အခန်း (၉၂၁+၉၂၂)
Vol. 65 Ch. 921+922
Chapter 921
One Sword Breaks All Laws
" ဟို... သခင်လေး.. "
လောမိသားစုမှ လူငယ်တစ်ယောက်က ရှက်နေသည့် မျက်နှာကြီးဖြင့် လောထျန်းကိုကြည့်ကာ စကားစသည်။
" သခင်လေး အထင်လွဲနေပြီဗျ ။ အဲ့လူက.. သခင်လေးကို အိပ်မရအောင် ကျိန်စာတိုက်ခဲ့တာ မဟုတ်ဘူး ... သူက လောမိသားစုရဲ့ သွေးမျိုးဆက်တစ်ခုလုံးကို သွေးကျိန်စာ တိုက်ခဲ့တာ .. "
တလက်စတည်း သွေးကျိန်စာအကြောင်းကို သူ နားလည်သလောက် အတိုချုံ့ရှင်းပြလိုက်၏။
" ပြီးတော့.. ခုနကဟာတွေက နှပ်ချေးဖတ်တွေ မဟုတ်ဘူးဗျ ... နတ်ဆိုးသွေးစက်တွေ ။ အဲ့သွေးစက်တွေမှာ တိုက်စားအစွမ်း ပါနေတယ် ။ အကိုလောရုံလဲ ခုနက အဲ့သွေးစက်နဲ့ တိုက်ခိုက်ခံခဲ့ရသေးတယ် "
လောထျန်းက သူ့စကားကို နားထောင်ပြီးနောက် မျက်တောင်လေး ပုတ်၍ ပြန်ပြောရှာသည်။
" အဲ့လိုလား ... ဒါဆို.. အဲ့ကောင်က ပုံမှန်မဟုတ်တဲ့ဟာတွေကို စွဲလမ်းနေတဲ့ အကျင့်ယုတ်နှာဘူးကောင် မဟုတ်ဘူးပေါ့ "
ထိုစကားကို ကြားသော ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်မှာ ဒေါသထွက်လွန်း၍ သွေးအန်လုမတတ်ပင် ဖြစ်သွားပါသည်။
သူသည် ဆယ်ဘွဲ့ရမသေမျိုးဘုရင်တစ်ယောက် ဖြစ်ခဲ့ဖူးပြီး ..
လက်ရှိတွင် ထိုစာရင်းထဲမှ ထုတ်ပယ်ခံထားရသည့်တိုင် အလွန်အစွမ်းထက်သူတစ်ယောက် ဖြစ်ဆဲပါပင် ။
သူ့လို လူတစ်ယောက်က တဖက်လူအား အိပ်မရအောင်လုပ်ရန် ရည်ရွယ်ချက်သက်သက်ဖြင့် ကျိန်စာတိုက်ပါမည်လား ။ ပြီးတော့.. နှပ်ချေးနဲ့ ပစ်ပေါက်စရာရော ဘာအကြောင်းရှိပါသလဲ ။
၎င်းမှာ မလွန်လွန်းဘူးလား ....
" ဟုတ်တယ်ဗျ "
လောမိသားစုမှ လူများစွာပင် လောထျန်းအား ခေါင်းညိတ်ပြကြ၏။
၎င်းကိုမြင်မှ လောထျန်းတစ်ယောက် စိတ်သက်သာရာ ရသွားပုံဖြင့် သက်ပြင်းချပြီး ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်ဘက် လှည့်၍ ပြောသည်။
" ဒါဆိုရင်... ငါ နားလည်မှုလွဲသွားတဲ့ပုံပဲ .... "
ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်မှာကား အန်ထွက်လုသွေးများ လည်မျိုတွင်ပင် တစ်နေလေပြီ ။
သူ့အား ညစ်ပတ်ယုတ်မာသည့် နှာဘူးတစ်ယောက်ဟု မည်သူမှ မဆက်ဆံခဲ့ဖူးပါချေ။
၎င်းမှာ အစောပိုင်းက လက်ဝါးချက်ထက်ပင် ပိုဆိုးသေးသည်။
ထိုစဥ် လောထျန်း၏ မျက်နှာထား ရုတ်တရုက်ရှုံ့မဲ့ကာ ပြောလာ၏။
" နေဦး ... မင်းက နှာဘူးကောင်မဟုတ်ဘူး ဆိုပေမယ့် ငါ့ရဲ့ မျိုးနွယ်တစ်ခုလုံးကို သတ်ဖို့လုပ်ခဲ့တာပေါ့လေ.. ဟုတ်လား "
သူ့စကားကြောင့် ပြန်တည်ငြိမ်စသာ ရှိသေးသည့် ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်မှာ ကျောရိုးထဲမှ ချမ်းစိမ့်သွားသလို ခံစားလိုက်ရသည်။
" အဲ့ကျတော့ ဘာဖြစ်သေးလဲ "
သူ အေးစက်စက် ပြန်ပြောလိုက်၏။
" ဘာဖြစ်လဲ .. ဟုတ်လား ၊ အဲ့တော့ ငါက မင်းကိုသတ်မှာပေါ့ "
လောထျန်း၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားကာ လက်ဝါးဖြင့် ထပ်ရိုက်လိုက်သည်။
" ဟမ့် .. ကောင်လေး ၊ ခုနက ငါ ဘာမှမပြင်ထားဘဲ ရုတ်တရက်မို့ ခံလိုက်ရတာနော် ။ ငါ မင်းလိုကောင်ဆီက ဒုတိယလက်ဝါးချက်ကို ထပ်ခံမယ်လို့ ထင်နေလား ... "
ဘုန်း...
