အခန်း (၉၂၅+၉၂၆)
Vol. 65 Ch. 925+926
Chapter 925
Heavenly City
လောထျန်း ဆူလိုက်သည့်စကားကြောင့် ပျောင်ပိုင်မြို့သားများအားလုံး ရှက်ရွံ့စွာ ခေါင်းငုံ့သွားကြသည်။
ထိုစဉ် လီမိသားစုအိမ်တော် အနီးတဝိုက်တွင် ရှိနေကြသူများမှာကား ဆွံ့အလျက် ...
ဘာမဟုတ်တဲ့ ဆယ်ဘွဲ့ရမသေမျိုးဘုရင်ရဲ့ ကိုယ်ပွားပုံရိပ်တဲ့လား ...
အမှန်ဆိုလျှင် ထိုသို့သော အစွမ်းထက်ကျင့်ကြံသူများ၏ ကိုယ်ပွားပုံရိပ်မှာ အလွန် ကြောက်စရာကောင်းလှပါသည်။
" မင်းတို့အားလုံး ပြန်ရောက်တာနဲ့ သေချာကြိုးစားပြီး ကျင့်ကြံဖို့ တွေးထားကြ ။ နောက်တစ်ခါ ခုလိုမျိုး ကိုယ့်ကိုကိုယ် အရှက်ခွဲတဲ့လုပ်ရပ် လုပ်လို့ကတော့ မင်းတို့အားလုံးကို ငါကိုယ်တိုင် ပြင်းထန်တဲ့အပြစ်ပေးမှာနော် "
လောထျန်းက အေးစက်စက် ဆက်ပြော၏။
အားလုံး ခေါင်းညိတ်လိုက်ကြသည်။
လောရုံက လောထျန်းက အိုးတို့အမ်းတမ်းကြည့်ကာ မေး၏။
" ဟို.. အကိုထျန်း ၊ လီမိသားစုကိစ္စကိုရော ဆက်လုပ်ရဦးမလား "
လောထျန်း နှာခေါင်းရှုံ့ပါသည်။
" လုပ်ရမှာပေါ့ကွ ... မြန်မြန်လှုပ်ရှားကြတော့ "
" ဟုတ်ကဲ့ "
သူ့စကားကို ကြားသည်နှင့် လောရုံ၏မျက်လုံးများ အရောင်လက်သွားကာ ကျန်လူအုပ်ကို ဦးဆောင်၍ လီကုန့်ရှင် ရှိသည့်ဘက်သို့ တန်းသွားလိုက်သည်။
ထိုစဥ်တွင် လီကုန့်ရှင်တစ်ယောက်မှာ အံ့သြလွန်း၍ ဆွံ့အမှင်သက်လျက် ရှိနေရှာသည်။
တဖက်လူများက သူ့အတွက် အကြီးဆုံးဝှက်ဖဲဖြစ်
သော ကျိန်စာစိတ်ဝိဥာဥ် မသေမျိုးဘုရင်၏ ကိုယ်ပွားပုံရိပ်ကို အလွယ်တကူ ရှင်းပစ်သွားခဲ့သည် မဟုတ်ပါလား ။
လက်ရှိတွင် သူ့ရင်ထဲ ဆက်ပြီးတိုက်ခိုက်လိုစိတ်လည်း မရှိတော့ပါ ။
ဤသို့ဖြင့် တခဏအကြာမှာပင် ... လီမိသားစုဝင်များအားလုံး လောရုံတို့လူစု၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရတော့၏။
ထို့နောက်တွင်ကား လောရုံတို့လူစုက လုပ်စရာရှိသည်များကို ဆက်လုပ်ကာ လောထျန်းနှင့်အတူ ပြန်ထွက်ခွာသွားကြသည်။
ထိုဖြစ်စဥ် အစအဆုံးကို ဘေးမှကြည့်နေသူများမှာ မြင်ခဲ့ရသည့်မြင်ကွင်းကို မယုံနိုင်ဘဲ ကျန်ခဲ့ကြပါ၏။
ယခင်က.. ကြီးကျယ်ခမ်းနားလွမ်းခဲ့သော လီမိသားစုအိမ်တော်မှာ ယခု အပျက်အစီးများသာ ဖြစ်နေခဲ့လေပြီ ...
သူတို့မိသားစု ယခင်က လုံးဝ မရှိခဲ့ဖူးသလိုပါပင် ...
