← Chapters

အခန်း (၉၃၃+၉၃၄)

Vol. 65 Ch. 933+934

အခန်း (၉၃၃+၉၃၄)

Vol. 65 Ch. 933+934

Chapter 933

Strengthening Physique

" ဟုတ်ကဲ့ "

နောက်တွင် ရှိနေကြသော ပျောင်ပိုင်မြို့နှင့် ထျန်းယွမ်မြို့မှ လူများက လောထျန်းစကားကို ကြားသည်နှင့် ချက်ချင်းပြန်ပြောကြ၏။

ထို့နောက် သူတို့အားလုံး ဖိနှိပ်အစွမ်းကို ဆက်မခုခံတော့ဘဲ သူတို့၏ခန္ဓာကိုယ်ထဲသို့သာ စုပ်ယူ၍ စတင်သန့်စင်လိုက်ကြသည်။

၎င်းကို အနီးနားမှ လူများလည်း မြင်သွားပါ၏။

လောထျန်းနားလေးတွင် ရှိနေသော နှုတ်ခမ်းထော်ထော်နှင့် မျောက်မျက်နှာလို ဖြစ်နေသည့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ထိုသူများကို ကြည့်ကာ လှောင်ပြုံးဖြင့် ဆိုပါသည်။

" ဟား ဟား... မင်းတို့က ဘယ်အဖွဲ့ကတွေလဲ "

သူနှင့် မလှမ်းမကမ်းရှိ ဝူလျန်နန်းတော်မှ ဂိုဏ်းသားတစ်ယောက်က အမှန်တိုင်းပင် ဖြေ၏။

" ကျုပ်တို့က ထျန်းယွမ်ကမ္ဘာကပါ "

" ထျန်းယွမ်ကမ္ဘာ .. ဟုတ်လား.. "

သက်လတ်ပိုင်းအရွယ်လူကြီး အံ့သြသွားပုံ ပေါ်ပြီးမှ တဟားဟားအော်ရယ်သည်။

" အဲ့လိုကိုး.. မင်းတို့က အောက်ကမ္ဘာကပဲ ။ မင်းတို့ပါးစပ်က ခုလို အဓိပ္ပါယ်မရှိတဲ့စကားတွေ ထွက်နေတာ မဆန်းတော့ပါဘူးကွာ "

" အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "

ဝူလျန်နန်းတော်မှ ဂိုဏ်းသားက မျက်မှောင်ကြုံ့ရင်း ပြန်မေးသည်။

သက်လတ်ပိုင်းအရွယ်လူကြီး နှာခေါင်းရှုံ့၏။

" ဒီ အရှုပ်အထွေးတံခါးပေါက် ရှိလာတာ နှစ်ပေါင်းဘယ်လောက်တောင် ကြာပြီလဲသိရဲ့လား ။ ဒီဟာကိုသာ သန့်စင်လို့ရတယ်ဆိုရင် လူတွေမသိဘဲ ဘယ်နေမလဲကွ ။ ဟိုး ရှေးခေတ်တည်းကနေ အခုထိ ဒီဖိနှိပ်

အစွမ်းနဲ့ ရင်ဆိုင်ရရင် ထိပ်တိုက်ရင်ဆိုင်ပြိး ခုခံလို့ပဲ ရတာ ။ ကောင်လေး. .. အခု အဲ့အစွမ်းကို ခုခံဖို့ပဲ ကြိုးစားစမ်းပါကွာ ။ မဟုတ်ရင် မင်း အရှုပ်အထွေးနတ်ဘုရားမြို့တော် ဖွင့်တာကိုတောင် မြင်ရမှာမဟုတ်ဘူး "

ဝူလျန်နန်းတော်မှ ဂိုဏ်းသားမှာ လူကြီးကို အတန်ငယ်ကြာ ကြည့်နေပြီးမှ လောထျန်းဘက် လှမ်းကြည့်၍ ပြော၏။

" ကျုပ် သခင်လေးလောထျန်းကို ယုံတယ် "

သူ ပြောပြီးသည်နှင့် တင်ပျင်ခွေထိုင်၍ ကျလာနေသော ဖိနှိပ်အစွမ်းကို စတင်သန့်စင်လိုက်ပါသည်။

၎င်းကိုမြင်သော လူကြီးက မျက်မှောင်ကြုံ့၏။

" ဒီကောင်လေး .... ထားပါလေ ၊ မိစ္ဆာတွေကို အကြံကောင်းပေးလို့လဲ ဘာမှ အသုံးမဝင်ပါဘူး "

သူ ပြောကာ လောထျန်းနောက်မှ လူအုပ်ကို လျစ်လျူရှုထားလိုက်ပါတော့သည်။

ထိုစဥ်တွင် ဝူလျန်နန်းတော်မှ ဂိုဏ်းသားမှာ တင်ပျင်ခွေထိုင်ပြီး ဖိနှိပ်အစွမ်းကို သူ့ကိုယ်ထဲသို့ အဆက်မပြတ် စုပ်ယူနေပါ၏။

မကြာခင်မှာပင် သူ့ရင်ထဲသို့ မျှားပေါင်းတစ်ထောင် စိုက်ဝင်လာသည့်အလား ရုတ်တရက် ခံစားလိုက်ရပါသည်။

