အကြွင်းကျန်နတ်ဘုရားကို နှိမ်နှင်းခြင်း၊ စီမာကျန်းနဲ့ ထပ်တွေ့ပြန်ပြီ
Vol. 5 Ch. 54
ရန်သူဖြစ်သူက ကျန်းယီမင်ရဲ့ ပြောင်းလဲသွားတဲ့ အခြေအနေကို အလိုအလျောက် သတိထားမိလိုက်သည်။
“အိုး... ဒီလိုဆေးမျိုး ရှိလိမ့်မယ်လို့ ထင်မထားမိဘူး”
ကျန်းယီမင်ရဲ့သွေးနှင့် ချီစွမ်းအင်များက မြင့်တက်လာပြီး ထိုအဖိုးကြီး အသုံးပြုခဲ့သော တိုက်ကွက်ကို တစ်ခါထဲ ဖြိုခွင်းလိုက်သည်။ သူက တစ်ရှိန်ထိုး ပျံသွားလိုက်ပြီး ကြီးမားလှတဲ့ ပုံရိပ်ယောင်ခန္ဓာကိုယ်ကြီးရဲ့ရှေ့ကို ရောက်သွားကာ လက်ဝါးရိုက်ချက် ရိုက်ချလိုက်သည်။
ဘုန်း....!
“ဟားဟား... စိတ်ဝင်စားစရာပဲကွ”
ကျန်းယီမင်ရဲ့ အစွမ်းကုန် တိုက်ခိုက်မှုသည် အရင်ကထက် တဖြေးဖြေး အဆများစွာ ကြီးထွားနေတဲ့ မူလစိတ်ဝိညာဉ်အပေါ်သို့ ကျရောက်သွားသည်။ သူ့လက်ဝါးနဲ့ ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ကျန်းယီမင်သည် အရင်က တစ်ခါမှ မကြုံဖူးတဲ့ ခံစားချက်မျိုးကို ခံစားလိုက်ရသည်။ သူရိုက်ချလိုက်တဲ့ အရာသည် ရှိသလိုလို မရှိသလိုလို ဖြစ်နေပြီး ရိုက်မိလိုက်တာက မြူခိုးများလို တိမ်တိုက်များလို ဖြစ်နေသည်။
“ခွေးသား... ငါ့ရဲ့မူလစိတ်ဝိညာဉ်ကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့လေ”
ထိုခန္ဓာကိုယ်ကြီးရဲ့ အော်ဟိန်းသံ ထွက်ပေါ်လာခဲ့သည်။ ကျန်းယီမင်ရဲ့ တိုက်ခိုက်မှုကြောင့် အဖိုးကြီးခန္ဓာကိုယ်က တုန်ခါသွားသည်။ ထိုအချက်ကြောင့် ဒီခန္ဓာကိုယ်ကြီးသည် ပိုပိုပြီး ဝါးလာခဲ့သည်။ ထိုအဖိုးကြီးသည် ခွန်အားကြီးမားသော်လည်း အနိုင်မပ်ုင်းနိုင်တဲ့ နတ်ဘုရားတစ်ပါးတော့ မဟုတ်ခဲ့ပေ။
“ဟမ့်... ခင်ဗျား တကယ်သန်မာတယ်ဆိုရင် ကျုပ်ရဲ့ ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာကို လာလုယူကြည့်လိုက်လေ”
အဘိုးကြီးရဲ့ စိတ်ဝိညာဉ်ကိုယ်ခန္ဓာသည် လက်ဖြင့်စည်းတံဆိပ်တစ်ခု ပံုဖော်လိုက်ရာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်တို့သည် သူ့ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်လာခဲ့သည်။ အခုအခါ သူက မိစ္ဆာနတ်ဘုရားတစ်ပါးနှင့်ပင် တူနေသည်။
“မိစ္ဆာကြယ်ပုံရိပ်ယောင်ကျင့်စဉ်”
ဟိန်းဟောက်သံနှင့်အတူ စိတ်ဝိညာဥ်ကိုယ်ခန္ဓာသည် မရေမတွက်နိုင်တဲ့ ကိုယ်ပွားများအဖြစ် ကွဲထွက်သွားသည်။ စိတ်ဝိညာဉ်ကိုယ်ခန္ဓာနှင့် သူ့ကိုယ်ပွားများက ကျန်းယီမင်ကို ဝိုင်းရံထားဖို့ ရည်ရွယ်ထားသကဲ့သို့ မိစ္ဆာအငွေ့အသက်များကို မှုတ်ထုတ်လိုက်ကြသည်။
“ဒါက ပုံရိပ်ယောင်သက်သက်ပဲ။ ငါ့မျက်လုံးထဲမှာတော့ ဒါတွေအားလုံးက အတုအယောင်တွေပဲ”
