သတိလစ်ရာကနေနိုးလာတဲ့ ကျ်းယီမင်
Vol. 5 Ch. 57
စီမာကျန်း အလောတကြီးနဲ့ ထွက်ပြေးသွားတာကို မြင်လိုက်ရတဲ့အခါ အဖိုးကြီးရဲ့ဝိညာဉ်က စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
"သူသာ နောက်ထပ်တစ်စက္ကန့်လောက် ထပ်ပြီးနေနေမယ်ဆိုရင် ငါဟန်ဆောင်တာတွေ ပေါ်သွားလောက်တယ်။ ဟူး... ထားလိုက်ပါတော့... ထားလိုက်ပါတော့။ သူရဲကောင်းတစ်ယောက်က သူ့ရဲ့အတိတ်က စွမ်းဆောင်ရည်တွေကို ပြန်မပြောသင့်ပါဘူးလေ"
ထို့နောက် အဖိုးကြီးက မြေပြင်ပေါ်တွင် သတိလစ်နေသော လူငယ်လေးထံသို့ လှည့်ကြည့်လိုက်သည်။
"ဒဏ္ဍာရီလာ ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာဆိုတာ ဒီကမ္ဘာပေါ်မှာ တကယ်ရှိနေလိမ့်မယ်လို့ ငါ တစ်ခါမှ ထင်မထားခဲ့ဘူး။ ဒီခန္ဓာကိုယ်ရဲ့စွမ်းအားက တော်တော်လေး ကြောက်စရာကောင်းတာပဲ။ ငါ့ရုပ်ကြွင်းထဲက လက်ကျန်စိတ်ဝိညာဉ်စွမ်းအင်တွေကို သူ့ကိုယ်ပိုင်အဖြစ် ပြောင်းလိုက်တာတင်မက ဟွမ်ယွမ်ဆေးလုံးနှစ်လုံးကိုတောင် ဆက်တိုက်သောက်ခဲ့သေးတယ်။ ဒီလောက် အန္တရာယ်များတဲ့ အလုပ်တွေကို လုပ်ခဲ့တာတောင် မသေသေးဘူး။ တကယ်လို့ သူသာ ဇွဲမလျော့ဘဲ ဆက်ကျင့်ကြံအားထုတ်သွားမယ်ဆိုရင် သူ့အနာဂတ်က အတိုင်းအဆ ရှိမှာမဟုတ်ဘူး"
အဖိုးကြီးက အံ့သြတကြီး တက်ခေါက်နေတုန်းပဲ စိတ်ဝိညာဉ်စွမ်းအင်တစ်ခုက သူ့ကို လာရောက် ချုပ်နှောင်လိုက်သည်။
"အသက်ချမ်းသာပေးပါ... အသက်ချမ်းသာပေးပါ။ သခင်လေး... အသက်ချမ်းသာပေးပါ။ ဒီနေ့ သခင်လေးက ကျွန်တော့်နယ်မြေထဲ ကျူးကျော်ဝင်ရောက်လာတယ်၊ ကျွန်တော့်ကျင့်ကြံမှုကို ဖျက်ဆီးခဲ့တယ်၊ ကျွန်တော့်ရတနာကိုလည်း လုယူခဲ့တယ်။ ဒါပေမဲ့ ခုနကပဲ ကျွန်တော် သခင်လေးရဲ့ ရန်သူကို မောင်းထုတ်ပေးခဲ့တယ်လေ။ အဲ့ဒါကြောင့် ကျွန်တော်တို့ကြားက အတိတ်ကရန်ငြိုးတွေကို ဘေးဖယ်ထားပြီး ဒီကိစ္စကို ဒီလောက်နဲ့ပဲ ကျေအေးပေးလို့ မရဘူးလားခင်ဗျာ"