" အား... "

ဆိုးရွားလှသည့် နာကျင်မှုကြောင့် သူ မနေနိုင်ဘဲ အော်မိသွားကာ သူ့နှုတ်ခမ်းထောင့်မှလည်း သွေးစက်အချို့ စီးကျလာသည်။

သက်လတ်ပိုင်းအရွယ်လူကြီးက သူ့အော်သံကိုကြားပြီး လှည့်ကြည့်လာကာ လှောင်ပြုံးဖြင့် ဆိုသည်။

" အခုတော့ ဘယ်လိုလဲကွ ၊ အကြီးတွေရဲ့ အကြံပေးတာကို နားမထောင်တော့ အကျိုးဆက်ကို ခံစားနေရပြီမဟုတ်လား ။ ဒါတောင် အခုမှ အရှုပ်အထွေးတံခါးပေါက် ငါးခုထဲက ပထမတစ်ခုပဲ ရှိသေးတာနော် ။ ဒါနဲ့တောင် မင်း ဒဏ်ရာရနေမှတော့ နောက်လာမယ့် တံခါးပေါက်တွေဆို ပိုတောင်ဆိုးဦးမယ် ။ ဒီ

လောက်ကောင်းတဲ့ အခွင့်ရေးကို လက်လွတ်ရတော့မှာ.. သနားစရာပါလားကွာ "

သို့သော် ဝူလျန်နန်းတော်မှ ဂိုဏ်းသားကမူ ဘေးတွင်ရပ်၍ ပြောနေသော ထိုလူကြီး၏ လှောင်ပြောင်စကားများကို လုံးဝ လျစ်လျူရှုထားပါ၏။

သူ အစွမ်းကုန်သုံး၍သာ ဖိနှိပ်အစွမ်းကို ဆက်လက်စုပ်ယူနေသည်။

စစချင်းတွင်မူ ဖိနှိပ်အစွမ်းက သူ့ကိုယ်ထဲ တိုးဝင်လာချိန်တွင် အလွန်နာကျင်လှသဖြင့် သူ ၎င်းကို မသန့်စင်နိုင်ခဲ့ပါ ။

သို့သော် အချိန်အတန်ငယ် ကြာပြီးချိန်တွင်ကား သူ့ မာရီဒျာန်များထဲသို့ အစွမ်းတစ်ခု မသိမသာစီးဝင်နေသည်ကို သူ ရုတ်တရက် ခံစားလိုက်ရသည်။

" ဟင် ... "

ဝူလျန်နန်းတော်မှဂိုဏ်းသား အံ့အားသင့်သွားပါ၏။

၎င်းအစွမ်းမှာ အနည်းငယ်လေးသာ ဖြစ်သည့်တိုင် ထူးခြားစွာ အစွမ်းထက်လှသည်ကိုလည်း သူ ခံစားမိလိုက်ပါသည်။

ထို့နောက်တွင် သူ ၎င်းအစွမ်းအား သူ့ကိုယ်ထဲ၌ ဆယ့်နှစ်ပတ်ခန့် လှည့်လည်စေလိုက်၏။ သို့သော်.. အစွမ်း၏ ဆယ်ပုံတစ်ပုံခန့်ကိုသာ သူ သန့်စင်လိုက်နိုင်ပါသည်။

ဤမျှ အနည်းငယ်လေးသာ သန့်စင်လိုက်နိုင်သည့်တိုင် သူ့ ထူးခြားခန္ဓာကိုယ်က တိုးတက်လာသည်ကို သေချာပင် ခံစားလိုက်ရပါ၏။

သူ့ရင်ထဲသို့ မျှားပေါင်းတစ်ထောင် ဝင်စိုက်သလို ဖြစ်နေသည့် နာကျင်မှုမှာလည်း အလွန်သက်သာသွားသည်ဟု ဆိုရပါမည်။

" တကယ်ကြီး အလုပ်ဖြစ်တာပဲ ... "

ဝူလျန်နန်းတော်မှဂိုဏ်းသား အလွန်ပျော်သွားသလို အစောပိုင်းက ရှိနေခဲ့သည့် သံသယများလည်း လုံးဝ ပျောက်ကွယ်သွားတော့သည်။ ထို့နောက် သူ ဖိနှိပ်အစွမ်းကိုသာ ဆက်ပြီး သန့်စင်နေလိုက်ပါ၏။

အချိန်အတန်ကြာသွားပြီးနောက် ...

ဝီ ....

ဒုတိယမြောက် အရောင်အဝါ သူ့ကိုယ်ထဲ ထပ်ရောက်လာသည်။

" ဟား ဟား.. ကောင်းလိုက်တာကွာ "

လူငယ် အလွန်ပျော်သွားပြန်ကာ ၎င်းအရောင်အဝါကို အစွမ်းကုန်သုံး သန့်စင်လိုက်ပြန်၏။

အတွေ့အကြုံလည်း ရှိထားပြီဖြစ်သဖြင့် ဤတစ်ကြိမ် သန့်စင်ရသည်မှာ ပိုလွယ်သွားခဲ့လေပြီ ။

သူ့ဘေးတွင် ရှိနေကြသော ထျန်းယွမ်ကမ္ဘာမှ လူများမှာလည်း အလားတူပင် ဖိနှိပ်အစွမ်းကို စုပ်ယူသန့်စင်နေကြပါသည်။