ထိုကဲ့သို့ ကစဥ့်ကလျားဖြစ်နေတဲ့ ကမ္ဘာငယ်လေးထဲတွင် ကျန်းယီမင်သည် ပိုမိုများပြားတဲ့ ပျက်စီးခြင်းချီနှင့် ဖျက်ဆီးခြင်းစွမ်းအားများကို သူ့ကျင့်စဉ်အတွင်း ပိုစုစည်းနိုင်စွမ်း ရှိသည်။
“ပျက်သုဥ်းခြင်းလက်ဝါး”
ကျန်းယီမင်ရဲ့ ဟိန်းဟစ်သံတွင် အကန့်အသတ်မဲ့သလို ဖျက်ဆီးခြင်းစွမ်းအားများ ပါဝင်နေသည်။ ထိုအသံနှင့်အတူ ဧရာမလက်ဝါးကြီးခြောက်ခုက ကျန်းယီမင်ရဲ့ ဘေးဖက်ကနေ ထွက်ပေါ်လာခဲ့ပြီး ဒီနေရာက အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်အလား တွန်းကန်ထွက်သွားလိုက်သည်။ ရာချီထောင်ချီသော စိတ်ဝိညာဉ်ကိုယ်ခန္ဓာများရဲ့ မျက်လုံးထဲတွင် အံ့သြမှုများနဲ့ ပြည့်နှက်သွားသည်။
‘ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အခြေတည်စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်က ခွန်းအားကို မြန်မြန်ဆန်ဆန် မြှင့်တင်ပေးနိုင်တဲ့ ဆေးလုံးတစ်လုံး သောက်လိုက်ရုံနဲ့ ဘယ်လိုလုပ်ပြီး အဆင့်တစ်ခုလုံးကို မြှင့်တက်သွားရတာလဲ။’
သူ့ရှေ့က ဧရာမလက်ဝါးကြီးများ ထွက်လာတဲ့လာပုံကို ကြည့်ခြင်းအားဖြင့် ဤသည်မှာ အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦးရဲ့ လက်ချက် သေချာပေါက် မဟုတ်ပေ။
“ခွေးသားလေး... တောက်”
အရပ်မျက်နှာအနှံ့ကနေ ကျယ်လောင်တဲ့ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး သောင်းချီတဲ့စိတ်ဝိညာဉ်ကိုယ်ခန္ဓာများသည် တစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းစည်းသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် သူတည်ဆောက်ထားတဲ့ ကမ္ဘာငယ်ကို ဆုပ်ကိုင်ထားသည့် သေးငယ်သောကြိုးမျှင်များ ဖုံးလွှမ်းထားသလို ဖြစ်နေသည်။
“မင်း ဒီနေရာကိုတကယ်ဖျက်ဆီးပစ်လိုက်ရင် မင်းအတွက် ဘာအကျိုးမှ ရှိလာမှာမဟုတ်ဘူး”
“အကျိုးမရှိမယ့်သူက ခင်ဗျား ဖြစ်သွားမှာကိုတော့ စိုးရိမ်မိသား”
ကျန်းယီမင်က သူ့စိတ်ဝိညာဉ်စွမ်းအင်များကို နောက်တစ်ကြိမ် စုစည်းလိုက်ပြီး ခေါင်းသုံးလုံး လက်ခြောက်ဖက် စိတ်ဝိညာဉ်ကိူယ်ခန္ဓာနှင့် တိုက်ခိုက်လိုက်တော့သည်။ ဟွမ်ယွမ်ဆေးလုံးရဲ့ကြောက်စရာ အာနိသင်သည် ကျန်းယီမင်ရဲ့ ဆင်ခြင်တုံတရားကို လွှမ်းမိုးလုနီးပါး ဖြစ်နေသည်။
လက်ရှိတွင် သူက ဤကမ္ဘာကို ဖျက်ဆီးပစ်ရန်သာ ဆန္ဒရှိနေသည်။ သူရဲရိုင်းစိုင်းကြမ်းတမ်းသော တိုက်ခိုက်မှုများအောက်တွင် သူ့ရှေ့မှ စိတ်ဝိညာဉ်ကိယ်ခနာဓာသည် ခုခံရင်းနှင့်ပဲ တဖြည်းဖြည်း အားနည်းလာထဲ့သည်။ ထိုအချိန်တွင် သူတို့နှစ်ဦး ရောက်ရှိနေသော ကစဥ့်ကလျား လေဟာနယ်သည် ပြိုကျပျက်စီးတော့မည့် လက္ခဏာများ ပြသလာသည်။
ဘုန်း....!