သို့သော် သူ့စကား ဆုံးဆုံးချင်းမှာပင် သူ့ကိုယ်ပွားပုံရိပ် ပြိုကွဲသွားရပါ၏။
" ဒါ ... "
ဘေးတွင် ရှိနေသူအားလုံး ပါးစပ်အဟောင်းသား ....
တဖက်လူသည် ကိုယ်ပွားပုံရိပ်တစ်ခုသာ ဖြစ်သည့်တိုင် ဆယ်ဘွဲ့ရမသေမျိုးဘုရင်တစ်ယောက် ဖြစ်သဖြင့် သာမာန် မသေမျိုးဘုရင်များထက် အစွမ်းများစွာ ပိုသာပါသည်။
၎င်း ကိုယ်ပွားပုံရိပ် တစ်ခုတည်းကပင် ပျောင်ပိုင်မြို့မှ အစွမ်းထက်ကျင့်ကြံသူ များစွာကို အနိုင်ယူခဲ့သေးသည် မဟုတ်ပါလား။
သို့သော် .. လောထျန်းနှင့် ရင်ဆိုင်ရချိန်တွင်ကား.. ၎င်းက ဘာအစွမ်းမှ မရှိတော့သလိုပါပင် ။
ထိုစဥ်...
ဝှစ် ..
ပြိုကွဲသွားခဲ့သော ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်၏ ခန္ဓာကိုယ်က အကောင်းတိုင်း ပြန်ဖြစ်သွားပါ၏။
" $#@#$$ ကောင်လေး ၊ သိပ်ပြီး မာန်တက်မနေနဲ့ဦး "
ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် ပြောပြီးချိန်မှာပင် သူ့ကိုယ်မှ အမည်းရောင်အစွမ်းတစ်ခု ထုတ်လွှတ်လာသည်။
ဝီ...
၎င်းအစွမ်းက လောထျန်းဆီ ရွေ့သွား၏။
" သွေးကမ္ဘာကျိန်စာ ချုပ်နှောင်အစွမ်း "
ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် ဒေါသတကြီး ထပ်အော်သည်။
ဝီ ...
သူ့အော်သံ ဆုံးချိန်တွင် အမည်းရောင်အစွမ်းများက သံကြိုးများအဖြစ် ပြောင်းသွားပြီး လောထျန်းအား တင်းကျပ်စွာ ချုပ်နှောင်လာ၏။
" သွေးကမ္ဘာကျိန်စာ ချုပ်နှောင်အစွမ်း ဆိုတာ... ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်ရဲ့ အစွမ်းအထက်ဆုံး ကျိမ်စာသုံးခုထဲက တစ်ခုမဟုတ်လား "
" ဟင်... အဲ့အကွက်က အဲ့လောက်တောင်အစွမ်းထက်တာလား "
" အစွမ်းထက်တာပေါ့ကွ ။ အဲ့အစွမ်းနဲ့ ချုပ်နှောင်ခံရရင် ကိုယ့်ရဲ့ မာရီဒျာန်တွေအားလုံးကို ချုပ်နှောင်ခံရသလို ဖြစ်သွားပြီးတော့ ကျင့်ကြံခြင်းကိုလဲ သုံးလို့ရတော့မှာ မဟုတ်ဘူး။ သာမာန်လူတစ်ယောက်လို ဖြစ်သွားမှာ "
" ဘယ်လို .. အဲ့လောက်တောင် ကြောက်စရာကောင်းတာလား "
" ဟိုကောင်လေးကတော့ ပြဿနာတက်ပြီ "
ခပ်ဝေးဝေးမှ လှမ်းကြည့်နေကြသော လူအုပ်ကြီး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။
ထိုစဥ်.. တဖက်မှ ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်မှာ ထိုသိုင်းကွက်ကို သုံးပြီးသည်နှင့် မောသွားဟန်တူကာ ဟောဟဲဆိုက်သွားသည်။ သူ့အရောင်အဝါလည်း သိသိသာသာပင် လျော့သွား၏။
သို့သော် သူ မာထန်နေသော မျက်နှာထားဖြင့် ဆိုသည်။