" အဲ့လူတွေက... ကြောက်.. ကြောက်စရာကြီး "
လူတစ်ယောက်က တုန်တုန်ယင်ယင် စကားစသည်။
ထိုစဥ်တွင်.. လောထျန်းတို့လူစုမှာ ထျန့်ကျီတောင်ခြေသို့ ပြန်ရောက်နေကြလေပြီ ။
ပြန်ရောက်ရောက်ချင်းမှာပင် လောရုံတို့လူစုက အချိန်မဆွဲဘဲ သူတို့ဖျက်ဆီးပြီး ယူလာခဲ့သည့် ပစ္စည်းများကို ထုတ်၍ သန့်စင်ကာ မြို့တစ်မြို့ တည်ဆောက်ကြ၏။
သူတို့လူစု၏ ကျင့်ကြံခြင်းအဆင့်နှင့် ကျွမ်းကျင်မှုကြောင့်... နေ့တစ်ဝက်ခန့် အချိန်အတွင်းမှာပင် ထျန့်ကျီတောင်ခြေ၌ ခမ်းနားသော မြို့ကြီးတစ်မြို့ ပေါ်လာခဲ့ပါတော့သည်။
" အကိုထျန်း ၊ ဘယ်လိုထင်လဲဗျ.. "
လောရုံက လောထျန်းအား ထိုမြို့ဆီသို့ ခေါ်လာကာ
မေးသည်။
" အင်း.. မဆိုးဘူးပဲ "
လောထျန်း ခေါင်းညိတ်၍ ဆို၏။
ထျန့်ကျီတောင်သည် သဘာဝ မသေမျိုးစွမ်းအင်သွေးကြောများ မရှိသည့်တိုင် ထူးခြားလှပါသည်။ ထိုတောင်သည် ဘေးပတ်ဝန်းကျင်မှ မသေမျိုးစွမ်းအင်များကို အလိုအလျောက် စုပ်ယူနိုင်ဟန်ရှိပြီး .. ထိုအချက်ကြောင့်လည်း လက်ရှိ မြို့ထဲတွင် မသေမျိုးစွမ်းအင်များ ပေါကြွယ်ဝနေပါ၏။
လောရုံက ဆက်ပြောလာသည်။
" အကိုထျန်း ၊ ကျုပ်တို့တွေ ဒီမြို့ကို ဘယ်လိုနာမည်ပေးရမလဲဆိုတာ ငြင်းခုန်နေကြတာဗျ ။ ဒါပေမယ့် အားလုံးသဘောတူတဲ့နာမည် မရသေးဘူး ။ ကျုပ်တို့ရွေးထားတဲ့ နာမည်တွေကို အကိုထျန်း တချက်ကြည့်ကြည့်ပါလား "
လောထျန်း သူ့ဘက် လှည့်ကြည့်လိုက်သည်။
" မင်းတို့က ဘယ်နာမည်တွေ ရွေးထားတာလဲ "
လောရုံ : " ကျုပ်က ဒီမြို့ကို ပြောင်ရှင်းမြို့ လို့ ပေးချင်တာဗျ ။ အဲ့ဒါဆို ပျောင်ပိုင်မြို့ဆိုတဲ့ နာမည်နဲ့လဲ နည်းနည်းဆင်တယ်လေ "
သူ့စကား ဆုံးချိန်မှာပင် ဘေးမှတစ်ယောက်က နှာခေါင်းရှုံ့၍ ဝင်ပြောပါသည်။
" သခင်လေး ၊ အဲ့နာမည်က ကြားလိုက်တာနဲ့ အထင်ကြီးစရာ နည်းနည်းလေးမှ မကောင်းဘူး "
လောထျန်း ထိုလူအား ကြည့်လိုက်၏။
" ဒါဆို မင်းက ဘယ်လိုနာမည်မျိုး စဥ်းစားထားလဲ "
ထိုလူက ချက်ချင်းပြန်ဖြေသည်။
" ကျုပ်ကတော့ မြို့နာမည်က ကျုပ်တို့တွေရဲ့ အစွမ်းကို ထင်ဟပ်ပြနိုင်စွမ်း ရှိသင့်တယ်လို့ ယူဆတယ်ဗျ ။ ကျုပ် တွေးမိထားတဲ့ နာမည်တစ်ခုတော့ ရှိတယ် "
သူ ထိုသို့ပြောကာ ခေတ္တမျှ စကားရပ်လိုက်ပြီးမှ ဆက်ပြောသည်။
" ဒီမြို့ကို ... ' ပြိုင်ဘက်ကင်း ကောင်းကင်ဘုံတာအို ၊ တုနှိုင်းမဲ့ မသေမျိုး ၊ အဆုံးအစမဲ့ နတ်ဘုရားမြို့တော် ' အဲ့လိုခေါ်သင့်တယ်လို့ ထင်တယ် "
အားလုံး : .......
