စိတ်ဓာတ်ကျသွားတဲ့ ပိုင်ဟော်
Vol. 11 Ch. 102
ဟုတ်သည်။
စိတ်ကျန်းမာရေး ဆရာဝန်များကို အဆင့်များ ခွဲခြားသတ်မှတ်ထားပြီး အသိအမှတ်ပြု လက်မှတ်များလည်း လိုသည်။
၎င်းတို့ကို အဆင့် တစ်၊နှစ်၊သုံး ဟူ၍ ခွဲခြားထားသည်။
တာအိုကိုယ်တော် ပိုင်ဟော်မှာ သွေးအန်လုနီးပါး ဖြစ်သွား၏။
ဒီရဲ့ စီနီယာက ရူးပဲ နေတာလား … ဒါမှမဟုတ် ရူးချင်ယောင်ဆောင်နေတာလား …
သူက ချန်ယွီ့ကို ဘယ်နယ်ပယ်ကို ရောက်နေပြီလဲလို့ မေးတာလေ … ဒါကို သူ ပြန်ပေးတဲ့ အဖြေက စိတ်ကျန်းမာရေး ဆရာဝန်ဖြစ်ကြောင်း အသိအမှတ်ပြု လက်မှတ်တဲ့လား ….
လေထု အခြေအနေက ပြန်လည် တည်ငြိမ်သွားတာကို ခံစားမိတော့ လီချန်ကျွင်းက ကြားဖြတ်ပြောလိုက်၏။ “ ဒေါက်တာချန် … အထက်က ငါ့ကို ကျည်ကာဝတ်စုံတွေ အများကြီး ဝယ်ခိုင်းလိုက်တယ် ….”
“ ဘယ်လောက်များလဲ …” ချန်ယွီ့ စိတ်ဝင်တစား မေးလိုက်၏။
လီချန်ကျွင်း လက်နှစ်ချောင်း ထောင်ပြလာသည်။ “ နှစ်ရာ …”
“ ရတယ် … ကျွန်တော် အခုချက်ချင်း လုပ်ပေးလိုက်မယ် …”
ထိုသို့ ပြောပြီးနောက် ချန်ယွီ့ သူ့ထိုင်ခုံကနေ အရင်ဆုံး ထလိုက်သည်။ အရင်ဦးစွာ စင်သို့ သွားပြီး လက်ကျန် စတစ်ကာများကို ရေတွက်ကြည့်လိုက်၏။ စတစ်ကာ အခု ၆၀ မျှသာ ရှိပြီး ၂၀၀ ပြည့်ဖို့ တော်တော်လေးကို လိုနေသည်။
ချန်ယွီ့ ချက်ချင်းပဲ စတိုခန်းကို သွားဖို့ လုပ်လိုက်၏။
“ ကပ္ပတိန်လီ … ကျွန်တော့်စင်ပေါ်မှာက စတစ်ကာတွေ လုံလုံလောက်လောက် မရှိဘူး ဖြစ်နေတယ် … ခင်များအတွက် သင့်လျော်မယ် ထင်တာလေးတွေ သွားရှာလိုက်ဦးမယ် ….”
“ စတိုင်ပုံစံက ကွဲပြားသွားမယ်ဆိုပေမယ့် အကျိုးသက်ရောက်မှုကတော့ အတူတူပါပဲ …..”
