← Chapters

လက်တွေ့ကျတဲ့ အမှန်တရား

Vol. 11 Ch. 112

လက်တွေ့ကျတဲ့ အမှန်တရား

Vol. 11 Ch. 112

“ ဒေါက်တာချန်က သူ PTSD ခံစားနေရတယ်လို့ ပြောတာ မဆန်းတော့ပါဘူး ….”

“ ငိုးပဲ … တကယ်လို့ တစ်ယောက်ယောက်က ဒီလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ရမယ်ဆိုရင် သူတို့ စိတ်တစ်ခုလုံး လဲပြိုသွားလောက်တယ် …”

“ ငါတော့ တွေ့ကြုံခံစားရဖို့ မပြောနဲ့ … နားထောင်ရုံနဲ့တင် လူတောင် စိတ်ဖိစီးလာသလိုပဲ …”

“ အရင်တုန်းက အဲ့နေရာကို လူမဆန်တဲ့ နေရာလို့ပဲ သိထားတာ … အခုတော့ အဲ့နေရာက လူလူချင်း စားသုံးတဲ့ နေရာဆိုတာ နားလည်လိုက်ပြီ …”

“ သူတို့နဲ့ ယှဉ်ရင် အဲ့ဒီ လူသား တကယ်စားတဲ့သူတွေက သူတော်စင်တွေလို့ ပြောရမယ် ….”

“ အဲ့နေရာကို ကောင်းကင်က အပြစ်မပေးဘူးလားကွာ … “

“ လူသားအရေခြုံထားတဲ့ နတ်ဆိုးတွေ ….”

ဤတစ်ကြိမ်တွင်တော့ စကားပြောခန်းထဲ ပေါက်ကရများမန့်သည့် ကွန်းမန့်တစ်ခုတစ်လေကိုမျှ မမြင်တွေ့ရတော့ချေ။

အကုန်လုံးက ရှော့ခ်ရမှုနှင့် ဝမ်းနည်းကြေကွဲမှုတို့ဖြင့်သာ ပြည့်နှက်နေသည်။

ထိုနေရာနှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက မြေအောက်လောကသည် တကယ့်ကို နိဗ္ဗာန်ဘုံ ဖြစ်သည်။

အနည်းဆုံးတော့ မြေအောက်လောကက ဆိုးသွမ်းသည့်လူများကိုသာ အပြစ်ပေးပြီး ကောင်းသည့်လူကိုတော့ နှိပ်စက်ခြင်း မပြုပေ။

“ ဒီရဲ့ လူနာ … ကျေးဇူးပြုပြီး စိတ်ကို ငြိမ်ငြိမ်ထားပါ …” ချန်ယွီ့က တည်ငြိမ်အေးဆေးစွာ ပြောလိုက်ပြီး “ တကယ်လို့ မင်း ဒီအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် မင်းရဲ့ အခြေအနေက တကယ်ကို ဆိုးရွားသွားလိမ့်မယ် ….”

[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည်။ သူ မည်သို့ စိတ်ငြိမ်ငြိမ်ထားနိုင်ပါမည်နည်း။

သူ့ဘဝက ယခုမှ ‘စလုံးရေစ’ရုံတင် ရှိသေးသည်။ ယခု အသူရာချောက်နက်ကြီးထဲသို့ ပြုတ်ကျလုနီးပါး ဖြစ်နေသည်။

သူ့ စိတ်ကို တည်ငြိမ်အောင် ချိန်ညှိပြီးနောက် ချန်ယွီ့ စကားဆက်သည်။ “ မင်း ရိုက်နှက်ခံရလွန်းလို့ သေတော့မယ့် ဆဲဆဲမှာပဲ သူတို့က မင်းကို ဆေးရုံပို့ပေးတယ် ….”

“ ဆေးရုံ ရောက်တော့ မင်း အခြေခံ ကုသမှု ခံယူရတယ် …”

“ မင်းရဲ့ အတွေးက ဒါ အကန့်အသတ်ပဲ … သူတို့မင်းကို သတ်ရဲမှာ မဟုတ်ဘူး ….”

