မွေးဖွားခြင်းအဆင့် နှစ်ယောက်ကြားက တိုက်ပွဲ
Vol. 5 Ch. 56
ရှောင်ယီအစီအရင်သည် ကျန်းယီမင်ကို ဆက်တားဆီးထားနိုင်စွမ်း မရှိတော့ပေ။ အကယ်၍ ကျန်းယီမင်သာ ဒီအစီအရင်ကို ဖျက်ဆီးလိုက်ပါက အစီအရင် ပျက်စီးသွားတာ နောက်မှ၊ အစီအရင်ကို ခင်းလိုက်သူအနေဖြင့် သူပါသေချာပေါက် ထိခိုက်မှု ရှိလာလိမ့်မည်။ ထို့ကြောင့် စီမာကျန်းက မိမိကိုယ်ကို ထိခိုက်မှုမရှိစေရန်အတွက် အစီအရင်ကို ပြန်ရုပ်သိမ်းရန်မှလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ပေ။
ကျန်းယီမင်ရဲ့ နောက်ကျောဘက်တွင် ကြီးမားလှတဲ့ ဗုဒ္ဓရုပ်ပွားကြီးက ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
ထိုမိစ္ဆာဗုဒ္ဓရဲ့ အသွင်အပြင်သည် ကမ္ဘာကြီးကို ဖျက်ဆီးပစ်တော့မလို ဖြစ်နေသည်။
စီမာကျန်း ကြောင်အသွားသည်။ သာမန် အဆင့် ၅ ဂိုဏ်းလေးတစ်ခုရဲ့ ဂိုဏ်းချုပ်က ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ ကျင့်စဉ်ကို တတ်မြောက်ထားရသလဲ ဆိုတာ သူနားမလည်ဖြသ်နေသည်။
သူ ကြောင်နေစဉ်မှာပင် ကျန်းယီမင်က စိတ်ဝိညာဉ်စွမ်းအင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဗုဒ္ဓရုပ်ပွားရဲ့ ကိုယ်ထဲသို့ ဝင်ရောက်သွားလိုက်သည်။ ဧရာမ လက်ဝါးကြီးတစ်ချက် ရိုက်ချလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်က စုတ်ပြဲသွားသလို ဖြစ်နေသည်။
"ခွေးကောင်"
စီမာကျန်းက ဒေါသတကြီး ဆဲဆိုလိုက်သည်။ သူက ကျန်းယီမင် နောက်ကိုလိုက်ပြီး အကျိုးအမြတ်ရယူနိုင်မယ်ဟု ထင်ခဲ့မိသည်။ အခုတော့ သူကိုယ်တိုင် ပြဿနာတက်မည့်ကိစ္စကို ကိုယ်တိုင် ရှာကြံမိသလို ဖြစ်နေလေသည်။ စီမာကျန်းသည် သူ့ဓားပေါ်တက်ကာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး ထိုလက်ဝါးရိုက်ချက်ကို ရှောင်တိမ်းလိုက်သည်။
ဘုန်း...!