ချန်ယွီ့ တခြား အစားထိုး ပစ္စည်းများကို ရှာတွေ့သွားခဲ့သည်။ ယင်းက ကင်းကောင် စတစ်ကာနှင့် နီကျား စတစ်ကာများပင်။
လီချန်ကျွင်းက အနှီ စတစ်ကာများကို တန်ဖိုးကြီး ရတနာပစ္စည်းများသဖွယ် ဂရုတစိုက်နှင့် သိမ်းယူလိုက်သည်။
ထို့နောက် ဗျူရိုက စုဆောင်းပေးလိုက်သည့် ယွမ်နှစ်သန်းကို ချန်ယွီ့ထံသို့ လွှဲပေးလိုက်၏။
လီချန်ကျွင်းက ကိုယ်ရေးကိုယ်တာအရလည်း တောင်းဆိုမှု တစ်ခု ပြုလုပ်လာသည်။
သူ အရင်က မျက်စိကျခဲ့သည့် မျောက်ဘုရင် စွန်းဝူခုံး သော့ချိတ်လေးကို တွေ့သည့်နေ့ကစ၍ တစ်နေ့မှ မေ့မရခဲ့ချေ။
တစ်ပတ်လုံးလုံး မိန်းမဖြစ်သူကို နားဝင်အောင် ဖြောင်းဖြပြီးနောက် နောက်ဆုံး သူ့မိန်းမက သူ့သားကျောင်းစရိတ်ကို အခြေအနေတစ်ရပ်နှင့် သုံးစွဲဖို့ ခွင့်ပြုလာသည်။
သူ နှစ်နှစ်အတွင်း ထိုငွေပမာဏကို ရအောင် ပြန်လုပ်ပေးရမည်။
လီချန်ကျွင်းလည်း ရင်ဘက်ကြီးပုတ်ပြ၍ အာမခံလိုက်၏။
သူ့တွင် စွန်းဝူခုန်း သော့ချိတ်ရှိသည်နှင့် တစ်နှစ်အတွင်း၌ပင် ရှာဖွေကောင်း ရှာဖွေနိုင်မည်။
မကောင်းသူများကို အပြစ်ပေးပြီး ရဲရင့်သည့် စုံထောက်တစ်ယောက် ဖြစ်လာခြင်းက သူ့အတွက် လွယ်လွယ်ကူကူနှင့် ရာထူးတိုးခြင်း သို့မဟုတ် လစာတိုးပေးခြင်း ခံရလိမ့်မည်။
“ ကိုယ့်ဘာကိုယ်ပဲ သွားယူလိုက် ….”
“ ကျေးဇူးပါပဲ ဒေါက်တာချန် ….”
လီချန်ကျွင်းက ယွမ် သုံးသိန်းကို ချက်ချင်း လွှဲပေးလာခဲ့ပြီး စင်ပေါ်ချိတ်ထားသည့် စွန်းဝူခုန်း သော့ချိတ်ကို ရှာတွေ့သွားသည်။ သူ့လက်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။ သို့သော် လက်ထဲ နွေးအောင်တောင် မကိုင်ရသေးခင်မှာပဲ တာအိုကိုယ်တော် ပိုင်ဟော်က မပြောမဆိုနှင့် လုယူသွားခဲ့၏။
“ ကိုယ်တော် ခင်များ ဘာဖြစ်တာလဲ …”
တာအိုကိုယ်တော် ပိုင်ဟော်မှာ သော့ချိတ်ကို သေချာကြည့်ပြီးနောက် ဒယီးဒယိုင် ဖြစ်သွားပြီး ကြမ်းပြင်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။ လီချန်ကျွင်း သူ့ကို အလျင်အမြန် ထိန်းထားပေးလိုက်ရလေသည်။
စောက်ကျိုးနည်း … ဘုရားရေ …
တာအိုကိုယ်တော် ပိုင်ဟော် စိတ်ထဲ ကျယ်လောင်စွာ ကျိန်ဆဲမိသွားသည်။
အစောပိုင်းတွင် သူက ပစ္စည်းများထဲရှိ ဝိဉာဏ်စွမ်းအင်များကိုသာ အာရုံရောက်နေခဲ့ပြီး ၎င်းတို့၏ ဈေးနှုန်းကို သတိမမူမိခဲ့ပေ။
ယခု ကြည့်လိုက်တော့မှ သူ့ကိုယ်သူ ပါးဖြတ်ရိုက်ချင်လောက်သည်အထိ မုန်းတီးမိသွား၏။
စွန်းဝူခုန်း သော့ချိတ်ထဲတွင် ပါဝင်နေသည့် ဝိဉာဏ်ချီစွမ်းအင်တို့၏ သိပ်သည်းနေမှု ၊ သို့မဟုတ် သန့်စင်နေမှုက တာအိုကိုယ်တော် ပိုင်ဟော် ဘဝတစ်ဝက်စာ လေ့ကျင့်ထားမှုနှင့် ညီမျှနေသည်။
ထို့ပြင် ဤအရာလေးက ယွမ် သုံးသိန်းမျှသာ တန်သည်တဲ့လော။
အကယ်၍ သူသာ ၎င်းကို ဝယ်ယူလိုက်မည်ဆိုပါက အတွင်းတွင်ရှိသည့် ဝိဉာဏ်ချီစွမ်းအင်ကို သူ့အတွက်သူ စုပ်ယူပြီး အသုံးပြု၍ရသည်။
တာအိုကိုယ်တော် ပိုင်ဟော်က ရူးကြောင်ကြောင် နိုင်သည့် အပြုံးမျက်နှာနှင့် ကျယ်လောင်စွာ ရယ်မောလာသည်။
သူ့ပုံစံက စိတ်ကျန်းမာရေးဆေးခန်း အခင်းအကျင်းနှင့် တကယ့်ကို ပနံသင့်လှ၏။
“ ဒေါက်တာချန် … ဒီကိုယ်တော် ဘာဖြစ်သွားတာလဲတဲ့ ….”
