ဘာလို့ဆို အချစ်မှာ ကျောက်ကပ် မလိုတာကြောင့်ပဲ
Vol. 11 Ch. 109
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်] သွားမည့်နေရာကို ကြားသိလိုက်ရတော့ ကြည့်ရှုသူများမှာ ဦးရေပြားတို့ ကျိန်းစပ်သွားသည်။
ထိုမြို့နှင့် မျက်နှာချင်းဆိုင်နေရာက မည်မျှ ကြောက်မက်ဖွယ်ကောင်းသလဲ ဆိုတာ အင်တာနက်ပေါ်တွင် မမြင်ချင်မှတဆုံး တွေ့နိုင်သည်။
“ ငါ့ညီ … မင်း အဲ့နေရာကို မသွားပါနဲ့လားကွာ ….”
“ အချစ်ကအဖိုးတန်တယ်ဆိုပေမယ့် မင်းရဲ့ ကျောက်ကပ်တွေက ပိုပြီး အဖိုးတန်တယ်ကွ …”
“ ငါ မင်းကို စကားကြီး တစ်ခွန်း လက်ဆောင်ပေးလိုက်မယ် … သေရမယ်ဆိုရင်တောင် အဲ့နေရာကို လုံးဝ လုံးဝ မသွားနဲ့ ….”
“ အဲ့ကို သွားတာက သတ်သေတာပဲ …”
“ မင်း အခု လုပ်နေတာက ကိုယ့်ကျောက်ကပ်ကို ဇလီပြားထဲထည့်ပြီး ကမ်းပေးနေတာနဲ့ မခြားဘူး …”
“ သူက မြို့ပြင် ထွက်မှာမှ မဟုတ်တာကို အန္တရာယ် မရှိလောက်ပါဘူး ဟုတ်တယ်မလား ….”
ကြည့်ရှုသူများက ကွန်းမန့်တွေ အများကြီး ပို့လာသည်။ ရွှတ်နောက်သည့် ကွန်းမန့်များ မပါဘဲ မနေသော်လည်း အများစုက [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]ကို ကြင်နာစွာဖြင့် သတိပေးနေကြသည်။
လွန်ခဲ့သည့် နှစ်များတစ်လျှောက်တွင် မရေမတွက်နိုင်သည့်လူတို့ ပြန်ပေးဆွဲခံခဲ့ရသည်။ အထူးသဖြင့် ထိုမြို့က လူများဖြစ်၏။
ထွက်ပြေးလွတ်မြောက်လာကြသည့် လူတော်တော်များများကလည်း ထိုနေရာ၏ ကြောက်မက်ဖွယ်ကောင်းပုံကို တစ်ဆင့်ပြန်လည် မျှဝေကြသည်။
အွန်လိုင်းပေါ်တွင် ဝင်ငွေကောင်းသည့် အလုပ်များ ရမည်ဟု ပို့စ်များ တင်ပြီး အပြင် အမှန်တရားကို မသိသည့် လူများကိုလည်း ပါဝင်ဖို့ လိမ်လည်ကာ သားကောင်ရှာသည်။ လူလိမ်တော်တော်များများက နယ်စပ်အိမ်နီးချင်းမြို့တွင် သက်သာပြီး လစာကောင်းသည့် အလုပ်ရမည်ဟု ပြောကာ လူအများအပြားကို လိမ်လည်ခေါ်ထုတ်သွားခဲ့ကြသည်။
သူတို့ လှည့်ကွက်ထဲသို့ ရောက်သွားသည်နှင့် ပြန်ထွက်လာနိုင်ဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်တော့ချေ။
သူတို့ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့လျှင်ပင် သူတို့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခုတော့ ပျောက်ဆုံးနေမှာ ဖြစ်၏။
ဤအကြောင်းအရင်းကြောင့်ပဲ စကားပြောခန်းထဲရှိ ကြည့်ရှုသူများက ထိုမြို့နှင့် အိမ်နီးချင်း 'နယ်စပ်မြို့'ကို အင်မတန် ကြောက်ရွံ့နေကြခြင်းပင်။
စကားပြောခန်းထဲရှိ ကွန်းမန့်များကို ဖတ်ပြီးနောက် [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]က ငိုရအခက် ၊ ရယ်ရအခက် ဖြစ်သွားသည်။ သူ ခွန်းတုံ့ပြန်လိုက်၏။ “ မပူကြနဲ့ ငါ့ရဲ့ ညီကိုတို့ … ငါက အဆီပေါတယ်ဆိုပေမယ့် ဦးနှောက်ထဲလည်း အဆီတွေ ပိတ်နေတာ မဟုတ်ဘူး …”
“ အဲ့လိုနေရာမျိုးကို မသွားခင် သေချာဂရုတစိုက်နဲ့ မစုံစမ်းထားဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာ …”
“ မင်းတို့က ငါ့ကို သတင်းမကြည့် ဘာမကြည့်နဲ့ ၁၉ ရာစုက ကောင်လို့ ထင်နေတာလား ဟုတ်လား ….”