ဧရာမ ဗုဒ္ဓလက်ဝါးကြီးက မြေပြင်ပေါ်ကို ရိုက်ချလိုက်သည်နှင့် သဲကန္တာရမြေပြင်သည် တစ်လက်မချင်းစီ ကွဲအက်သွားခဲ့သည်။ အကယ်၍ ထိုလက်ဝါးကြီးသာ စီမာကျန်းရဲ့ ခေါင်းပေါ်ကို ရိုက်ခဲ့လိုက်ပါက သူလည်း ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားလောက်သည်။ စီမာကျန်း ခေါင်းမော့ကြည့်လိုက်သောအခါ ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ ပါးစပ်က ပွင့်ဟလာပြီး ဖျက်စီးခြင်း ချီစွမ်းအင်များက ဒလဟော ထွက်ပေါ်လာတာကို တွေ့လိုက်ရသည်။
ပေါက်ကွဲသံတစ်သံနှင့်အတူ မြေပြင်ပေါ်တွင် တွင်းကြီးတစ်တွင်း ဖြစ်လာပြန်သည်။ ပေါက်ကွဲမှုရဲ့ စွမ်းအားသည် အခြေတည်စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်သည့် စွမ်းအားအောက် မလျော့နည်းပေ။
"ဟွန်း... မင်းက အခွင့်ကောင်းရပြီး မွေးဖွားခြင်းအဆင့်ကို ရောက်ခဲ့တာ။ ငါ့ကို ယှဉ်နိုင်မယ့် ပြိုင်ဘက် မဟုတ်ဘူးကွ။ ဒီနေ့ ငါ့ရဲ့စစ်မှန်တဲ့ အစွမ်းတွေကို ထုတ်ပြပြီး မွေးဖွားခြင်းအဆင့်ရဲ့ စစ်မှန်တဲ့ ခွန်အားက ဘာလဲဆိုတာ မင်းကို ပြမယ်"
ထိုသို့ပြောပြီးနောက် စီမာကျန်းသည် သူ့ခြေထောက်အောက်က ဓားကိုရုတ်တရက် ဆွဲထုတ်လိုက်ပြီး သူ့ရှေ့တွင် ထားလိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင်များကို ဓားထဲသို့ ထည့်သွင်းလိုက်ရာ ဧရာမဓားကြီးအဖြစ် အဆတစ်ရာခန့် ကြီးလာခဲ့သည်။ နောက်ဆုံးတွင် ထိုဓါးက ဧရာမဗုဒ္ဓရုပ်ပွားနှင့် အရွယ်အစားချင်း တူညီသွားလေသည်။
"အမုန်းတရားဓား... ထွက်သွားစမ်း"
ဧရာမဗုဒ္ဓရုပ်ပွားသည် အသက်ကို ရှူသွင်းလိုက်ပြီး ပြန်လည်ရှူထုတ်လိုက်သည်။ ချီစွမ်းအင်လှိုင်းနှစ်ခုက လေထဲတွင် ထိပ်တိုက်တွေ့ဆုံသွားကြသည်။ ချီစွမ်းအင်လှိုင်းနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲသည် မြေပြင်တစ်လျှောက်ကို လျင်မြန်စွာ ပျံ့နှံ့သွားသည်။ အနီးနားရှိ တောင်များက ချက်ချင်းပင် ထက်ပိုင်းပြတ်သွားကြသည်။
ဤသည်မှာ မွေးဖွားခြင်းအဆင့် ကျင့်ကြံသူများကြားက စစ်မှန်သောတိုက်ပွဲပင် ဖြစ်သည်။ ထိုအပြန်အလှန် တိုက်ခိုက်လို့ပြီးသွားတဲ့နောက် ဓားနှင့် ဗုဒ္ဓသည် စွမ်းရည်ချင်းတူညီနေကြပြီး သရေကျသွားခဲ့သည်။
