မင်းမှာ ဘာရတနာတွေ ကျန်သေးလဲ အဖိုးကြီး
Vol. 5 Ch. 59
"ဂူလင်းဖေး! မင်းစကားတွေထဲမှာ အဓိပ္ပာယ်တွေကို ဖုံးကွယ်ထားတယ်လို့ ငါအာရုံတွေရနေတယ်"ဟု ပြောကာ ကျန်းယီမင်က သဘောကျစွာ ရယ်မောလိုက်သည်။
တကယ်လည်း မှန်ပါသည်၊ သူ့ဘေးနားက ဂိုဏ်းတူမောင်နှမများအားလုံး ပိုကောင်းတဲ့ကျင့်စဉ်တွေကို ရပြီးသန်မာလာတာကို မြင်နေရသဖြင့် ဂူလင်းဖေးလည်း စိတ်လောပြီး စိုးရိမ်နေသည်မှာ နားလည်ပေးနိုင်တဲ့ ကိစ္စတစ်ခုဖြစ်သည်။ သို့သော် ဒီခရီးစဉ်တွင် ဂူလင်းဖေးနဲ့ သင့်တော်တဲ့ကျင့်စဉ်ကို ကျန်းယီမင် ရှာမတွေ့ခဲ့ပေ။
သူ့ ဆရာကြောင်သွားတာကို မြင်လိုက်ရသဖြင့် ဂူလင်းဖေးလည်း အလျင်အမြန် ပြန်တုံ့ပြန်လိုက်သည်။
"ဆရာ့မှာ တခြားအစီအစဉ်ရှိတယ်ဆိုရင်တော့ ကျွန်တော့်မှာ ဘာကန့်ကွက်စရာ မရှိပါဘူးဗျ"
"မင်းအတွက် ကျင့်စဉ်တစ်ခုကို ရှာမတွေ့ခဲ့ပေမဲ့ မင်းတို့အားလုံးအတွက်တော့ ကျင့်ကြံရှင်တစ်ယောက်ကိုတော့ ငါရှာတွေ့ခဲ့တယ်။ သူ့ဆီမှာ ကျင့်စဉ်တချို့ရှိကောင်းရှိနိုင်တယ်"ဟု ကျန်းယီမင်က လျှို့ဝှက်နက်နဲတဲ့ အမူအရာဖြင့် ပြောလိုက်သည်။
"ဆရာ... ကျွန်တော်လည်း ဂိုဏ်းတူညီလေးရတော့မှာလား" သူ့ရဲ့ကျင့်ကြံခြင်းမှာသာ အာရုံစိုက်နေတဲ့ ရှန့်ကွမ်းချင်ယန်လည်း နောက်ဆုံးတွင် ဝင်ပြောလိုက်သည်။ တကယ်လို့ သူတို့ဆရာကသာ တပည့်သစ်တစ်ယောက် ခေါ်လာခဲ့တယ်ဆိုလျှင် သူလည်းဂိုဏ်းတူအစ်ကိုဖြစ်ရသည့်အရသာကို ခံစားနိုင်တော့မည်။
"ဟားဟားဟား... မဟုတ်ဘူး၊ ဂိုဏ်းတူညီလေး မဟုတ်ဘူး။ တကယ်တမ်း ပြောရမယ်ဆိုရင် မင်းတို့က သူ့ကိုဦးလေးလို့ ခေါ်ရလိမ့်မယ်ထင်တယ်"
ကျန်းယီမင်က သူ့လက်ပေါ်ကဝိညာဉ်ချုပ်ထောင်ကို ထုတ်ပြလိုက်သည်။
"ဆရာ... အဲ့ဒါက ဘာကြီးလဲ"
"ဒါက ဝိညာဉ်ချုပ်ထောင်လို့ ခေါ်တယ်။ ငါခရီးသွားတုန်းက ရခဲ့တာ။ ဒီပစ္စည်းက အရမ်းကိုမိစ္ဆာဆန်တဲ့အတွက် မင်းတို့တွေ သုံးဖို့စိတ်ကူးယဉ်မနေကြနဲ့"