သူ ဤစကားမျိုး ပြောလိုက်သည်နှင့် ကြည့်ရှုသူများထံက ကွန်းမန့်များမှာ တစ်ဝက်ခန့်မျှ လျော့ကျသွားခဲ့သည်။
တွေးကြည့်လိုက်တော့လည်း အဓိပ္ပာယ် ရှိနေသည်။
ဤ ငနဲက သူ့ အွန်လိုင်း ရည်းစားကိုပင် သုံးကြိမ်သုံးခါ စစ်ဆေးစမ်းသပ်ခဲ့ရာ သေချာပေါက် ဉာဏ်ကောင်းသူ တစ်ဦးပင်။
ထို့နောက် သူက ချန်ယွီ့ထံသို့ပါ ဆက်သွယ်လာခဲ့ပြီး သူအန္တရာယ် ရှိမှာလား မမေးမြန်းဘဲ သူနဲ့ ကျားကျား အတူပေါင်းဖက်နိုင်မှာလားလို့ မေးမြန်းလာသည်။
သူ့ကြည့်ရသည်မှာ အိမ်စာ တော်တော်များများ လုပ်ထားပုံရ၏။ ( အိမ်စာလုပ် - ကြိုတင်လေ့လာထားခြင်းကို ဆိုပါတယ်)
“ ဒေါက်တာချန် … မင်းရေလေးဘာလေးသောက် ခဏနားလိုက်ဦး … ငါ စကားနည်းနည်း ပြောလိုက်ဦးမယ် …”
ဤကြည့်ရှုသူများ သူနှင့် ကျားကျားကို ဘယ်လိုတွေ ထေ့ငေါ့လှောင်ပြောင်ခဲ့လဲဆိုတာကို သူ ကောင်းကောင်းကြီး မှတ်မိသည်။
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]က သင်ခန်းစာပေးဖို့ စိတ်ဆုံးဖြတ်လိုက်၏။
“ ဒီ ၂ နှစ်ထဲမှာ အဲ့ဒီ နယ်စပ်မြို့က လူလိမ်ငနဲတွေ လိမ်တာကို ခံရတဲ့လူတွေ တကယ်လည်း မနည်းဘူး … ဒါပေမယ့် ငါတို့ နိုင်ငံကလည်း အဲ့တာကို အေးဆေးငြိမ်ငြိမ်လေး ထိုင်ကြည့်နေတယ်လို့ မထင်လိုက်နဲ့ …”
“ အဲ့နေရာတစ်ဝိုက်မှာ လှုပ်ရှားနေတဲ့ လူလိမ်ငနဲတွေကို စစ်ဆင်ရေးတွေ လုပ်ပြီး ဆက်တိုက် ဖြိုခွင်းနေတယ် ….”
“ မင်းငါ့ကို မယုံဘူးဆိုရင် အင်တာနက်ပေါ် တက်ပြီး ကိုယ့်ဘာကိုယ်သာ ရှာဖတ်ကြည့်လိုက်တော့ …”
“ ကိုယ်တစ်ယောက်တည်းကပဲ ဉာဏ်ကောင်းပြီး ကျန်တဲ့ တစ်ကမ္ဘာလုံးကို စောက်ပိန်းတွေလို့ ထင်မနေနဲ့ …”
“ ပြီးတော့ ငါ့လိုကောင်စားမျိုးကို ငါးစာနဲ့ မျှားလို့ လုံးဝ မရဘူး … အဲ့ဒီ ဆုလာဘ်တွေက ဘယ်လောက်ပဲ ချဲ့ကား မက်မောစရာ ကောင်းတယ် ပြောပြော နယ်စပ်ကို ဘယ်တော့မှ ကျော်မှာ မဟုတ်ဘူး … ကုန်ကုန်ပြောမယ်ကွာ … ငါ့အသက် သေရင်သေသွားပါစေ … လုံးဝ မလိုက်ဘူး … အဲ့လိုသာဆို သူတို့ ငါ့ကို ဘာများတတ်နိုင်ဦးမှာ ….”
