်ရွံ့တဲ့ နောက်ထပ် ရောင်းရင်းလေး တစ်ကောင်ပေါ့ …”

“ လခွမ်း … ဒီရဲ့ ဝေ့လည်ကြောင်ပတ် စမ်းသပ်နည်းလမ်းတွေက တကယ့်ကို မျက်စိပွင့် နားပွင့်ပဲ …”

ကြည့်ရှုသူများ ဆက်ပြီး နားထောင်စရာ မလိုချေ။ [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]ရဲ့ တတိယ စမ်းသပ်မှုက ပိုက်ဆံ ဖြစ်သည်။

အကယ်၍ ကျားကျားက ပိုက်ဆံကို လက်ခံလိုက်မည်ဆိုပါက သူမကို ချက်ချင်း ဘလော့ပစ်လောက်သည်။

အမျိုးသမီး ကြည့်ရှုသူ တော်တော်များများထံကနေ ဝေဖန်သည့် ကွန်းမန့်များကို မြင်တွေ့လိုက်ရတော့ [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်] သည် ကိုးရို့ကားယား နိုင်စွာဖြင့် ရှင်းပြလာသည်။ “ ငါလည်း နည်းနည်း လွန်သွားမှန်း ငါ့ကိုယ်ငါ သိတယ် … ဒါပေမယ့် ဒီနေ့လို ခေတ်ကြီးမှာ စခရင်နောက်ကွယ်က လူက သူတို့ပြောသလိုမျိုး ဟုတ်မဟုတ်ဆိုတာ ဘယ်သူက မစမ်းသပ်ဘဲ ပြောနိုင်မှာလဲ …”

သူ့ အခက်အခဲများကို ရှင်းပြပြီးနောက် ချန်ယွီ့ကို ဆက်ပြီးပြောရန် တိုက်တွန်းလိုက်သည်။

အဓိက အချက်က မကြာခင် ရောက်လာတော့မှာ ဖြစ်၏။

“ ဒီလိုမျိုး သုံးခါဆက်တိုက် စစ်ဆေးပြီးတဲ့နောက်မှာ ဒီမိန်းကလေးက လူလိမ်မဟုတ်ဘူးဆိုတာ မင်း သေချာသွားခဲ့ပြီ ….”

“ နောက်ပိုင်းနေ့တွေမှာ မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို တရားဝင် အတည်ပြုလိုက်ကြတယ် …”

“ နေ့တိုင်းနေ့ ဖုန်းထဲကနေ အီစီကလီတွေ လုပ်ကြတယ် ….”

“ မင်းပြောသမျှကို ကောင်မလေးကလည်း နာခံတယ် … ဒါပေမယ့် တစ်ခုတည်းပဲ … သူမင်းရဲ့ အလိုကို မလိုက်လျောပေးတာ တစ်ခုတည်းပဲ …”

“ အဲ့တာကတော့ မင်းရဲ့ မြို့မှာ မင်းနဲ့ တွေ့ဖို့ပဲ ….”

ချန်ယွီ့က [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]ရဲ့ ဇာတ်လမ်းကို သူ ကိုယ်တိုင် တွေ့ကြုံခံစားဖူးသည့်အလား၊ အသေးစိတ် တစ်ချက်လေးမျှပင် လွဲချော်ခြင်း မရှိဘဲ ပြန်ပြောင်းပြောပြနေတော့သည်။

[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]က ကြက်အစာကောက်သလို ဆက်တိုက် ခေါင်းညိတ်ပြရင်း စကားပြောခန်းထဲရှိ မနာလိုလေသံပေါက်သည့် ကွန်းမန့်များကို ကြည့်နေခဲ့သည်။

ကျားကျားက သူ့အပေါ် ကောင်းပေးလွန်းသည်။

သူ့ကို အမြဲတမ်း ဂရုစိုက်ပေးပြီး သူတို့ရဲ့ ပျင်းရိငြီးငွေ့မှုကို ဖြေလျော့ဖို့လည်း မကြာခဏ သူနှင့် ချက်ပေး၏။

ကျားကျားက လိမ္မာရေးခြားရှိတဲ့ မိကောင်းဖခင် သမီးတစ်ယောက်ဆိုတာကို သူနားလည်သည်။

သူမရဲ့ အိမ်က ကျောင်းတက်နေစဉ် ရည်းစားမထားဖို့ ပြောလာတော့ သူမကလည်း နာခံစွာဖြင့် တက္ကသိုလ် လေးနှစ်လုံးတွင် ရည်းစားမထားခဲ့ပေ။

ဘွဲ့ရပြီးနောက် မကြာမီမှာပဲ ကျားကျားရဲ့ ဦးလေးက သူမရဲ့ မွေးရပ်မြေတွင် ခရီးသွားအေဂျင်စီ တစ်ခု ဖွင့်သည်။

