နောက်ဆုံးအဆင့် ငရဲခန်း
Vol. 11 Ch. 111
ချန်ယွီ့ သူ့ကြည့်ရှုသူများကို သေချာရှင်းလင်းသည့် လေသံဖြင့် ပြောလိုက်သည်။
ဤလူလိမ်အုပ်စု၏ ကောက်ကျစ်ယုတ်မာ ရက်စက်မှုက သာမန်လူတို့ စိတ်ကူးယဉ်နိုင်သည်ထက်ကို ကျော်လွန်နေသည်။
သူတို့ ဧရိယာသို့ ရောက်လာသည့် နစ်နာသူတိုင်း အမြီးဖြတ်ခံရသည်။
အမျိုးသမီး လူလိမ် ၊ ကျားကျားက ဦးနှောက်ဆေးဖို့နှင့် နစ်နာသူရဲ့ အတွေးများကို ထုံထိုင်းသွားစေဖို့ တာဝန်ယူထားသည်။
အနှီ လူလိမ်များက နစ်နာသူနောက်သို့ တောက်လျှောက်လိုက်ပြီး နစ်နာသူ၏ လှုပ်ရှားမှု ကိစ္စ အ၀၀တိုင်းကို သတိထား စောင့်ကြည့်နေသည်။
နစ်နာသူက ပုံမှန် မဟုတ်သည့် တစ်ခုခုကို ရှာတွေ့သွားသည်နှင့် သူတို့က ချက်ချင်းပဲ ရပ်တန့်ဟန့်တားကာ နစ်နာသူ လွတ်မြောက်ပြီး ရဲစခန်းသို့ တိုင်ကြားမှာကို ကာကွယ်ထားသည်။
ပြီးနောက် ၊ နစ်နာသူ၏ မှတ်ပုံတင်ကတ်ကဲ့သို့သော အရေးကြီးသည့် စာရွက်စာတမ်းများကို ယူထားကာ သူတို့ရဲ့ လွတ်လပ်မှုကိုလည်း ကန့်သတ်ချုပ်ချယ်ထားသည်။
အကယ်၍ နစ်နာသူက လုံးလုံးလျားလျား ငြင်းဆန်နေမည်ဆိုပါက ကျားကျားက နစ်နာသူကို ခြိမ်းခြောက်လိမ့်မည်။ ပြီးသည့် နောက်တစ်ဆင့်ကတော့ ညှင်းပန်းနှိပ်စက်မှု ဖြစ်၏။
“ သတိပေး ဆိုင်းဘုတ် အကြီးကြီးတွေ ၊ နယ်ခြားစည်းနား ကင်းလှည့်ပေးနေတဲ့ တပ်ဖွဲ့ဝင်တွေ ဘယ်လောက်များများ ….”
“ ပထမဆုံး အချိန်အခိုက်အတန့်မှာ နစ်နာသူက လူကုန်ကူးခံလိုက်ရတယ်ဆိုတာ သိဖို့ အင်မတန် ခဲယဉ်းတယ် ….”