“ ဓားထောက်ပြီး ဟေ့ကောင် … မင်းငါတို့နောက် လိုက်ခဲ့မယ်လို့ ပြောလို့မှ မရတာ ဟုတ်တယ်မလား …”
ပြောပြီးနောက် သူ့ကိုယ်သူ ဝင့်ကြွားစွာဖြင့် ဆံပင်ကို လှန်သပ်လိုက်သည်။
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]က စကားပြောခန်းထဲရှိ ကြည့်ရှုသူများကို သင်ခန်းစာပေးပြီးနောက် စိတ်ကောင်းဝင်နေသည်။
သူက သိပ်သတိကြီးသည့်လူ ဖြစ်သည်။ လူလိမ်များ လိမ်လည်သည့်နည်းလမ်းကိုလည်း သူ သိထားသည်။
အန္တရာယ်ကို ဘယ်လို ရှောင်ရှားရမယ်ဆိုတာကိုလည်း သေချာသိထား၏။
သူ နယ်စပ်နှင့် နီးတဲ့မြို့ကို သွားလျှင်ပင် ထိုလူလိမ်ငနဲတွေက သူ့ကို ဘယ်လိုပဲ ဆွယ်ဆွယ် ၊ ဆွယ်လို့ရမှာ မဟုတ်ပေ။
တခြားလူတွေ အလိမ်ခံလိုက်ရတာက သူတို့ ပိန်းလို့ ၊ စောက်သုံးမကျလို့ ဖြစ်၏။ သူကတော့ ထိုလူတွေလို မဟုတ်။ ဉာဏ်ကောင်းသည်။ သတိကြီးသည်။ ဗဟုသုတရှိသည်။
စကားပြောခန်းထဲရှိ ကြည့်ရှုသူများကပဲ အမြဲတမ်း ဝင်ရောက်ခေါ်ဆိုလာသူများကို လှောင်ပြောင် ဟာသလုပ်နေကြဖြစ်၏။ ယနေ့တွင်တော့ စားပွဲလှန်ခံလိုက်ရသည်။
“ ဒေါက်တာချန် …. ငါ ဘယ်လိုနည်းနဲ့မှ နယ်စပ်ကို မကျော်ဘူးဆိုတာ မှန်တယ်မလား …”
သူ့ လေလုံးတွေကြောင့် စကားပြောခန်းထဲ တိတ်ဆိတ်သွားသည်ကို မြင်တော့ [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]က အတည်ပြုဖို့ ချန်ယွီ့ထံသို့ လှည့်လိုက်သည်။
“ မင်းသွားဖြစ်လိမ့်မယ် …”
ချက်ချင်းဆိုသလို ကွန်းမန့်များ အလုံးလိုက် ၊ အရင်းလိုက်ကြီး တက်လာခဲ့၏။
“ ဟားဟား … ငနဲရဲ့ မျက်လုံးတွေကို ကြည့်စမ်း … ပြူးနေတာများ ပြုတ်တောင် ထွက်ကျလာတော့မယ် …”
“ မျက်နှာဖြတ်ရိုက်ခံလိုက်ရတာ ကျိန်းစပ်သွားမှာပဲ ….”
“ မင်းက ကိုယ့်ကိုယ့်ကို စောက်ရှက်မရှိ လူတတ်ကြီးပါဆိုပြီး ကြွားလုံးထုတ်နေတာ အခုတော့ နယ်ခြားမျဉ်းကို ကျော်ပြီး နိုင်ငံထဲက ထွက်သွားပြီပေါ့ … ဟမ် …. ဒါ ငါတို့ကို စော်ကားလို့ ကံကြီးထိုက်တာကွ ….”
“ ငါ မရယ်နိုင်တော့ဘူး … သူ့ မျက်နှာ ပုံစံပြောင်းသွားတာများ စာရွက်လှန်တာထက်တောင် မြန်နေသေးတယ် …”
“ သူ့ရဲ့ ဂုဏ်ဆာနေတဲ့ မျက်နှာထားကြီးက အခု လူရယ်စရာကြီး ဖြစ်သွားပြီ ….”
“ အဲ့နေရာကနေ ဘယ်ကျောက်ကပ်မှ လွတ်ရိုး ထုံးစံ မရှိဘူး …”
“ ရတယ် … မင်းက ငါတို့ကို မယုံကြည်ဘူး … ဒါပေမယ့် မင်းက ဒေါက်တာချန်ကိုရော မယုံကြည်ဘူးလား ….”
