အခန်း (၉၃၁+၉၃၂)
Vol. 65 Ch. 931+932
Chapter 931
Chaos Ranking
" ဒါ... "
အနားမှ လူအုပ်ကြီး အံ့အားသင့်သွားကြပြန်သည်။
၎င်းကိုကြားသော လောထျန်းသည်လည်း မျက်မှောင်အနည်းငယ် ကြုံ့သွားကာ ယွဲ့လီဘက် လှမ်းကြည့်၍ မေးသည်။
" အရှုပ်အထွေးအဆင့်ဆိုတာ ဘာလဲ "
သူ့နောက်မှ ကျန်လူများလည်း ယွဲ့လီအား စိတ်ဝင်တစား လှမ်းကြည့်ကြ၏။
ယွဲ့လီက မြန်မြန်ပင် ရှင်းပြရှာသည်။
" ဒီ အရှုပ်အထွေးအဆင့်ဆိုတာ အရင်က မရှိခဲ့ဘူးရှင့် ။ အခု အရှုပ်အထွေးနတ်ဘုရားမြို့တော် ဖွင့်မယ်ကြားမှသာ လူတွေက အဲ့စာရင်းကို ဖန်တီးခဲ့ကြတာ "
" ပြောရရင်တော့ အဲ့စာရင်းက အစွမ်းကို အဓိကထားတာမဟုတ်ဘဲ ပါရမီကို အဓိထည့်စဥ်းစားထားတာ ။
အရင်ကအဖြစ်ပျက်တွေကို ကြည့်မယ်ဆိုရင်လဲ ပါရမီကောင်းလေလေ အရှုပ်အထွေးခန္ဓာကိုယ်ကို ရဖို့အခွင့်လမ်းများလေလေပဲ "
" ဒီတော့ အရှုပ်အထွေးအဆင့်မှာ အဆင့်မြင့်လေလေ ၊ အရှုပ်အထွေးခန္ဓာကိုယ်ကို ရဖို့ အခွင့်ရေးလဲ ပိုများလေဆိုတဲ့သဘောပေါ့ "
ယွဲ့လီက ထိုသို့ပြောပြီး စကားခဏရပ်ကာ လောထျန်းအား ကြည့်သည်။ ပြီးမှ ဆက်ပြော၏။
" ဟို... သခင်လေးလောထျန်းလဲ အဲ့စာရင်းထဲမှာ ပါတယ် "
" ဟင်.. ကျုပ်က စာရင်းထဲပါတယ်.. "
လောထျန်း အံ့သြသွားပုံပေါ်ကာ ယွဲ့လီအား ကြည့်သည်။
ယွဲ့လီ ခေါင်းညိတ်ပြီးနောက် အကျ်ီအိတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်၍ လက်ဖြင့်အသာထိလိုက်၏။
လောထျန်းရှေ့၌ အလင်းတန်းလိုက်ကာတစ်ခု တ
မဟုတ်ချင်း ပေါ်လာသည်။
" သခင်လေးလောထျန်းရဲ့ နာမည်က ဒီနားလေးမှာ... "
လောထျန်းမှာ ယွဲ့လီညွှန်ပြသည့် နေရာသို့ကြည့်လိုက်ပြီးနောက် ပါးစပ်အဟောင်းသား ဖြစ်သွားရှာပါ၏။
လောထျန်း၏ နာမည်မှာ အဆင့်စာရင်း၏ နောက်ဆုံးနားလေးတွင် ရှိနေပါသည်။
' လောထျန်းသည် အရှုပ်အထွေးအဆင့်၏ နံပါတ် 36000 တွင် ရှိပြီး ကောင်းကင်ဘုံအဆင့် ကျင့်ကြံခြင်းရှိသည်။ သူ့ သိုင်းပညာပါရမီမှာ မထူးခြားသလို သူ့သိုင်းပညာရပ်ကလည်း မထူးခြားလှပါ။ သို့သော် သူသည် အစီအမံပညာရပ်တွင် အောင်မြင်မှုများစွာ ရခဲ့ပြီး ချင်းယွမ်ဒေသ၏ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ၌ အဆင့်တစ်ပင် ရခဲ့၏။ ထို့ကြောင့်သာလည်း ဤစာရင်း၌ သူ့အမည် ပါနေခြင်းပင် ။ သူ့အတွက် အရှုပ်အထွေးခန္ဓာကိုယ်ကို ရရန်အခွင့်အလမ်းမှာ သုံညနီးပါး ဖြစ်သည့်တိုင် အစီအမံတာအို
အစွမ်းကို ရရန်မူ အခွင့်အလမ်း ရှိပါသည် ။ '
အလင်းတန်းလိုက်ကာပေါ်တွင် ရေးထားသော အထက်ပါ စာပိုဒ်ကို ဖတ်နေသည့် လောထျန်း၏ မျက်နှာကြီး ချက်ချင်းသုန်မှုန်သွား၏။
သူ့ကို ဘာမှ မထူးခြားဘူးတဲ့လား..
သူ့အနေနဲ့ အရှုပ်အထွေးခန္ဓာကိုယ်ကို ရနိုင်ခြေမှာလည်း သုံညနီးပါးတဲ့လား ...
သူ့ကို အထင်သေးလွန်းရာ မကျဘူးလား ...