“ ဒီလူလိမ်တွေက သူတို့ရဲ့ နစ်နာသူတွေကို ရှုပ်ထွေးပြီး အန္တရာယ်များတဲ့ ဧရိယာတွေဆီ ခေါ်သွားမယ် … အဲ့လို နည်းလမ်းက နိုင်ငံပြင်ပကိုလူတွေ ခေါ်သွားဖို့က အကောင်းဆုံး နည်းလမ်းပဲ …”
ထိုနေရာရောက်သည်တွင် ချန်ယွီ့ရဲ့ အမူအရာက ရုတ်ချည်း တည်ကြည် လေးနက်လာသည်။
“ မင်း အဲ့နေရာမှာ လူမိုက်တွေရဲ့ ဖမ်းတာကို ခံလိုက်ရတာနဲ့ သူတို့က မင်းကို နိုင်ငံခြားက ကာစီနိုတစ်ခုဆီ ခေါ်သွားမယ် …”
“ ငါ့ကို ကာစီနို ခေါ်သွားမယ် ဟုတ်လား … ဘာလို့လဲ …”
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]သည် သူ့ထိတ်လန့်မှုမှ ကောင်းကောင်းမွန်မွန် သတိမကပ်နိုင်သေးခင်မှာပဲ ချန်ယွီ့ရဲ့ စကားကြောင့် ကြက်သေသေသွားရသည်။
သူတို့က ကျောက်ကပ်တွေကို ထုတ်မှာ မဟုတ်ဘူးလား …
မဟုတ်မှလွဲရော ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ထုတ်တဲ့ နေရာက ကာစီနိုမှာလား …
“ ဒါပေါ့ … မင်းရဲ့ တန်ဖိုးကို အကဲဖြတ်ဖို့ပေါ့ ..”
ချန်ယွီ့က ခေါင်းစဉ်အကြောင်းအရာကို ပြောင်းလဲပြီး ဤ ဒုစရိုက်သမားများ၏ နည်းလမ်းများကို ပြောပြသည်။
အနှီ လူလိမ်များက နစ်နာသူများကို နိုင်ငံပြင်ပ ရောက်အောင် နည်းအမျိုးမျိုးဖြင့် လိမ်လည်ခေါ်ဆောင်ပြီး တစ်ဖက်နိုင်ငံသို့ ရောက်သော် ထိုနေရာရှိ ဒေသခံ ဒုစရိုက်သမားများကလည်း ရက်စက်သည့် နည်းလမ်းအမျိုးမျိုးဖြင့် သူတို့တွင် ရှိသည့် တန်ဖိုးတစ်အောင်စချင်းစီတိုင်းကို ညှစ်ထုတ်သည်။
“ သူတို့က မင်းကို သေနတ်တွေနဲ့ ကာစီနိုထဲဝင်ပြီး ပွဲနည်းနည်းလောက် ကစားဖို့ ခြိမ်းခြောက်တယ် … နိုင်သည် ဖြစ်စေ ၊ ရှုံးသည်ဖြစ်စေ ၊ သူတို့မင်းကို လွှတ်ပေးမယ်လို့လည်း ပြောသေးတယ် …”
“ အဲ့ဒီအချိန် မင်းရဲ့ စိတ်က ပရမ်းပတာ အခြေအနေမှာ … သူတို့ တောင်းဆိုတဲ့အတိုင်း မင်း လေးငါးပွဲလောက် ဆော့လိုက်တယ် …”
“ သူတို့က မင်း လောင်းကစားလုပ်နေတာကို မှတ်တမ်းတင်ထားတယ် …”
“ အဲ့နောက်မှာ အတိုးမြင့် ငွေချေးစာချုပ်တွေမှာ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းတော့တာပဲ …”
“ ပြီးသွားရင် မင်းကို အခန်းတစ်ခုထဲမှာ သော့ပိတ်ထားမယ် …”
“ အဲ့ဒီ အခန်းထဲမှာ မင်းနဲ့ လှေတစ်ခုတည်းအပေါ် ရောက်နေတဲ့ မင်းလိုလူတွေ ဒါဇင်လောက် ရှိတယ် … အဲ့ဒီ လူကုန်ကူးသမားတွေကြောင့် နစ်နာခဲ့ရတဲ့ လူတွေပေါ့ …”
“ ဒီရဲ့ နစ်နာသူတွေကလည်း မင်းလိုမျိုးပဲ သူတို့ကိုယ်တိုင်တောင် မသိဘဲနဲ့ ဒီနေရာကို လှည့်စားပြီး ခေါ်လာခံရတာ … လောင်းကစားစွဲတဲ့လူတွေကတော့ ထောင်ချောက်ကြီးထဲကို တည့်တည့်ခုန်ဆင်းလာကြတဲ့လူတွေပေါ့ ….”