လောထျန်း မျက်နှာကြီး ရှုံ့မဲ့သွားပါ၏။
" အဲ့နာမည်ကိုတော့ မေ့လိုက်ပါကွာ... "
တဖက်လူက ချက်ချင်း ထိတ်ထိတ်ပြာပြာ ဖြစ်သွားကာ ပြန်ပြောသည်။
" ဘာလို့လဲဗျ .. ကျုပ်နာမည်က သိပ်မကောင်းသေးလို့လား ။ ဒါဆို.. ကျုပ် စကားလုံးနည်းနည်းလောက် ထပ်တိုးလိုက်ရမလား "
လောထျန်း လကမ်းပြလိုက်ရ၏။
" မဟုတ်ပါဘူးကွာ... ထပ်မတိုးပါနဲ့တော့ "
တဖက်လူ တွန့်ဆုတ်စွာဖြင့် ပါးစပ်ပိတ်သွားရှာပါသည်။
ထိုစဥ် လောရုံက လောထျန်းကိုကြည့်ကာ မေး၏။
" အကိုထျန်း... အကိုထျန်း တွေးမိထားတဲ့နာမည်ရော မရှိဘူးလား "
လောထျန်း ခေါင်းတစ်ချက်ညိတ်လိုက်သည်။
" အင်း ... မြို့အသစ်နဲ့ လိုက်ဖက်မယ့် နာမည်တစ်ခုကိုတော့ ငါ စဥ်းစားမိတယ်ကွ "
" ဟုတ်လား.. ဘယ်လိုနာမည်မျိုးလဲ "
အားလုံး သူ့ဘက်သို့ စိတ်ဝင်တစား လှည့်ကြည့်လာကြသည်။
လောထျန်းက ခဏတာမျှ စဥ်းစားပြီးမှ ပြော၏။
" ထျန်းယွမ်မြို့လို့ နာမည်ပေးလိုက်ရင် မကောင်းဘူးလား... "
သူ့စကားကို ကြားသည်နှင့် အားလုံး၏ မျက်လုံးများ အရောင်လက်သွားကြပါသည်။
" ကောင်းတယ်ဗျာ ... ဘယ်လောက်တောင် လှလိုက်တဲ့နာမည်လဲ "
လောထျန်း စကားဆက်သည်။
" ခုချိန်ကစပြီးတော့ ..ထျန်းယွမ်ကမ္ဘာကနေ တက်လာတဲ့သူမှန်သမျှ ဆန္ဒရှိရင် ဒီထျန်းယွမ်မြို့မှာပဲနေပြီး ကျင့်ကြံလို့ရတယ် ။ ဒါပေမယ့် ငါတို့ဘက်ကလဲ
ဒီတိုင်းကြီးတော့ မြို့ထဲမှာအလကားနေခွင့်ပေးမှာ မဟုတ်ဘူး ။ အရင် ပျောင်ပိုင်မြို့က စည်းမျဥ်းတွေလိုပဲ.. ဒီမှာနေချင်တယ်ဆိုရင် ဒီမြို့ ပိုပြီးတိုးတက်လာဖို့အတွက် တတ်နိုင်တဲ့ဘက်က လုပ်ပေးရမယ် "
" ဟုတ်ကဲ့ "
လောရုံ ပြန်ပြောလိုက်၏။
ထို့နောက်တွင်မူ လောထျန်းက ထျန်းယွမ်မြို့တံခါးရှေ့သို့ ပျံသန်းသွားကာ ဂိတ်တံခါးပေါ်တွင် ' ထျန်းယွမ်မြို့ ' ဆိုသည့်စာလုံးကို လှပစွာ ရေးလိုက်သည်။
ပြီးနောက်.. သူ လူအုပ်ဆီ ပြန်သွား၏။
ထိုစဥ် စိတ်ဝိဥာဥ်အဖွဲ့မှ လောချင်းက သူ့နားရောက်လာကာ ပြောပါသည်။
" သခင်လေး ၊ ကျုပ် ဟိုလူတွေရဲ့ စိတ်ဝိဥာဥ်တွေကို ရှာတဲ့အချိန်မှာ သတင်းတွေတော်တော်များများ ရခဲ့တယ်ဗျ ။ အဲ့သတင်းတွေကို သခင်လေး သိဖို့လိုမယ်ထင်တယ် "
လောထျန်း ပြန်မေးလိုက်သည်။
" ဘာသတင်းတွေလဲကွ "
လောချင်း : " အရှုပ်အထွေး နတ်ဘုရားမြို့တော် ဖွင့်တော့မယ် ဆိုတဲ့သတင်းပါ "
" အရှုပ်အထွေးနတ်ဘုရားမြို့တော် ဟုတ်လား.. အဲ့ဒါ ဘာလဲ "
ဘေးတွင် ရှိနေသူ လောရုံက နားမလည်နိုင်စွာ ဝင်မေး၏။
လောချင်းက ချက်ချင်းရှင်းပြရှာသည်။
" အဲ့ အရှုပ်အထွေးနတ်ဘုရားမြို့တော် ကို အရှုပ်အထွေး မသေမျိုးဧကရာဇ်က တည်ထောင်ခဲ့တာလို့ ပြောတယ်ဗျ ။ အဲ့မှာ မသေမျိုးဧကရာဇ်ရဲ့ အမွေအနှစ် ရှိပြီးတော့ ဒီအပေါ်ကမ္ဘာရဲ့ ပထမတန်း အခွင့်ကောင်းကြီးတစ်ခုအဖြစ် သတ်မှတ်ကြတယ်လို့လဲ ပြောတယ် "
လောရုံ စိတ်ဝင်စားသွားဟန်တူကာ ထပ်မေးပါသည်။
" အပေါ်ကမ္ဘာရဲ့ ထိပ်တန်းအခွင့်ကောင်းကြီး.. ဟုတ်လား ၊ အဉ့ အရှုပ်အထွေးနတ်ဘုရားမြို့တော်
က ဘာတွေထူးခြားလို့လဲ "
လောချင်းက ဆက်ရှင်းပြသည်။