" ဒီလောက် ရယ်စရာကောင်းတဲ့စာရင်းကို ဘယ်သူလုပ်တာလဲ "
လောထျန်းပြောပြီး ယွဲ့လီဘက် အဓိပ္ပါယ်ပါပါ လှမ်းကြည့်လိုက်သည်။
လက်ရှိတွင် သူ အလွန်လည်း ဒေါသထွက်နေပါ၏။
ဤစာရင်း၌ သူ့အမည်ကို မထည့်ထားလျှင်ပင် သူ
လက်ခံနိုင်သေးပါသည်။
သို့သော်... ယခု သူ့အမည်ကို စာရင်းနောက်ဆုံးတွင်မှ တမင်ထည့်ထားသတဲ့လား...
သူ့ကို အရှက်ခွဲသည်နှင့် ဘာခြားမည်လဲ..
ထိုစဥ် ယွဲ့လီက တံတွေးကို အနိုင်နိုင်မြိုချရင်း ပြန်ပြော၏။
" ဟို... အဲ့ဒါတော့ ကျွန်မလဲမသိဘူးရှင့် "
လောထျန်း အံကြိတ်လိုက်သည်။
" ဒီကောင်.. ငါနဲ့မတွေ့ဖို့သာ ဆုတောင်းထား "
ထိုစဥ် ..
ဝှစ်...
လေကိုခွင်းလာသော အသံကျယ်တစ်သံ ထွက်လာပြီး ...
ဟိတ်ကြီးဟန်ကြီး လူနှစ်ယောက် ရောက်လာသည်။
" ဟင်.. အဲ့ဒါ ဓားသမား ပိုင်ယွမ်လီ မဟုတ်လား "
" နောက်တစ်ယောက်က သူ့တပည့် ၊ မိုရှန့် ပဲ "
လူအုပ်ထံမှ တအံ့တသြ စကားသံများလည်း တစ်ပြိုင်တည်း ထွက်လာ၏။
ယွဲ့လီက လောထျန်းကိုကြည့်ကာ ရှင်းပြသည်။
"သခင်လေးလောထျန်း ၊ အဲ့နှစ်ယောက်က ထူးခြားတဲ့သူတွေပဲရှင့် ။ ဓားသမား ပိုင်ယွမ်လီဆိုတာ ချင်းယွမ်ဒေသ ဓားကျင့်ကြံသူတွေထဲမှာ အဆင့် ၂ ရထားတဲ့သူပေါ့ ။ အမှန်တော့ ချင်းယွမ်ဒေသမှာမို့သာ သူ အဆင့်၂ ရတာ.. ကျန်တဲ့ဒေသအများစုမှာဆို သူ အစွမ်းအထက်ဆုံး ဓားသမား ဖြစ်မှာပဲ ။ ဒါပေမယ့် ချင်းယွမ်ဒေသမှာက ဒါလောင်မသေမျိုးဘုရင်ကြီး ရှိနေတော့ သူ အဆင့်၂ပဲ ရသွားတာ "
" သူ့ဘဝရဲ့ အကြီးဆုံးနောင်တကလဲ ဒါလောင်မသေမျိုးဘုရင်ကြီးလောက် မကောင်းတာလို့ပြောတယ် ။ ဒါ့ကြောင့်မို့လဲ ဒါလောင်မသေမျိုးဘုရင်ကို အနိုင်ယူနိုင်မယ့် တပည့်မျိုးကို သူအမြဲတမ်း ရှာနေခဲ့တာ "
ယွဲ့လီ ပြောနေရင်း မိုရှန့်ဟု အမည်ရသည့် လူငယ်ဘက် လှမ်းကြည့်ပြီးမှ စကားဆက်သည်။
" အဲ့ မိုရှန့်ဆိုတဲ့ သူကတော့ သူရှာတွေ့ထားတဲ့သူပေါ့ "
လောထျန်းကမူ သိပ်ဂရုမစိုက်လှဟန်ဖြင့် တစ်ချက်သာ လှမ်းကြည့်ပါသည်။
လက်ရှိ သူ့အာရုံမှာ အရှုပ်အထွေးအဆင့် တစ်ခုတည်းပေါ်တွင်သာ ရှိနေပါ၏။
ထိုစဥ် သူ့နောက် မလှမ်းမကမ်းရှိ သွမ့်ချင်းချူက စိတ်ဝင်တစားဟန်ဖြင့် မေးလာသည်။
" ဟို မိန်းကလေး ၊ ကျုပ် တစ်ခုလောက်မေးချင်လို့ ... မိုရှန့်က ဘာဖြစ်လို့လဲ "
ယွဲ့လီမှာ ဤတစ်ကြိမ် လောထျန်းနှင့် ပါလာသူများသည် လောထျန်း၏ အသိမိတ်ဆွေ မဟုတ်လျှင် မိသားစုဝင်များဖြစ်ကြောင်း သိထားပြီးဖြစ်သဖြင့် ဟိတ်ကြီးဟန်ကြီး မနေရဲဘဲ ချက်ချင်းရှင်းပြရှာ၏။
" ကျွန်မသိသလောက်တော့ မိုရှန့်က ဒီနှစ်ထဲမှ အသက် ၈၀၀ ကျော်တာရှင့် ။ ဒါပေမယ့် သူက
ရွှေရောင်မသေမျိုးအဆင့်ကိုတောင် ရောက်နေပြီ "
" ဘယ်လို... "
သွမ့်ချင်းချူ၏ မျက်နှာထား ရုတ်ချည်းပြောင်းသွားသည်။
အသက် ရှစ်ရာလောက်နှင့် ရွှေရောင်မသေမျိုးအဆင့်ကိုတောင် ရောက်နေပြီတဲ့လား..