တပည့်များရဲ့ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့ဆရာ ထိုပစ္စည်းကို ထုတ်လိုက်သည်နှင့်တပြိုင်နက် လေထုထဲတွင် မိစ္ဆာအငွေ့အသက်များ ပြည့်နှက်သွားသလို ခံစားလိုက်ရသည်။ ဒီနေ့ သူတို့ဆရာရဲ့ စွမ်းအားတွေ ရုတ်တရက်တိုးတက်လာတာက ဒီပစ္စည်းနဲ့များ သက်ဆိုင်နေမလား။
"ဒီပစ္စည်းက မိစ္ဆာလမ်းစဉ်ရဲ့ ရတနာတစ်ခုပဲ။ သေခါနီးလူတစ်ယောက်ရဲ့ ဝိညာဉ်ကို ဖမ်းချုပ်ထားနိုင်တယ်။ ပြီးရင် ဖမ်းချုပ်ခံထားရတဲ့သူရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို ထုတ်ယူပြီး ပိုင်ရှင်ရဲ့ကျင့်ကြံမှုကို အထောက်အကူပြုပေးနိုင်တယ်။ ဒါပေမဲ့ ဒီနည်းလမ်းနဲ့ရတဲ့ စိတ်ဝိညာဉ်စွမ်းအင်က အဆုံးသတ်မှာတော့ ဖြောင့်မတ်မှန်ကန်တဲ့လမ်းစဉ်ကနေ ရတာမဟုတ်ဘူး။ ဒါပေမဲ့ သူ့မှာ တခြား အံ့သြစရာကောင်းတဲ့ အသုံးဝင်တဲ့နည်းတစ်ခု ရှိနေတာကို ငါရှာတွေ့ထားတယ်"
တပည့်များက မျက်မှောင်ကြုတ်လိုက်ကြသည်။ ဒီလိုပစ္စည်းမျိုးက သူတို့ဆရာဆီ ဘယ်လိုလုပ် ရောက်နေတာလဲ။
"ထွက်ခဲ့စမ်း"
ကျန်းယီမင် အမိန့်ပေးလိုက်သည်။ ထိုအခါ သေတ္တာငယ်လေးထဲမှ ပုံရိပ်တစ်ခုက ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ဟွမ်းချောင်ယုက လန့်သွားပြီး အော်သံတစ်ချက် ထွက်သွားသည်။
"မင်း ငါ့တပည့်ကို လန့်သွားအောင် လုပ်လိုက်တာပဲ။ ဒူးထောက်ပြီး ငါ့တပည့်ကို ချက်ချင်း တောင်းပန်စမ်း"
ဆင့်ခေါ်ခံလိုက်ရသော ပုံရိပ်သည် ကျန်းယီမင်ရဲ့ စကားကို နာခံပြီး ချက်ချင်း ဒူးထောက်ကာ ဟွမ်းချောင်ယုကို ဦးချလိုက်သည်။
"သခင်မလေး... သခင်မလေး... ကျွန်တော်ကရုပ်ဆိုးလွန်းလို့ သခင်မလေးကို လန့်သွားအောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော် သေသင့်ပါတယ်... သေသင့်ပါတယ်"
"ကဲ... ကဲ... တော်ပြီ၊ ထတော့"
လျှို့ဝှက်နယ်မြေထဲမှာ မောက်မာခဲ့တဲ့ မိစ္ဆာကျင့်ကြံသူက အခုလိုမျိုး အခြေအနေကို ရောက်သွားတာကို တွေးကြည့်ရင် ကံကြမ္မာအလှည့်အပြောင်းသည် တကယ်ကိုပင် ရယ်စရာကောင်းလှသည်။