" အဲ့ အရှုပ်အထွေးနတ်ဘုရားမြို့တော်က လူတွေကို အရှုပ်အထွေးခန္ဓာကိုယ် ရအောင်လုပ်ပေးနိုင်တယ် တဲ့ "
" ဘယ်လို ... "
သူ့စကားကို ကြားပြီး အားလုံး အံ့အားသင့်ကုန်ကြသည်။
လောထျန်းသည်ပင် မနေနိုင်ဘဲ လှည့်ကြည့်လာ၏။
" အကိုလောချင်း ၊ ကျေးဇူးပြုပြီးတော့ အသေးစိတ်ရှင်းပြပါဦးဗျာ "
လောမိသားစုမှ လူငယ်များစွာကလည်း စိတ်မရှည်နိုင်စွာ မေးလာကြသည်။
လောချင်းက ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ပြော၏။
" ငါက အဲ့ကိစ္စတွေကို စိတ်ဝိဥာဥ်ကို ရှာရင်းနဲ့မှပဲ တဆင့်သိခဲ့ရတာကွ ။ ပြီးတော့ ငါရှာခဲ့တဲ့ကောင်ကလဲ အဲ့လောက်အများကြီး မသိထားဘူး ။ သူသိတာက
အရှုပ်အထွေးနတ်ဘုရားမြို့တော်မှာ မူလအရှုပ်အထွေးအစွမ်း ရှိတယ်ဆိုတာပဲ ။ အဲ့အစွမ်းကိုသာ ရနိုင်ရင် အရှုပ်အထွေးခန္ဓာကိုယ်ကိုလဲ ရပြီလို့ပြောတယ် "
" ပြီးတော့ ... ဟိုးအရင်ကဆို အဲ့ အရှုပ်အထွေးနတ်ဘုရားနိုင်ငံက မျိုးဆက်တစ်ခုမှာ အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင် တစ်ယောက်ထက်မက မွေးထုတ်ပေးနိုင်ခဲ့တဲ့ အကြောင်းရင်းကလဲ အဲ့ အရှုပ်အထွေးနတ်ဘုရားမြို့တော် ကြောင့်ပဲတဲ့ ။ ဒါ့ကြောင့်မို့လဲ ချင်းယွမ်ဒေသမှာ အရှုပ်အထွေးနတ်ဘုရားနိုင်ငံက အစွမ်းအထက်ဆုံး နိုင်ငံတစ်ခုအဖြစ် ရှိခဲ့တာလို့ပြောတယ် "
" ဒါပေမယ့် နောက်ပိုင်းမှာတော့ တော်ဝင်မိသားစုက အကြောင်းတချို့ကြောင့် အရှုပ်အထွေးနတ်ဘုရားမြို့တော်ကို မထိန်းချုပ်နိုင်ဘဲ ဖြစ်သွားခဲ့ရတယ် ။ အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင်တွေလဲ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားခဲ့ကြတယ်တဲ့ ။ အဲ့လိုနဲ့မှ အရှုပ်အထွေးနတ်ဘုရားနိုင်ငံက အကျဘက် ရောက်လာပြီးတော့ ခုလိုအခြေနေထိ ဖြစ်သွားရတာတဲ့ "
" ဒါပေမယ့်.. အခု ဒီမျိုးဆက်မှာတော့ ကောင်းကင်ဘုံသားတော် ဆိုတဲ့တစ်ယောက်က ကံကောင်းတယ်ပဲ ပြောရမလား... သူ ရန်သူတွေလိုက်တာကို ခံရပြီးတော့ ထွက်ပြေးနေတဲ့အချိန်မှာ ချောက်တစ်ခုထဲကို မတော်တဆ ကျသွားခဲ့တယ်တဲ့ ။ အဲ့နောက်တော့ အရှုပ်အထွေးနတ်ဘုရားမြို့တော်ကို ဖွင့်နိုင်တဲ့နည်းကို တွေ့ခဲ့တယ်လို့ ပြောတယ် "
" ဒီတစ်ကြိမ် သူ အရှုပ်အထွေးနတ်ဘုရားမြို့တော်ကို ဖွင့်ရတဲ့အကြောင်းကလဲ အဲ့ထဲမှာ ကျင့်ကြံခြင်းအဆင့်တက်အောင် လုပ်ပြီး အရှုပ်အထွေး တာအိုအစွမ်းကို ရအောင်လုပ်ချင်လို့ပဲ ။ သူက ဖြစ်နိုင်ရင် မသေမျိုးဧကရာဇ်တစ်ယောက်တောင် ဖြစ်လာချင်နေတာ "
" ပြီးရင်.. သူက သူ့နောက်လိုက်တွေ အားလုံးကိုလဲ အရှုပ်အထွေးခန္ဓာကိုယ် ရစေချင်နေတဲ့ပုံပဲ ။ အဲ့ကျရင် ဒေသကြီးကိုးခုထဲမှာ အစွမ်းအထက်ဆုံး အဖွဲ့တစ်ခုကို သူ တည်ထောင်နိုင်သွားမှာလေ "
ထိုစကားကို ကြားချိန်တွင် လောထျန်း၏မျက်လုံး
များ အရောင်လက်သွားကြသည်။
" အားလုံးကို အရှုပ်အထွေးခန္ဓာကိုယ် ရစေတယ်.. ဟုတ်လား ၊ စိတ်ဝင်စားစရာပဲ.. "
သူ တီးတိုးရေရွတ်သည်။
လောရုံက သူ့ကိုကြည့်ကာ ပြော၏။