ယခုလေးတင် သန်းနှင့်ချီသည့် ကြည့်ရှုသူများမှာ [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]၏ လှောင်ပြောင် သင်ခန်းစာပေးခြင်းကို ခံခဲ့ရသည်။
သို့သော် သူတို့တွေ [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]က နယ်ခြားမျဉ်းကို ကျော်သွားမည်ဆိုတာကို ချန်ယွီ့ပြောသံကြားတော့ ကွန်းမန့်များက မပြီးနိုင် မဆုံးနိုင် တက်လာသည်။
“ ဟင် … မဟုတ်သေးဘူးလေ ဒေါက်တာချန် … ငါက ဘာလို့ အဲ့နေရာကို သွားရမှာလဲ ….”
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်] ကြက်သေသေနေတော့သည်။
“ မင်းက သွားရုံတင်ပဲ မကဘူး … မင်းဘာမင်း စိတ်လိုလက်ရ လိုလိုချင်ချင်ကြီးကို သွားမှာ …” ချန်ယွီ့က သူ့မေးခွန်းကို ဖြေပေးလိုက်သည်။
“ မဖြစ်နိုင်ဘူး …. ဒါလုံးဝ မဖြစ်နိုင်ဘူး … မင်း ညာနေတာ …. မင်းငါ့ကို ညာနေတာ ….”
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]က သူ့ခေါင်းကို စိတ်ဆိုးမာန်ဆိုးဖြစ်စွာ ယမ်းခါလာသည်။
ကျားကျားရဲ့ မြို့က နိုင်ငံ နယ်စပ်မျဉ်းနားမှာ ရှိနေကြောင်း သိလိုက်ရကတည်းက [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]သည် ချက်ချင်းဆိုသလို အိမ်စာအများအပြား စတင် လုပ်တော့သည်။
သူ့ကိုယ်သူ အလိမ်မခံရဘူးဆိုတာကို တစ်ရာ ရာခိုင်နှုန်း ယုံကြည်သည်။ ဘယ်လိုတွေပဲ ဖြစ်လာပါစေ ၊ သူ အလိမ်ခံရမှာ မဟုတ်ချေ။
သို့သော် ဤနေရာတွင်တော့ … ချန်ယွီ့က သူ နယ်စပ်စည်းမျဉ်းကို လိုလိုလားလားနှင့် ဖြတ်သွားလိမ့်မည်ဟု ပြောလာနေသည်။
ဤသည်က လုံးဝ မဖြစ်နိုင်ချေ။ သူ ယုံကြည်ဖို့ ပြင်းပြင်းထန်ထန် ငြင်းဆန်သည်။
“ ငါ့ လိုက်စထွင်းကို ကြည့်ဖူးတဲ့လူတိုင်း ငါ့လူနာတွေကို ဘယ်တော့မှ မညာဘူးဆိုတာ လူတိုင်းသိတယ် …”
“ မင်း ဘာကြောင့် နယ်ခြားမျဉ်းကို ဖြတ်သွားရသလဲ ဆိုတာကတော့ ….”
“ အင်း …. အချစ်ကြောင့်ပဲ ….” ချန်ယွီ့က စကားကို ခေတ္တရပ်နားပြီး ပြောသည်။
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]ရဲ့ စိတ်ထဲ ဟာလာဟင်းလင်းကြီး ဖြစ်သွား၏။
အချစ်ကြောင့်ဆိုတော့ … ဖြစ်နိုင်တာ ကျားကျားကြောင့်လား ….
“ ဒေါက်တာချန်ရေ … ဘာတွေ ဖြစ်နေလဲဆိုတာ ငါတို့ကို မြန်မြန်သာ ပြောပြလိုက်ပါတော့ ….”
“ ဘာလို့ဆို အချစ်မှာ ကျောက်ကပ်မလိုဘူးလေ … အရာအားလုံးက တန်တယ် ….”
“ ရက်စက်လိုက်တာ ….”
“ ငါ မရတော့ဘူး … ဒါကြီးက စောက်ရမ်း ရယ်ရတယ် …”
“ အွန်လိုင်း ဒိတ်တင်တွေက တစ်ခုခု မဟုတ်ဘူးလို့ ငါ အမြဲတမ်း ခံစားနေရတာ ဒါတွေကြောင့်ကိုး ….”
“ ဒါ ဘယ်လို အချစ်မျိုးပါလိမ့် ….”
“ နင် ငါ့ကို ချစ်တယ်ဆို နင့်ကျောက်ကပ် ငါ့ကိုပေး ….”
“ ဖူး … မင်း ငါ့ကို ရယ်သေအောင် လုပ်နေတာပဲ ….”