ကျန်းယီမင်က သတိပြန်လည်လာပြီး မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့ရှေ့တွင်လူတစ်ယောက် ရှိနေတာကို တွေ့လိုက်ရသည်။ သူက သေသေချာချာတောင် မတုံ့ပြန်နိုင်သေးခင်မှာပင် ထိုလူက မြေပြင်ပေါ်တွင် ဒူးထောက်ကာ အကြိမ်ကြိမ် ဦးညွှတ်ပြီး အသက်ချမ်းသာပေးရန် တောင်းပန်နေတာကို တွေ့လိုက်ရသည်။ ချိုင့်ကွက်များဖြင့် ပြည့်နှက်နေတဲ့ ဒီလိုသဲကန္တာရကြီးထဲက သူ့ရှေ့မှ မြင်ကွင်းသည် ရယ်စရာကောင်းနေသည်။
"ခင်ဗျားပါလား"
သူ့ရှေ့ကလူကို သေချာမြင်လိုက်ရတဲ့အခါ ကျန်းယီမင်ရဲ့စိတ်ထဲတွင် မေးခွန်းများနဲ့ ပြည့်နှက်သွားသည်။ လွန်ခဲ့သောနှစ်နာရီ သိပ်မကြာသေးမီကပင် ဒီလူသည် သူ့ခန္ဓာကိုယ်ကိုလုယူရန် ကြိုးစားခဲ့သည်။ အခုတော့ သူ့ကိုခယပြီး တောင်းပန်နေပေမယ့်လည်း ကျန်းယီမင်အနေဖြင့် သူ့ကို သတိကြီးကြီးထားနေရဦးမည်။
"ဟေး... သ..သခင်... သခင်လေး။ အဲ့ဒီလောက်ကြီး သတိထားနေစရာ မလိုပါဘူးဗျာ။ ကျွန်တော် သခင်လေးကို နည်းနည်းလေးတောင် ထိခိုက်အောင် မလုပ်နိုင်ပါဘူး။ သခင်လေးက အခုမှ မွေးဖွားခြင်းအဆင့် ကို ရောက်ပြီး တိုက်ပွဲကြီးတစ်ခုကို ကြုံတွေ့ခဲ့ရတာဆိုတော့ အရင်ဆုံး စိတ်အေးအေးထားပြီး စိတ်ဝိညာဉ်စွမ်းအင်တွေကို လည်ပတ်စေတာ ပိုကောင်းမယ်ထင်တယ်။ ကျွန်တော့်မှာ ဝှက်ထားတဲ့ ဆေးလုံးတချို့ရှိပါတယ်၊ ကြည့်ကြည့်ပါဦး..."
"ပါးစပ်ပိတ်ထားစမ်း"
အဖိုးကြီးပြောသည်မှာ မှန်သည်။ ကျန်းယီမင်ရဲ့ အခြေအနေမှာ အလွန်ဆိုးရွားနေသည်။ သူ့မှာ စကားပြောရန်ပင် အားမရှိတော့ဘဲ စိတ်ဝိညာဉ်စွမ်းအင်အနည်းငယ်ကို အသုံးပြုပြီး မူလစိတ်ဝိညာဉ်ကို မပျက်စီးသွားအောင် ထိန်းထားရသည်။ ဒီအဖိုးကြီးသည် ထိုကမ္ဘာငယ်လေးထဲတွင် သေဆုံးသွားခဲ့သင့်သော်လည်း အခုတော့ သူ့ကို ဦးညွှတ်ပြီး 'သခင်လေး' ဟု ခေါ်နေသည်။
'သူ့မှာ ဘာအကြံအစည်တွေ ရှိနေတာလဲ။'
"သခင်လေး... ထိတ်လန့်စရာ မလိုပါဘူး။ ကျွန်တော် ရှင်းပြပါရစေ။ ခုနက ကျွန်တော့်ကမ္ဘာထဲမှာ ဝိညာဉ်ချုပ်ထောင်ဆိုတဲ့ ပစ္စည်းတစ်ခု ပေးခဲ့တာ သခင်လေး မှတ်မိသေးလား"
ကျန်းယီမင် ခေါင်းညိတ်လိုက်ပြီး အိတ်ဆောင်အရွယ်အစားရှိတဲ့ လေးထောင့်ပုံစံ ဝိညာဉ်ချုပ်ထောင်လေးသည် သူ့လက်ထဲတွင် ပေါ်လာခဲ့သည်။