" အကိုထျန်း... မဟုတ်မှလွဲရော.. အကိုတွေးနေတာက... "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" အဲ့ အရှုပ်အထွေးနတ်ဘုရားမြို့တော်က ဘယ်တော့ဖွင့်မှာလဲ ။ အဲ့ကိုဝင်မယ်ဆိုရင်ရော ဘယ်လိုဝင်ရလဲ "
လောချင်းက ချက်ချင်းပြန်ပြောသည်။
" ဒီလထဲမှာပဲ ဖွင့်မှာဗျ ။ ကောင်းကင်ဘုံသားတော်က ဆန္ဒရှိသူတိုင်း အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲကို ဝင်ဖို့ကြိုးစားနိုင်တယ်လို့လဲ ကြေငြာထားတယ် "
Chapter 926
Lesser Array Emperor
" အိုး.. ဒီကောင်က တော်တော်ရက်ရောတာပါလား "
လောထျန်း အံ့အားသင့်သွားပုံပေါ်သည်။
ထို့နောက် သူ အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ ပြော၏။
" ကဲ... အားလုံး အရှုပ်အထွေးနတ်ဘုရားမြို့တော်ကို သွားဖို့ပြင်ကြဟေ့ "
လောရုံ အံ့သြသွားရှာသည်။
" အကိုထျန်း ဆိုလိုတဲ့သဘောက.... "
လောထျန်း ခေါင်းညိတ်ကာ ပြော၏။
" အမှန်ပဲ.. ငါ မင်းတို့အားလုံးကို အရှုပ်အထွေးခန္ဓာကိုယ် ရစေချင်တယ် "
လောရုံ၏ မျက်လုံးများ အရောင်လက်သွားတော့သည်။
အရှုပ်အထွေးခန္ဓာကိုယ်သည် ထူးခြားခန္ဓာကိုယ်များ
ထဲတွင် အကောင်းဆုံးဟု ပြောနိုင်ပါ၏။
ယခင်.. ထျန်းယွမ်ကမ္ဘာ၌ဆိုလျှင် ထိုသို့သောခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်သူမှာ နှစ်သိန်းပေါင်းများစွာကြာမှ တစ်ယောက်လောက်သာ ပေါ်လာတတ်ပါသည်။
အပေါ်ကမ္ဘာတွင်ပင် ခေတ်တစ်ခေတ်တည်း၌ ထိုသို့သော ခန္ဓာကိုယ်ပိုင်ရှင်မျိုး လေး ၊ ငါးယောက်လောက် ပေါ်လာပါက ၎င်းကို ရွှေခေတ်ဟု သတ်မှတ်ကြပြီဖြစ်၏။
ပျောင်ပိုင်မြို့ တစ်နေရာတည်းတွင်သာ လောထျန်း၏ ကောင်းကင်ဆန့်ကျင် ခန္ဓာကိုယ်ကျင့်စဥ်ကြောင့် အရှုပ်အထွေးခန္ဓာကိုယ်ကို ကျင့်ကြံနိုင်သူများ ပေါ်လာခဲ့ကြခြင်းပင် ။
သို့တိုင် အရေအတွက်က အလွန်နည်းပါသေးသည်။
ယခုတွင််မူ.. အားလုံး အရှုပ်အထွေးခန္ဓာကိုယ် ပိုင်ဆိုင်ရမည်ဟု လောထျန်းက ပြောနေသည်မဟုတ်ပါလား..
ထိုကိစ္စသာ အမှန်တကယ် အောင်မြင်သွားခဲ့လျှင်.. သူတို့ ပျောင်ပိုင်မြို့သာမက ထျန်းယွမ်မြို့ပါ ကြောက်စရာကြီး ဖြစ်သွားပေလိမ့်မည်။
အားလုံး၏ ကျင့်ကြံခြင်းအဆင့် ဆက်တိုးတက်လာလျှင်လည်း သူတို့အားလုံး ဆယ်ဘွဲ့ရမသေမျိုးဘုရင်များ ဖြစ်သွားနိုင်ကြပါ၏။
ထိုသို့သော အခြေနေမျိုးတွင် သူတို့ စိတ်မလှုပ်ရှားဘဲ မည်သို့နေပါမည်နည်း ။
ထိုစဥ် လောထျန်းက အဆောင်ကျောက်ပြားများစွာကို ထုတ်ပြီးနောက် .. စိတ်ဝိဥာဥ်အစွမ်းကို အသက်သွင်း၍ ၎င်းတို့ပေါ်တွင် ထွင်းစာများ ရေးလိုက်သည်။
" ရော့.. အားလုံးကို ဒါတွေ ဝေပေးလိုက် "
သူ ပြော၏။
" အင်.. အဲ့ဒါ ဘာတွေလဲဗျ "
လောရုံတစ်ယောက် နားမလည်နိုင် ဖြစ်သွားရ
ပြန်သည်။
" အရှုပ်အထွေး လျှို့ဝှက်ချက် ခြောက်သွယ် "
လောထျန်း ပြောသည်။
" အဲ့ဒါ.. ဘယ်လိုမျိုးလဲဗျ "
လောရုံ နားမလည်နိုင် ဖြစ်နေဆဲပင် ။
လောထျန်းက ရှင်းပြသည်။