“ သိပ်မကြာခင်မှာပဲ မင်း ဒီလူတွေရဲ့ တကယ့်ရက်စက်မှုကို နောက်တစ်ကြိမ်ထပ်ပြီး ကြုံတွေ့လိုက်ရတယ် …”

“ သူတို့က မင်းကို ဆေးရုံတင်ပေးတယ်ဆိုတာ မင်း သေမှာကို ကြောက်လို့ မဟုတ်ဘူး … ဒီတိုင်း မင်းရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ယူချင်ရုံသပ်သပ်ကြောင့်ပဲ …”

ကြည့်ရှုသူများမှာ အဆုတ်ထဲသို့ လေအေးကြီးများ ရှိုက်သွင်းမိသွားကြသည်။

တကယ့်ကို နတ်ဆိုးထဲက နတ်ဆိုး …

လူစိတ် တစ်စက်လေးမှ မရှိတဲ့ ခွေးမသား နတ်ဆိုးတွေ … ဘာကိုမှ အလွတ်မပေးကြဘူး … ဒီရဲ့ နိုင်ငံခြား တိုင်းပြည် ‘နယ်စပ်မြို့’က သူ့ရဲ့ ဂုဏ်သတင်းနဲ့ တကယ်ညီအောင် လုပ်တာပဲ … အသက်မျှင်းမျှင်းလေးပဲ ကျန်တော့တဲ့အထိ ရိုက်နှက်ပြီးတာတောင် ကျောက်ကပ်က လိုချင်နေတုန်း …

“ မင်းရဲ့ ဒဏ်ရာတွေ အပေါ်ယံလောက် သက်သာစပြုတော့ မင်းရဲ့ ကျောက်ကပ်ကို ခွဲစိတ်ပြီး ထုတ်ယူတယ် …”

“ သူတို့က ကျောက်ကပ်တွေချည်း သပ်သပ် ယူတာမဟုတ်ဘူး ….”

“ မင်း ပထမအကြိမ် ခွဲစိတ်ပြီးလို့ မကြာခင်မှာပဲ သူတို့က မင်းရဲ့ အသည်းတစ်ခြမ်းကိုလည်း ဖြတ်ထုတ်သွားကြတယ် ….”

ချန်ယွီ့က ရှုပ်ထွေးနေသည့် လေသံဖြင့် ဆက်ပြီးပြောသည်။ “ ဆေးပညာ ရှုထောင့်က ကြည့်မယ်ဆိုရင် ခွဲစိတ်စားပွဲမှာတင် မင်း သေဖို့ ရာခိုင်နှုန်း တော်တော်များတယ် …”

“ ဒါပေမယ့် အဲ့ဒီလူတွေအတွက်ကတော့ … မင်းရဲ့အသက်က ပုရွက်ဆိတ်တစ်ကောင်ရဲ့ အသက်နဲ့ ထူးမခြားနားပဲ ….”

“ သူတို့အတွက် ငွေရမယ်ဆိုရင် မင်းဘာမင်း သေသေ ၊ ရှင်ရှင် ၊ သူတို့ ကိစ္စ မဟုတ်ဘူး …”

“ သူတို့က မင်းရဲ့ လက်စားချေချင်စိတ် ပြင်းပြတဲ့ စိတ်အခြေအနေကို အဆိုးရွားဆုံး အခိုက်အတန့်မှာတောင် အခွင့်ကောင်း ယူကြတယ် ….”

“ မင်း ဘယ်လောက်တောင် အသက်ပြင်းလဲ ဆိုတာကို မြင်တော့ သူတို့က မင်းကို နောက်တစ်နည်း အသုံးချဖို့ ကြံတယ် …”

[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]သည် နှုတ်က လွှတ်ခနဲ အော်ပြောလိုက်မိ၏။ “ ငါ့ကျောက်ကပ်လည်း မရှိတော့ဘူး … ငါ့ အသည်းလည်း ဖြတ်ထုတ်ခံလိုက်ရပြီကို ငါက ဘာများ လုပ်ပေးနိုင်ဦးမှာမို့လို့လဲ ….”

“ ကျားဖြန့်လေ …”

“ သူတို့က မင်းကို ကျားဖြန့် ကုမ္ပဏီတစ်ခုဆီ ရောင်းစားလိုက်တယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ မင်းက ပြည်တွင်းက လူတွေကို လိမ်လည်ဖို့အတွက် သူတို့ရဲ့ လက်ပါးစေအဖြစ် ကူညီပေးရမှာ …”

“ ဘာပဲဆိုဆို သူတို့က မင်းကို ဝယ်လက်ထဲကနေ ယွမ် တစ်သိန်းပေးပြီး ဝယ်ထားရတာဆိုတော့ မင်းရဲ့ တန်ဖိုးကို တစ်စက်မှ မကျန်တော့တဲ့အထိ ညှစ်ထုတ်ပြီးမချင်း ဘယ်လိုလုပ် ပေးသေနိုင်မှာလဲ ….”