ထိုနေရာအထိ ပြောပြီးနောက်တွင် ချန်ယွီ့ သက်ပြင်းချလိုက်သည်။
ဤလူများအနက် ကံကောင်းသည့် လူတစ်ချို့သာလျှင် ထိုနေရာကနေ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။
အများစုက သူတစ်ပါးတိုင်းပြည်မှာပဲ မြေမြုပ်ခံလိုက်ရ၏။
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]သည် သူ့ အနာဂတ်တွင် ကြုံတွေ့ရမည့် အရာများကို ကြားသိရုံမျှနှင့်ပင် ကြက်သီးမွေးညှင်းများ ထောင်ထလာသည်အထိ ကြောက်ရွံ့သွားတော့သည်။
ရှေ့ဆက်ပြီး ဘယ်လိုမျိုး ညှင်းပန်းနှိပ်စက်မှုတွေ လာဦးမလဲ သူမသိ။
“ မင်း သော့ခတ်ခံထားရတဲ့ အခန်းကို တောင်းဆိုတဲ့ အခန်းလို့ ခေါ်တယ် ….”
“ မင်းတို့ လူဒါဇင်ကျော်လောက်ကို လက်နက်ကိုင် လူမိုက်တွေက ဒူးထောက်ခိုင်းထားပြီး မင်းတို့ မိသားစုတွေဆီ ဖုန်းဆက် ပိုက်ဆံတောင်းခိုင်းမယ် …”
“ တကယ်လို့များ မနာခံတဲ့လူရှိရင် သူတို့က ညှင်းပန်းတော့တာပဲ …”
“ တကယ်လို့ မင်းမိသားစုက မယုံဘူးဆိုရင် သူတို့က မင်းရဲ့ သနားစဖွယ်ကောင်းတဲ့အထိ ရိုက်နှက်ခံထားရတဲ့ ဗွီဒီယိုတွေ ၊ အကြွေးစာချုပ်တွေ ၊ ပြီးတော့ လောင်းကစား လုပ်နေတဲ့ ဗွီဒီယိုတွေကို သူတို့ဆီ ပို့ပေးတယ် ….”
ကြည့်ရှုသူ အများစုမှာ သူတို့ ထိုနေရာသို့ သွားမည်ဆိုပါက ကိုယ်အင်္ဂါအစိတ်အပိုင်းများ အတင်းအကြပ် ထုတ်ယူရောင်းစားခံရမည်ဆိုတာကိုပဲ သိထားကြသည်။
သို့သော် … ယခု ကြည့်ရသလောက်တော့ ထိုနေရာသို့ ရောက်သွားပြီ ဆိုပါက ကိုယ့်အသက်နှင့် ပိုက်ဆံကို ဆုံးရှုံးရုံမျှမက ၊ မယုံကြည်နိုင်စရာကောင်းသည့် နာကျင်ညှင်းပန်းနှိပ်စက်မှုဒဏ်ကိုလည်း ခံရဦးမည့်ပုံပင်။
ဤသည်က ကြည့်ရှုသူအများစုအတွက် သူတို့တွေ အဲ့ဒီနေရာကို ရောက်ရင် နစ်နာသူက ဘာတွေ တွေ့ကြုံခံစားရမလဲဆိုတာကို ပထမဆုံးအကြိမ် သိရှိလိုက်ရခြင်းဖြစ်၏။
စကားပြောခန်းထဲ တစ်ခဏလောက် တိတ်ဆိတ်သွားသည်။
ဤလူများ၏ ကံကြမ္မာအကြောင်း မေးမြန်းနေသည့် ကွန်းမန့်တို့သာ ကျန်ရစ်နေခဲ့၏။
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]က ကြောက်လန့်တုန်ယင်နေသည့် လေသံဖြင့် စကားကို ပြတ်တောင်းပြတ်တောင်း ပြောလာသည်။
“ ငါ … ငါ ပိုက်ဆံ မတောင်းခဲ့ဘူး ဟုတ်တယ်မလား ….”