“မလုပ်နဲ့... မလုပ်နဲ့။ ငါ အခုထိကျင့်ကြံအားထုတ်လာခဲ့တာ၊ နောက်ဆုံးတော့ ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာ နဲ့ တွေ့ခဲ့ရပြီ။ မဖြစ်ဘူး... ငါ လက်မခံနိုင်ဘုန်း....”
ကျန်းယီမင်ရဲ့ ဗုံးကြဲသလို တိုက်ခိုက်မှုအောက်တွင် စိတ်ဝိညာဥ်ကိုယ်ခန္ဓာသည် ပိုမှေးမှိန်ပျောက်ကွယ်လုနီးပါး ဖြစ်လာသည်။ ကြောက်ရွံ့တုန်လှုပ်နေတဲ့ မျက်နှာထားပင် ပေါ် ပေါက်လာခဲ့သည်။
“ရပ်လိုက်... ရပ်လိုက်ပါတော့။ ဒီကနေ ထွက်ပေါက်ကို ငါပြောပြမယ်။ ရပ်လိုက်ပါ။ ဒါက ငါ့ရဲ့ နောက်ဆုံးကျန်တဲ့ မူလစိတ်ဝိညာဉ် အပိုင်းအစလေးပါ။ မင်း အဲ့ဒါကို မဖျက်ဆီးလိုက်ပါနဲ့။ မလုပ်ပါနဲ့။ ငါ့မှာရှိတာ အကုန်ပေးပါ့မယ်။ ရပ်လိုက်ပါကွာ”
ထိုစကားကို ကြားလိုက်ရသဖြင့် ကျန်းယီမင် နောက်ဆုံးတွင် ရပ်လိုက်သည်။
“ပေးစမ်း”
မည်သို့ပင်ဆိုစေကာမူ သူသည် ရတနာရှာရန် လာခြင်းသာဖြစ်လို့ လိုအပ်တာကို အရင်ရယူရန်က အရေးကြီးဆုံးဖြစ်သည်။ စိတ်ဝိညာဉ်ကိုယ်ခန္တာ သည် တစ်ခုခုကို ပါးစပ်မှ ထွေးထုတ်လိုက်ရာ ကျန်းယီမင်ရဲ့ ရှေ့သို့ တဖြည်းဖြည်း လွင့်မြောလာလိုက်သည်။
“ဒါက ဝိညာဉ်ချုပ်ထောင်ပါ။ သေခါနီး ရန်သူရဲ့ ဝိညာဉ်ကို ဖမ်းချုပ်ပြီး နာကျည်းဝိညာဉ်အဖြစ် သန့်စင်ဖို့ သုံးလို့ရတယ်။ အဲ့ဒီကနေ စိတ်ဝိညာဉ်စွမ်းအင်ကို ရယူနိုင်ပြီး မင်းရဲ့ ကျင့်ကြံမှုကို အထောက်အကူပြုလိမ့်မယ်”
ကျန်းယီမင်က မျက်မှောင်ကြုတ်လိုက်သည်။ ပစ္စည်းက တော်တော် ရက်စက်ယုတ်မာပုံရသည်။ သူ လက်ခံယူလိုက်ရင်တောင် အသုံးပြုရဲမည် မထင်ပေ။
“ဒါကတော့ ခရမ်းရောင်ကောင်းကင် နှလုံးသားကျင့်စဉ်ပါ”
ကျန်းယီမင် ခေါင်းညိတ်လိုက်သည်။ ဒီအရာက တော်တော်လေး အသုံးဝင်ပုံရသည်။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာနှစ်ခုလုံးကို ကျင့်ကြံရန်အတွက် မိမိနှလုံးသားကို ကျင့်ကြံရန် လိုအပ်သည်။ ဒီအရာကို ယူဆောင်ပြီး ဂိုဏ်းသို့ ပြန်နိုင်ခဲ့လျှင် ဒီခရီးစဉ်ကနေ တစ်စုံတစ်ခု အမြတ်ထွက်တယ်လို့ ဆိုနိုင်ပေသည်။