သူနှင့် တဖက်လူကြားမှ ကွာဟချက်မှာ ကြီးလှပါတကား ....
သွမ့်ချင်းချူ စိတ်ထဲမှကြိတ်၍ သက်ပြင်းချလိုက်သည်။
ထိုစဥ် ယွဲ့လီက စကားဆက်၏။
" တကယ်တော့ မိုရှန့် ဒီလောက်အစွမ်းထက်နေရတာ သူ့ ကျင့်ကြံခြင်းအဆင့်ကြောင့် မဟုတ်ဘူး ။ သူ့ရဲ့ ထူးခြားခန္ဓာကိုယ်ကြောင့်ပဲရှင့် "
" ထူးခြားခန္ဓာကိုယ် ဟုတ်လား.. "
သွမ့်ချင်းချူက နားမလည်နိုင်စွာ ထပ်မေးသည်။
ယွဲ့လီ ခေါင်းညိတ်ပြ၏။
" ဟုတ်တယ်ရှင့် ။ မိုရှန့်မှာ သဘာဝစိတ်ဝိဥာဥ် ဓားခန္ဓာကိုယ် ရှိတယ် ။ ဒါ့ကြောင့်မို့လဲ သူ ဓားကျင့်စဥ်မှာ ဘာအခက်ခဲမျိုးမှ မရှိဘဲ အဆင်ပြေနေတာ ။ တကယ်တော့ လွန်ခဲ့တဲ့ နှစ်သုံးရာလောက် ၊ သူ ရွှေရောင်မသေမျိုးအဆင့်ကို မရောက်ခင်တည်းက ကမ္ဘာကျော် ဖြစ်နေခဲ့ပြီ ။ အဲ့ချိန်က လီထျန်းယွမ်နဲ့ တိုက်ခိုက်တဲ့အချိန်မှာ သူ လက်ချောင်းတစ်ချောင်းတည်းနဲ့ ဓားကမ္ဘာ သုံးထောင်ကို အသွင်ပြောင်းပြီးတော့ လီထျန်းယွမ်ကို အနိုင်ယူခဲ့တယ် ။ အဲ့တိုက်ပွဲ တစ်ပွဲတည်းနဲ့တင် သူ နာမည်ကျော်သွားခဲ့တာပဲ "
" လက်ရှိမှာလဲ သူက ချင်းယွမ်ဒေသ ပါရမီရှင်စာရင်းမှာ အဆင့်ငါး ရထားသေးတယ် ။ ဒါပေမယ့် လက်ရှိစာရင်းထဲမှာ သူကအသက်အငယ်ဆုံးမို့ အချိန်သာထပ်ပေးလိုက်ရင် သူ ပါရမီရှင်စာရင်းမှာ အဆင့်နှစ် ရနိုင်တယ်လို့တောင် အားလုံးက ယုံထားကြတာ "
ထိုစဥ် သွမ့်ချင်းချူက မျက်မှောင်အနည်းငယ်ကြုံ့၍ မေးသည်။
" ဒုတိယဟုတ်လား.. ဘာလို့ အဆင့်တစ် မဖြစ်ရတာလဲ "
ယွဲ့လီ သက်ပြင်းချလိုက်သည်။
" ဘာလို့လဲဆိုတော့ အဆင့်တစ်က ကောင်းကင်ဘုံသားတော် ရထားတာမို့ပါပဲရှင် ။ အဲ့လူက ပုံမှန်မဟုတ်ဘူးရှင့် ..အင်မတန်ကို အစွမ်းထက်လွန်းတယ် "
သူမ ထိုသို့ပြောကာ လောထျန်းအား လှမ်းကြည့်၏။
" သခင်လေးလောထျန်းကတော့ သူနဲ့ ယှဥ်နိုင်မလား မသိဘူး ... "
သူမ စိတ်ထဲတွင်လည်း တွေးမိလိုက်သည်။
တဖက်မှ သွမ့်ချင်းချူ ခေါင်းညိတ်နေ၏။
ထိုစဥ် အခြားတဖက် တောင်ထိပ်ပေါ်တွင် ရှိနေသော လီထျန်းယွမ်က မိုရှန့်ကို မြင်သွားကာ မျက်လုံးများ ရုတ်ချည်းအေးစက်သွားသည်။
လူသတ်အရိပ်အငွေ့တစ်ခုလည်း ပေါ်လာပြီး မိုရှန့်
ဆီ ရွေ့လျားလာ၏။
သို့သော် ၎င်း လူသတ်အရိပ်အငွေ့ အနားမကပ်နိုင်ခင်မှာပင် မမြင်နိုင်သော ဓားစိတ်ဆန္ဒတစ်ခုက ၎င်းအား အလွယ်တကူ ချေဖျက်လိုက်ပါသည်။
" လီထျန်းယွမ် ၊ အရှုပ်အထွေးနတ်ဘုရားမြို့တော် မဖွင့်ခင်မှာ ငါ မင်းနဲ့မတိုက်ခိုက်ချင်ဘူး ။ တကယ်လို့ မင်း တိုက်ခိုက်ချင်တယ်ဆိုရင် အရှုပ်အထွေးနတ်ဘုရားမြို့တော် ဖွင့်တဲ့အခါ ငါ မင်းကို အခွင့်အရေးပေးမယ် "
မိုရှန့်က အေးစက်စက်အသံဖြင့် ပြောလာသည်။