စီမာကျန်းရဲ့ မျက်လုံးများ သွေးချင်းချင်း နီသွားခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဒီရလဒ်ကို သူလုံးဝလက်မခံနိုင်ပေ။ သူ့ပြိုင်ဘက်ရဲ့ ကျင့်ကြံမှုသက်တမ်းသည် သူ့သက်တမ်းရဲ့ ဆယ်ပုံတစ်ပုံအောက်ပင် နည်းပါးပေမယ့် ဘာကြောင့် သူ့နဲ့ ရင်ပေါင်တန်းနိုင်လောက်အောင် စွမ်းအားကြီးနေရတာလဲ။ သူ့အသက်ရှူနှုန်းကို ထိန်းညှိပြီးနောက် စီမာကျန်းက သူ့နောက်ကျောမှနေ တခြားဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။
ထိုဓားသည် သူတော်စင်ရုပ်ကြွင်းကနေ သူလုယူထားခဲ့သော အရိုးစားဓားပင် ဖြစ်သည်။ ဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ကို လွှမ်းခြုံထားတဲ့ ဧရာမဗုဒ္ဓရုပ်ပွားထံမှ ထွက်ပေါ်နေတဲ့ ဖျပ်စီးခြင်းချီစွမ်းအင်က ထက်ဝက်ခန့် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ ထိုအစား သွေးအရှိန်အဝါတစ်ခုက အစားထိုး ဝင်ရောက်လာခဲ့သည်။
"ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဒီလို မိစ္ဆာပစ္စည်းမျိုးနဲ့ မညစ်ညမ်းသင့်ဘူး"
စီမာကျန်း သူ့ရှေ့က ဓားကို ကြည့်လိုက်သည်။ ဒီဓားကို သတ္တုတွေနဲ့ လုပ်ထားခြင်း လုံး၀မဟုတ်ပေ။ ထိုအစား ကျင့်ကြံရှင် သို့မဟုတ် သားရဲတစ်ကောင်ကောင်ရဲ့ ကျောရိုးဖြင့် တိုက်ရိုက်လုပ်ထားခြင်း ဖြစ်နိုင်သည်။ ဓားကိုယ်တိုင်ကပင် အလွန်ကြမ်းတမ်းရက်စက်တဲ့ အရာတစ်ခု ဖြစ်သည်။ ထို့အပြင် ဒီဓါးသည် လူပေါင်းများစွာရဲ့ အသက်နှင့် သွေးများ စွန်းထင်းနေသော အရာဖြစ်သည်။
သူ့လက်နှင့် ထိတွေ့လိုက်တာနှင့် တစ်ပြိုင်နက် ဝမ်းနည်းကြေကွဲဖွယ်ရာ အသံပေါင်းများစွာ သူ့စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။ ဓားနှင့် ထိတွေ့နေတဲ့ သူ့အရေပြားသည်ပင် ချက်ချင်းစုတ်ပြဲသွားသည်။ ဤသည်မှာ သူ့သွေးများကို ရူးသွပ်စွာ စုပ်ယူနေတဲ့ အရိုးစားဓားရဲ့လက်ချက်ပင် ဖြစ်သည်။ သူ့သွေးများကို စားသောက်ပြီးနောက် ဓားတစ်လက်လုံးတွင် အနီရောင်ကနုတ်ကွက်များ ထွက်ပေါ်လာပြီး အသိစိတ် ဝင်လာသကဲ့သို့ ဖြစ်နေသည်။
သူအနေနဲ့ အားစိုက်ထုတ်စရာ လိုပုံပင်မရ။ အရိုးစားဓားကိုယ်တိုင်က သွေးဆာနေတဲ့ သားရဲတစ်ကောင်လို ဖြစ်နေသည်။ ဒီကမ္ဘာကသက်ရှိများကို ဖျက်ဆီးလိုစိတ်ဖြင့် သူ့လက်ထဲကနေ ထွက်သွားရန်ပင် ဆန္ဒပြင်းပြနေပုံရသည်။ လျှို့ဝှက်မန္တန်တချို့က စီမာကျန်းရဲ့ စိတ်ထဲသို့ ဝင်ရောက်လာသည်။
"ဝိညာဉ်စား ဓားသိုင်းကျင့်စဉ်!"