"ကျွန်တော်က ကျွန်တော့်ခေတ်တုန်းက တော်တော်လေး ခွန်အားကြီးတဲ့ လူတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်တော့်ပါရမီက မလုံလောက်ခဲ့ဘူး။ နောက်ဆုံးမှာ ကျွန်တော့်ကျင့်ကြံဆင့်က ပေါင်းစည်းခြင်းအထွတ်အထိပ်မှာပဲ ရပ်တန့်သွားခဲ့တယ်။ ဒီလိုနဲ့ပဲ အချိန်တွေကုန်သွားရင်း ကျွန်တော့်သက်တမ်းက ကုန်ဆုံးခါနီး ဖြစ်လာတယ်။ အဲ့ဒီတုန်းက ကျွန်တော် သေဆုံးရမှာကို လက်မခံနိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ မဟာယာနအဆင့်ကို တက်လှမ်းနိုင်မယ့် နည်းလမ်းကို ရှာတွေ့ခါနီး ဖြစ်နေပြီကိုး"
ကျန်းယီမင် မျက်ခုံးပင့်လိုက်သည်။
'ရုပ်ခန္ဓာမပျက်စီးမီက ဒီအဖိုးကြီးဟာ ပေါင်းစည်းခြင်းအဆင့် အထွတ်အထိပ်ကို ရောက်ခဲ့တာပဲ။ အဲ့ဒါကြောင့်လည်း မူလစိတ်ဝိညာဉ် အပိုင်းအစတစ်ခုပဲ ကျန်တော့တာတောင် ဒီလောက်တောင် ခွန်အားကြီးနေရတာကိုး။'
"နောက်ဆုံးမှာတော့ ကျွန်တော်က ကျွန်တော့်ဂိုဏ်းရဲ့ တားမြစ်နယ်မြေထဲကို ခိုးဝင်လိုက်ပြီး တားမြစ်ကျင့်စဉ်ကို ခိုးယူခဲ့တယ်။ ကျွန်တော့်သက်တမ်းမကုန်ခင်လေးမှာပဲ အဲ့ဒီကျင့်စဉ်ကို ကျွန်တော် လေ့ကျင့်ထားတဲ့ နှလုံးသားကျင့်စဉ်နဲ့ ပေါင်းစပ်လိုက်ပြီး ကျွန်တော့်အတွက် သီးသန့်ကျင့်ကြံလို့ရမယ့် နေရာတစ်ခုကို တည်ဆောက်ခဲ့တယ်။ ကျွန်တော် သေသွားတဲ့အခါ ကျွန်တော့်ရဲ့ မူလစိတ်ဝိညာဉ် အပိုင်းအစလေးတစ်ခုနဲ့ ရုပ်အလောင်းကို အဲ့ဒီထဲမှာ ထည့်ထားလို့ရအောင် စီစဉ်ခဲ့တယ်။ ပြီးတော့ လူတွေကို ကျွန်တော့်နယ်မြေထဲ ရောက်လာအောင် ဆွဲဆောင်စည်းရုံးတဲ့ နည်းလမ်းမျိုးစုံသုံးပြီးတော့ လှည့်စားခဲ့တယ်။ သူတို့ကိုသတ်ပြီး ကျွန်တော့်အသက်ကို ဆက်ခဲ့တာပေါ့"
(T/N - small worldသုံးလိုက် realmသုံးလိုက်မလို့ ကမ္ဘာငယ်လို့ရေးလိုက်ရ နယ်မြေလို့ရေးလိုက်ရဖြစ်နေတာ အမှန်တော့ သူဖန်တီးထားတဲ့ ကမ္ဘာငယ်လေးကို ပြောတာပါပဲ)
ထို့နောက် အဖိုးကြီးရဲ့ ဝိညာဉ်က ခေါင်းမော့လာပြီး မေးလိုက်သည်။