တာအိုကိုယ်တော် ပိုင်ဟော်လို သူတော်စင်တစ်ယောက်က အရူးတစ်ယောက်လို ပြုမူနေတယ်….
လီချန်ကျွင်း ရင်ထဲ ထိတ်ခနဲ ဖြစ်သွားခဲ့သည်။
မဟုတ်မှလွဲရော လှုံ့ဆော်မှု တစ်ချို့နဲ့ ကြုံတွေ့လိုက်ရပြီး ဦးနှောက်ထိသွားလို့များလား ….
“ ဒီရဲ့ လူကြီးမင်း ….” ချန်ယွီ့ ညင်သာစွာ ပြုံး၍ “ အရာအားလုံးမှာ ရေစက်ဆိုတာ ရှိတယ် … ခင်များရော အဲ့လို မထင်ဘူးလား ….”
ပိုင်ဟော် ရုတ်ချည်း နှိုးထလာသည်။
တစ်စုံတစ်ယောက်က သူ့အပေါ် ရေအေးကြီးနှင့် လောင်းချလိုက်သည့်နှယ် ခေါင်းအစ ခြေအဆုံး ချွေးအေးတို့ ရွှဲနစ်သွားသည်။
မှန်သည်။ ကျင့်ကြံသူများက ကံတရားနှင့် ကံကြမ္မာကို လေးလေးနက်နက် တန်ဖိုးထားကြသည်။
ပိုင်ဟော် သက်ပြင်းချ၍ စွန်းဝူခုန်း သော့ချိတ်ကို လီချန်ကျွင်းထံ ပြန်ပေးလိုက်၏။
ချန်ယွီ့ စကားအဓိပ္ပာယ်က ရှင်းပါသည်။
ဤ အရာပစ္စည်းက လီချန်ကျွင်းနှင့် အတူရှိဖို့ ကံကြမ္မာ ပါလာပြီးသား ဖြစ်၏။
သူနှင့် ရေစက်ပါမလာခဲ့ချေ။
စင်ပေါ်ရှိ အခြားအရာများအတွက်ကတော့ ….. ယင်းတို့သည်လည်း ကံကြမ္မာနှင့် သက်ဆိုင်နေသည်။
ပိုက်ဆံနှင့် ဝယ်ချင်တိုင်း ဝယ်လို့ရသည့် အရာများ မဟုတ်ပေ။
“ ကိုယ်တော် ပိုင်ဟော် … ခင်များ ပြန်တော့မလို့လား …. ဒီလောက် အမြန်ကြီးလေ ….”