" ကောင်လေး .. မင်းက တော်တော်မောက်မာတဲ့ကောင်ပဲ ။ ခုနကသာ မင်း ငါ့ကို ဆက်တိုက်ခိုက်နေခဲ့မယ်ဆိုရင် မင်းအတွက် အခွင့်အရေး ရရင်ရသွားနိုင်ဦးမှာ "
" ဒါပေမယ့် အခု.. ငါ့ရဲ့သိုင်းကွက်နဲ့ ချုပ်နှောင်ခံလိုက်ရပြီဆိုတော့ မင်းရဲ့ ကျင့်ကြံခြင်းကို ဆက်သုံးလို့မရတော့ဘူး "
စကားဆုံးချိန်တွင် သူ့မျက်နှာထက်၌ ယုတ်မာကောက်ကျစ်သည့် အပြုံးတစ်ခု ပေါ်လာသည်။
လောထျန်းကမူ မျက်မှောင်အနည်းငယ်သာ ကြုံ့၍ သူ့ကိုယ်ကို ရစ်ပတ်နေသော သံကြိုးများကို ငုံ့ကြည့်၏။
ထို့နောက်.. သူ လက်ဆန့်၍ သံကြိုးတစ်ခုကို ကိုင်လိုက်သည်။
ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က လှောင်ရယ်ရင်း ပြော၏။
" ခုမှ ကြိုးစားလို့လဲ အသုံးမဝင်တော့ဘူးကွ ။ အဲ့ကြိုးတွေနဲ့ ချုပ်နှောင်ခံလိုက်ရပြီဆိုတာနဲ့ မင်း ဘယ်လိုမှ ပြန်လွတ်နိုင်တော့မှာမဟုတ်ဘူး ။ ငါ အဲ့သိုင်းကွက်ကို စသုံးလိုက်ကတည်းက မင်း ရှုံးသွားပြီ။ ဒါက.... "
သူ စကားပြောလက်စမှာပင် ...
ဝုန်း ...
သံကြိုးက လောထျန်းကြောင့် ပြတ်ထွက်သွား၏။
ဝှစ် ...
သူ့ကိုယ်ကို ချုပ်နှောင်ထားသော ကျိန်စာအစွမ်းလည်း ရုတ်ချည်း ပျောက်ကွယ်သွားသည်။
" ဟင် .... "
ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်၏ မျက်နှာထက်မှ အပြုံး တမဟုတ်ချင်း ပျောက်ကွယ်သွားကာ လောထျန်းအား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လိုက်သည်။
ဘာတွေ ဖြစ်သွားခဲ့တာလဲ ....
သူ့ အစွမ်းအထက်ဆုံး သိုင်းကွက်များထဲမှ တစ်ခုဖြစ်ပြီး ၊ အမြဲတစေ အောင်မြင်ခဲ့သည့်အကွက်က လောထျန်းကြောင့် အလွယ်တကူ ပျက်စီးသွားခဲ့သတဲ့လား ။
ထိုကောင်က ဘယ်လိုဘီလူးမျိုးလဲ ....
တဖက်မှ လောထျန်းက ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်ကို ကြည့်ကာ ပြောလာသည်။
" မင်းက လူတွေကို ချုပ်ရတာ တော်တော်ကြိုက်တယ်နဲ့တူတယ်.. ဟုတ်လား "
" ဟင် ... "
ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် ပါးစပ်အဟောင်းသား ဖြစ်သွားရပြန်၏။
ထိုစဥ် လောထျန်းက လက်ယမ်းလိုက်ရာ သံကြိုးတစ်ခု ပေါ်လာသည်။
ဝှစ် ..
၎င်းသံကြိုးက ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်အား မျက်စိတစ်မှိတ်ခန့် အချိန်လေးအတွင်း ချုပ်နှောင်လိုက်ပါ၏။
" ဟမ့်... ဒီကြိုးလောက်နဲ့ ငါ့ကို ချုပ်နှောင်လို့ရမယ် ထင်နေတာလား "
ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် လှောင်ပြုံးဖြင့် ပြောပြီး လောထျန်းကဲ့သို့ သံကြိုးကိုဖျက်ဆီးရန် ကြိုးစားလိုက်သည်။
သို့သော် ...
ဝုန်း ..