“ ငိုးပဲ … ဒီခွေးသူတောင်းစားတွေ … ငါသတ်မယ် … အကုန်လုံးကို ငါသတ်မယ် …”

[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]က ဒေါသတကြီးနှင့်‌ အော်ဟစ်သောင်းကြမ်းနေတော့သည်။

“ အဲ့ဒီ လူလိမ် အမျိုးသမီး ကျားကျားက …” ချန်ယွီ့ တည်ငြိမ်စွာ စကားဆက်၏။ “ သူကလည်း အဲ့ဒီ ဒုစရိုက်သမားတွေနဲ့ ကြံရာပါ ဆိုပေမယ့် သူတို့ရဲ့ လုပ်ငန်းခွင် တာဝန်တွေကကျတော့ မတူဘူး … ပြီးတော့ တစ်ယောက်ချင်းစီတိုင်းက သူတို့ လိုအပ်တဲ့ တာဝန်ကို လုပ်ဖို့ပဲ လိုတယ် ….”

“ ကျားကျားနဲ့ သူ့ဂိုဏ်းက နစ်နာသူတွေကို မျှားခေါ်ပြီး တစ်ဖက်ကတောင်းဆိုတဲ့အတိုင်း တရားမဝင် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ထုတ်ရောင်းတဲ့ ကုမ္ပဏီဆီ ရောင်းစားတယ် …”

“ တစ်ဖက်လူက ‘ ကုန်ပစ္စည်း’ ကို လက်ခံရရှိပြီ ဆိုတာနဲ့ ရှုံးတာ ၊ မြတ်တာ သူတို့အပိုင်း … သူတို့ရဲ့ အစွမ်းအစပေါ်ပဲ မူတည်တယ် ….”

နိုင်ငံက ထို’နယ်စပ်မြို့’ရှိ ကျားဖြန့်စင်တာများကို အပြီးတိုင် ဖြိုခွင်းတိုက်ဖျက်ဖို့ အားထုတ်နေပြီး သတင်းမီဒီယာများကလည်း ထို’နယ်စပ်မြို့’အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် တင်ပြပေးကြသဖြင့် ဒေသတွင်းတွင် လိမ်လည်ခံရသူ အရေအတွက်က တစ်စထက်တစ်စတော့ နည်းပါးလာသည်။

သမာရိုးကျ လိမ်လည်နည်းလမ်းတို့က တဖြည်းဖြည်းချင်း ခက်ခဲလာသည်နှင့်အမျှ လူကုန်ကူးသမားများကလည်း အလားအလာရှိသည့် နစ်နာသူတိုင်းကို ပိုက်ဆံ အများအပြားတောင်းသည်။

ဈေးနှုန်းက တစ်ခေါင်းကို ယွမ်တစ်သိန်းဖြစ်၏။

တစ်ဖက်ကလည်း သူတို့ရဲ့ ‘ကုန်ပစ္စည်း’ကို ဈေးအများကြီး ပေးဝယ်ထားရသဖြင့် ကုန်ကျစရိတ် ပြန်ကာမိအောင် အစွမ်းကုန် အသုံးချမှာပဲ ဖြစ်သည်။

အကယ်၍ ကျောက်ကပ်ထုတ်ခံရပြီးသည့်တိုင် အသက်ရှင်နေသေးသည်ဆိုပါက အသည်းတစ်ခြမ်းကို ဆက်ပြီး ဖြတ်ထုတ်သည်။ ထိုသို့ ထုတ်ပြီးသည့်တိုင် အသက်ရှင်နေသေးသည်ဆိုပါက နောက်လူတစ်ယောက်ဆီ ရောင်းစားလိုက်၏။ ပြီးတော့ ထိုအတိုင်းပဲ သံသရာလည်နေသည်။

“ တုန်ယင်နေတဲ့လူတွေ ရှိလား ….”

“ လူတစ်ချို့က သူတို့ကိုယ်သူတို့ အသိဉာဏ်ကြွယ်တယ် ၊ သတိကြီးတယ် ၊ ဗဟုသုတရှိတယ်ဆိုတိုင်း အဲ့လိုနေရာမျိုး မရောက်ဘူး ထင်ကြတယ် … ဒါပေမယ့် နတ်ဆိုးက သူတို့ ထင်ထားတာထက် ပိုပြီး ကောက်ကျစ်ဉာဏ်များတတ်တာကိုတော့ မသိကြဘူး …”

“ သူတို့ရဲ့ လိမ်လည် လှည့်စားတဲ့ နည်းလမ်းတွေအကုန်လုံးကို အမြဲတမ်း သတိချပ်ထားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ….”