" ငါ အရှုပ်အထွေးခန္ဓာကိုယ် အဆင့်တက်သွားတဲ့အချိန်မှာ ရခဲ့တဲ့နည်းက အရှုပ်အထွေးခန္ဓာကိုယ်ကို ကျင့်ကြံတဲ့နေရာမှာ အင်မတန်အသုံးဝင်တယ်ကွ ။ ပြီးတော့ အစွမ်းလဲ တော်တော်ထက်တယ် ။ အဲ့တော့ မင်းတို့အားလုံး အရှုပ်အထွေးနတ်ဘုရားမြို့တော်ကို မသွားခင် အဲ့ဒါတွေကို ကျင့်ကြံထားကြပါ "
လောထျန်းက ထိုသို့ပြောပြီးသည်နှင့် တည်နေရာရွှေ့ပြောင်းကာ နေရာမှ ပျောက်ကွယ်သွားသည်။
လောရုံနှင့် ကျန်လူများမှာမူ အရောင်လက်နေသော မျက်လုံးများဖြင့် ကျန်နေခဲ့ကြ၏။
ထို့နောက်တွင် လောရုံက ကျောက်ပြားတစ်ခုကိုယူ၍ သေချာလေ့လာကြည့်လိုက်သည်။
အခြားသူများလည်း သူ့နည်းအတိုင်း လိုက်လုပ်ကြပါ၏။
သို့သော် ... တခဏကြာသွားပြီးနောက်တွင်မူ အားလုံး အံ့သြဆွံ့အကုန်ကြပါတော့သည်။
" အကိုထျန်း ... နောက်များနေသလားဗျာ ။ ဒီနည်းကို ကျင့်ကြံဖို့ လွယ်တယ်တဲ့လား ... "
" ဟုတ်ပါ့ဗျာ .. ကျုပ်ဆိုရင် အစပိုင်းလေးကိုတောင် ပြီးအောင်မကျင့်ကြံနိုင်ဘူး "
" ဒီနည်းကို သခင်လေးကိုယ်တိုင်က ပေးထားတာဆိုတော့ အလကားတော့ အဖြစ်ခံလို့မရဘူးကွ ။ ငါ အချိန်နဲ့နေရာဗိမာန်ထဲကို ပြန်ပြီးတော့ ကျင့်ကြံရမယ် "
" ကျုပ်ရောပဲ "
အားလုံးက အဆောင်ကျောက်ပြားများကို ကိုယ်စီကိုင်ရင်း ပြောလိုက်ကြသည်။
ထို့နောက်တွင်မူ သူတို့အားလုံး ကောင်းကင်ဘုံစင်မြင့်သို့ အသည်းအသန် ပြေးသွားကာ အောက်ကမ္ဘာသို့ ပြန်ဆင်းလိုက်ကြ၏။
ထိုအချိန်တွင် လောထျန်းမှာ တိုင်လင်စင်မြင့်သို့ ပြန်ရောက်သွားခဲ့လေပြီ ။
ရက်အနည်းငယ် ကြာပြီးနောက်တွင်ကား... လူသူကင်းမဲ့ကာ ခြောက်ကပ်နေခဲ့သော တိုင်လင်စင်မြင့်၌ လူများဖြင့် စည်ကားလာတော့သည်။
ဂိတ်တံခါးအပြင်ဘက်တွင်လည်း အစီအမံပုံကြမ်းများနှင့် အစီအမံသိုင်းကျမ်းများကို ဝယ်ရန်စောင့်ဆိုင်းနေသော လူတန်းကြီးက မိုင်ချီ ရှည်လျားနေပါ၏။
တံခါးပေါက်ရှေ့တွင်လည်း လူအုပ်ကြီးဖြင့် ပြွတ်သိပ်လျက် ...
လေထဲတွင် ရပ်နေသော လူတန်းကြီးသည်ပင် ဆယ်
မိုင်ကျော်ခန့် ရှည်နိုင်ပါသည်။
၎င်းကိုမြင်သော လောထျန်းမှာ စိတ်မသက်မသာ ဖြစ်သွား၏။
ထိုစဥ်မှာပင် ...
" လူငယ်လေး.. မင်းက ရိုးရိုးအစီအမံပုံကြမ်းကို ဝယ်ချင်တာလား ၊ ကောင်းကင်ဘုံ အစီအမံပုံကြမ်းကို ဝယ်ချင်တာလား "
လောထျန်းနောက်မှ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က အပြုံးဖြင့် မေးလာသည်။
လောထျန်းက တဖက်လူကိုပြန်ကြည့်ကာ ပြော၏။
" ဒီနေရာက တိုင်လင်စင်မြင့်လား.. "
လူကြီးက ခေါင်းညိတ်ပြသည်။
" ဒါပေါ့ကွ "
လောထျန်း မျက်မှောင်ကြုံ့သွား၏။
" တိုင်လင်စင်မြင့်က ဘယ်လိုလုပ်ပြီးတော့ ခုလိုဖြစ်လာတာလဲ "
သက်လတ်ပိုင်းအရွယ်လူကြီးက လောထျန်းအား ခေါင်းစခြေဆုံး သေချာကြည့်လိုက်ပြီးမှ ပြန်ပြောပါသည်။
" မင်း မသိသေးဘူးလားကွ... တိုင်လင်စင်မြင့်က အရင်လို မဟုတ်တော့ဘူးလေ "
" ဘာတွေကွာသွားလို့လဲဗျ "
လောထျန်းက စိတ်သိပ်မဝင်စားဟန်ဖြင့်သာ မေးလိုက်သည်။
" ဘာလို့လဲဆိုတော့.. အခု တိုင်လင်စင်မြင့်မှာ အစီအမံဧကရာဇ်လေး တစ်ယောက် ရှိနေပြီမို့လို့ပဲ "
လူကြီးက ပြန်ဖြေ၏။
သူ့စကားကြောင့် လောထျန်း အံ့သြသွားကာ ပြန်မေးလိုက်သည်။