ကျားကျားကလည်း သူမ မိသားစု စီစဉ်ပေးတဲ့အတိုင်း မွေးရပ်မြေသို့ ပြန်ပြီး စီးပွားရေးကို ကူညီလုပ်ကိုင်ပေးလေသည်။

ယနေ့ခေတ်တွင် ထိုမျှ ပြီးပြည့်စုံသည့် လက်တွဲဖော်တစ်ဦး ရှာတွေ့ဖို့ဆိုသည်မှာ ထမင်းထုပ်နှင့် လိုက်ရှာလျှင်ပင် အင်မတန် တွေ့ရခဲယဉ်း၏။

“ ငါ အခု မနာလိုဖြစ်နေတယ်ဆိုတာ ဝန်ခံတယ် … ချီးတဲ့မှ စောက်ကျိုးနည်းပါကွာ … ငါလည်း အဲ့ကျောင်းကနေ ဘွဲ့ရထားတာပဲ … ငါ့ကောင်မလေးကျတော့ ဘယ်ရောက်နေတာလဲ ….”

" ပြောရမှာ စိတ်မကောင်းပေမယ့် မင်းကောင်မလေးက အခု တခြားလူ ရင်ခွင်မှာ TwT "

“ မင်း လူကြီးသူမတွေ ပြောတဲ့ စကားကို မကြားဖူးဘူးလား … ထက်မြက်တဲ့ ယောက်ျားဆိုရင် မိန်းမကောင်းနဲ့ မညားဘူး … ရုပ်ဆိုးတဲ့ ယောက်ျားဆိုရင်တော့ မိန်းမလှလေးနဲ့ ညားတယ် …”

“ ကျားကျားက ဒီလောက်ကောင်းတဲ့ ဘဝလက်တွဲဖော်ဆိုတာ ဒီလောက်ထိ သိသာနေတာကိုပဲ နင်ကလည်း သူ့ကို စမ်းသပ်ပြီးနေပြီကို ဘာတွေ တုံ့ဆိုင်းနေသေးတာ …”

“ ??? “

ကြည့်ရှုသူများမှာ မနာလို ဖြစ်နေမိကြသည်။ တစ်ချိန်တည်း၌ သူတို့တွေ အတော်လေး ဇဝေဇဝါ ဖြစ်နေကြ၏။

ကောင်မလေးက သူ့ကိုယ်သူ လူလိမ် မဟုတ်ပါဘူးလို့ ဒီလောက်ထိ သက်သေပြပြီးတာတောင် … ဒါကို ဘာလို့ [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]က ရှက်ကိုးရှက်ကန်း လုပ်နေပြီး ကိုယ့်ကောင်မလေးနဲ့ သွားတွေ့ရမှာကို ဘာကြောင့် တွန့်ဆုတ် တွန့်ဆုတ် လုပ်နေရတာလဲ …

ပြီးတော့ … တကယ်လို့ ကျားကျားရဲ့ အမှားမဟုတ်ဘူးဆိုရင် [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]ရဲ့ ရောဂါက ဘယ်နားကနေ ဘယ်လို ဖြစ်လာတာလဲ …

ကြည့်ရှုသူများမှာ ချန်ယွီ့ရဲ့ ရောဂါ စစ်ဆေးမှု ရလဒ်ကို အမှတ်ရနေဆဲပင်။

[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]က PTSD ရောဂါကို ခံစားနေရတာ ဖြစ်သည်။

ဧကန္တ ကျားကျားက သူ့မိသားစုရဲ့ ပြောစကားကို နာခံပြီး [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]ကို လမ်းခွဲလိုက်တာများလား …

ကျားကျားလို မိသားစုရဲ့ စကားကို မြေဝယ်မကျ နားထောင်တဲ့ မိန်းကလေးက တကယ်ပဲ အဲ့လို လုပ်နိုင်တယ်။ ပြောလို့တော့ မရဘူး။

သေချာတွေးတောကြည့်ပြီးနောက် ယင်းက အတော်လေး ဖြစ်နိုင်ချေများကြောင်းကို ကြည့်ရှုသူ တော်တော်များများ ရှာတွေ့သွားခဲ့ကြသည်။

ကျားကျားက မိဘစကား နားထောင်တဲ့ သမီး လိမ္မာလေး ဖြစ်သဖြင့် ထိုသို့ ပြုလုပ်သည်က ထူးဆန်းသည့် အရာလို့တော့ မဆိုသာချေ။

စကားပြောခန်းထဲရှိ အဆိုပါ ကွန်းမန့်များကို သတိပြုမိတော့ [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]၏ စိတ်အခြေအနေမှာ ရုတ်ချည်း တင်းကြပ်လာသည်။

ဤအချက်ကြောင့် ဖြစ်မည်ဟု သူ ဝေဝေဝါးဝါး ယူဆလိုက်သည်။

သို့ပေမယ့် ယင်းက ပြီးပြည့်စုံသည့် အကြောင်းပြချက် တစ်ခုတော့ မဟုတ်သေး။

ချန်ယွီ့ သူ့ကို တစ်ချက် ကြည့်ပြီး စကားဆက်သည်။

“ မင်း ဒီခုအချိန်ထိ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် မချနိုင်သေးတာက ကောင်မလေးရဲ့ မိသားစုကြောင့်တင် မကဘူး ၊ မင်းရဲ့ အလုပ်အကိုင်ကြောင့်လည်း ပါတယ် ….”