"ဒါပေမဲ့ သခင်လေး... ကျွန်တော် နားမလည်တာ တစ်ခုရှိတယ်။ ပုံမှန်အားဖြင့် ကျွန်တော့်အသက်ကို ဆက်ဖို့နဲ့ စိတ်ဝိညာဉ်စွမ်းအင်ဖြည့်ဖို့ လိုအပ်တဲ့အခါ ဒီကမ္ဘာလေးမှာ လျှို့ဝှက်ရတနာတစ်ခု ရှိနေသယောင်ယောင် အရှိန်အဝါကို တမင်သက်သက် ထုတ်လွှတ်ပြီး လူတွေကို မျှားခေါ်တယ်။ ပြီးတော့ လူတွေ ထောင်ချောက်ထဲ ကျလာအောင် အားနည်းချက်တစ်ခုကို တမင်ဖော်ပြလေ့ရှိတယ်။ ဒါပေမဲ့ ဒီနေ့မှာ ကျွန်တော်က ကျင့်ကြံရုံသက်သက်ပဲ ကျင့်ကြံနေခဲ့တာပါ။ သခင်လေးက ကျွန်တော့်ကို ဘယ်လိုရှာတွေ့ပြီး ကျွန်တော့်အတားအဆီးကို ဖြိုခွင်းတဲ့ နည်းလမ်းကို ဘယ်လိုသိသွားတာလဲဆိုတာ ကျွန်တော်သိချင်မိတယ်"
"ခင်ဗျားက ဘာလို့ ကျုပ်ကို သခင်လေး လို့ ခေါ်နေရတာလဲ"
ကျန်းယီမင်က အဖိုးကြီးရဲ့ မေးခွန်းကို မဖြေဘဲ ပြန်မေးလိုက်သည်။
"ကျွန်တော် စကားများသွားမိတဲ့အတွက် တောင်းပန်ပါတယ်။ သခင်လေး စိတ်မဆိုးပါနဲ့။ အဟွတ်... အဟွတ်..."
အဖိုးကြီးရဲ့ ဝိညာဉ်က ကြောက်ရွံ့သွားပြီး နှစ်ချက်ခန့် ချောင်းဟန့်လိုက်သည်။
"လူသားတစ်ယောက်ရဲ့ သက်တမ်းကို ကောင်းကင်ဘုံက သတ်မှတ်ပေးထားပါတယ်။ တကယ်လို့ နတ်ဘုရားအဆင့်ကို မရောက်နိုင်ဘူးဆိုရင် စွမ်းအားဘယ်လောက်ပဲကြီးကြီး ကောင်းကင်နဲ့ မြေကြီးကြားက သံသရာလည်ခြင်းဖြစ်စဉ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်က အဲ့ဒီလျှို့ဝှက်နယ်မြေကို ဖန်တီးခဲ့လို့သာ တခြားသူတွေကို ဒုက္ခပေးပြီး အသက်ဆက်နိုင်ခဲ့တာပါ။ အဲ့ဒီနေရာကနေ ထွက်ခွာလာပြီးတဲ့နောက် ကျင့်ကြံမှုအဆင့် မတက်နိုင်တော့ရင် ကျွန်တော်က နာရီပိုင်းလောက်ပဲ အသက်ရှင်နိုင်တော့မှာပါ။ ဒါပေမဲ့ ကျွန်တော့်မှာ ဒါရှိနေရင်တော့ တစ်မျိုးပေါ့"
အဖိုးကြီးက ကျန်းယီမင်ရဲ့ လက်ထဲက ဝိညာဉ်ချုပ်ထောင်ကို ညွှန်ပြလိုက်သည်။
"ခုနတုန်းက ကျွန်တော့်ရဲ့ နယ်မြေပြိုကျလာတုန်းက သေရမှာကို တော်တော်လေး ကြောက်မိသွားတယ်။ အဲ့ဒါကြောင့် ဝိညာဉ်ချုပ်ထောင်ထဲကို ကိုယ့်သဘောဆန္ဒနဲ့ ဝင်ခဲ့လိုက်တာပါ။ ဝိညာဉ်ချုပ်ထောင်ကို သခင်လေးဆီ ပေးလိုက်ကတည်းက အဲ့ဒါက သခင်လေးပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခု ဖြစ်သွားပြီ။ သခင်လေး ကိုယ်တိုင်လွှဲပြောင်းပေးတာမျိုး မဟုတ်ရင် ဘယ်သူကမှ သုံးလို့ရမှာမဟုတ်ဘူး"
ကျန်းယီမင် သူ့လက်ထဲက လေးထောင့်ပုံစံ ဝိညာဉ်ချုပ်ထောင်ကို ကြည့်လိုက်ရင်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။