သူ အစွမ်းကုန်သုံး ကြိုးစားလိုက်သည့်တိုင် သံကြိုးက အကောင်းတိုင်း ရှိနေဆဲပါပင် ။
" ဒါ ... မဖြစ်နိုင်တာ ။ မူလမသေမျိုးလက်နက်တောင် ငါ့ရဲ့ သိုင်းကွက်ကို ခံနိုင်တာမဟုတ်ဘူးလေ "
ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် လုံးဝ အံ့သြမှင်သက်ကာ သံကြိုးများကို သေချာစိုက်ကြည့်လိုက်သည်။
ထို့နောက်တွင်ကား... သူ တစ်ကိုယ်လုံးတုန်ပြီး လဲကျမလို ဖြစ်သွား၏။
" ဒါ.. စည်းမျဥ်း .. စည်းမျဥ်းချိန်းကြိုးတွေလား.. မဖြစ်နိုင်ဘူး ။ ဒီလိုအရာမျိုးက မင်းအမိန့်ကို ဘာလို့နာခံနေမှာလဲ "
သူ ပြောကာ လောထျန်းအား တုန်လှုပ်စွာ ကြည့်လိုက်သည်။
စည်းမျဥ်းချိန်းကြိုးသည် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းများမှ ဖြစ်လာသော အရာတစ်ခုဖြစ်ပြီး မသေမျိုးဧကရာဇ် တစ်ပါးသည်ပင် ၎င်းကို မထိန်းချုပ်နိုင်ပါ ။
" မဟုတ်ဘူး.. ဒါ ပုံရိပ်ယောင်ပဲ ဖြစ်ရမယ် ။ ဒါ.. ပုံရိပ်ယောင်တစ်ခုပဲ "
ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် လုံးဝ တုန်လှုပ်နေပါတော့၏။
သို့သော် .. သူ အချိန်အတန်ကြာ ကြိုးစားကြည့်ပြီးနောက်တွင်မူ ... ၎င်းက ပုံရိပ်ယောင်မဟုတ်ကြောင်း သေချာသွားပါသည်။
တဖက်မှကောင်လေးက စည်းမျဥ်းချိန်းကြိုးအား အမှန်တကယ် ထိန်းချုပ်နိုင်နေခြင်းပင် ။
ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်၏ ရင်ထဲ လေးလံသွားတော့၏။
" သခင်လေး ၊ ကျုပ်ကို လွတ်ပေးရင် ကျုပ် သခင်
လေးကို ဘယ်တော့မှ အနှောင့်ယှက်မပေးဘဲ နေပါ့မယ် ။ ဘယ်လိုလဲ ... "
သူ လောထျန်းအား လှမ်းကြည့်၍ ပြောလိုက်သည်။
လောထျန်းက ခေါင်းယမ်း၍သာ ပြန်ပြောသည်။
" မလိုချင်ဘူး "
" မင်း .... "
ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် မျက်နှာထား အနည်းငယ်ပြောင်းသွားပြီးနောက်... အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
" မင်းက အစွမ်းထက်တယ်ဆိုတာ ငါ ဝန်ခံပါတယ် ။ ဒါပေမယ့်.. မင်းလူတွေက ငါ့ကျိန်စာမိထားကြတယ်ဆိုတာကို မမေ့နဲ့ဦးနော် ။ အခု ငါ့ကိုလွတ်ပေးရင် ငါ အဲ့ကျိန်စာကို ပြန်ဖယ်ပေးမယ် ။ ဘယ်လိုလဲ .. "
သူ ပြောပြီး လောထျန်းအား စူးစူးရဲရဲ စိုက်ကြည့်သည်။
လောထျန်းက မျက်ခုံးပင့်၍ ပြန်ပြော၏။
" ကျိန်စာ.. ဟုတ်လား ၊ လူတွေကို အိပ်မရအောင်လုပ်တဲ့ ဟိုဟာကို ပြောတာလား "
ထို့နောက် ဘေးပတ်လည်တွင် ရှိနေသော ကျိန်စာကြိုးမျှင်များအားလုံးကို တစ်ခိက်ဝေ့ကြည့်လိုက်၏။
ပြီးနောက်တွင် ... သူ လက်ချောင်းများဖြင့် ဓားပုံစံတစ်ခု လုပ်၍ လက်ယမ်းလိုက်သည်။
ချွှင် ....
ရှိရှိသမျှသော အမည်းရောင် ကျိန်စာကြိုးမျှင်များအားလုံး ထိုဓားချက်ဖြင့် ပျက်စီးကုန်ပါ၏။
" ဟင်... ငါ့သွေးအစွမ်းကို တိုက်စားနေတဲ့ဟာ.. ပျောက်သွားပြီ "
" ငါရောပဲကွ.. ကျိန်စာ ပျက်သွားပြီထင်တယ် "
" သခင်လေးကတော့ မျှော်လင့်ထားတဲ့အတိုင်းပါပဲလား "
ပျောင်ပိုင်မြို့သားများအားလုံး မျက်နှာများ ဝင်းပ
သွားကြတော့သည်။
၎င်းကိုမြင်သော ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်မှာ တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ပြီးမှ အသံတုန်တုန်ဖြင့် ပြော၏။
" ဓားချက် တစ်ချက်တည်းနဲ့ ကြိုးမျှင်တွေအားလုံးကို ဖြတ်လိုက်နိုင်တာလား ။ မင်းက.. အဲ့အဆင့်တောင် ရောက်ထားတာလား "
ထို့နောက်.. သူ အံကြိတ်၍ ဆက်ပြောသည်။