စီမာကျန်း ခေါင်းပြန်မော့လိုက်သောအခါ သူ့မျက်လုံးများက သွေးလိုနီနေသည်။
ကျန်းယီမင်သည် ယခုအခါ ဧရာမဗုဒ္ဓရုပ်ပွားနှင့် တစ်သားတည်း ဖြစ်နေသည်။ ထိုအခိုက်အတန့်တွင် သူပိုင်ဆိုင်ထားတဲ့ မူလကဖိအားများ ထက်ဝက်ခန့်သည် ချက်ချင်း လုယူခံလိုက်ရသည်။
"ဟမ့်... ဒီဓားရဲ့အနှစ်သာရကို ငါသဘောပေါက်သွားပြီ။ မင်းအသက်ကို ပေးလိုက်ပေတော့"
စီမာကျန်းသည် ပုံရိပ်ယောင်တစ်ခုအသွင် ပြောင်းလဲသွားခဲ့သည်။ ဓားကိုကိုင်လျက် ဧရာမဗုဒ္ဓရုပ်ပွားဆီသို့ ပြေးဝင်သွားလိုက်သည်။
"အဲ့ဒီတော့ ဘာဖြစ်လဲ။ ဒီနေ့ ငါ့ရဲ့မိစ္ဆာဗုဒ္ဓက သာမလား၊ မင်းရဲ့ ယုတ်မာတဲ့ဓားက သာမလား ကြည့်ကြသေးတာပေါ့"
ဧရာမဗုဒ္ဓရုပ်ပွားကြီး ပြောလိုက်တဲ့ စကားတစ်လုံးချင်းစီတိုင်းတွင် ကောင်းကင်ယံမှ ကြယ်များက မှေးမှိန်သွားသယောင် ရှိနေသည်။ စီမာကျန်းသည် ဧရာမဗုဒ္ဓရုပ်ပွားရဲ့ ရင်ဘတ်ရှေ့တွင် ပေါ်ထွက်လာပြီး အရိုးစားဓားနဲ့ ရင်ဘတ်ကို ထိုးစိုက်ချလိုက်သည်။ ဧရာမဗုဒ္ဓရုပ်ပွားသည် လက်အုပ်ချီလိုက်သည်။
'စီမာကျန်းက သူ့ကိုယ်သူ အရမ်းအထင်ကြီးနေတာ မဟုတ်ဘူးလား။ သူ့ရှေ့မှာ လာပြီး ကိုယ်ထင်ပြရဲတယ်ပေါ့။'
သို့သော် ဧရာမဗုဒ္ဓရုပ်ပွားရဲ့ လက်ဝါးနှစ်ဖက်ကြားတွင် တစ်စုံတစ်ခုကို ချေမွလိုက်ရသည့် အထိအတွေ့မျိုးကို ကျန်းယီမင် မခံစားလိုက်ရပေ။ ထိုအစား ထက်ရှသော လက်နက်တစ်ခုနဲ့ အထိုးခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ့စိတ်ဝိညာဉ်စွမ်းအင်များကို ထိုထက်ရှတဲ့ လက်နက်ကြီးက စုပ်ယူနေသလိုပင် ခံစားနေရသည်။
ကျန်းယီမင်သည် လက်အုပ်ချီထားရာမှ အလျင်အမြန် ခွာလိုက်ရသည်။ စီမာကျန်းရဲ့ လက်ထဲရှိ အရိုးစားဓားထံသို့ အနက်ရောင်ချီစွမ်းအင်များကို ဒဏ်ရာမှတစ်ဆင့် အဆက်မပြတ် စုပ်ယူခံနေရသည်။ သူ့လက်ဝါးများသည်လည်း ဝေဝါးလာနေသည်။
"ဟားဟားဟားဟား... အရိုးစားဓား လက်ချက်နဲ့ သေရတာကိုက မင်းအတွက် ဂုဏ်ယူစရာတစ်ခုလို့ သတ်မှတ်သင့်တယ်။ ခုနက မင်းစုပ်ယူထားတဲ့ လက်ကျန်ချီစွမ်းအင်တွေကို ငါ့ကျင့်ကြံမှုအတွက် ပြန်လည်ပေါင်းစပ်လိုက်ရင် ဘယ်လိုနေမယ် မင်းထင်လဲ"