“ ဟုတ်တယ် ဟုတ်တယ် …‌ ဒေါက်တာချန် … မင်းက တကယ်ပဲ အားလုံးကို သိနေတာပဲ ….”

[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]က အလျင်စလို ခေါင်းညိတ်ပြလာသည်။

“ အမှန်ပဲ … ငါ အဲ့ဒီကို မသွားဝံ့တဲ့ အကြောင်းအရင်းက သူ့မိဘတွေ ငါ့ကို မနှစ်သက်မှာ ကြောက်လို့ပဲ …. ကျားကျားကို မျက်နှာမငယ်အောင် မထားနိုင်မှာကိုလည်း ငါ စိုးရိမ်တယ် …”

အချစ်က အရေးကြီးတာ မှန်သော်လည်း အိမ်ထောင်တစ်ခုတွင် ပေါင်မုန့်(ပိုက်ဆံ)ကလည်း အရေးကြီးသည်။ ငွေကြေး အခြေခံ အုတ်မြစ်မရှိသည့် အချစ်က ရေရှည် မတည်တံ့နိုင်ချေ။ ပြီးတော့ ဤအကြောင်းကိုလည်း သူ ကောင်းကောင်းကြီး နားလည်ထားသည်။

အကယ်၍ ကျားကျားရဲ့ မိဘများကသာ သူ့ကို လက်ခံလာစေလိုပါက သူ့အစွမ်းအစကို အရင်ဆုံး သက်သေပြဖို့ရာ လိုအပ်သည်။

ထိုသို့ သက်သေပြနိုင်မည့် တစ်ခုတည်းသော နည်းလမ်းကလည်း သူ့ရဲ့ ငွေကြေးပိုင်းဆိုင်ရာ တောင့်တင်းမှုနှင့်ပဲ ဖြစ်၏။

ခေါင်းညိတ်လျက် ချန်ယွီ့ စကားကို ဆက်သည်။ “ မင်းက မြောက်ပိုင်း ဟင်းလျာတွေ အထူးပြုတဲ့ စားဖိုမှူးတစ်ယောက် …”

“ ကျားကျားရဲ့ မွေးရပ်မြေက ထန်ချုံးမြို့မှာ … မင်းရဲ့ ဟင်းချက်စကေးတွေက အဲ့ဒီမှာ အသုံးမဝင်မှာကို မင်း ကြောက်တယ် …”

စကားပြောခန်းမှာ ဆယ်စက္ကန့်လောက်ကြာအောင် တိတ်ဆိတ် အေးခဲသွားတော့သည်။

ထို့နောက် စခရင်တစ်ခုလုံး ပြည့်လျှံလာအောင် ကွန်းမန့်တို့ တက်လာသည်။

“ ဒီဘရိုက သူ့ကောင်မလေးနဲ့ သွားတွေ့မှာလား … ဒါမှမဟုတ် သူ့ကိုယ်သူ ရောင်းစားဖို့ သွားမှာလား … မင်းက နိုင်ငံ နယ်စပ်မြို့ကိုတောင် သွားဝံ့နေတယ် …”

“ ဒေါက်တာချန် … သူတို့နှစ်ယောက်က တစ်သက်လုံး အတူပေါင်းဖက်သွားမယ်ဆိုတာ သေရော သေချာရဲ့လား … ဒီ ညီကို မကြာခင် ပြဿနာတက်တော့မယ်လို့ ငါ ဘာကြောင့် အာရုံရနေပါလိမ့် …”

“ ကိုယ့်အာရုံကိုယ် ယုံကြည်ချက် ရှိစမ်းပါ … မသင်္ကာ မဖြစ်နဲ့ …”

“ ရုတ်တရက်ချည်း ငါ့ကျောက်ကပ်တွေ ချမ်းစိမ့်သွားသလိုပဲ … ကျွတ် ကျွတ် ကျွတ် ... ”

စကားပြောခန်းထဲတွင် အမျိုးမျိုး ချဲ့ကားထားသည့် ကွန်းမန့်များနှင့် ရှော့ခ်ရနေသည့် ကွန်းမန့်တို့ ပြည့်နှက်သွားသည်။

All Chapters