" ရတယ်လေ ... မင်း ကျိန်စာကို ဖျက်လိုက်နိုင်ရင်တောင် ဟိုကောင့်ရဲ့ အသက်ကိုတော့ မကယ်နိုင်ပါဘူး ။ သူက ငါ့နတ်ဆိုးသွေးစက်ရဲ့ တိုက်စားတာကို ခံထားရတာမို့ ကြာကြာခံတော့မှာ မဟုတ်ဘူးကွ ။ အခု ငါ့ကိုလွတ်ပေးရင်.. ငါ အဲ့ကောင်ကို ပြန်လွတ်ပေးမယ် "
Chapter 922
Luo Rong's Breakthrough
" နတ်ဆိုးသွေးစက်.. ဟုတ်လား "
လောထျန်းတစ်ယောက် ထိုစကားကိုကြားပြီး အံ့အားသင့်သွားကာ လောရုံဘက် လှမ်းကြည့်လိုက်သည်။
လောရုံ၏ အရောင်အဝါက အမှန်တကယ်လည်း တဖြည်းဖြည်းချင်း လျော့ကျနေသည်ကို သူ မြင်လိုက်ရပါ၏။
မိစ္ဆာအစွမ်းတစ်ခုကလည်း သူ့ကိုယ်အား တိုက်စားနေပါသည်။
" အကိုထျန်း ၊ အဲ့ကောင်ကို အလွတ်မပေးနဲ့ဗျ ။ ကျုပ်က အဆင်ပြေတယ် "
လောရုံက လောထျန်းကိုကြည့်ရင်း အံကြိတ်၍ ပြောလာ၏။
ကျိန်စာစိတ်ဝိဥာဥ် မသေမျိုးဘုရင်က လှောင်ပြုံးဖြင့် ဆိုသည်။
" လျှောက်ပြောမနေစမ်းပါနဲ့ကွာ.. ငါ့ နတ်ဆိုးသွေး
စက်ရဲ့ တိုက်စားအစွမ်းကို မင်းဘယ်လိုမှ မခုခံနိုင်ပါဘူး "
ထို့နောက် သူလောထျန်းဘက် လှည့်ကြည့်ကာ မေးပါ၏။
" မင်းရော ငါနဲ့အတွေးမတူဘူးလား "
လောထျန်းကမူ သူ့ကို လုံးဝလျစ်လျူရှုထားပြီး လောရုံထံသို့သာ လျှောက်သွားလိုက်သည်။
" ဒီနတ်ဆိုးသွေးစက်ကို.. ငါ ရင်းနှီးနေသလိုပဲ "
သူ လောရုံအား စိုက်ကြည့်၍ပြော၏။
ထိုစဥ် တဖက်မှ ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်မှာ မတည်ငြိမ်နိုင်တော့ဘဲ အေးစက်စက် ပြောလာသည်။
" အရှင်မင်းသားလေး .. ငါ ပြောတာကို သဘောတူလား ၊ မတူဘူးလားဆိုတာပဲ တည့်ဖြေစမ်းပါ "
သို့သော် လောထျန်းကမူ သူ့ကို ဆက်၍လျစ်လျူရှုထားပြီး လောရုံကိုကြည့်၍သာ ဆက်ပြော၏။
" သူ့ရဲ့ နတ်ဆိုးသွေးစက်မှာ တိုက်စားအစွမ်း ပါနေ
တာဆိုတော့ ... ငါ့ရဲ့ သွေးနဲ့ ပြန်တိုက်ခိုက်လိုက်ရင် ဘယ်လိုနေမလဲ .. "
" အင် .... "
သူ့စကားကို လောရုံတစ်ယောက် နားလည်ဟန်မတူဘဲ မျက်လုံးအပြူးသား ဖြစ်သွားရှာသည်။
ထိုစဥ်တွင် လောထျန်းက လက်ဆန့်ထုတ်၍ သူ့လက်ချောင်းထိပ်တစ်ခုကို ပေါက်သွားအောင်လုပ်လိုက်ပါ၏။
၎င်းလက်ချောင်းထိပ်မှ သွေးစက်တစ်စက် ကျလာသည်။
" မင်းကဘာလုပ်မလို့လဲ ... "
ခပ်လှမ်းလှမ်းတွင် ရှိနေသော ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် မှာလည်း လောထျန်းကို နားမလည်နိုင်ဘဲ အနည်းငယ် အံ့သြသွားသည်။
လောထျန်းက သူ့လက်ထိပ်မှ သွေးစက်အား လောရုံကိုယ်ပေါ် တင်လိုက်၏။
ဝုန်း...
လောရုံ၏ကိုယ်မှ ရွှေရောင်အလင်းတန်းတစ်ခု တမဟုတ်ချင်း ထွက်လာသည်။
ထို့နောက်တွင် ... သူ့ကိုယ်က နေတစ်စင်းလို အရောင်လက်လာပြီး .. အစောပိုင်းက သူ့ကိုတိုက်စားနေခဲ့သည့် နတ်ဆိုးသွေးစက်မှာလည်း လျင်မြန်စွာပင် ပျောက်ကွယ်သွားတော့၏။
" ဟင် ... ကျုပ်... ပြန်ကောင်းသွားတာလား "
သူ့ကိုယ်ကို ဆိုးဆိုးရွားရွား တိုက်စားနေခဲ့သည့် နတ်ဆိုးသွေးစက်မှာ တခဏအတွင်း လုံးဝ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသဖြင့် လောရုံတစ်ယောက် အလွန်အံ့သြတုန်လှုပ်သွားပါတော့သည်။
ထိုစဥ် လောထျန်းက သူ့ကိုကြည့်ကာ ပြော၏။
" အဲ့တိုင်းကြီး ဘာရပ်လုပ်နေတာလဲ ၊ ငါ့ရဲ့ သွေးစက်ကို မြန်မြန်သန့်စင်လိုက်လေကွာ "
" ဟင်... ဟုတ်ကဲ့.. "
လောရုံကလည်း သူ့စကားကိုကြားသည်နှင့် ချက်ချင်း တင်ပျင်ခွေထိုင်၍ သွေးစက်ကို စတင်သန့်စင်လိုက်သည်။
ဝုန်း ..