လီထျန်းယွမ် နှာခေါင်းရှုံ့ကာ ပြန်ပြော၏။
" ဘာလို့ အဲ့လောက်စကားများနေတာလဲကွ ။ ကြည့်ရတာ.. မင်း ကြောက်နေတယ်ထင်တယ် "
မိုရှန့်က မဲ့ပြုံးဖြင့် ပြန်ပြောသည်။
" ကြောက်ရမယ် ဟုတ်လား.. ငါ အနိုင်ယူထားပြီးသား သူတစ်ယောက်ကို ဘာကိစ္စ ကြောက်ရမှာလဲကွ "
" မင်း ... "
လီထျန်းယွမ် ဒေါသူပုန် ထသွားပါ၏။
သို့သော် ထိုစဥ်တွင် သူ့အဖေဖြစ်သူ ၊ လီချန်းလုံက လက်ကာပြ၍ ဝင်တားသည်။ ထို့နောက် ပိုင်ယွမ်လီဘက် လှည့်၍ပြော၏။
" အကိုပိုင် ၊ ခင်ဗျားတပည့်က မောက်မာလွန်းလှပါလား "
သို့သော်.. ပိုင်ယွမ်လီက သူ့အား တစ်ချက်သာ စောင်းကြည့်ပြီး အခြားဘက် ပြန်လှည့်သွားပါသည်။
၎င်းကိုမြင်သော လူများအားလုံး တအံ့တသြ ဖြစ်ကုန်ကြ၏။
ဆရာက တပည့်ထက်ပင် ပိုမောက်မာနေပါလား...
လုံးဝ လျစ်လျူရှု ခံထားရသော လီချန်းလုံအဖို့ မည်မျှ ရှက်စရာကောင်းလိုက်ပါမည်လဲ ။
ထင်ထားသလိုပင် ၎င်းကိုမြင်သည်နှင့် လီချန်းလုံ၏ မျက်လုံးထဲ၌ လူသတ်အရိပ်အငွေ့များ ဖြတ်ပြေး
သွားသည်။
" ကောင်းပြီလေ... အရှုပ်အထွေးနတ်ဘုရားမြို့တော် ဖွင့်တော့မှာဆိုတော့ ငါ မင်းကို အလွတ်ပေးလိုက်မယ် ။ ဒါပေမယ့်.. ကိစ္စအားလုံး ပြီးသွားရင်တော့ မင်းနဲ့ငါ စာရင်းရှင်းကြတာပေါ့ "
သူ အေးစက်စက် ပြော၏။
တဖက်မှ ပိုင်ယွမ်လီက သူ့အား တစ်ချက်ပြန်လှည့်ကြည့်ကာ တီးတိုးရေရွတ်သည်။
" ကျွတ်စ်... "
လီချန်းလုံတစ်ယောက် ဒေါသူပုန် ထသွားသော်လည်း သူ့ကိုယ်သူ ပြန်ထိန်းလိုက်ပါ၏။
ထိုစဥ်တွင် ...
ဝုန်း ...
အရှုပ်အထွေးနိုင်ငံ မြို့တော်ဘက်မှ ကြောက်မက်ဖွယ် အစွမ်းထက်လှသော အရောင်အဝါတစ်ခု ပေါက်ထွက်လာသည်။
" ဟင် ... "
အားလုံးမှာလည်း ထိုအရောင်အဝါကို အာရုံခံမိသည်နှင့် မျက်နှာထားများ ပြောင်းကုန်ကြကာ အရောင်အဝါ ထွက်လာသည့်ဘက် ကြည့်လိုက်ကြသည်။
လီချန်းလုံ နှင့် ပိုင်ယွမ်လီတို့လို အစွမ်းထက်ကျင့်ကြံသူများသည်ပင် မနေနိုင်ဘဲ မျက်မှောင်ကြုံ့၍ လှမ်းကြည့်လိုက်ကြ၏။
၎င်းအရောင်အဝါမှာ အစွမ်းထက်လွန်းလှပြီး သူတို့ကိုပင် လန့်သွားအောင် လုပ်နိုင်ခဲ့ပါသည်။
မကြာခင်မှာပင် အားလုံး၏ တအံ့တသြ အကြည့်အောက်၌ မြို့တော်ထဲမှ လူတစ်ယောက် လေထဲပျံတက်လာ၏။
" ကောင်းကင်ဘုံသားတော်လား.. အဲ့ဒါ ကောင်းကင်ဘုံသားတော် မဟုတ်လား .. "
လူတစ်ယောက်၏ အံ့သြတကြီးအော်သံ ထွက်လာသည်။
Chapter 932
The power of Chaos
အားလုံး ခေါင်းမော့ကြည့်လိုက်ကြရာ ဆံပင်ကို ခပ်မြင့်မြင့်စည်းကာ ရွှေသရဖူဆောင်းပြီး မျက်နှာမော်ချီစွာ ရပ်နေသည့် ကောင်းကင်ဘုံသားတော်အား တွေ့လိုက်ရသည်။
သူ့မျက်လုံးများမှာလည်း နတ်ဘုရားအလင်းတန်းများဖြင့် အရောင်လက်နေပါ၏။
ဝီ...