“ဒါက အရိုးစားသုံးဓားပါ။ ဒီဓားကို ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်နဲ့ ထုဆစ်ထားတာပါ။ လူတစ်ယောက်ကို ဒီဓါးနဲ့ ဒဏ်ရာရစေခဲ့ရင် အဲ့ဒီလူရဲ့ သွေးအနှစ်သာရကို စုပ်ယူပြီး သခင်ဖြစ်သူကို ပေးပါလိမ့်မယ်။ ဒါကလည်း အလွန်အန္တရာယ်များတဲ့ လက်နက်ပါပဲ”
သူ့ရှေ့မှလူသည် မသေဆုံးခင်က အလွန်စွမ်းအားကြီးခဲ့သော်လည်း သူပိုင်ဆိုင်တဲ့ ပစ္စည်းများမှာမူ အများအားဖြင့် မိစ္ဆာလမ်းစဉ်လိုက်တဲ့ ပစ္စည်းများသာ ဖြစ်နေသည်။
“ငါ့ပစ္စည်းတွေ အကုန်လုံး... မင်း... မင်းနဲ့ ငါနဲ့က ကျင့်ကြံသူချင်း အတူတူပဲလေ။ ဘယ်လိုလုပ် ကတိမတည်ရတာလဲ”
ကျန်းယီမင်က မျက်မှောင်ကြုတ်လိုက်သည်။
‘သူက နေရာမှာတင် ငြိမ်ငြိမ်လေး ရပ်နေတာကို ဒီအဖိုးကြီးက ဘာလို့ သူ ကတိမတည်ဘူးလို့ ပြောနေရတာလဲ။’
ကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်သံနှင့်အတူတူ ဒီစဥ့်ကလျား လေဟာနယ်အတွင်းရှိ အရာအားလုံးက ရူးသွပ်သွားသကဲ့သို့ တုန်ခါသွားသည်။
‘ဘာတွေ ဖြစ်နေတာလဲဟ။’
သူ့ရှေ့က စိတ်ဝိညာဉ်ကိုယ်ခန္ဓာသည် ပိုပြီးမြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားနေပြီး လက်တစ်ဖက်က သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းကာ အရိုးစားဓားကို လုယူသွားလိုက်သည်။
‘ဒီနေရာမှာ သူတစ်ယောက်တည်း ရှိနေတာ မဟုတ်ဘူးလား။’
မူလစိတ်ဝိညာဉ် အပိုင်းအစလေးဖြင့် ဖွဲ့စည်းထားသော စိတ်ဝိညာဥ်ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အဖြူရောင် အရိုးစုတစ်ခုအဖြစ် ပြောင်းလဲကာ ချောက်နက်ထဲသို့ ပြုတ်ကျသွားခဲ့သည်။
‘ဒါက သူတော်စင်ရဲ့ ရုပ်ကြွင်းပဲ။ ဒီကမ္ဘာငယ်လေးကို သူ ဖန်တီးခဲ့တာ။ တကယ်လို့ ဒီကမ္ဘာ လုံးဝမပျောက်ကွယ်ခင် ရုပ်ကြွင်းကို သူမရယူနိုင်ခဲ့ရင် သူလည်း ဒီကမ္ဘာထဲမှာ ပျောက်ဆုံးသွားရလိမ့်မယ်။’