ဤသည်ကို ကြားတော့ ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။ “ မင်း မိဘတွေ မင်းကို ဒီခုလိုမျိုး ကြီးပြင်းလာအောင် ကျွေးမွေးလာခဲ့ရတာ လွယ်တာမှ မဟုတ်တာ … မင်း သူတို့ကို ပိုက်ဆံတောင်းရင် သူတို့ စုထားတဲ့ ငွေတွေ အကုန် ကုန်သွားမှာပေါ့ ….”
“ တစ်ချိန်တည်းမှာ မင်းက … မင်းရဲ့ ကံကြမ္မာကို လောင်းကြေးထပ်နေတာပဲ …”
“ မင်းသူတို့ကို ပိုက်ဆံ မပေးသရွေ့ ၊ သူတို့မင်းကို ဘယ်လောက်ပဲ ရိုက်နှက်နေပါစေ ၊ သူတို့ မင်းကို သတ်မှာတော့ မဟုတ်ဘူး ….”
“ သူတို့ မင်းဆီကနေ ငွေတစ်စက်မှ ညှစ်ထုတ်လို့ မရတာကို မြင်ရင် ဒီ ဒုစရိုက်သမားတွေက မင်းကို လွှတ်ပေးရင် လွှတ်ပေးလိုက်မယ်ပေါ့ ….”
“ ဒါပေမယ့် ဒါက ရေခဲတောင် ထိပ်ဖျားလေးပဲ ရှိတယ်ဆိုတာ မင်း နည်းနည်းလောက်လေးပဲ ဖြစ်ဖြစ် သိခဲ့သင့်ဖို့ ကောင်းတယ် …”
ဤတစ်ကြိမ်တွင်ကြိမ်တော့ ကွန်းမန့်အများအပြား စတင် ပေါ်ပေါက်လာသည်။
“ နတ်ဆိုးတစ်ကောင်ကို စာနာစိတ်ရှိပြီး ကြင်နာသနားလိမ့်မယ်လို့ ဘယ်တော့မှ မမျှော်လင့်နဲ့ ….”
“ မင်းတို့ကောင်တွေ လူဆယ်ယောက် ၊ ဒါဇင်ကျော်လောက် ရှိနေတာတောင် အားလုံးပေါင်းပြီး ပြန်ချကြပါလားကွ ….”
“ မင့်ပထွေးတွေ လက်ထဲ ကိုင်ထားတဲ့ သေနတ်တွေက အတုတွေလို့ ထင်နေတာလား … ညီကိုရ ….”
“ လောင်းကစားစွဲနေတဲ့ကောင်တွေက သေသင့်တာ မှန်တယ် … ဒါပေမယ့် ပြန်ပေးဆွဲခံရတဲ့ လူတွေကတော့ … ကံဆိုးတယ် ပြောရမှာပဲ ….”
“ ငါ ထင်ထားတာ ရိုးရိုးရှင်းရှင်းလေးနဲ့ မြန်မြန် သေသွားမယ်ပေါ့ … ကြည့်ရတာတော့ ငါတော်တော် ရိုးအနေခဲ့တာပဲ …”
“ အဲ့ဒီ ဒေသခံ အစိုးရကရော အဲ့လိုကောင်တွေ ရှိနေတနာကို ဒီတိုင်း ခွင့်ပြုထားလားကွ …”
“ ကမ္ဘာမြေပေါ်က မော်ဒန်ဗားရှင်း ငရဲပဲ ….”