“ အဲ့နေရာက နာဇီ ချွေးတပ်စခန်းပဲ … အဲ့ထက်တောင် ဆိုးရင် ဆိုးဦးမယ်… “

“ အမှန်ပဲ …”

“ ပိန်းတိန်းနေတဲ့လူ တစ်ယောက်မှ မရှိဘူး … သူတို့ရဲ့ လှည့်စားကွက်တွေထဲ လူနည်းနည်းပဲ ကျရောက်တော့တာကို မြင်ရင် အဲ့နတ်ဆိုးတွေက ပိုကောင်းတဲ့ လိမ်လည်နည်းလမ်းတွေကို ဆက်ပြီး တီထွင်ကြံဆနေကြဦးမှာပဲ ….”

“ အဲ့တာကတော့ တကယ့်လက်တွေ့ အမှန်တရားပဲ …”

ကြည့်ရှုသူများ၏ ကွန်းမန့်ကို တစ်ချက် ကြည့်ရင်း ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။

သူ ခေါင်းစဉ် အကြောင်းအရာကို တစ်ကြိမ် ပြောင်းလဲခဲ့သည်။ ထိုအရာကလည်း သူ့ ကြည့်ရှုသူများကို နက်နက်နဲနဲ သတိထားမိစေရန်အတွက် ဖြစ်၏။

သူ ဒီနေ့ ပြောလိုက်တဲ့ စကားလုံးတွေက တစ်ချို့ ကြည့်ရှုသူများကို မလိုလားအပ်သည့် ဒုက္ခများ ခံစားရခြင်းမှ ရှောင်ကြဉ်နိုင်ဖို့ အကူအညီ ဖြစ်လိမ့်မည်ဟု မျှော်လင့်သည်။

ထိုနေရာသို့ ရောက်နေသည့် နစ်နာသူများအားလုံးကို သူက မကူညီနိုင်လျှင်ပင် အခြားသော တစ်စုံတစ်ယောက် လိမ်လည်ခံလိုက်ရခြင်းမှ ကာကွယ်နိုင်လိုက်သည်ကလည်း အကျိုးရှိနေဆဲပင်။

“ ကောင်းပြီ … အခု စောနက စကားကို ဆက်ကြရအောင် …”

ချန်ယွီ့က [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]ကို ကြည့်လိုက်သည်။

“ အဲ့ဒီ ဒုစရိုက်သမားတွေက မင်းရဲ့ တန်ဖိုးကို တစ်အောင်စမကျန် သံပုရာသီး အရည်ညှစ်သလို ညှစ်ပြီးတော့ မင်းကို နီးစပ်ရာ ကျားဖြန့် ကုမ္ပဏီတစ်ခုဆီ ရောင်းစားလိုက်တယ် …”

“ သေတာထက် ဆိုးတယ်ဆိုပေမယ့် … အနည်းဆုံးတော့ မင်း အသက်ရှင်သန်နေနိုင်တုန်းပဲလေ …”

“ မင်းက အခွင့်အရေးရှာထွက်ပြေးပြီး ပြန်လက်စားချေချင်တယ် …”

“ မကြာခင်မှာပဲ မင်းရဲ့ အခွင့်အရေးက ရောက်လာခဲ့တယ် ….”

“ မင်း ထွက်ပြေးလွတ်မြောက်သွားပြီးတဲ့နောက်မှာ ကျားကျားက အနီးနားလေးမှာပဲ နစ်နာသူ အသစ်တစ်ယောက်ကို လာပို့နေတာ မြင်လိုက်ရတယ် …”

“ အဲ့အချိန် မင်းခေါင်းထဲ လက်စားချေမယ်ဆိုတဲ့ အတွေးတစ်ခုတည်းပဲ ရှိတော့တယ် …”

“ မင်းက ကျားကျားရဲ့ ဘေးနား ရှိနေတဲ့ လက်အောက်ငယ်သားတွေကို လျစ်လျူရှုထားပြီး သူ့အပေါ် ခုန်အုပ်လိုက်တယ်..."

“ သူက မင်းရဲ့ လည်ပင်းညှစ်သတ်တာကို ခံလိုက်ရတယ် … အဲ့နောက် မင်းလည်း ကျားကျားရဲ့ လက်ပါးစေတွေ ဝိုင်းရိုက်တာ ခံလိုက်ရတာပဲ ….”

“ မင်းသေပြီးတော့ သူတို့က မင်းရဲ့ ညှစ်ထားတဲ့ လက်ကို မဖြုတ်နိုင်တာနဲ့ အဲ့ဒီလူတွေကလည်း မင်းနဲ့ ကျားကျားကို ရိုးရိုးလေးပဲ အတူမြေမြုပ်လိုက်တယ် ….”