စီမာကျန်းက ရယ်မောလိုက်ပြီး အရိုးစားဓားကို ဧရာမဗုဒ္ဓရုပ်ပွားရဲ့ ရင်ဘတ်ထဲသို့ ထပ်ထိုးစိုက်လိုက်သည်။ ဧရာမဗုဒ္ဓရုပ်ပွားသည် ဆက်လက်မခုခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ မြေပြင်ပေါ်သို့ လဲကျပြီးနောက် ဧရာမဗုဒ္ဓရုပ်ပွားသည် ကျုံ့ဝင်သွားပြီး စိတ်ဝိညာဉ်စွမ်းအင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ နောက်ဆုံးတွင် လူငယ်လေးတစ်ဦးရဲ့ ခန္ဓာကိုယ်အဖြစ် ပြန်လည်ရောက်ရှိသွားသည်။
"ဟားဟားဟားဟား... ဟိုကျင့်ကြံရှင်ကြီးရဲ့ ရုပ်ကြွင်း ပျောက်သွားတာတော့ နှမြောစရာပဲ"
ဧရာမဗုဒ္ဓရုပ်ပွား လုံးဝပျောက်ကွယ်သွားသောအခါ စီမာကျန်းသည် ယုတ်မာတဲ့အသံနဲ့ ရယ်မောလိုက်ပြီး ကျန်းယီမင်ရဲ့ရှေ့ကို ယိမ်းထိုးပြီး ရောက်လာသည်။ သူ့လက်ထဲမှ အရိုးစားဓားသည် ရန်သူရဲ့ လည်ပင်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်သည်။
"ဟူး... မင်းက မငယ်တော့ပေမဲ့ ငါ့အကြံဉာဏ်ကို နားထောင်သင့်တယ်။ မိစ္ဆာလမ်းစဉ်ရဲ့ အချိုသာကို မြည်းပြီးတဲ့နောက် ရုန်းမထွက်နိုင်တော့ရင် မင်းလည်း သေချာပေါက် ငါ့လိုပဲ ထာဝရကျိန်စာသင့်တဲ့ ဘဝရောက်သွားလိမ့်မယ်"
ထိုအရေးကြီးသော အခိုက်အတန့်တွင် ဝိညာဉ်တစ်ခုသည် ကျန်းယီမင်ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ ဓားသွားကို ရင်ဆိုင်လျက် ထိုဝိညာဉ်သည် လက်ဆစ်များဖြင့် ဖွဖွလေးခေါက်လိုက်ရာ အရိုးစားဓားသည် ထိန်းချုပ်မရနိုင်လောက်အောင် တုန်ခါသွားသည်။
"မင်း... မင်းက ခုနကမှ မင်းဖန်တီးထားတဲ့ ကမ္ဘာထဲမှာ ပျောက်သွားတာ မဟုတ်ဘူးလား။ မင်းရဲ့ နောက်ဆုံးကျန်တဲ့ မူလစိတ်ဝိညာဉ် အပိုင်းအစကို ငါကိုယ်တိုင် ဖျက်ဆီးပစ်လိုက်တာလေ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
စီမာကျန်း အလန့်တကြား အော်ဟစ်လိုက်မိသည်။ သူ့ရှေ့မှဝိညာဉ်သည် ခုနကသွေးကမ္ဘာရဲ့ ပိုင်ရှင်ပင် ဖြစ်သည်။
"ဟဲဟဲ... မင်းကသာ အရိုးစားဓားကို မသုံးခဲ့ရင် ငါ့ရဲ့ လက်ရှိခွန်အားနဲ့ဆို ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းကဒီလမ်းကြောင်းကို ရွေးချယ်ခဲ့တာကိုး။ မင်းလမ်းမှားရောက်သွားတာကို ငါဘယ်လိုလုပ် ကြည့်နေနိုင်မှာလဲ"ဟု အဖိုးကြီး ရယ်မောလိုက်သည်။