လောရုံတစ်ယောက် ထိုသို့ သန့်စင်လိုက်သည်နှင့် သူ့ကိုယ်မှ မိုးထစ်ချုန်းသံများ ဆူညံစွာ ထွက်ပေါ်လာပြီး အစွမ်းထက် အရောင်အဝါတစ်ခုလည်း တိုးထွက်လာ၏။
ဝီ ....
ပြီးနောက်တွင်.. သူ့ကိုယ်ပေါ်၌ တလက်လက်တောက်နေသော အရှုပ်အထွေး နတ်ဘုရားအလင်းတန်းတစ်ခုလည်း ပေါ်လာသည်။
" ဒါ... မယုံနိုင်စရာပါလား ... "
" လောရုံရဲ့ အရှုပ်အထွေးခန္ဓာကိုယ်က အဆင့်တက်တော့မှာလား "
" အရှုပ်အထွေးခန္ဓာကိုယ်တင် မကဘူးကွ ၊ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်လဲ တက်တော့မယ့်ပုံပဲ "
တဖက် လူအုပ်ထံမှလည်း တအံ့တသြ ရေရွတ်သံများ ထွက်လာသည်။
ဝီ ...
ထိုစဥ်မှာပင် လောရုံ၏ကိုယ်မှ မသေမျိုးအလင်းတန်းတစ်ခု ထွက်လာကာ ကောင်းကင်ယံသို့ ထိုးတက်သွား၏။
သူ ကျင့်ကြံခြင်းအဆင့် တက်သွားလေပြီ ။
" ဒါ.... "
၎င်းကိုမြင်သော လောထျန်းတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားရှာပါသည်။
အမှန်တွင် လောရုံ၏ ကျင့်ကြံခြင်းအဆင့်မှာ သူ့ထက်ပင် ပိုမြင့်ပါသေး၏။
သို့တိုင်.. သူ့သွေးစက်လေး တစ်စက်ကို သန့်စင်လိုက်ရုံဖြင့် လောရုံက ကျင့်ကြံခြင်းအဆင့် တက်
သွားသတဲ့လား။
သူ တွေးနေရင်း စိတ်ဆိုးမိသလိုပါပင်...
ထိုစဥ် တဖက်မှ လောရုံမှာ သွေးစက်ကို သန့်စင်ပြီးသွားကာ သူ့ကိုယ်မှ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းကလည်း အလွန်လင်းလက်လာ၏။
ဝီ ...
ထို့နောက်တွင်မူ .. သူ့ အရှုပ်အထွေးခန္ဓာကိုယ် အဆင့်တက်သွားတော့သည်။
သူ့နောက်တွင်လည်း အရှုပ်အထွေးလက်နက်ခြောက်ခု ထင်ထင်ရှားရှား ပေါ်လာ၏။
" အကိုထျန်း ၊ ကျုပ် အဆင့်တက်သွားပြီဗျ "
လောရုံက စိတ်လှုပ်ရှားစွာ ဆိုသည်။
လောထျန်း ခေါင်းညိတ်လိုက်၏။
" ကောင်းတာပေါ့ကွာ .. "
လောထျန်းမှာ ထိုသို့သာ ပြောလိုက်ရသော်လည်း စိတ်ထဲ သိပ်မကျေနပ်လှပါချေ။
အခြားသူများအတွက် ကျင့်ကြံခြင်းအဆင့်တက်ရန် လွယ်လှသလောက် သူ့အတွက်မူ အဘယ့်ကြောင့် ဤမျှရှုပ်ထွေးရပါသနည်း ။
ထိုတခဏ၌ သူ့ရင်ထဲ ဒေါသတို့ ပြည့်လာကာ ထိုဒေါသများအား ဘာနှင့်ဖြေရမည် မသိဖြစ်နေပါသည်။
ထို့နောက်တွင်... ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် ဘက်သို့ သူ ရုတ်တရက်လှည့်ကြည့်လိုက်၏။
ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် မှာလည်း သူ့အကြည့်ကို မြင်သည်နှင့် ဆတ်ခနဲဖြစ်သွားသည်။
" မင်း ... မင်းဘာလုပ်မလို့လဲ "
သူ လောထျန်းကိုကြည့်ကာ အသံတုန်တုန်ဖြင့် မေးလိုက်၏။
" ကဲ.. အခုက မင်းအလှည့်ပဲ "
လောထျန်းပြောပြီး တဖက်လူဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။
ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်၏ မျက်နှာထား အနည်းငယ်ပြောင်းသွားကာ ပြော၏။
" လူငယ်လေး.. ဘာလို့ အဲ့လိုတွေ လုပ်နေဦးမှာလဲကွာ ။ ငါက မသေမျိုးခန္ဓာကိုယ် ပိုင်ထားတယ်လေ ၊ မင်းငါ့ကို သတ်ချင်ရင်တောင် ဘယ်လိုမှ မသတ်နိုင် ... "
သို့သော်.. သူ စကားဆုံးအောင်ပင် မပြောလိုက်ရပါ ။
ဝုန်း ....