'သူက သူ့ဆန္ဒအရ ဝိညာဉ်ချုပ်ထောင်ထဲ ဝင်သွားတယ်... ဟုတ်လား...။ ဒါဆို သူက အဲ့ဒီလိုလုပ်လိုက်ရုံနဲ့ ဘဝသံသရာ ကံကြမ္မာဆိုးကနေ လွတ်မြောက်နိုင်တယ်ပေါ့လေ။'
"သခင်လေးရဲ့ သံသယကို ကျွန်တော် နားလည်ပါတယ်။ ဝိညာဉ်ချုပ်ထောင်ထဲကို ဝင်ဖို့ဆိုတာက လွယ်ကူပေမဲ့ ပြန်ထွက်ဖို့ကတော့ ခက်ခဲတယ်။ အထဲရောက်သွားလိုက်တာနဲ့ ကျင့်ကြံမှုအများအပြားက သန့်စင်ခံလိုက်ရပြီး ဝိညာဉ်ချုပ်ထောင်ပိုင်ရှင်ရဲ့ အပိုင်ဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ ထောင်ထဲက ဝိညာဉ်တွေက ကံကြမ္မာရဲ့သက်ရောက်မှုကို ခံရမှာ မဟုတ်ပါဘူး။ သူတို့က ထောင်ထဲမှာဝိညာဉ်အဖြစ်နဲ့ ရှိနေနိုင်ပြီး အဆုံးမရှိတဲ့နှိပ်စက်ညှဉ်းပန်းမှုကိုတော့ ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒါကလည်း အသက်ဆက်လို့ရတဲ့ နည်းလမ်းတစ်ခုပဲ မဟုတ်ဘူးလား။ ထောင်ထဲမှာ ကျင့်ကြံလို့ မရနိုင်ပေမဲ့ ကံကောင်းလို့ အခွင့်အလမ်းကောင်းနဲ့ ကြုံကြိုက်ပြီး တစ်ယောက်ယောက်ရဲ့ အကူအညီကို ရနိုင်ခဲ့ရင် ကိုယ်ခန္ဓာကို ပြန်တည်ဆောက်နိုင်မယ်၊ ကံကြမ္မာကနေ လွတ်မြောက်နိုင်မယ်၊ ပြီးတော့ နတ်ဘုရားအဆင့်ကို ရောက်ဖို့အတွက် ကျင့်ကြံမှုလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းနိုင်မှာ"
"ဒီနည်းလမ်းနဲ့ အသက်ဆက်လို့ ရတယ်ဆိုရင် သိပ်လွယ်လွန်းမနေဘူးလား"
ကျန်းယီမင် မျက်မှောင်ကြုတ်လိုက်သည်။ အဖိုးကြီးရဲ့ စကားများက နည်းနည်းလေး ဆန်းကြယ်လွန်းနေသည်။ ယုံရခက်နေသည်။
"ဟူး... ဝိညာဉ်ချုပ်ထောင်ဆိုတာ ကမ္ဘာပေါ်မှာ တစ်ခုတည်းပဲရှိတဲ့ ပစ္စည်းတစ်ခုပါ။ ကျွန်တော် ဂူတစ်ခုထဲကနေ မတော်တဆ ရှာတွေ့ခဲ့တာ။ သခင်လေး... တကယ်လို့ ပေါင်းစည်းခြင်းအဆင့်ရောက်နေတဲ့ လူတစ်ယောက်က သခင်လေးဆီအခုလာပြီး သူအသက်ဆက်ဖို့အတွက် ဝိညာဉ်ချုပ်ထောင်ကို ငှားချင်ပါတယ်လို့ ပြောလာရင် သခင်လေး ငှားလိုက်မှာလား။ ဒါမှမဟုတ် သူ ဝိညာဉ်ချုပ်ထောင်ထဲ ရောက်သွားတဲ့အခါ သူ့ကျင့်ကြံမှုတွေအကုန်လုံးကို ညှစ်ထုတ်လိုက်ပြီး ကိုယ်ပိုင်အဖြစ် စုပ်ယူလိုက်မှာလား"