ထိုစဥ်မှာပင် သူ့နောက်၌ နဂါးအရိပ်များနှင့် ဖီးနစ်ငှက်အရိပ်များ ထွက်ပေါ်လာကြသည်။
" မဟာတာအို စိတ်ဝိဥာဥ်အစစ်ပါလား... အဲ့ဒါ မဟာတာအိုစိတ်ဝိဥာဥ်အစစ် ပဲကွ... "
" အဲ့ဒါ အရှုပ်အထွေးခန္ဓာကိုယ်ရဲ့ အမှတ်အသားတစ်ခု မဟုတ်လား ။ ကောင်းကင်ဘုံသားတော်က အစွမ်းထက်လိုက်တာ "
လူများအားလုံး တအံ့တသြ ဖြစ်ကုန်ကြ၏။
မိုရှန့် နှင့် လီထျန်းယွမ်တို့ နှစ်ယောက်သည်ပင် အဓိပ္ပါယ်ဖော်ရန်ခက်သည့် မျက်နှာထားများ ဖြစ်နေကြပါသည်။
သူတို့ကြားမှ အစွမ်းကွာဟချက်က သိပ်မကြီးလျှင် သူတို့ချင်း ယှဥ်ပြိုင်၍ ရသေးသော်ငြား ... ကွာဟမှု အလွန်ကြီးသွားလျှင်မူ ဘာမှမတတ်နိုင်တော့ဘူး မဟုတ်ပါလား ။
လက်ရှိတွင် ကောင်းကင်ဘုံသားတော်က သူတို့ကို ထိုသို့ခံစားရအောင် လုပ်နေပါသည်။
သူ့ထံမှ ထွက်နေသည့် ဖိအားတစ်ခုတည်းကိုပင် သူတို့နှစ်ယောက်လုံး ခုခံရန် အစွမ်းမဲ့သလို ခံစားနေရပါ၏။
ထိုစဥ် အခြားတဖက်မှ ယွဲ့လီမှာလည်း ကောင်းကင်ဘုံသားတော်ကို ကြည့်ပြီး ရင်တစ်ခုလုံး ဗြောင်းဆန်သွားရှာ၏။
ကောင်းကင်ဘုံသားတော်မှာ သူမအတွက် အိမ်မက်ဆိုးကြီးလိုပါပင် ။
ယခုလည်း သူမ သူ့ကိုမြင်ပြီး ကြောက်လွန်း၍ ခြေလှမ်းအနည်းငယ်ပင် ဆုတ်မိသွား၏။
သို့သော် ထိုစဥ်..
" ချီး... ဒီကောင်က ဟိတ်ဟန်ကြီးလိုက်တာ "
အနီးရှိ လောမိသားစုဝင်တစ်ယောက်က အထင်သေးသည့်အကြည့်ဖြင့် ပြောလာသည်။
" ဟင် ... "
ယွဲ့လီမှာ တဖက်လူကိုကြည့်ရင်း ဘာပြန်ပြောရမည်မသိ ဖြစ်သွား၏။
" ဟုတ်ပါ့ကွာ ။ သခင်လေးရော ၊ အကိုလောရုံရော မဟာတာအိုစိတ်ဝိဥာဥ်အစစ် ရှိကြတာပါပဲ ။ ဒါပေမယ့် သူတို့က ခုလိုမျိုး ဟန်ရေးပြချင်စိတ်နဲ့ ထုတ်မပြကြပါဘူး "
အခြားတစ်ယောက်ကလည်း လှောင်ပြုံးဖြင့် ဆိုလာ
သည်။
ကြားလိုက်ရသည့်စကားကြောင့် ယွဲ့လီတစ်ယောက် မှင်သက်မိသွား၏။
" သူတို့တွေ.. ဘာပြောနေကြတာလဲ "
သူမစိတ်ထဲတွင်လည်း တွေးမိသွားသည်။
ထိုအချိန်တွင် လေထဲမှ ကောင်းကင်ဘုံသားတော်က ရုတ်တရက်ပြောလာ၏။
" ကျုပ် အရှုပ်အထွေးနတ်ဘုရားမြို့တော်ကို ဖွင့်ပေးတော့မယ် ။ အထဲက အခွင့်ကောင်းတွေ ရဖို့ကိုတော့ အားလုံး ကိုယ့်အစွမ်းကိုယ်ပဲ အားကိုးကြရမယ် "
သူ့စကားသံ ဆုံးသည်နှင့် လူအုပ်ထံမှ ဝမ်းသာအားရ အော်ဟစ်သံများ ချက်ချင်း ထွက်လာပါသည်။
ထို့နောက်တွင်မူ ကောင်းကင်ဘုံသားတော်က လက်ဖြင့် အစီအမံတစ်ခု လုပ်လိုက်၏။
ဝီ ...