" ဘယ်လို.... ဘာကြီးရယ် ... "
လူကြီးက လောထျန်းအား မျက်စောင်းထိုးကြည့်ကာ ပြော၏။
" ညီငယ်လေး.. မင်းက အဲ့ဒါတောင် မသိဘဲနဲ့ တိုင်
လင်စင်မြင့်ကို လာခဲ့တာလားကွ "
လောထျန်း ခေါင်းယမ်းလိုက်ရသည်။
"ကျုပ် တကယ်ကိုမသိတာ ။ ကျုပ်ကို နည်းနည်းလောက်ရှင်းပြလို့ ရမလား "
သက်လတ်ပိုင်းအရွယ်လူကြီး ခေါင်းညိတ်လိုက်၏။
" ကောင်းပြီလေ.. ဒါဆို မင်းကို အမြင်ကျယ်အောင် လုပ်ပေးရတာပေါ့ကွာ ။ အရင်ဆုံး ... ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံဆိုတာကိုတော့ မင်းကြားဖူးတယ်မဟုတ်လား ။ ဒေသကြီးကိုးခုမှာ အင်အားအကြီးဆုံး အစီအမံပညာရှင် အဖွဲ့လေ "
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
လူကြီးက စကားဆက်၏။
" ပြီးခဲ့တဲ့လတုန်းက ချင်းယွမ်ဒေသမှာရှိတဲ့ ထိပ်တန်း အစီအမံပါရမီရှင်တွေကို ရွေးထုတ်ဖို့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံက ပြိုင်ပွဲတစ်ခု လုပ်ခဲ့သေးတယ်ကွ "
" အဲ့ပြိုင်ပွဲမှာ အစီအမံဧကရာဇ်ငယ်လေးတစ်ပါး ပေါ်လာခဲ့တယ် "
" မင်းကတော့ မသိလောက်ပေမယ့်.. အဲ့ အစီအမံဧကရာဇ်ငယ်လေးက ပြိုင်ပွဲမှာ ဟွမ်ရှင်းဂိုဏ်းက အစီအမံပါရမီရှင်တွေအားလုံးကို တစ်ယောက်တည်းအစွမ်းနဲ့ တိုက်ခိုက်ခဲ့တာ ။ အဲ့တိုက်ပွဲက ကြောက်စရာကောင်းပြီး ပြင်းထန်လွန်းလို့ ဆယ်ရက်နဲ့ ဆယ်ညတိတိ ဘယ်သူအနိုင်ရမှန်း မပြောနိုင်ဘဲ ဖြစ်နေခဲ့တယ်ကွ "
" ဒါပေမယ့် နောက်ပိုင်းတော့ ဟွမ်ရှင်းဂိုဏ်းရဲ့ ထိပ်ဆုံး အစီအမံပါရမီရှင် ယဲ့ဖူရှောက်ရဲ့ ကိုယ်ထဲကို ရှေးဟောင်းနတ်ဘုရားတစ်ပါး ဝင်လာပြီးတော့ သူ့ရဲ့ အစီအမံအစွမ်းကလဲ ချက်ချင်းတိုးလာခဲ့တယ် ။ အဲ့လိုနဲ့ ယဲ့ဖူရှောက်က အစီအမံဧကရာဇ်လေးကို အနိုင်ရမလို ဖြစ်ခဲ့တာပေါ့ကွာ "
" ဒါပေမယ့်.. အဲ့ချိန်မှာ အစီအမံဧကရာဇ်လေးက သူ့ရဲ့သွေးအစွမ်းကို ရုတ်တရက်အသက်သွင်းပြီးတော့.. ' ငါက အစီအမံဧကရာဇ်ပဲ.. ရန်သူတွေအားလုံးကို ရှင်းပစ်မယ် ' လို့ အော်ခဲ့တယ်တဲ့ ။ အဲ့
နောက်တော့ သူ မူလအဆင့် မသေမျိုးအစီအမံပုံကြမ်းကို ဆွဲပြီး ဟွမ်ရှင်းဂိုဏ်းက သူတွေအားလုံးကို ဖိနှိပ်ပြီးသတ်ပစ်ခဲ့တယ် ။ အဲ့လိုနဲ့.. အစီအမံဧကရာဇ်လေးက ပြိုင်ပွဲမှာ အနိုင်ရခဲ့ရုံတင်မကဘဲ ... ယွဲ့မိသားစုရဲ့ သမီးအကြီးဆုံးဖြစ်တဲ့ ယွဲ့လီဆိုတဲ့ အလှပဂေးလေးရဲ့ နှလုံးသားကိုပါ အပိုင်ရခဲ့တာပေါ့ကွာ ။ တကယ့်ကို အားကျစရာပါပဲ "
သူ့စကားကို နားထောင်နေသော လောထျန်းမှာ မှင်သက်ဆွံ့အလျက် ....
လောထျန်း အသက်ပြင်းပြင်း ရိုက်လိုက်ပြီးမှ ပြောသည်။
" ခင်ဗျားပြောတဲ့... အစီအမံဧကရာဇ်လေး ဆိုတဲ့တစ်ယောက်နာမည်က... လောထျန်း လား "
တဖက်လူကြီး မျက်နှာထားအနည်းငယ်ပြောင်းသွားကာ ပြန်ပြောသည်။
" ရှူး.... အစီအမံဧကရာဇ်လေးရဲ့ နာမည်ကို ဒီတိုင်းကြီး လွယ်လွယ်ပြောလို့မရဘူးကွ "
လောထျန်း : .......
တဖက်လူ ပြောနေခဲ့သော အကြောင်းရာများမှာ သူ့အကြောင်းများတဲ့လား ...
ဘယ်လို မဟုတ်ကဟုတ်က သတင်းတွေပါလဲ ...