"မဟာယာနအဆင့်ကို ရောက်နိုင်ရင် သေခြင်းရှင်ခြင်းသံသရာကနေ လွတ်မြောက်စေနိုင်မယ့် တားမြစ်ကျင့်စဉ်တွေ အများကြီးရှိတယ်လို့ ကြားဖူးပါတယ်။ ဘယ်သူကများ ဒီလိုစွန့်စားရတဲ့ ရူးမိုက်မှုမျိုးကို လုပ်မှာလဲ။ ဒီလိုမက်လုံးမျိုးနဲ့ ကြုံလာမယ်ဆိုရင် ညီအစ်ကိုတွေ မပြောနဲ့၊ သားအဖချင်းတောင် ရန်သူတွေ ဖြစ်သွားနိုင်တယ် မဟုတ်လား"
အဖိုးကြီးက သက်ပြင်းချလိုက်သည်။
"ကျွန်တော်က အခုဝိညာဉ်ချုပ်ထောင်နဲ့ ချည်နှောင်ခံထားရပါပြီ။ သခင်လေး... ဒီလောက်ကြီး သတိထားနေစရာ မလိုပါဘူး။ ကျွန်တော့်ဝိညာဉ်က သခင်လေးရဲ့ လက်ထဲမှာပါ"
"ငါက မင်းကို သေစေချင်ရင်ရော"
ကျန်းယီမင်က အေးစက်စွာ ရယ်မောလိုက်သည်။ ထိုစကားနှင့်အတူ အဖိုးကြီးရဲ့ တစ်ကိုယ်လုံးက ပြင်းထန်စွာ လောင်ကျွမ်းလာလေသည်။
"မလုပ်ပါနဲ့... မလုပ်ပါနဲ့။ သခင်လေး... ကျွန်တော် ပြောစရာ ကျန်ပါသေးတယ်"
"အော်... ဟုတ်လား"
စိတ်ဆန္ဒတစ်ချက်ဖြင့် အဖိုးကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှ မီးတောက်များက ချက်ချင်းငြိမ်းကျသွားသည်။ အဖိုးကြီး ပြောနေတာတွေက မှန်ကန်ကြောင်း တွေ့လိုက်ရသဖြင့် ကျန်းယီမင်က သူ့ကိုကာကွယ်ဖို့ သုံးနေရတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို ရပ်တန့်လိုက်သည်။ ဆေးလုံးတစ်လုံး သောက်လိုက်ပြီး ခုနက တိုက်ပွဲမှာ ကုန်ဆုံးသွားရတဲ့ စိတ်ဝိညာဉ်စွမ်းအင်များကို ပြန်လည်ဖြည့်တင်းလိုက်သည်။
"မင်း ပြောစရာ ကျန်သေးတယ် မဟုတ်လား။ မင်းပြောပုံအရဆိုရင် ထောင်ထဲမှာ ကျင့်ကြံနိုင်အောင် ကူညီပေးမယ့်သူ၊ ခန္ဓာကိုယ် ပြန်တည်ဆောက်ပေးမယ့်သူကို မင်းရှာနေတာပေါ့။ မင်းပြောနေတဲ့ 'တစ်စုံတစ်ယောက်' ဆိုတာ ငါတော့ မဟုတ်ပါဘူးနော်" ဟု ကျန်းယီမင် က စနောက်လိုက်သည်။
"ငါက မင်းရဲ့လက်ကျန် ဝိညာဉ်လေးကို သန့်စင်ပစ်ပြီး ကိုယ်ပိုင်အဖြစ် စုပ်ယူလိုက်မှာကို မင်းမကြောက်ဘူးလား"
"ကျွန်တော်ကလည်း အဲ့ဒီကိစ္စအတွက်နဲ့ပဲ ရှိနေတာ"
အဖိုးကြီးက သူ့စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိနေပြီးသား လူတစ်ယောက်ကဲ့သို့ ပါးနပ်စွာ ပြုံးလိုက်သည်။