ချက်ချင်းပင် သူ့ကိုယ်မှ အရှုပ်အထွေး ကောင်းကင်ဘုံအလင်းတန်း တိုးထွက်လာကာ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
၎င်းကို မြင်နေရသည့် အားလုံးမှာလည်း စိတ်လှုပ်ရှားသွားကြ၏။
နှစ်ပေါင်းများစွာကြာ ပိတ်ထားခဲ့သည့် အရှုပ်အထွေးနတ်ဘုရားမြို့တော်ကို ပြန်ဖွင့်တော့မည်တဲ့လား..
ထိုစဥ် ယွဲ့လီက လောထျန်းကိုကြည့်ကာ စိုးရိမ်နေပုံဖြင့် ပြောပါသည်။
" သခင်လေးလောထျန်း ၊ အရှုပ်အထွေးနတ်ဘုရားမြို့တော် မဖွင့်ခင်မှာ အရှုပ်အထွေး တံခါးပေါက်ငါးခု ပေါ်လာလိမ့်မယ် ။ အဲ့လို တံခါးပေါက်တစ်ခု ပေါ်လာတိုင်းမှာလဲ ကြောက်စရာဖိနှိပ်အားတွေ ထွက်လာလိမ့်မယ်ရှင့် ။ အဲ့တော့ ကျေးဇူးပြုပြီး သတိထားပါ "
လောထျန်းက လေထဲမှ အကြည့်မခွာဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။
ဝုန်း ...
ထိုစဥ်မှာပင် လေထဲ၌ အရှုပ်အထွေး တံခါးပေါက်တစ်ခု ပေါ်လာပါ၏။
" အားလုံး သတိထားကြဟေ့ ၊ အစွမ်းရှိသလောက် ခုခံကြ "
" အားလုံး နှိုးနှိုးကြားကြားနေကြနော် ၊ နည်းနည်းလေးတောင် သတိမလွတ်စေနဲ့ "
အနီးနားရှိ လူများထံမှလည်း အော်ဟစ်သံများ ထွက်လာသည်။
ထိုအချိန် လေထဲရှိ ကောင်းကင်ဘုံသားတော်မှာလည်း လေထဲမှ အရှုပ်အထွေးတံခါးပေါက်ကို ကြည့်ရင်း အနည်းငယ်အံ့သြသွားပုံ ပေါ်ပါ၏။
" အရှုပ်အထွေးနတ်ဘုရားမြို့တော်.. မင်းရဲ့သခင် ရောက်လာပြီကွ "
သူပြောပြီး နှစ်ဖက်ကို ရှေ့တွင်စုလိုက်သည် ။
ဝုန်း ...
သူ့ကိုယ်မှ အရှုပ်အထွေး မသေမျိုးအလင်းတန်းတစ်ခု တမဟုတ်ချင်း ထွက်လာပြန်ကာ အရှုပ်အထွေးတံခါးပေါက်ဆီ တိုးဝင်သွား၏။
ထို့နောက်တွင်ကား.. အရှုပ်အထွေးတံခါးပေါက် ဖြည်းဖြည်းချင်း ပွင့်လာတော့သည်။
ထိုတခဏ၌ အားလုံး၏ ရင်ထဲတွင် ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခုကိုလည်း ရုတ်ချည်း ခံစားလိုက်ရပါသည်။
ထို့နောက်တွင်...
ဝီ ...
လေထဲရှိ အရှုပ်အထွေးတံခါးပေါက်ပေါ်၌ များစွာသော ထွင်းစာများ ရုတ်တရက် ပေါ်လာ၏။
အဆုံးမဲ့ ဖိအားကြီးတစ်ခုလည်း အောက်ကျလာ
သည်။
အွတ်.... အွတ်... အွတ်..