သက်လတ်ပိုင်းအရွယ်လူကြီးက သူတို့လူအုပ်ကိုကြည့်ရင်း ခေါင်းယမ်းပြီး အပြုံးဖြင့် ဆို၏။

" တကယ့် အရူးတွေပါလားကွာ ။ ထားပါလေ.. ဒီ

ကောင်တွေ အခု ခံနိုင်ကြတယ်ဆိုရင်တောင် နောက်လာမယ့် တံခါးပေါက်တွေဆီက ဖိအားကို ခံနိုင်ဦးမလား ကြည့်ကြတာပေါ့ "

ထိုစဥ် တဖက်မှ လောထျန်းက ယွဲ့လီကိုလှည့်ကြည့်၍ ပြောသည်။

" မင်းလဲ သန့်စင်လေ "

" ဟင် ... "

ယွဲ့လီ မှင်သက်မိသွား၏။

လောထျန်းက အေးဆေးပင် ဆက်ပြောသည်။

" မင်းရဲ့ စိတ်ဝိဥာဥ်အစွမ်း ပါရမီက တကယ်ကိုကောင်းတယ်ဆိုပေမယ့် မင်းရဲ့ ခန္ဓာကိုယ်က အစွမ်းနိမ့်လွန်းနေသေးတယ် ။ အခု အခွင့်ကောင်းနဲ့ကြုံတုန်း မင်းရဲ့ ထူးခြားခန္ဓာကိုယ်ကို ပိုတိုးတက်လာအောင် လုပ်သင့်တယ်ကွ "

သူ့စကားကို ကြားပြီးချိန်တွင်မူ ယွဲ့လီ၏ရင်ထဲ ဒွိဟဖြစ်သွားပါသည်။

သူမ အချိန်အတန်ငယ်ကြာ တွန့်ဆုတ်နေပြီး

နောက်တွင်ကား.. အပြည့်အဝ မယုံကြည်သည့်တိုင် လောထျန်းညွှန်ကြားသလို လုပ်လိုက်ပါ၏။

ထိုသို့မလုပ်၍လည်း ရပါမည်လား ။ သူမအနေဖြင့် လောထျန်း၏စကားကို လွန်ဆန်နိုင်သည့် အခြေအနေ မရှိပါချေ။

ဤသို့ဖြင့် စစချင်းတွင်မူ သူမသည်လည်း အခြားသူများလိုပင် ဆိုရွားလှသော နာကျင်မှုကို ခံစားလိုက်ရပါသည်။

သို့သော် အချိန်အတန်ငယ် ကြာပြီးချိန်တွင်ကား သူမကိုယ်ထဲ၌ အစွမ်းတစ်ခု စီးဆင်းနေသည်ကို ခံစားလိုက်ရသည်။

" ဒါ... သခင်လေးလောထျန်းပြောတာ အမှန်တွေလား ... "

ယွဲ့လီတစ်ယောက် အံ့သြတုန်လှုပ်သွားကာ တွန့်ဆုတ်မနေဘဲ အစွမ်းကို ဆက်သန့်စင်လိုက်တော့သည်။

ထိုစဥ်မှာပင် အရှုပ်အထွေးတံခါးပေါက် ပထမတစ်ခုက လုံးဝ ပွင့်သွားခဲ့ပါ၏။

ကောင်းကင်ဘုံသားတော်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ လက်ဖြင့် အစီအမံများ လုပ်လိုက်ပြန်သည်။

ဝီ ....

နတ်ဘုရားအလင်းတန်းတစ်ခု လက်သွားကာ ပထမ အရှုပ်အထွေးတံခါးပေါက် နောက်၌ ဒုတိယမြောက် အရှုပ်အထွေးတံခါးပေါက်၏ အရိပ် တဖြည်းဖြည်းပေါ်လာ၏။

တစ်ချိန်တည်းမှာပင်...

ဝုန်း ...

ယခင်ထက် ပိုအားပြင်းသော ဖိအားတစ်ခု ကောင်းကင်ယံမှ ကျလာသည်။

ဤတစ်ကြိမ်တွင် ဖိအားဒဏ်ကို မခံနိုင်ဘဲ သွေးအန်သွားသူများ ပိုများလာပါသည်။

အချို့ဆိုလျှင် နေရာတွင်ပင် သေသွားကြပါ၏။

အရှုပ်အထွေးနိုင်ငံ၏ မြို့တော်အပြင်ဘက်၌ ရှိနေသူများထဲမှ တစ်ဝက်လောက်ပင် လက်လျှော့သွားကြပြီဟု ဆိုနိုင်ပါသည်။

ထိုစဥ် ထူးဆန်းသားရဲကြီးဘေးတွင် လက်နောက်ပစ်ရပ်နေသော လီထျန်းယွမ်က မလှမ်းမကမ်း၌ လဲကျသွားသူတစ်ယောက်ကို ကြည့်ရင်း အထင်သေးသည့်ဟန်ဖြင့် လှောင်ပြုံးပြုံး၏။

" ဟမ့်.. ဒီလို မဆိုစလောက် အစွမ်းလေးနဲ့များ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲကို ဝက်ဖို့ အိမ်မက်မက်ရဲသေးတယ် "