ကျန်းယီမင် အကျိုးဆက်များကို အများကြီး ဆက်မတွေးရဲတော့ပေ။ ခန္ဓာကိုယ်ကို အားယူလိုက်ပြီး ရုပ်ကြွင်းကို ရယူရန် ချောက်နက်ထဲသို့ ခုန်ဆင်းလိုက်သည်။
‘ကျစ်... ငါသာ ထပ်ပြီးဆက်နေနေဦးမယ်ဆိုရင် တဖြည်းဖြည်း ပျောက်ကွယ်နေတဲ့ ဒီကမ္ဘာထဲမှာ မြှုပ်နှံခံရတော့မယ်။’
ရုပ်ကြွင်းကို ကောက်ယူလိုက်ချိန်တွင် ဘေးကိုသေချာကြည့်ရန် အချိန်မရတော့ပေ။ အခုအချိန်တွင် သူတတ်နိုင်သည်မှာ ဒီကစဥ့်ကလျား ကမ္ဘာငယ်ထဲကနေ အမြန်ဆုံး ပျံသန်းထွက်ခွာသွားရန်သာ ဖြစ်သည်။
“မင်းပါလား”
ကျန်းယီမင် ပျံသန်းထွက်ခွာလာပြီးနောက် နောက်ဆုံးတွင် မူလကမ္ဘာသို့ ပြန်လည်ရောက်လာခဲ့သည်။ ဟွမ်ယွမ်ဆေးလုံးရဲ့ ဆေးအာနိသင်က ကုန်ဆုံးသွားပြီဖြစ်လို့ သူ့ခန္ဓာကိုယ်ထဲကနေ အားအင်အနည်းငယ်မျှပင် ထုတ်ယူလို့ မရနိုင်တော့ပေ။ လူသူကင်းမဲ့တဲ့ လွင်ပြင်ကြီးထဲတွင် မတ်တတ်ရပ်နေရတာကိုပင် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ သို့သော် ခေါင်းမော့ကြည့်လိုက်သောအခါ တစ်ဖက်လူမှာ ဒီနေ့မှ သူတွေ့ခဲ့သော စီမာကျန်း ဖြစ်နေတာကို တွေ့လိုက်ရသည်။
“ဒီနေ့ ငါတို့ လမ်းခွဲပြီးတဲ့နောက် မင်း ဂိုဏ်းကနေ အလောတကြီး ထွက်လာတာ ငါတွေ့လိုက်တယ်။ ဒါကြောင့် မင်းနောက် လိုက်ခဲ့တာ။ မင်းရဲ့ အသက်ရှုတာ ဖုံးကွယ်တဲ့နည်းက ကျင့်ကြံမှုနိမ့်တဲ့သူတွေအတွက် အသုံးဝင်ကောင်း ဝင်နိုင်ပေမဲ့ ငါ့အတွက်တော့ ဘာမှမဟုတ်ဘူး”
“ခင်ဗျား ဘာလိုချင်လို့လဲ”
“ငါ ထင်မထားမိဘူး ကောင်လေး။ မင်းက သူတော်စင်တစ်ယောက်ရဲ့ နယ်မြေကို ရှာတွေ့လိမ့်မယ်လို့ ထင်မထားဘူး။ မင်းမှာ အရည်အချင်းတချို့ ရှိပုံပဲ။ ဟိုအရူးနဲ့ တိုက်ခိုက်ပြီး သူ့ရဲ့အနှစ်သာရချီစွမ်းအင်တွေကို မင်း ဖြုန်းတီးပစ်လိုက်တဲ့ ကျေးဇူးကြောင့် ငါက ဒီရတနာကို ရလိုက်တာပဲ။ ငါ့ခရီးစဉ်က အလကား မဖြစ်တော့ဘူးပေါ့... ဟားဟား....”