ထိုဖိအားပြီး ကျလာသည့်နေရာတွင် ရှိနေခဲ့သော လူများစွာပင် သွေးအန်ပြီး မြေပြင်သို့ လဲကျသွားကြ၏။
ထိုသို့ လဲကျသွားသူများမှာ 30% ခန့်ပင် ရှိနိုင်ပါသည်။
" ဟမ့်.. အမှိုက်ကောင်တွေ.. အရှုပ်အထွေးနတ်ဘုရားမြို့တော်ကို ဘယ်သူမဆို ဝင်လို့ရတယ်များ ထင်နေလားမသိဘူး "
အဘိုးအိုတစ်ယောက်က လဲကျသွားသော လူများကိုကြည့်နေရင်း လှောင်ပြုံးဖြင့် ဆိုသည်။
" ဟုတ်ပါ့ကွာ ။ ဒီအရှုပ်အထွေးတံခါးပေါက် ငါးခုက တကယ်တော့ စမ်းသပ်မှုငါးခုနဲ့ အတူတူပဲ ။ တစ်ခုထက်တစ်ခု ပိုပိုပြီးတော့ ခက်လာမှာ ။ ဒီ စမ်းသပ်မှု ငါးခုကိုတောင် မခံနိုင်တဲ့ကောင်တွေကများ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲ ဝင်ပြီးတော့ အ
ခွင့်ကောင်းတွေ ရှာချင်နေသေးတယ်တဲ့ကွာ ။ ရယ်စရာကောင်းလိုက်တာ . "
အဘွားအိုတစ်ယောက်ကလည်း အေးစက်စက် ပြော၏။
တစ်ချိန်တည်းမှာပင် ဖိနှိပ်အစွမ်းများလည်း ပိုကျလာပြီး ၎င်းကိုမခုခံနိုင်ဘဲ လဲကျသူများ ပိုပိုများလာပါသည်။
ထိုစဥ် လူအုပ်ထဲတွင်ရှိနေသော ဆံပင်ဖြူနှင့် ဘုန်းတော်ကြီးတစ်ပါးက မျက်မှောင်ကြုံ့ရင်း ရုတ်တရက်ပြောလာ၏။
" အားလုံး ... ဒီ ပထမဆုံးတံခါးပေါက်ကိုတောင် ခုခံဖို့အခက်တွေ့နေရင် ဒီကနေ မြန်နိုင်သမျှမြန်မြန် ထွက်သွားကြဖို့ ငါ အကြံပေးချင်တယ် ။ မဟုတ်လို့ကတော့ တံခါးပေါက်ငါးခုလုံး ပွင့်တဲ့အခါ မင်းတို့ သေကုန်ကြမှာ ။ ဒီကနေ အခွင့်ကောင်းကို ရနိုင်တယ်ဆိုပေမယ့် အဲ့ဒါကိုယူဖို့ မင်းတို့ အသက်ရှင်နေမှ ရမှာလေ "
သူ့စကားကို ကြားသည်နှင့် စဥ်းစားတတ်သော အချို့လူများ ချက်ချင်းထွက်သွားကြပါသည်။
သို့သော် ဆက်နေရန် ရွေးချယ်ခဲ့သူက ပိုများပါ၏။
ငှက်များသည် အစာရှာရင်း သေတတ်ကြသလို လူများသည်လည်း အခွင့်ကောင်းကို ရှာဖွေရင်း သေတတ်ကြသည် မဟုတ်ပါလား ။
ယခုလက်ရှိတွင်လည်း သူတို့ရှေ့၌ အရှုပ်အထွေးနတ်ဘုရားမြို့တော် ရှိနေသည်ဖြစ်ရာ ခက်ခဲသည့်တိုင် ကြိုးစားရမည်ဟု လူအချို့ တွေးမိကြသည်မှာ မဆန်းပါ ။
အခြားတဖက် လောထျန်းတို့ ရှိနေသည့်နေရာ၌ ...
ယွဲ့လီတစ်ယောက် သူမ၏ အရောင်အဝါကို ဖြည်းဖြည်းချင်း ထုတ်လွှတ်၍ ဖိနှိပ်အစွမ်းအား ခုခံလိုက်၏။
ထိုအချိန်မှသာလည်း သူမ စိတ်အနည်းငယ်အေးကာ သက်ပြင်းချ၍ လောထျန်းဘက် လှမ်းကြည့်လိုက်သည်။
ထိုအချိန်တွင် လောထျန်းတစ်ယောက်ကမူ ခံစားချက်မဲ့ မျက်နှာထားဖြင့် ကောင်းကင်ယံသို့ မော့ကြည့်နေပါသည်။
ယွဲ့လီ အံ့အားသင့်သွားပြီး လောထျန်းနောက်မှ လူများကို ထပ်ကြည့်လိုက်ရာ အများစုက သက်တောင့်သက်သာ နေနေကြသည်ကို တွေ့လိုက်ရပြန်၏။
အထူးသဖြင့် ပျောင်ပိုင်မြို့နှင့် ထျန်းယွမ်မြို့မှ လူများပင် ...