[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ] ကြုံတွေ့ရမည့် ဆိုးရွားသည့် အနာဂတ် ကံကြမ္မာကို ပြောပြပြီးနောက် ချန်ယွီ့က သူ့လက်ဆယ်ချောင်းကို တစ်ခုနှင့်ဆက်ပြီး ပြောလိုက်သည်။ “ မင်းက သတိကြီးကြီးထားတတ်တာ ကောင်းတဲ့ အချက်ပဲ …. ဒါပေမယ့် တစ်ခုတော့ မှတ်ထား … ယုံကြည်မှု လွန်ကဲတာကလည်း တုံးအခြင်း တစ်မျိုးပဲ …”

“ ဒေါက်တာချန် … မင်းက ငါ့ရောဂါကို ကုသပေးရုံတင် မကဘူး … ငါ့အသက်ကိုလည်း ကယ်တင်လိုက်တာပဲ … ငါ မင်းကို ရှိခိုးပါရစေ …”

[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]က သူ့ ကုလားထိုင်ကို ဖယ်ပြီး ကြမ်းပြင်သို့ ဒူးထောက်လိုက်သည်။

သူ့ကွန်ပျူတာသို့ သုံးကြိမ်တိုင်တိုင် ဦးချလိုက်၏။

ဤအရာသာ အတိတ်ကာလတွင်တုန်းက ဖြစ်မည်ဆိုပါက ကြည့်ရှုသူများမှာ သူ့အား ကျိန်းသေပေါက် စနောက်နေကြမှာ ဖြစ်သည်။ သို့သော် ယနေ့တွင်တော့ သူ့လုပ်ရပ်ကို မည်သည့် ကြည့်ရှုသူကမျှ လှောင်ပြောင်သည့် ကွန်းမန့်တို့ မရေးလာခဲ့ကြ။

အကယ်၍ သူ့နေရာတွင် သူတို့ဖြစ်မည် ဆိုပါကလည်း တစ်ထေရာတည်း ပြုလုပ်မိမှာ ဖြစ်သည်။

စကားပြောခန်းထဲရှိ ကြည့်ရှုသူများမှာ ငရဲပြည်က မြင်ကွင်းကို သူတို့မျက်လုံးနဲ့ ကိုယ်တိုင် မြင်တွေ့လိုက်ရသည့်နှယ် ကြောက်လန့်ဆဲ ဖြစ်နေကြ၏။

“ ကျေးဇူးပြုပြီး ထပါ … မင်းက ငါ့ကို ဆေးဖိုးပေးတယ် … အဲ့ဒီအတွက် ငါကလည်း မင်းကို ကုသပေးတယ် … ဒါ ရိုးရှင်းတဲ့ အပေးအယူလေးပါပဲ ….”

“ မင်း ဒီလိုတွေ လုပ်စရာ မလိုပါဘူး ….”

ထို့နောက် ချန်ယွီ့ မေးလိုက်၏။ “ မင်း အခု ဘာဆက်လုပ်ရမလဲ သိလား …”

“ အဲ့ကောင်မကို ဘလော့ပစ်မယ် … နေဦး မဟုတ်သေးဘူး …”

[တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]က သူ့အံကို တင်းတင်းကြိတ်ပြီး နာကျည်းမုန်းတီးသည့် မျက်လုံးတို့ဖြင့် ပြောလိုက်သည်။ “ အဲ့ စောက်လူယုတ်မာတစ်သိုက်ကို ရဲတိုင်ပြီး အကုန်မျိုးဖြုတ်ပစ်မယ် …”

ချန်ယွီ့ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။

“ အထူးမစ်ရှင် ဌာနကို တန်းသွားလိုက် … ပြီးရင် သူတို့ကပ္ပတိန်ကို မင်းရဲ့ ဇာတ်လမ်းအကြောင်း ပြောပြလိုက် …”

“ ကောင်းပြီ ဒေါက်တာချန် … ငါ နားလည်ပြီ … ကျေးဇူးပါ …”

တိုင်ပင်ဆွေးနွေးခ ပေးပြီးနောက် [တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ် ]က ချက်ချင်းပဲ ခေါ်ဆိုမှုကို အဆုံးသတ်ကာ သူ့အိမ်ထဲကနေ ညှပ်ဖိနပ်နှင့် ပြေးထွက်သွားခဲ့သည်။

“ ဒေါက်တာချန် … ငါ ဖြတ်ဝင်ပြီး မိနစ်နည်းနည်းလောက် စကားပြောလို့ ရမလား ….”

ထိုအချိန်မှာပဲ ပိုက်ဆံ သုံးထားသည့် ကွန်းမန့်တစ်ကြောင်းက ဖျတ်ခနဲ ပေါ်လာသည်။

All Chapters