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]မှာ တောင့်တင်းနေလျက် ရှိသည်။ သူ့ အွန်လိုင်း ကောင်မလေးကို အကြိမ်များစွာ စစ်ဆေးစမ်းသပ်ပြီးတာတောင် သူမက သူ့ ကိုယ်တွင်း အင်္ဂါတွေကို ထုတ်ရောင်းချင်နေတဲ့ လူလိမ်မ တစ်ယောက် ဖြစ်နေမယ်ဆိုတာကို တကယ်ကြီး မယုံကြည်နိုင်ပေ။
“ မဟုတ်ဘူး … အဲ့လို ဖြစ်မှာ မဟုတ်ဘူး … ကျားကျားက လူလိမ် မဟုတ်ဘူး ….”
“ သေချာပေါက် လွဲနေတာ တစ်ခုခုတော့ ရှိရမယ် ….”
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]က ခေါင်းမာစွာ ပြောသည်။
“ လူလိမ် တစ်ယောက်မှာ ဘွဲ့လက်မှတ် ရှိထားတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ … သူက ငါပေးတဲ့ ငွေတွေကို လက်မခံဘူးဆိုတာကရော ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ ….”
“ ဒေါက်တာချန် … ကျေးဇူးပြုပြီး ငါ့ကို ပြောပြပေးပါ …”
“ ကျားကျားက ငါ့ကို အဲ့ဒီနေရာသွားဖို့ လိမ်တယ်ဆိုတာ ငါ မယုံနိုင်ဘူး … သေချာပေါက် တခြား အကြောင်း အရင်းတစ်ခုတော့ ရှိကိုရမယ် …. ဟုတ်တယ်မလား ... ”
“ မင်းမေးတဲ့ မေးခွန်းကို ငါ မဖြေခင် ……” ချန်ယွီ့ ပြောလိုက်ပြီး “ အရင်ဆုံး မင်း သူနဲ့ ပထမဆုံးအကြိမ် ဗွီဒီယိုကော ပြောတုန်းက ဖမ်းထားတဲ့ ဗွီဒီယို စခရင်ရီကော့ကို ပြလာခဲ့လိုက် ….”
“ မင်း ဘယ်လိုလုပ်ပြီး သိ …..”
သူ့ စကားလမ်းတစ်ဝက်တွင် [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]က ဆက်မပြောလာတော့ဘဲ နာနာခံခံနှင့် သူ့ဖုန်းထဲ သိမ်းထားသည့် ဗွီဒီယိုကို ဖွင့်လိုက်သည်။
မကြာမီ ၊ ချန်ယွီ့ အပါအဝင် စကားပြောခန်းထဲရှိ လူတိုင်း ဗွီဒီယိုကောပြောနေသည့် အကြာင်းအရာများကို မြင်တွေ့သွားကြ၏။
ပြောနေသည့် အကြောင်းအရာများက စုံတွဲများ မကြာခဏ ပြောလေ့ရှိသည့် တောင်စဉ်ရေမရ ၊ ပေါက်တတ်ကရများပင်။ သူတို့နေ့စဉ် ဘဝထဲ ကြုံတွေ့ရသည့် အရာများ အကြောင်း တစ်ယောက်ကိုယ်တစ်ယောက် မျှဝေနေကြခြင်း ဖြစ်၏။
ထူးဆန်းတာလည်း ဘာမျှ မမြင်ရချေ။
ဗီဒီယို အချိန် သုံးမိနစ်လောက် ရောက်လာတော့ ချန်ယွီ့က သူ့ကို ရုတ်ချည်း ဟန့်တားလာသည်။
“ ရပ် … အခု … အသံကို အဆုံးထိမြင့်ပြီး ဆက်ဖွင့် …”
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]က သူပြောတဲ့ အတိုင်း နာခံပြီး ဗွီဒီယိုကို ဆက်ပြီး ဖွင့်ပြသည်။
“ ဟမ် … ငါ့နားထဲ တစ်ယောက်ယောက်က သက်ညှာပေးဖို့ တောင်းဆိုနေတဲ့ အသံကို ကြားမိသလားလို့ …..”
“ ငါလည်း နားကြပ်နဲ့ နားထောင်နေတာ … ငါလည်း ကြားလိုက်သလိုပဲ …”
“ ဟဲ့ … နင်တို့တွေ ကြာပွတ်နဲ့ ရိုက်နေတဲ့ အသံတွေ ကြားရတယ် မလား ….”
သူတို့တွေ နားထောင်ရင်း ကြည့်ရှုသူများမှာ တစ်စုံတစ်ရာ လွဲမှားနေသည်ကို သတိထားမိသွားကြသည်။
ဗွီဒီယိုထဲ၌ [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်]နှင့် ကျားကျားတို့ စကားပြောနေသည့် အသံများအပြင် …
သက်ညှာပေးဖို့ တောင်းဆိုနေသံများလည်း ပါဝင်နေသည့်ပုံပင်။