ယဲ့ဖူရှောက်နှင့် သူ့နောက်လိုက်များက သူ့ကို ဆယ်ရက်နှင့်ဆယ်ညတိတိ တိုက်ခိုက်ရန် အရည်အချင်းပြည့်သည်ဟု ထင်ပါသလား ။
" အဲ့ကောလဟလတွေကို ဘယ်သူဖြန့်လိုက်တာလဲ "
လောထျန်း အမှန်တကယ် ဆွံ့အနေရလေပြီ ။
သက်လတ်ပိုင်းလူကြီးက မျက်မှောင်ကြုံ့ကာ ပြန်ပြောပါ၏။
" ဘယ်လို ကောလဟလလဲကွ.. အဲ့သတင်းက အားလုံးအမှန်တွေပဲ ။ ငါ့ဦးလေးရဲ့ ဆရာရဲ့ ၊ ဒုတိယအဒေါ်ရဲ့၊ တတိယဦးလေးရဲ့ အိမ်နီးချင်းရဲ့ ၊ သမက်ရဲ့ဆရာက ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှာ အဖွဲ့ဝင်တစ်ယောက်ပဲကွ။ အဲ့အဖြစ်တွေကို သူကိုယ်တိုင် မျက်စိနဲ့သေချာမြင်ခဲ့ရတာ "
လောထျန်း ပိုပို၍ ဆွံ့အသွားရပါတော့သည်။
သက်လတ်ပိုင်းအရွယ်လူကြီးက နှာခေါင်းရှုံ့ကာ ဆက်ပြော၏။
" မင်းက မယုံဘူးဆိုလဲ ထားပါ ။ အခု မင်းဒီကို သတင်းရချင်လို့ လာခဲ့တာမဟုတ်လား ။ လူတန်းကတော့ မင်းမြင်တဲ့အတိုင်းပဲ ... တိုင်လင်စင်မြင့်ကို ဝင်ဖို့ဆိုရင် အနည်းဆုံး သုံးလလောက်တော့ကြာမှာကွ။ ဒါပေမယ့်.. ငါ့ကို အဆင့်နိမ့် မသေမျိုးစွမ်းအင်ကျောက်တုံး တစ်သောင်းပေးမယ်ဆိုရင် သုံးရက်အတွင်း ဝင်ခွင့်ရမယ်လို့ ငါ အာမခံပေးနိုင်တယ် ။ ဘယ်လိုလဲ.. "
ကြားလိုက်ရသည့် စကားကြောင့် လောထျန်းတစ်ယောက် ပို၍ပင် ဆွံ့အသွားရတော့သည်။
ထိုလူက ပွဲစား ဖြစ်နေပါလား ...
" ထားပါ.. ကျုပ် စိတ်မဝင်စားဘူး "
သူလက်ယမ်း၍ ပြောလိုက်သည်။
" ဟေ့.. မသွားနဲ့ဦးလေ ၊ ငါ မင်းကို စျေးလျှော့ပေး
ပါ့မယ် ။ မသေမျိုးစွမ်းအင်ကျောက်တုံး ရှစ်ထောင်ပဲပေးကွာ "
ပွဲစားက သူ့နောက်မှ ပြေးလိုက်လာ၏။
လောထျန်း သူ့ကို လျစ်လျူရှုထားလိုက်သည်။
၎င်းကိုမြင်ချိန်တွင်မူ တဖက်လူကြီး မျက်မှောင်ကြုံ့သွားပြီး ဘာမှဆက်မပြောတော့ချေ။
ထိုစဥ်မှာပင် ဂျုံခမောက်တစ်ခုကို ဆောင်းထားသော အမျိုးသမီးတစ်ယောက်က တစ်လှမ်းချင်းလျှောက်၍ ထွက်လာသည်။
သူမကိုမြင်သည်နှင့် ပွဲစား၏ ခန္ဓာကိုယ် ရုတ်တရက်တောင့်တင်းသွား၏။
ထိုအမျိုးသမီးမှာ ယွဲ့မိသားစု၏ အကြီးဆုံးသမီးဖြစ်သူ ၊ နာမည်ကျော် အစီအမံပါရမီရှင် .. ယွဲ့လီပါပင် ။
ထို့နောက်တွင် ပွဲစားလူကြီး မျက်နှာထားပြောင်းသွားကာ လောထျန်းကို ပြောသည်။
" ညီငယ်လေး.. မြန်မြန်နောက်ဆုတ်ကွ ။ သူက မင်းရန်စလို့ရတဲ့သူ မဟုတ်.. "
သို့သော်.. သူ စကားဆုံးအောင် မပြောရသေးခင်မှာပင် ယွဲ့လီက ဖျတ်ခနဲလှည့်ကာ သူတို့နှစ်ယောက်ရှေ့ ပျံသန်းလာသည်။
" ဟင်.. ဘာတွေဖြစ်နေတာလဲ ... "
၎င်းကိုမြင်သော ပွဲစားလူကြီး ရင်ထဲဗြောင်းဆန်သွားပါ၏။
" ဒီလို အရေးကြီးတဲ့သူတစ်ယောက်က ဘာဖြစ်လို့ ငါ့ဆီကို လာနေတာလဲ "
သူ တွေးမိလိုက်သည်။
ထိုစဥ်မှာပင် ယွဲ့လီက သူတို့ရှေ့ ရောက်လာကာ ဒူးတစ်ဖက်ထောက်၍ ဆိုသည်။
" အရိုအသေပေးပါတယ် တိုင်လင်စင်မြင့်ရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီး လောထျန်း "