သူ အေးစက်စက်ဆိုသည်။

ထို့နောက် သူနှင့်အတူ ပါလာသော နောက်မှ လီမိသားစုဝင်များကို လှည့်ကြည့်လိုက်ရာ .... လူအုပ်ထဲမှ အများစုက မျက်နှာမသာမယာ ဖြစ်နေကြပြီး ဖိနှိပ်အစွမ်းအား မနည်းခုခံနေရသည်ကို မြင်လိုက်ရပါသည်။

လီထျန်းယွမ် မျက်ခုံးပင့်သွားပြီးနောက် လှောင်သံဖြ

င့်ပြော၏။

" မင်းတို့တွေ ကိုယ့်ရဲ့ ကျင့်ကြံခြင်းကို သေချာအားစိုက်ပြီး လုပ်ခဲ့သင့်တာကွာ ။ အခုတော့ လီမိသားစုကို အရှက်ခွဲနေသလိုပဲ "

တဖက်လူများ ခေါင်းကိုယ်စီ ငုံ့သွားကြရှာသည်။

လူငယ်ထဲမှ တစ်ယောက်က မျက်နှာမသာမယာဖြင့် ပြန်ပြော၏။

" ကျုပ်တို့က သခင်လေးကိုတော့ ဘယ်ယှဥ်နိုင်ပါ့မလဲဗျာ "

လီထျန်းယွမ် အေးစက်စက် နှာခေါင်းရှုံ့သည်။

" ဒါပေါ့ကွ.. ဘာကိစ္စ ယှဥ်နိုင်ရမှာလဲ "

သူ ထိုသို့ပြောပြီးနောက် မောက်မာသည့် မျက်နှာထားဖြင့် ဘေးဘီသို့ ဝေ့ဝဲကြည့်ရာ ...

သူ့မြင်ကွင်းထဲရှိ လူငယ်မျိုးဆက် အများစုမှာ ဖိအားဒဏ်ကြောင့် လဲကျလုနီးပါး ဖြစ်နေသည်ကို မြင်လိုက်ရသည်။

သူနှင့် ခပ်လှမ်းလှမ်းမှ မိုရှန့်တစ်ယောက်တည်းကသာ သူ့လို ဟန်မပျက် နေနိုင်နေပါသည်။

" ကြည့်ရတာ ဒီမှာရှိနေတဲ့ လူငယ်မျိုးဆက်ထဲမှာတော့ ငါ့ကို ယှဥ်နိုင်တဲ့သူ သူတစ်ယောက်ပဲ ရှိမယ်နဲ့တူတယ် "

လီထျန်းယွမ် တွေးမိလိုက်သည်။

ပြီးနောက် .. သူ့အကြည့် နေရာရွှေ့သွားပြီး ထျန်းယွမ်ကမ္ဘာမှ လူများဘက် ရောက်သွား၏။

" ဟင်... ဒုတိယမြောက်တံခါးပဲ ရှိသေးတာတောင် ဒီကောင်တွေက တင်ပျင်ခွေထိုင်ပြီး ခုခံနေရပြီလား ။ ကြည့်ရတာ ဒီကောင်တွေအားလုံး အသုံးကျမယ့်ပုံ မပေါ်ပါဘူး "

သူ အထင်သေးစွာဖြင့် ရေရွတ်သည်။

လက်ရှိတွင် ထျန်းယွမ်ကမ္ဘာမှ လူများအားလုံးက အမှန်တကယ်လည်း တင်ပျင်ခွေထိုင်နေကြသည် မဟုတ်ပါလား ။

၎င်းကိုသာ ခပ်လှမ်းလှမ်းမှ ကြည့်ပါက သူတို့

အားလုံး ဖိနှိပ်အစွမ်းကို အစွမ်းကုန်သုံး ခုခံနေကြသည့်ပုံနှင့် တူနေပါသည်။

သို့သော် ... သူ့အကြည့် နေရာရွှေ့ပြီး ထျန်းယွမ်ကမ္ဘာမှ လူအုပ်ရှေ့တွင် ရှိနေသော လောထျန်းကို မြင်ချိန်တွင်မူ လီထျန်းယွမ်တစ်ယောက် အံ့အားသင့်သွားရပါ၏။

" ဟင်.. ဒီကောင်က ဘယ်လိုဖြစ်လို့ အဲ့လောက်လွယ်လွယ်လေး ခုခံနိုင်နေတာလဲ "

ထိုစဥ်... လောထျန်းမှာ ပျင်းလွန်း၍ သန်း​ဝေလိုက်ပါ၏။

" ဒီကောင်က.. သန်းတောင် သန်းနေတယ် "

လီထျန်းယွမ် ဆွံ့အသွားရတော့သည်။

အမှန်တွင်မူ ဒုတိယမြောက်တံခါးပေါက်မှ ထွက်ကျလာသည့်ဖိအားမှာ အတော်လေးပြင်းသည်ဟု ပြော၍ရပါသည်။

လီထျန်းယွမ်သည် ၎င်းကို အလွယ်တကူ ခုခံနေနိုင်

သည့်တိုင်... ထိုသို့ သန်းဝေခြင်း မပြုနိုင်ပါ ။

" ဒီကောင်က မသက်ာစရာပဲ "

လီထျန်းယွမ်၏ မျက်လုံးထဲ အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။

Chapter 934

Genius Battle Illusion

လီထျန်းယွမ်တစ်ယောက် လောထျန်းအား နားမလည်နိုင် ဖြစ်နေစဥ်မှာပင် ...