သူတို့လူအုပ်ထဲ၌ ထျန်းယွမ်ကမ္ဘာရှိ အခြားသော မြင့်မြတ်နယ်မြေများမှ လာခဲ့ကြသည့် လူငယ်အချို့ကသာ အံကြိတ်နေကြရပါသည်။
" မခုခံနိုင်တဲ့သူတွေက ငါ့ရဲ့ အတွင်းကမ္ဘာထဲမှာ ဝင်နေကြပါ "
ယောင်ချီနတ်ဘုရားသခင်မကြီးက ၎င်းကို ဦးစွာ သတိထားမိပြီး သူမနောက်ရှိ လူငယ်ဂိုဏ်းသားများကို ပြောကာ သူမ၏ အတွင်းကမ္ဘာငယ်ကို ဖွင့်ပေး၏။
လူငယ်များမှာ ၎င်းကို သိပ်လက်ခံချင်ပုံ မရ
သော်လည်း မည်သို့မှလည်း မတတ်နိုင်သဖြင့် သူတို့သခင်မကြီး၏ အတွင်းကမ္ဘာငယ်ထဲသို့သာ ဝင်လိုက်ကြရသည်။
ထိုစဥ် အခြားမြင့်မြတ်နယ်မြေများမှ ခေါင်းဆောင်များလည်း လှုပ်ရှားသွားပြီး သူတို့ဂိုဏ်းသားများအား အတွင်းကမ္ဘာငယ်ထဲ ကိုယ်စီထည့်လိုက်ကြ၏။
သို့သော် ၎င်းမြင့်မြတ်နယ်မြေများမှ ဂိုဏ်းသားအများစုကမူ ဖိနှိပ်အစွမ်းကို တောင့်ခံနိုင်ကြပါသေးသည်။
၎င်းကိုမြင်သော ယွဲ့လီတစ်ယောက် စိတ်ထဲမှ သက်ပြင်းကြိတ်ချမိပါ၏။
" ထျန်းယွမ်ကမ္ဘာက အောက်ကမ္ဘာ ဆိုပေမယ့် အဲ့ကလူတွေက တကယ်ကိုပါရမီထူးကြတာပဲ "
သူမ ထိုသို့အတွေးနယ်ချဲ့နေစဥ်မှာပင် သူမဘေးတွင် ရပ်နေသော လောထျန်းက ရုတ်တရက်ပြောလာသည်။
" အဲ့လိုကိုး .... "
" ဟင် ... "
ယွဲ့လီ အသံကြားကြားချင်း လောထျန်းဘက် လှည့်ကြည့်လိုက်၏။
" သခင်လေးလောထျန်း ၊ ဘာတွေ သဘောပေါက်သွားလို့လဲ "
သူမ စိတ်ဝင်တစား မေးသည်။
လောထျန်း ခေါင်းညိတ်ပြ၏။
" အင်း ၊ ကျုပ် တစ်ခု သိသွားပြီ "
သူ ပြောပြီး လေထဲမှ ထွင်းစာများဘက် လက်ညိုးထိုးပြသည်။
" ဒီ အရှုပ်အထွေးနတ်ဘုရားမြို့တော်က မဖွင့်သေးတာတောင် အခု လူတွေရှေ့ကို အခွင့်ကောင်းတစ်ခု ချပေးလိုက်ပြီ "
" အခွင့်ကောင်း .. ဟုတ်လား "
ယွဲ့လီ အံ့အားသင့်သွားကာ ဖိနှိပ်အစွမ်း ထွက်လာသည့်ဘက် လှမ်းကြည့်ပြီး မျက်မှောင်ကြုံ့မိသွား၏။
" သခင်လေးလောထျန်း ၊ ဘယ်လိုအခွင့်ကောင်းမျိုး
ကို ပြောနေတာလဲရှင့် "
သူမ နားမလည်နိုင်ဘဲ မေးရှာသည်။
လောထျန်း : " အဲ့ဒီ ဖိနှိပ်အစွမ်းလေ .. "
ယွဲ့လီ အံ့အားသင့်သွားရပြန်သည်။
" ဖိနှိပ်အစွမ်း .. ဟုတ်လား ။ အဲ့ဒါ အရှုပ်အထွေးနတ်ဘုရားမြို့တော်ရဲ့ အကာအကွယ်ထွင်းစာတွေ မဟုတ်ဘူးလားရှင့် ။ အဲ့ဟာက ဘယ်လိုလုပ်ပြီးတော့ အခွင့်ကောင်း ဖြစ်လာတာလဲ "
လောထျန်း ခေါင်းယမ်းလိုက်သည်။
" အဲ့ထွင်းစာထဲမှာ အရှုပ်အထွေးအစွမ်းတွေ ပါနေတယ် ... ပါတာက နည်းတော့ နည်းတာပေါ့လေ ။ ဘာပဲဖြစ်ဖြစ် ဒီလိုထွင်းစာမျိုးက ရှားတယ် ။ ဒါကိုသာ သန့်စင်လိုက်ရင် အရှုပ်အထွေးခန္ဓာကိုယ်ကို မကျင့်ကြံနိုင်ရင်တောင် ကိုယ့်ရဲ့ ထူးခြားခန္ဓာကိုယ်
ကိုတော့ တိုးတက်အောင်လုပ်နိုင်မှာ "
" အင် ... "
ယွဲ့လီတစ်ယောက် အမှန်တကယ်ပင် အံ့သြမှင်သက်မိသွားပါတော့သည်။
ပြီးခဲ့သော ရက်များအတွင်းတွင် သူမသည် အရှုပ်အထွေးနတ်ဘုရားမြို့တော်နှင့် ပတ်သက်၍ သေချာအသေးစိတ်ကျကျ လေ့လာခဲ့ပြီး ရှာနိုင်သမျှ သတင်းအချက်အလက်များကို ရှာဖွေဖတ်ရှုထားခဲ့ပါ၏။
သို့သော်.. ၎င်းဖိနှိပ်အစွမ်းကို အခွင့်ကောင်းဟု ယူဆသည်ဟုမူ တစ်ခါလေးပင် မတွေ့ခဲ့ရပါချေ။
ထို့ကြောင့်လည်း လောထျန်း၏စကားကို သူမ သိပ်မယုံရဲဘဲ ဖြစ်နေပါသည်။
ထိုစဥ် လောထျန်းက သူ့နောက်မှ လူအုပ်ဘက်လှည့်ကြည့်ကာ ပြော၏။
" အားလုံး ... မခုခံဘဲနဲ့ ဒီဖိနှိပ်အစွမ်းထဲမှာ ပါတဲ့ အရှုပ်အထွေးအစွမ်းကို သန့်စင်ဖို့ကြိုးစားကြပါ "