ဤ ကွန်းမန့်က စကားပြောခန်းထဲရှိ ကြည့်ရှုသူ တော်တော်များများ၏ အသိအမှတ်ပြုမှုကို လက်ခံရရှိသွားသည်။
နတ်ဆိုးများကို စာနာငဲ့ညှာစိတ် ရှိမယ်လို့ မျှော်လင့်မိနေတာက လောကကြီးထဲ အရယ်ရဆုံး ပြက်လုံး ဟာသတစ်ခုဖြစ်၏။
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]က ကတုန်ကယင်နှင့် ဆက်ပြီးမေးသည်။ “ အဲ့နောက် … အဲ့နောက် ငါ ဘာဆက်ဖြစ်သွားမှာ …”
“ ဟင်း …”
ချန်ယွီ့ ညင်သာစွာ သက်ပြင်းတစ်ချက် ချလိုက်၏။
“ မင်းကို ထပ်ခါတလဲလဲ တစ်ကြိမ်ပြီး တစ်ကြိမ် ညှင်းပန်းနှိပ်စက်ပြီးတာတောင် မင်းက မိဘတွေဆီ ဖုန်းဆက်ဖို့ ငြင်းဆန်နေတယ်လေ …”
“ မင်း အဲ့လို ခေါင်းမာတာနဲ့ပဲ သူတို့က မင်းကို ဘာမှ မလုပ်နိုင်တော့ဘူး ထင်နေလား …”
“ နောက်တစ်နေ့မှာ သူတို့လူတွေက မင်းကို နောက်ထပ် အခန်းတစ်ခုထဲ ရွေ့ခိုင်းတယ် … အဲ့ဒီအခန်းကို ဖိအားပေးခန်းလို့ ခေါ်တယ် …”
“ တောင်းဆိုတဲ့ အခန်းက ကမ္ဘာမြေပေါ်က ငရဲဖြစ်မယ်ဆိုရင် ဖိအားပေးခန်းက တကယ့်ငရဲစစ်စစ် …”
“ မင်း အဲ့ဒီကို ရောက်တာနဲ့ မင်းရဲ့လက်တွေကို လက်ထိပ်ခတ်ထားမယ် … ပြီးတော့ မင်း တစ်ချိန်လုံး ဒူးထောက်ပြီးပဲ နေလို့ရမယ် ….”
“ နှစ်ရက်လောက် ဆက်တိုက် ဒူးထောက်ပြီးတဲ့နောက်မှာ မင်းရဲ့ ဒူးတွေ ဆိုးဆိုးရွားရွား ပျက်စီးသွားပြီ ….”
“ နေ့တိုင်းနေ့ မင်းရဲ့ အစာက ငရုတ်သီးနဲ့ ထမင်းပဲ … ပြီးတော့ ရေဆိုတာလည်း ပူလောင် ပွက်ပွက်ဆူနေတဲ့ ရေနွေးတွေပဲ …”
“ မင်း ပင်ပန်းနွမ်းနယ်လွန်းလို့ အိပ်မောကျသွားတာနဲ့ ရှော့ခ်တိုက်ပြီး မင်းကို ချက်ချင်း နှိုးတယ် …”
ထိုအခိုက်အတန့်၌ နှလုံးသားကင်းမဲ့သည့် ကြည့်ရှုသူ အများစုပင် ချွေးအေးတို့ စီးကျလာရသည်။
ချန်ယွီ့က [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ] တွေ့ကြုံခံစားရမည့် အတွေ့အကြုံများကို ပြန်ပြောင်း ပြောပြနေရုံသာ ဖြစ်၏။
သို့သော် … တစ်ချို့သော အကြောင်းအရင်းများကြောင့် ဤစကားများ သူတို့နားထဲ ရောက်ချိန်တွင် သူတို့ကိုယ်တိုင် ကိုယ်ကျ တွေ့ကြုံခံစားရသည့်နှယ် ခံစားနေရသည်။
အင်မတန် အကြောက်ကြီးသည့် ကြည့်ရှုသူများဆို တစ်ကိုယ်လုံး ထိန်းချုပ်မရနိုင်စွာ တုန်ယင်နေသည်။