ဝုန်း ...

တတိယမြောက် အရှုပ်အထွေးတံခါးပေါက် ပေါ်လာပြန်သည်။

ဝီ ...

၎င်းမှ ကျလာသည့် ဖိအားမှာလည်း ယခင်ထက် အဆများစွာ ပိုတိုးပါ၏။

၎င်းကိုမြင်သော လီထျန်းယွမ် မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။

" ယွမ်လေး ၊ ဟိုဟိုဒီဒီ လျှောက်ကြည့်မနေတော့နဲ့ "

ထိုစဥ်တွင် သူ့အဖေ ၊ လီချန်းလုံက ရုတ်တရက် ပြော

လာ၏။

" တတိယမြောက် အရှုပ်အထွေးတံခါးပေါက်ကို ရင်ဆိုင်ဖို့က အဲ့လောက်မလွယ်တော့ဘူးကွ ။ အရှုပ်အထွေးတံခါးပေါက်က ဖိအားက လူတစ်ယောက်ချင်းစီရဲ့ ကျင့်ကြံခြင်းအဆင့်ပေါ် မူတည်ပြီးကွဲတယ် ဆိုပေမယ့် နည်းနည်းလေး သတိလွတ်သွားရင်တောင် မခံနိုင်ဖြစ်သွားနိုင်တယ် "

သူ့စကားကို ကြားချိန်တွင် လီထျန်းယွမ် ချက်ချင်းခေါင်းငုံ့သွားသည်။

" ဟုတ်ကဲ့ "

ထို့နောက် သူ စိတ်ကိုငြိမ်ငြိမ်ထား၍ ဖိအားကို သေချာခုခံရန် ပြင်လိုက်ပါ၏။

သို့သော် ထိုစဥ်..

အွတ်...

သူ့ဘေးနားရှိ လီမိသားစုဝင် လူငယ်တစ်ယောက်က ရုတ်တရက် သွေးအန်သွားသည်။

" သခင်ကြီး .. ကျုပ်တော့ ဆက်မခံနိုင်တော့ဘူးဗျ ... "

ထိုလူငယ်မှာ ဒဏ်ရာအပြင်းထန် ရထားပုံပေါ်နေပါ၏။

လီချန်းလုံက လူငယ်အား အထင်သေးသည့်အရိပ်တို့ စွက်နေသော အကြည့်ဖြင့်လှမ်းကြည့်သည်။

" ဒါလေးတောင် မခံနိုင်ဘူးလား "

လီချန်းလုံ ဒေါသတကြီးပြောကာ နတ်ဘုရားလက်နက်တစ်ခု ပစ်ပေးလိုက်၏။

လူငယ်က ထို နတ်ဘုရားမသေမျိုးလက်နက်ကို လှမ်းယူ၍ ချက်ချင်းအသက်သွင်းရှာသည်။

ဝီ ...

ထို့နောက်တွင် မသေမျိုးလက်နက်မှ ဖိအားတစ်ခု ထွက်လာပြီး တတိယမြောက် အရှုပ်အထွေးတံခါးပေါက်၏ ဖိအားကို ခက်ခက်ခဲခဲ ခုခံပါ၏။

၎င်းကိုမြင်သောသူများ ဘာဖြစ်နေသည်ကို ချက်ချင်း သဘောပေါက်သွားကြသည်။

ဖိအားဒဏ်ကို ဆက်မခံနိုင်တော့သူ အချို့ကလည်း သူတို့ကိုယ်ပိုင် မသေမျိုးလက်နက်များ ကိုယ်စီထုတ်လိုက်ကြ၏။

၎င်း မသေမျိုးလက်နက်များ၏ အကူအညီကြောင့် အားလုံး မကြာခင်မှာပင် ပြန်တည်ငြိမ်သွားကြပါသည်။

ခပ်လှမ်းလှမ်းတွင် ရှိနေသည့် မိုရှန့်က လီထျန်းယွမ်ဘက် လှည့်ကြည့်ကာ ပြောလာ၏။

" လီထျန်းယွမ် ၊ မင်းရော... မသေမျိုးလက်နက်သုံးပြီး ကိုယ့်ကိုကိုယ် မခုခံဘူးလား "

လီထျန်းယွမ်က သူ့အား မျက်ခုံးပင့်၍ ပြန်ကြည့်သည်။

" ဒီလို ဘာမဟုတ်တဲ့ အရှုပ်အထွေးတံခါးပေါက် အတွက်နဲ့ ငါ့ရဲ့ မသေမျိုးလက်နက် ထုတ်သုံးရမှာ မတန်ပါဘူးကွာ ။ ဘာလဲ.. မင်းက ဖိအားဒဏ်ကို မခံနိုင်တော့ဘူးလား "

မိုရှန့် အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

" ငါက ဘာကိစ္စ မသေမျိုးလက်နက် သုံးဖို့လိုရမှာလဲ "

သူတို့နှစ်ယောက် ထိုသို့ အပြန်အလှန် အချေအတင် ပြောနေကြစဥ်မှာပင် လေထဲ၌ ထူးခြားသော အပြောင်းအလဲတစ်ခု ဖြစ်လာပါသည်။

ဝုန်း ...