စီမာကျန်းက အရိုးစားသုံးဓားကို ကိုင်လျက် သေသေချာချာ ကြည့်နေရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်သည်။
“ငါ ဘာလိုချင်လဲ ဟုတ်လား။ ငါ ဘာလိုချင်လဲဆိုတာ မင်း ကောင်းကောင်း သိပါတယ်။ ရှန့်ကွမ်းချင်ယန်က တကယ်တမ်း စစ်တုရင်နယ်ရုပ် တစ်ရုပ် သက်သက်ပါပဲ။ အခု မင်းပြန်သွားပြီး သူ့ကို လက်လွှဲပေးလိုက်ရင် အားလုံး အဆင်ပြေသွားမှာပါ”
“ငါက ငြင်းမယ်ဆိုရင်ရော”
“ဟား... လင်းယွင်ဂိုဏ်းချုပ်။ မင်းရဲ့ လက်ရှိအခြေအနေနဲ့ ငါ့ကို တိုက်ချင်နေတာဆိုရင် မင်း အိမ်မက်မက်နေတာပဲ ဖြစ်မယ်။ မင်း ဒီနေရာမှာ အသက်ဆုံးရှုံးသွားရင် မင်းရဲ့ဂိုဏ်းလည်း ပျောက်ကွယ်သွားလိမ့်မယ်။ အကျိုးအပြစ်ကို မင်း ချင့်ချိန်တတ်မယ်လို့ ငါထင်ပါတယ်”
ကျန်းယီမင်ရဲ့ မျက်လုံးများ အေးစက်သွားသည်။ ထို့နောက် သူကလက်နှစ်ဖက်စလုံးကို ယူလာတဲ့ရုပ်ကြွင်းပေါ်တွင် တင်လိုက်ပြီး အတွင်းက လက်ကျန်စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်သည်။ စီမာကျန်းရဲ့မျက်နှာတွင် ထိတ်လန့်မှုများနဲ့ ပြည့်နှက်သွားပြီး အော်ဟစ်လိုက်သည်။
“မင်း သေချင်နေတာလား။ မိစ္ဆာကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီး ခန္ဓာကိုယ် ပေါက်ကွဲသေမှာကို မင်း မကြောက်ဘူးလား”
“ငါ ကျန်းယီမင်က ယုတ်မာတဲ့အလုပ်ကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ရှန့်ကွမ်းချင်ယန်ကို မင်း ခေါ်သွားလို့ မရဘူး”
ရူးသွပ်သွားတဲ့ မိစ္ဆာကျင့်ကြံသူရဲ့ လက်ကျန်စိတ်ဝိညာဉ်ချီစွမ်းအင်များက အဆက်မပြတ် စုပ်ထုတ်ခံနေရပြီး ကျန်းယီမင်ရဲ့ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခဲ့သည်။ ထိုအရာကြောင့် သူ့ရဲ့ကျင့်ကြံမှုအဆင့် သည် အဆင့်တက်လာတော့မည့် အရိပ်အယောင်များ ပြသလာခဲ့သည်။
“အရူး... အရူး...။ မင်းက အခြေတည်စိတ်ဝိညာဥ်အဆင့်မှာပဲ ရှိသေးတာ။ မင်းခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ ရှန့်ကွမ်းချင်ယန် တစ်ယောက်တည်းအတွက်နဲ့ကွာ။ သူက အမှိုက်ပဲကွ၊ သူ့အတွက်နဲ့ မင်းဒီလောက်ထိ လုပ်စရာ မလိုဘူး”
စီမာကျန်းရဲ့ မျက်နှာတွင် ကြောက်ရွံ့ ထိတ်လန့်မှုများ ပြည့်နှက်နေပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို ဘယ်သူမဆို ခံနိုင်ရည်ရှိကြတာ မဟုတ်ပေ။ အကယ်၍ ကျန်းယီမင်သာ တကယ်တမ်း ပေါင်းစပ်နိုင်သွားခဲ့ရင် သူ့ကျင့်ကြံမှုက ဘယ်လောက်တိုးတက်သွားမလဲ ဆိုတာကို ဘယ်သူကမှ မသိနိုင်ချေ။