“ ငါ နေထိုင် သိပ်မကောင်းချင်လို့ အရင် ပြန်နှင့်တော့မယ် …”
ပိုင်ဟော်က နောက်ပြန်လှည့်မကြည့်ဘဲ တံခါးဝသို့ လျှောက်လှမ်းသွားသည်။
သူ ဤနေရာတွင် ဆက်ပြီး မနေနိုင်တော့ချေ။ အကယ်၍ ကြာကြာ ဆက်နေမည်ဆိုပါက သူ့တာအိုနှလုံးသား ပျက်စီးသွားမှာကိုပင် စိုးရိမ်နေရသည်။
စင်ပေါ်ရှိ အရာရာတိုင်းက ရတနာများ ဖြစ်ကြသည်။ သို့သော် သူနှင့်တော့ လားလားမျှ မသက်ဆိုင်။
သူက ရွှေတောင်ကြီးရှေ့တွင် မတ်တပ်ရပ်နေရသော်လည်း တူးဆွယူငင်နိုင်သည့် မည်သည့်ကိရိယာမျှ သူ့ထံ ရှိမနေခဲ့။
ကြည့်ရုံမျှသာ ကြည့်နိုင်ပြီး ယူငင်ပိုင်ဆိုင်ခွင့်ကား မရှိပေ။
ယင်းက နှိပ်စက်ညှင်းပန်းနေခြင်းပင်။
အကယ်၍ သူသာ ကြာကြာ ဆက်နေမည်ဆိုပါက ကိုယ်တော်ပိုင်ဟော် ရူးသွပ်သွားနိုင်သည်။
မိမိ၏ တာအိုနှလုံးသား မငြိမ်မသက် ဖြစ်လာပါက ကျင့်ကြံခြင်းလမ်းကြောင်းသည်လည်း အဆုံးသတ်သွားလိမ့်မည်။
“ ဒါဆို ကျုပ်တို့ စောနက ပြောထားတဲ့ ကိစ္စကျတော့ ဘယ်လိုဆက်လုပ်မှာ ….” လီချန်ကျွင်းက အလျင်စလိုနှင့် မေးလိုက်သည်။
“ နောက်ရက်နည်းနည်းနေမှ ဆက်ပြောကြတာပေါ့ …”
ထိုစကားပြောပြီးနောက် တာအိုကိုယ်တော် ပိုင်ဟော်က ပျောက်ကွယ်သွားခဲ့တော့သည်။
“ သေပါတော့ကွာ … အဲ့တော့ ငါက အခု ဘယ်လိုလုပ်ရတော့မှာ ….”
လီချန်ကျွင်း သူ့ခေါင်းသူ တဗြင်းဗြင်း ကုတ်လိုက်၏။
သူ အတော်လေး အလျင်လိုနေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်း မသိတော့ပေ။
ထူးဆန်းသည့် ကိစ္စရပ်က ဖြစ်ပျက်နေပြီး တာအိုကိုယ်တော် ပိုင်ဟော်၏ ပူးပေါင်းပေးမှုကို အရေးတကြီး လိုအပ်နေသည်။
ယခု … တာအိုကိုယ်တော် ပိုင်ဟော် ကြည့်ရသည်မှာ အတော်လေး ပြင်းထန်သည့် ထိုးနှက်ချက်ကို ခံလိုက်ရဟန်ရှိပြီး သူ့ စိတ်အခြေအနေကို ပြန်လည် ထိန်းညှိလို့ မပြီးမီ အခြားကိစ္စများအပေါ် အာရုံပေးနိုင်ဦးမည် မထင်ပေ။
ခေတ္တမျှ တွေးတောပြီးနောက် လီချန်ကျွင်းက ချန်ယွီ့ကို တောင်းပန်တိုးလျှိုးစွာ ကြည့်လိုက်သည်။
“ ကျွန်တော် လက်ခံလိုက်မယ် ….”
လီချန်ကျွင်း ကြက်သေသေသွား၏။
ချန်ယွီ့ သဘောတူတာကလည်း မြန်လွန်းမနေဘူးလား …
ဒါပေမယ့် ချန်ယွီ့က သဘောတူဖို့ ဆန္ဒရှိနေတယ်ဆိုမှတော့ သူကလည်း ဘယ်ငြင်းလိမ့်မလဲ ….