ကောင်းကင်ဘုံသားတော်၏ လက်ကွက်အစီအမံများနှင့်အတူ လေးခုမြောက် အရှုပ်အထွေးတံခါးပေါက် ထပ်ပေါ်လာ၏။

၎င်း အရှုပ်အထွေးတံခါးပေါက် ပေါ်လာသည်နှင့် ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုလည်း ထပ်ပေါ်လာသည်။

ဝုန်း ....

၎င်းဖိအားက များစွာသော ပုံရိပ်ယောင်များအဖြစ်

ပင် အသွင်ပြောင်းပြီး အောက်ကျလာ၏။

" အဲ့ဒါ.. ဘာကြီးလဲ "

လေထဲတွင် ရှိနေသော အစွမ်းထက် မသေမျိုးဘုရင်တစ်ယောက်က သူ့ကို တိုက်ခိုက်လာသည့် အမျိုးသမီးပုံရိပ်ယောင်ကို ကြည့်ရင်း နားမလည်နိုင်စွာ ရေရွတ်သည်။

ထိုသို့ သူ အတွေးထဲနစ်သွားစဥ် တခဏ၌ ..

အွတ် ....

အမျိုးသမီးက သူ့အား ဓားဖြင့် တိုက်ခိုက်လာသည်။

မသေမျိုးဘုရင် ချက်ချင်းသွေးအန်ကာ သူ့ရင်ဘတ်တွင်လည်း ဓားဒဏ်ရာတစ်ခု ပေါ်လာ၏။ သူ့သွေးများလည်း လေထဲ ပြန့်ကျဲသွားပါသည်။

" ဘယ်လိုဖြစ်ပြီးတော့ .... "

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် လူများအားလုံး အံ့သြမှင်သက်ကုန်ကြ၏။

" မသေမျိုးဘုရင်အဆင့် အစွမ်းထက်ကျင့်ကြံသူ တစ်ယောက်ကတောင် ခုလိုအဖြစ်မျိုးနဲ့ ကြုံရတာလား ... "

ဘာတွေ ဖြစ်နေပါသလဲ ...

အားလုံး တုန်လှုပ်လျက် ...

ထိုစဥ်မှာပင် အရှုပ်အထွေးတံခါးပေါက်မှ ပုံရိပ်ယောင်များ များစွာထပ်ကျလာပြီး အောက်ဘက်ရှိ လူအုပ်ထံ တိုးဝင်လာကြ၏။

အဘိုးအိုတစ်ယောက်က ရုတ်တရက် အော်ပြောသည်။

" အားလုံး ... ဒီပုံရိပ်ယောင်တွေက ပြီးခဲ့တဲ့ နှစ်တွေတလျှောက်မှာ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲ ဝင်ရင်း သေသွားခဲ့ကြတဲ့ ကျင့်ကြံသူတွေရဲ့ ပုံရိပ်ယောင်တွေနဲ့တူတယ် ။ သူတို့ သေသွားပေမယ့် စိတ်ဝိဥာဥ်တွေ အသက်ရှင်ကျန်နေသေးတော့ သူတို့လဲ အရှုပ်အထွေးတံခါးပေါက်ရဲ့ အကျိုးသက်ရောက်တာကို ခံကြရတာနေမှာ။ အားလုံး သတိထားကြဟေ့ "

" အမှန်ပဲ ၊ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲမှာ သေသွားခဲ့ကြတဲ့သူတွေက အနည်းဆုံးတော့ အရှုပ်အထွေးတံခါးပေါက် ငါးခုကို ကျော်ဖြတ်နိုင်ခဲ့ကြတဲ့သူတွေပဲကွ ။ တစ်နည်းပြောရရင် သူတို့အားလုံးက ပါရမီရှင်တွေပဲ ။ ငါတို့တွေ သတိလွတ်လို့မဖြစ်ဘူး "

" ပြီးတော့ ကြည့်ရတာ.. ဒီပုံရိပ်ယောင်တွေက ကျင့်ကြံခြင်းအဆင့်ပေါ်လိုက်ပြီး တစ်ယောက်ပြီးမှတစ်ယောက် ထွက်လာတဲ့ပုံ ။ ကဲ... မသေမျိုးသခင်ကြီး အဆင့်နဲ့ အထက်ကို ရောက်ထားတဲ့ ကျင့်ကြံသူတွေအားလုံး ထွက်ပြီးတိုက်ခိုက်ကြပါ "

လူအုပ်ထဲမှ မသေမျိုးဘုရင်အဆင့် ကျင့်ကြံသူ အဘိုးအိုတစ်ယောက်က လေသံမာမာဖြင့် အော်ပြောသည်။

ထို့နောက် သူ လေထဲပျံတက်၍ မသေမျိုးဘုရင်အဆင့် ပုံရိပ်ယောင်တစ်ခုဆီ တိုးဝင်သွား၏။

ကျန် မသေမျိုးသခင်ကြီး အဆင့်နှင့်အထက် ကျင့်ကြံသူများမှာလည်း ခေတ္တမျှသာ စဥ်းစားပြီး လေထဲ