"ထွက်လာစမ်း"
ထိုအဖိုးကြီး အမိန့်ပေးလိုက်သည်နှင့် အရိုးစားဓား အတွင်းမှ ထိန်းမရနိုင်တဲ့ နာကျည်းမှုများက အပြင်သို့ ထွက်ပေါ်လာပြီး စီမာကျန်းရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။
"မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး။ ဒီဓားက ငါ့သွေးအနှစ်သာရကို စုပ်ယူထားပြီးသားလေ။ ဘယ်လိုလုပ် ငါ့ထိန်းချုပ်မှုအောက်မှာ မရှိတော့တာလဲ"
"မိစ္ဆာကျင့်စဉ်နဲ့ မပတ်သက်တာက အကောင်းဆုံးပါပဲ။ ငါ့ရဲ့ လက်ရှိခွန်အားနဲ့ ဒီဓားကိုပြန်မလုယူနိုင်ပေမဲ့ ငါ့ရှေ့မှာ လာကြွားဖို့ဆိုတာ မင်းအတွက်တော့ စောပါသေးတယ်"
ထိုအချိန်တွင် စီမာကျန်းက တစ်ကိုယ်လုံး ကိုက်ခံနေရသလို ခံစားလိုက်ရသည်။ ကျန်းယီမင်ရှေ့က အဖိုးကြီးထံသို့ ခြေတစ်လှမ်းတိုးလိုက်တိုင်း ကိုက်ခံရေနတဲ့ နာကျင်မှုသည် ပိုမိုပြင်းထန်လာခဲ့သည်။
"အမြန် ထွက်သွားစမ်း"
အဖိုးကြီးက အော်ဟစ်လိုက်သည်။ သူ့အသံသည် ခေါင်းလောင်းထိုးသံကဲ့သို့ ကျယ်လောင်လှသည်။ စီမာကျန်းရဲ့ လက်ထဲမှ ဓားပင်လျှင် တုန်ခါသွားသည်။
"ကောင်းပြီ၊ သိပ်ကောင်းတယ်။ ဒီနေ့ ငါဒီလိုအဖြစ်ဆိုးနဲ့ ကြုံခဲ့ရပေမဲ့ ဘာမှမရလိုက်တာတော့ မဟုတ်ပါဘူး။ ဒီမှာ ဆက်ပြီး ရှုပ်နေစရာ အကြောင်းမရှိတော့ဘူး"
စီမာကျန်း အံကြိတ်ကာ ပြောလိုက်ပြီး အလျင်အမြန် ထွက်သွားလိုက်သည်။ ဒီအဖိုးကြီးက ဟိုကမ္ဘာထဲမှာ ဘယ်လောက်ကြာကြာ တံခါးပိတ်ကျင့်ကြံနေခဲ့လဲဆိုတာ ဘုရားပဲ သိလိမ့်မည်။ သူ့ကျင့်ကြံမှုတွေ အကုန်ဆုံးရှုံးသွားပြီဆိုပေမဲ့ မိစ္ဆာကျင့်စဉ်ကို ကျွမ်းကျင်ပိုင်နိုင်ထားတဲ့အတွက် စီမာကျန်းအနေနဲ့ ဒီနေရာမှာဆက်နေရင် အသာစီးရနိုင်တော့မှာ မဟုတ်ပေ။
'ထားလိုက်ပါတော့။ ဒီနေ့တော့ ဆုတ်ပေးလိုက်မယ်။ နောက်ကျရင် အချိန်တွေ အများကြီး ကျန်ပါသေးတယ်။'
အဖိုးကြီးနှင့် အလွန်ဝေးကွာတဲ့ နေရာကို ရောက်သွားမှသာ သူ့ခန္ဓာကိုယ်ကို ကိုက်နေတသလို ခံစားချက်သည် လုံးဝပျောက်ကွယ်သွားခဲ့သည်။ သူ့အရှုံးကို လက်မခံချင်ပေ။ လုံးဝ လက်မခံချင်ပေ။
လင်းယွင်ဂိုဏ်းက တကယ်ကို ကန်ရခက်တဲ့ သံနရံကြီးတစ်ခုပါလား။