ချက်ချင်းပဲ အမှုအကြောင်းကို အသေးစိတ် ပြောပြလိုက်သည်။
လွန်ခဲ့တဲ့ သုံးနှစ်တုန်းက အိမ်ခြေမြေဆောက်လုပ်ရေးသမား တစ်ဦးမှာ ဟန်ကျိုးမြို့ ၊ မြောက်ပိုင်း ခရိုင်တွင် ကြီးကျယ်ခမ်းနားသည့် ဗီလာဥယျာဉ်ကြီးတစ်ခုကို တည်ဆောက်ခဲ့သည်။
ဗီလာဥယျာဉ် ဆောက်လုပ်ပြီးတော့ လူတွေကလည်း ဗီလာများကို အလုအယက် ဝယ်ယူကြ၏။
များမကြာမီ ဗီလာဥယျာဉ်ထဲ တစ္ဆေခြောက်သည်ဟူသော ကောလဟာလတို့ စတင်ပျံ့နှံ့လာသည်။
နေထိုင်သူများ အားလုံးနီးပါးကလည်း တစ်လအတွင်းမှာပဲ ပြန်လည် ရွှေ့ပြောင်းသွားခဲ့ကြသည်။
ထိုအဖြစ်အပျက်က အတော်လေး ကြီးမားသွားခဲ့သည့်အတွက်ကြောင့် အဆိုပါ ဧရိယာကို တာဝန်ယူထားသည့် တာဝန်ရှိသူကလည်း မြေပြင်တွင် ကိုယ်တိုင်ကိုယ်ကျ အမိန့်ပေး၍ ဗီလာထဲကို စုံစမ်းစစ်ဆေးရန် ဦးဆောင်ခဲ့သည်။
တကယ်ပဲ တစ္ဆေခြောက်တာလား …. ဒါမှမဟုတ် ငြိမ်သက်နေတဲ့ လူ့အဖွဲ့အစည်းကြီးကို တမင် လှုပ်ခါချင်လို့ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ သတင်းအမှားတွေ ဖြန့်နေတာလားပေါ့။
စုံစမ်းစစ်ဆေးမှု စစချင်းမှာပဲ သူတို့တွေ အတော်လေး ခရီးတွင်ခဲ့သည်။ စစ်ဆေးနေစဉ်အတွင်း ရဲခွေးနှစ်ကောင်က ဗီလာတစ်လုံးကို ဆက်တိုက် ထိုးဟောင်နေသည်။ ထို့ကြောင့် သက်ဆိုင်ရာ ဝန်ထမ်းများကလည်း ၎င်းဗီလာကို ချက်ချင်း ပစ်မှတ်ထားလိုက်သည်။
စုံစမ်းစစ်ဆေးဖို့အတွက် သူတို့တွေ ရဲခွေးများကို ဗီလာထဲ ခေါ်လာခဲ့ကြသည်။
ဧည့်ခန်းထဲကို ရောက်တော့ ခွေးတွေက ပိုမိုကျယ်လောင်စွာ ထိုးဟောင်လာကြသည်။
သူတို့ထဲ တစ်ကောင်ဆို ဧည့်ခန်းကြမ်းပြင်ကို သူ့လက်ဖဝါးများဖြင့် ဆက်တိုက်ကုတ်ခြစ်နေခဲ့၏။
တာဝန်ရှိသူကလည်း တစ်ခုခုမူမမှန်သည်ကို သတိပြုမိပြီး သူ့လူများအား ထိုနေရာကို တူးဆွဖို့ အမိန့်ပေးလိုက်သည်။
ထို့နောက် … အရိုးစုတစ်ခု ထွက်လို့လာသည်။
ထိုအချိန်၌ လီချန်ကျွင်းရဲ့ အမူအရာက တည်ကြည်လေးနက်သွားသည်။
“ ဒေါက်တာချန်… ဆေးမှုခင်း ဆရာဝန်က အဲ့အရိုးစု ဘယ်အချိန်လောက်မှာ သေသွားခဲ့လဲ အသေးစိတ် မပြောနိုင်ဘူးဆိုတာ မင်း ယုံလား …”
“ ယုံတယ် ….”