ပျံတက်လိုက်ကြသည်။

သူတို့လို အဆင့်မျိုးနှင့် ကျင့်ကြံသူများကြားတွင်သာ တိုက်ပွဲဖြစ်ပါက သူတို့ တိုက်ခိုက်မှု၏ နောက်ဆက်တွဲရလဒ်ကြောင့် လူအများစု သေသွားနိုင်သည် မဟုတ်ပါလား ။

ထိုစဥ် လီချန်းလုံက သူ့သား ၊ လီထျန်းယွမ်ဘက် လှမ်းကြည့်၍ သတိပေးစကား ဆို၏။

" သေချာသတိထားနော် "

" ဟုတ်ကဲ့ "

လီထျန်းယွမ်က ဦးညွှတ်၍ ပြန်ပြောပါသည်။

ဝုန်း ...

ထို့နောက်တွင် လီချန်းလုံသည်လည်း အခြားသူများနှင့်အတူ လေထဲ ပျံတက်သွားသည်။

ထိုအချိန် မြေပြင်၌ ရှိနေသူများမှာ မသေမျိုးသခင်ကြီးအဆင့်အောက် ကျင့်ကြံသူများသာ ....

ဝီ ....

ထို့နောက်တွင်ကား ... လေးခုမြောက် အရှုပ်အထွေးတံခါးပေါက်ရှေ့တွင် ရွှေရောင်မသေမျိုးအဆင့် ပံုရိပ်ယောင်များစွာ ပေါ်လာပြန်ပါ၏။

" ကိုယ့်လူတို့ ... ဒီ ပုံရိပ်ယောင်တွေကို အနိုင်ယူနိုင်တာနဲ့ လေးခုမြောက် အရှုပ်အထွေးတံခါးပေါက်ကို ကျော်ဖြတ်နိုင်သွားမှာကွ "

" သတ်ကြဟေ့ "

ထိုနေရာတဝိုက် ရှိနေကြသော ရွှေရောင်မသေမျိုးအဆင့် ကျင့်ကြံသူများ အော်ဟစ်ကာ ၎င်းပုံရိပ်ယောင်များကို တိုက်ခိုက်လိုက်ကြပြန်သည်။

သို့သော် .. အတန်ငယ်ကြာ တိုက်ခိုက်ပြီးချိန်မှာပင် သူတို့ အံ့သြတုန်လှုပ်သွားရပါ၏။

ထို ပုံရိပ်ယောင်များမှာ အရှုပ်အထွေးတံခါးပေါက်၏ အကျိုးသက်ရောက်မှုကို ခံနေရပြီး သူတို့နှင့်လည်း ကျင့်ကြံခြင်းအဆင့် မကွာသည့်တိုင်

....

၎င်းတို့၏ တိုက်ခိုက်စွမ်းရည်များကမူ ထူးခြားကောင်းမွန်လှပါ၏။

လူအများစုမှာ မသေမျိုးလက်နက်ကိုယ်စီ ကိုင်ထားကြသော်လည်း .. ထိုပုံရိပ်ယောင်များကသာ အသာစီးရနေပါသည်။

ထိပ်တန်းအဆင့် မသေမျိုးလက်နက် မရှိကြသည့် အချို့သော ရွှေရောင်မသေမျိုးအဆင့် ကျင့်ကြံသူအချို့ဆိုလျှင် သိုင်းကွက်အနည်းငယ်မျှသာ တိုက်ခိုက်ပြီးနောက် ပုံရိပ်ယောင်များ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ကြရပါ၏။

ပုံရိပ်ယောင်များမှာ သူတို့၏ပြိုင်ဘက်ကို သတ်ပြီးသည်နှင့် အခြားသူကို ဆက်တိုက်လိုက်ခြင်း မပြုဘဲ မီးခိုးရောင် မြူမှုန်များထဲ ပြန်လည်ဝင်ရောက် ပျောက်ကွယ်သွားကြပါသည်။

" ဟင် .... ဒီကောင်တွေက ဘာတွေလဲကွာ ။ ဘယ်လိုဖြစ်လို့ အဲ့လောက်အစွမ်းထက်နေရတာလဲ "

ရွှေရောင်မသေမျိုးအဆင့်အောက် ကျင့်ကြံသူများ

မှာ ထိုမြင်ကွင်းကို မြေပြင်မှကြည့်နေရင်း ကြောက်ရွံ့တုန်လှုပ်နေကြတော့၏။

" ဒီလောက် ပါရမီထူးတဲ့သူတွေတောင် အရှုပ်အထွေး နတ်ဘုရားမြို့တော်ထဲမှာ သေသွားခဲ့ကြတာလား ။ ဒီလိုဆို.. ငါတို့တွေ ဝင်သွားရင် ကိုယ့်ကိုယ်ကို သတ်သေသလို ဖြစ်မသွားနိုင်ဘူးလား "

လူအချို့မှာလည်း ထိုအတွေးမျိုးဝင်ပြီး စောစောစီးစီး နောက်ဆုတ်ရန် တွေးမိနေကြပါတော့သည်။

သို့သော် ထိုစဥ် ...