လောထျန်းက လက်ဖျောက်တစ်ချက် တီးလိုက်ရုံဖြင့် ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်၏ လက်တစ်ဖက်မှာ သွေးမှုန်များအဖြစ် ပြောင်းသွားတော့သည်။
" ဟမ့်.. ငါ ပြောပြီးသားပဲ ၊ မင်း ငါ့ကို လွယ်လွယ်လေးသတ်လို့ မရပါဘူးကွာ "
ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် အံကြိတ်၍ပြောကာ သူ့လက်ကို အကောင်းတိုင်းပြန်ဖြစ်အောင် ကြိုးစားလိုက်သည်။
သို့သော်... တခဏအကြာတွင်မူ. သူ့မျက်နှာထား ပြောင်းသွားပါတော့၏။
" ဒါ ...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
အကောင်းတိုင်း ပြန်ဖြစ်နေသင့်သည့် လက်တစ်ဖက်က သွေးမှုန်များဖြင့်သာ စိုရွှဲနေသည်ကို ကြည့်ရင်း ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် တုန်လှုပ်စွာ ဆိုသည်။
သူ့ မသေမျိုးခန္ဓာကိုယ်က ပျက်စီးသွားတာလား ...
" ငါ့ရှေ့မှာ မသေမျိုးခန္ဓာကိုယ်အကြောင်း လာပြောရအောင် မင်းနဲ့ အဲ့စကားနဲ့ တူသလား တန်သလား "
ထိုစဥ် လောထျန်းက သူ့ကိုကြည့်ကာ အေးစက်စက် ပြောလာ၏။
အစောက လောထျန်းသုံးခဲ့သည့် သိုင်းကွက်၌
အသက်နှင့်သေဆုံးခြင်း မဟာတာအိုအစွမ်းများ ပါဝင်နေသည်ကို တဖက်လူ မည်သို့ သိနိုင်ပါမည်နည်း ။
၎င်းအစွမ်းသည် အသက်အစွမ်းအားလုံးကို ဖြတ်တောက်ပစ်နိုင်သည့် အတွက်ကြောင့်လည်း ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်၏ မသေမျိုးခန္ဓာကိုယ်က ၎င်းကို မခံနိုင်ခဲ့ခြင်းပင် ။
" သခင်လေး .. ကျုပ် မှားသွားပါတယ်ဗျာ ။ ကျေးဇူးပြုပြီးတော့ ဒီတစ်ကြိမ်ပဲ ကျုပ်အသက်ကို ချမ်းသာပေးပါ ။ ကျုပ်ကို အသက်ချမ်းသာပေးရင် မူလမသေမျိုးလက်နက်တစ်ခု ပေးပါ့မယ်.. "
ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်မှာ လောထျန်းကိုကြည့်ရင်း အံကြိတ်၍သာ ပြောလိုက်ရသည်။
လောထျန်းက ခေါင်းယမ်းပြီး ပြန်ပြော၏။
" မူလမသေမျိုးလက်နက် ဟုတ်လား.. ငါ့ဆီမှာ အဲ့လိုလက်နက်မျိုး မရှိဘူးထင်လို့လား "
ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်မှာလည်း သူ့စကားကိုကြားမှ ပြန်သတိရသွားပါသည်။
အစောပိုင်းတွင် တဖက်လူအုပ်၌ မူလမသေမျိုးလက်နက်များ ကိုယ်စီရှိနေခဲ့ကြသည် မဟုတ်ပါလား ။
" ဟမ့်... မင်း ငါ့ကို သတ်လိုက်တော့ရော ဘာဖြစ်သေးလဲ ။ အခုက ငါ့ရဲ့ ကိုယ်ပွားပုံရိပ် သက်သက်ပဲကွ ။ အဲ့တော့ ဒီကိုယ်ပွားပုံရိပ် ပျက်စီးသွားရင်တောင် ငါ့အစွမ်းက နည်းနည်းလေးပဲလျော့ပြီး မကြာခင် အကောင်းတိုင်းပြန်ဖြစ်သွားမှာ ။ ဆိုတော့.. ငါတို့တွေ ဒီမှာပဲရပ်ပြီး မိတ်ဆွေအဖြစ် နေသွားကြရင် မကောင်းဘူးလား "
သူ လောထျန်းကိုကြည့်ကာ ပြောလိုက်သည်။
လောထျန်းက မဆိုစလောက်လေး ငြိမ်သွားပြီးမှ ပြန်ပြော၏။