ချန်ယွီ့ တည်တည်ငြိမ်ငြိမ်ပဲ ဖြေလိုက်သည်။
“ ဆေးမှုခင်းဆရာဝန်တွေက အရာရာတိုင်းကို ရှင်းရှင်းလင်းလင်း အဖြေပေးနိုင်တဲ့ ဒိဗ္ဗစက္ခုရထားတဲ့လူတွေမှ မဟုတ်တာ …”
လီချန်ကျွင်းက အကြောင်းအရာကို ဆက်ပြီး ပြောပြသည်။
“ အဲ့ဒီရဲ့ အရိုးစုအပြင် တခြား အဝတ်စတွေလည်း တွေ့ရသေးတယ် … “
“ ဖြစ်နိုင်တာကတော့ သေသွားတဲ့လူရဲ့ အင်္ကျီအဝတ်စားတွေ ဖြစ်လောက်တယ် … အဝတ်ချည်ထည်မျှင်တွေ ပျက်စီးထားတဲ့ အတိုင်းအတာကို ကြည့်ပြီး တွက်ချက်ကြည့်ရင် သေသွားတဲ့လူက လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်စုလောက်တုန်းကပဲ …”
“ ဒါပေါ့ … ဒါကလည်း ဒီတိုင်း ခန့်မှန်းသုံးသပ်မှု သပ်သပ်ပဲလေ …”
အရိုးစုထံကနေ မည်သည့် အသုံးဝင်သည့် သဲလွန်စမျှ ရှာမတွေ့ခဲ့သည့်အတွက် အမှုကို ယာယီ ရပ်ဆိုင်းထားရသည်။
စုံစမ်းရေး အင်အားစုကလည်း ဗီလာတွင် တစ်လနေထိုင်ခဲ့ပြီး ကြမ်းခင်းအောက်တွင် မြုပ်ထားသည့် အဆိုပါ အရိုးစုကလွဲ၍ မည်သည့် တစ္ဆေသရဲ တစ်ကောင်ကိုမျှ မမြင်တွေ့ခဲ့ရချေ။
မကြာမီ စုံစမ်းရေး အင်အားစုလည်း ဗီလာကနေ ပြန်ထွက်ခွာလာခဲ့၏။
ဗီလာဥယျာဉ်ကိုလည်း ချိတ်ပြန်ဖွင့်ပေးလိုက်ပြီး ပိုင်ရှင်ကိုယ်စီကလည်း ထိုဧရိယာသို့ ပြန်လာနေထိုင်ကြသည်။
နှစ်ရက်ပင်မပြည့်လိုက်ဘဲ နောက်ထပ် တစ္ဆေခြောက်သည့် အဖြစ်အပျက်က ထပ်မံဖြစ်ပွားပြန်သည်။
ဤတစ်ကြိမ်တွင်တော့ နေထိုင်သူများမှာ ဘယ်လိုအကြောင်းမျိုးနှင့် မဆို၊ ဆက်လက် နေထိုင်ဖို့ ငြင်းဆန်ကြတော့သည်။
စုံစမ်းရေး အင်အားစုကလည်း ဗီလာထဲ ပြန်ဝင်၍ သေချာစစ်ဆေးကြ၏။ သို့တိုင် မည်သည့် တစ္ဆေသရဲကိုမျှ မတွေ့ရပေ။
မူလက တာအိုကိုယ်တော် ပိုင်ဟော်မှာ ဤအမှုကို တာဝန်ယူပေးရသည့်လူ ဖြစ်သင့်၏။
သို့ပါသော်လည်း ပိုင်ဟော်က ချန်ယွီ့ ဆေးခန်းထဲ ရောက်လာပြီးပြီးချင်းမှာပဲ စိတ်ဓာတ်ကျသွားလိမ့်မည်ဟု မည်သူက ထင်ထားလိမ့်မည်နည်း။
“ ဒေါက်တာချန် … တကယ်လို့ မင်း ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ်ဆို မင်း ယွမ် ၃ သိန်း ရမယ် ….”
အမှုအကြောင်း ရှင်းပြပြီးနောက် လီချန်ကျွင်းက ရရှိမည့် အကျိုးအမြတ်များကို စတင်ပြောဆိုသည်။
“ ပိုက်ဆံက ကိစ္စ မဟုတ်ပါဘူး … သက်ဆိုင်ရာနဲ့ ပူးပေါင်းပေးတယ်ဆိုတာ နိုင်ငံသားကောင်း တစ်ယောက်ရဲ့ တာဝန်ပဲလေ …”
ချန်ယွီ့ ပြုံးလျက် တုံ့ပြန်လိုက်၏။
“ ဒါဆို ဒေါက်တာချန် … ငါတို့တွေ ဘယ်တော့လောက် စထွက်ကြမလဲ ….”
“ မနက်ဖြန် နေ့လည် ….”