" ပါရမီရှင်.. ဟုတ်လား ၊ ဟမ့်.. ပါရမီရှင်က ဘယ်လိုလဲဆိုတာ ကြည့်ချင်လား "

လီထျန်းယွမ် အော်ပြောကာ သူ့ကို တိုက်ခိုက်ရန် ကြိုးစားလာသည့် ပုံရိပ်ယောင်တစ်ခုဆီသို့ ပြေးဝင်သွားလိုက်၏။

" ဟင်.. လီထျန်းယွမ်ပါလား... သူက မသေမျိုးလက်နက်လဲ မသုံးပါလား "

လီထျန်းယွမ်ကိုမြင်ပြီး အားလုံး လန့်သွားကြသည်။

မသေမျိုးလက်နက်များ သုံးနေသည့် လူများပင် ဖိနှိပ်ခံနေရချိန်၌ လီထျန်းယွမ်က မသေမျိုးလက်နက် ထုတ်မသုံးဘူးတဲ့လား ...

ထိုစဥ်..

ချွှင် ....

ဓားသံတစ်သံ ထွက်လာပြီး မိုရှန့်က လက်ထဲကိုင်ထားသော ဓားကိုပစ်ချ၍ ပံုရိပ်ယောင်တစ်ခုဆီသို့ လက်ဗလာဖြင့် ပြေးဝင်သွားပါသည်။

၎င်းကိုမြင်သော သူများအားလုံး အံ့သြပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပြန်၏။

" ကျင့်ကြံခြင်းအဆင့်တူတဲ့ ပုံရိပ်ယောင်လေးတစ်ခုလောက်ကိုတောင် လက်ဗလာနဲ့ အနိုင်မယူနိုင်ရင် ဘယ်လိုမျက်နှာမျိုးနဲ့ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲ ဝင်မှာလဲ "

မိုရှန့်က တည်တည်ငြိမ်ငြိမ် ဆိုပါသည်။

" ဒါ.... "

သူ့စကားကြောင့် လူအုပ်ကြီး မျက်နှာရဲသွားကြ၏။

ထိုလူငယ်နှစ်ယောက်မှာ မောက်မာလှပါတကား...

သို့သော်.. သူတို့နှစ်ယောက် တိုက်ခိုက်ချိန်တွင်မူ အားလုံး၏ မျက်နှာထားများ ထပ်ပြောင်းသွားကြပြန်သည်။

အဘယ့်ကြောင့်ဆိုသော် ... အစွမ်းထက် ကျင့်ကြံသူများကိုပင် ဒုက္ခပေးနေနိုင်ခဲ့သည့် ပုံရိပ်ယောင်များက သူတို့နှစ်ယောက်ရှေ့၌ လုံးဝ ဖိနှိပ်ခံနေရသောကြောင့်ပင် ။

" ကောင်းကင်ဖျက်ဆီး သိုင်းကွက်ကိုးသွယ် "

လီထျန်းယွမ် အော်ပြီး လက်ဝါးဖြင့် ရိုက်လိုက်ရာ ကြောက်မက်ဖွယ် အဖျက်အဆီး အရောင်အဝါကိုးခုက တဖက်မှ ပုံရိပ်ယောင်ထံသို့ တမဟုတ်ချင်း တိုးဝင်သွား၏။

" ဘယ်လို... ကောင်းကင်ဖျက်ဆီး သိုင်းကွက်ကိုးသွယ် တဲ့လား ။ အဲ့ဒါ လီချန်းလုံရဲ့ အထူးသိုင်းကွက် မဟုတ်ဘူးလား ။ အခု လီထျန်းယွမ်က ကျင့်ကြံခြင်းအဆင့် သိပ်မမြင့်သေးလို့သာ ... မဟုတ်ရင် သူ့သိုင်းကွက်ရဲ့အစွမ်းက လီချန်းလုံထက်တောင် ပိုသာနိုင်တယ် "

အချို့လူများမှာ လီထျန်းယွမ်၏ သိုင်းကွက်ကိုကြည့်ရင်း အံ့သြတုန်လှုပ်သွားကြသည်။

အခြားတဖက်မှ မိုရှန့်မှာလည်း သူ့နည်းတူပင် အထင်ကြီးစရာ ကောင်းသည်ဟု ဆိုရပါမည်။

" လက်တစ်ချောင်းနဲ့ ကမ္ဘာသုံးထောင်ကို ဖိနှိပ်စေ "

ချွှင် ...

သူ လက်တစ်ချက် ယမ်းလိုက်ရုံဖြင့်ပင် ဓားကမ္ဘာသုံးထောင် ရုတ်ချည်းပေါ်လာ၏။

" အဲ့ဒါ ... လီထျန်းယွမ်ကို အနိုင်ယူခဲ့တဲ့သိုင်းကွက် မဟုတ်လား ။ တကယ်ကို အစွမ်းထက်တာပဲကွာ "

အားလုံး အံ့သြကုန်ကြပြန်ပါသည်။

ထို့နောက်တွင်..

ဝုန်း ... ဝုန်း ...

အသံကျယ်နှစ်သံနှင့်အတူ လီထျန်းယွမ်နှင့် မိုရှန့်တို့ သူတို့၏ ပြိုင်ဘက်များကို တစ်ပြိုင်တည်းနီးပါး သတ်လိုက်ကြပါ၏။

စာစဉ်ပြီး၏

All Chapters