" မင်းပြောတာ အဓိပ္ပါယ်ရှိတယ်ကွ ။ ကိုယ်ပွားပုံရိပ်လေးတစ်ခုတည်းကို သတ်ရုံနဲ့ ဘာလုပ်မှာလဲ "
ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် စိတ်အေးသွားပုံဖြင့် သက်ပြင်းချသည်။
လက်ရှိတွင် သူ့ခန္ဓာကိုယ်အစစ်မှာ ဒဏ်ရာအပြင်း
ထန်ရထားပြီး ကမ္ဘာကြီးကလည်း ပြောင်းလဲခါနီးဖြစ်နေရာ သူ့အတွက် ပြန်အားပြည့်အောင်ကျင့်ကြံရန် အချိန်မရှိလှချေ။
အကယ်၍ လောထျန်းက သူ့ကိုယ်ပွားပုံရိပ်အား ချမ်းသာပေးလျှင်မူ .. သူ အနာဂါတ်၌ မသေမျိုးဧကရာဇ်အဆင့်သို့ ရောက်သည့်အခါ လောထျန်းကို လက်တုန့်ပြန်နိုင်မည် ဖြစ်ပါ၏။
သို့သော် ... ထိုစဥ်တွင် လောထျန်းက စကားဆက်သည်။
" အဲ့တော့.. မင်းရဲ့ ခန္ဓာကိုယ်အစစ်ကို သတ်လိုက်ရင် ရတာပဲ.. "
" ဟင် ... မင်း ဘာပြောလိုက်တယ် "
ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် အံ့သြသွားကာ လောထျန်းအား စားမတတ်ဝါးမတတ် စိုက်ကြည့်လိုက်သည်။
ထို့နောက်... သူ ရယ်ကာ ပြောပါ၏။
" ငါ့ရဲ့ ခန္ဓာကိုယ်အစစ်ကို သတ်မယ် .. ဟုတ်လား ။ နောက်များ နေသလားကွာ ။ ငါ့ရဲ့ခန္ဓာကိုယ်အစစ်
ဘယ်မှာရှိတယ်ဆိုတာကို သိတဲ့သူ ဒီကမ္ဘာမှာ ဘယ်သူမှမရှိဘူးကွ ။ အဲ့တော့ မင်း ငါ့ကို သတ်ဖို့မပြောနဲ့ .. ငါ ဘယ်မှာရှိမှန်းတောင် ဘယ်လိုရှာမှာလဲ "
လောထျန်း ခေါင်းညိတ်သည်။
" တကယ်လို့သာ မနေ့ကလိုမျိုးဆိုရင် ငါ့အတွင်အဖြေရှိမှာ မဟုတ်ဘူး ။ ဒါပေမယ့်.. မင်း အစောကတိုက်ခိုက်တာကို ကြည့်နေရင်းနဲ့ ငါ အကြံရသွားခဲ့တယ် "
" အကြံရတယ်.. ဟုတ်လား... "
ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် မျက်လုံးပြုးသွားသည်။
လောထျန်းက စကားဆက်၏။
" အမှန်ပဲ... ငါက မင်းလို ကျိန်စာအစွမ်းတွေ သုံးမလို့ "
ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်မှာ ထိုစကားကို ကြားကြားချင်း အံ့သြသွားဟန် တူသော်လည်း တခဏအကြာတွင် ဒေါသတကြီး ရယ်လိုက်သည်။
" ငါ့ကို ကျိန်စာတိုက်မယ်.. ဟုတ်လား ။ ကောင်လေး ၊ မင်း ရူးများနေသလားကွာ ။ မင်းက ကျိန်စာအစွမ်းကို ဘယ်လိုထင်နေတာလဲ ။ ဒေသကြီးကိုးခုလုံးမှာတောင် နှစ်သိန်းပေါင်းများစွာ ကြာခဲ့တဲ့အထိ အဲ့ကျိန်စာအစွမ်းကို ကျွမ်းကျင်တဲ့သူက ငါရယ် ၊ ငါ့ဆရာရယ်ပဲ ရှိခဲ့တာကွ "
" ငါတို့နှစ်ယောက်တောင်မှ အဲ့အစွမ်းကိုရဖို့ အချိန်တွေအကြာကြီး အားစိုက်ထုတ်ပြီး ကြိုးစားခဲ့ရတာ ။ မင်းလို ကျိန်စာအစွမ်းကို တစ်ခါမှ မကျင့်ကြံဖူးတဲ့သူကများ ငါ့ကို ကျိန်စာတိုက်မယ်ပေါ့ "
လောထျန်းကမူ ဘာမှပြန်မပြောဘဲ လက်ကိုသာ အသာမြှောက်၍ ခေတ္တမျှစဥ်းစားပြီးမှ အချုပ်အနှောင် အစီအမံတစ်ခု လုပ်လိုက်ပါ၏။
ဝီ ...
ချက်ချင်းမှာပင် သူ့ခြေထောက်ကြားမှ အမည်းရောင် ကျိန်စာအမျှင်တန်းတစ်ခု စီးမျှောလာသည်။