အနှီ ဒုစရိုက်သမားများ လူကို ညှင်းပန်းနှိပ်စက်သည့် နည်းလမ်းက စစ်ဖြစ်သည့် အချိန်တွင် ဖမ်းဆီးရမိသည့် သုံ့ပန်းကို ညှင်းပန်းနှိပ်စက်သည်နှင့် မခြားပေ။
ငရုတ်သီး ၊ ပူလောင်နေတဲ့ ရေနွေး နှင့် လျှပ်စစ်ရှော့ခ်တိုက်ခံရမည့် အကြောင်းကို တွေးကြည့်လိုက်ရုံမျှနှင့် လူကို ထိတ်လန့်သွားစေဖို့ လုံလောက်နေပြီ ဖြစ်၏။
ချန်ယွီ့ရဲ့ နောက်ဆက်တွဲ စကားများက သူတို့ကို ဤအရာများက နှုတ်မြိန်စာလေးများသာ ဖြစ်ကြောင်း သိရှိသွားစေသည်။
“ မင်းက အရှုံးပေးဖို့ ငြင်းဆန်နေတုန်းပဲ ဆိုတာကို မြင်တော့ သူတို့က မင်းကို တစ်ယောက်တည်း ရှိတဲ့ အခန်းထဲ ပြန်ပြောင်းထည့်လိုက်တယ် …”
“ ဒါကတော့ နောက်ဆုံးအဆင့် မင်းရဲ့ ငရဲခန်းပဲ ….”
သူတို့တွေ သေဆုံးခြင်း အခန်းသို့ ရောက်ရှိလာခဲ့သည်။
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]က ခေါင်းမွေးများအားလုံး ထောင်ထသွားလောက်သည်အထိ အမျိုးမျိုးသော ညှင်းပန်းနှိပ်စက်မှုများကို တွေ့ကြုံခံစားရမည်ဖြစ်ကာ သူ့ခန္ဓာကိုယ် တစ်ခုလုံးတွင် ညှင်းပန်းနှိပ်စက်ခြင်း မခံရသည့် နေရာဟူ၍ တစ်နေရာလေးပင် မရှိချေ။
အရိုးတို့ ဒါဇင်ချီအောင် ကျိုးသွားခဲ့ပြီး သူ့ လက်သည်းခွံများအားလုံးလည်း ဆွဲနှုတ်ခံလိုက်ရသည်။
“ ငိုးပဲ … ငါ အဲ့စောက်ကောင်မကို သတ်မယ် …”
[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ ချန်ယွီ့ရဲ့ စကားကို ဖြတ်ပြောလိုက်သည့်သဖွယ် ဖြစ်သွားခဲ့သည်။
ချန်ယွီ့ရဲ့ ပြန်ပြောင်းပြောပြမှုကို နားထောင်ပြီးနောက် ကြည့်ရှုသူများက ကြောက်ရွံ့မှုကို ခံစားနေရသည်ဆိုလျှင် ၊ [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]သည် သူ့ကိုယ်သူ ထိုသို့ဖြစ်မည့် အနာဂတ်သို့ ကိုယ်တိုင် သွားရောက်တွေ့ကြုံ ခံစားနေရသည့်နှယ် ခံစားနေရ၏။
ကျားကျားရဲ့ လှည့်စားမှုကြောင့် သူ ဒီလို ရက်စက်ကြမ်းတမ်းတဲ့ အနာဂတ်မျိုးနှင့် ရင်ဆိုင်ရတာကို လုံးဝ မမေ့။ သူ့ရင်ဘက်ထဲ လူသတ်လိုစိတ်တို့ တဖွားဖွား ဖြစ်လာသည်။
သူ သေရမည်ဆိုလျှင်ပင် သူမကို သူနှင့်အတူ ဆွဲခေါ်သွားမှာ ဖြစ်၏။