"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အခု ဆရာ့မိသားစုဆီ ရောက်နေတာမလား။ အိုး... ဘုရားရေ... သခင်လေးရဲ့ မိသားစုနဲ့ မိတ်ဆွေတွေကို ကြည့်ပါဦး၊ အားလုံးက ပါရမီရှိပြီး ရုပ်ရည်လည်း ချောမောလိုက်ကြတာ။ သူတို့ရဲ့စွမ်းအားတွေက တကယ့်ကို ခန့်မှန်းလို့မရနိုင်လောက်အောင်ပါပဲ။ အံ့သြစရာပဲ... တကယ့်ကို အံ့သြစရာပဲ"
ထိုသို့ပြောရင်း ထိုဝိညာဉ်သည် "ဘုတ်" ခနဲမြည်အောင် ဒူးထောက်ချလိုက်ပြီး ကျန်းယီမင်ရဲ့ တပည့်များကို တစ်ယောက်ပြီးတစ်ယောက် လိုက်လံဦးချတော့သည်။
"ဆရာ... ဒါကြီးက ဘယ်သူလဲဟင်"
"နောင်ကျရင် သူက မင်းတို့ရဲ့အစေခံပဲ" ဟု ကျန်းယီမင်က ရယ်မောလိုက်သည်။
"ထောင်ထဲမှာ မင်းကျင့်ကြံလို့ မရဘူး။ ဒီနေ့ကစပြီး ငါ့ဂိုဏ်းထဲမှာ ကျင့်ကြံဖို့ မင်းကိုခွင့်ပြုပေးလိုက်မယ်။ ဒါပေမဲ့ မင်းသာ ငါ့တပည့်တွေကို ထိခိုက်အောင်လုပ်ရင် ဖြစ်လာမယ့်အကျိုးဆက်ကို မင်းသိတယ်နော်"
"သခင့်ရဲ့ ကြင်နာမှုကို ကျွန်တော်ဘယ်တော့မှ မမေ့ပါဘူး။ ကျွန်တော်က ဘယ်လိုလုပ် အဲ့ဒီလိုတွေးရဲမှာလဲဗျာ"
'အမ်... ကျန်းယီမင်က မိသားစုကြီးတစ်ခုရဲ့ အမွေခံသားတစ်ယောက် မဟုတ်ဘူးလား။ ဘာလို့ သူက ဂိုဏ်းချုပ်တစ်ယောက်နဲ့ ပိုတူနေရတာလဲ။ အဲ့ဒါအပြင် သူ့ကို "ဆရာ" လို့ ခေါ်နေကြတဲ့ ဒီလူတွေက အလွန်ဆုံးရှိမှ အမြုတေဖွဲ့စည်းခြင်းအဆင့်မှာပဲ ရှိကြသေးတာလေ။ ကျန်းယီမင်က မိသားစုကနေများ နှင်ထုတ်ခံရတဲ့ သူတစ်ယောက်ဖြစ်ပြီး သူ့ကိုယ်ပိုင်ဂိုဏ်းထောင်လိုက်တာများလား။'
အဖိုးကြီးက အတွေ့အကြုံရှိပြီး ဗဟုသုတကြွယ်ဝသူ ဖြစ်သည်။ သူလွတ်မြောက်လာတာနှင့် တစ်ပြိုင်နက် ဂိုဏ်းကာကွယ်ရေးအစီအရင်သည် သာမန်ပစ္စည်းတစ်ခုမဟုတ်ကြောင်း သူသိလိုက်သည်။
'ဒါက သေချာပေါက် ပျက်စီးယိုယွင်းနေတဲ့ ဂိုဏ်းသေးလေးတစ်ခုရဲ့ လက်ရာဘယ်လိုမှ မဖြစ်နိုင်ဘူး။'
ထိုအချက်ကို တွေးမိပြီးနောက် အဖိုးကြီးကသူ့အတွေးက ပိုပြီးဖြစ်နိုင်ကြောင်း ယီုကြည်လာသည်။
"ဆရာ... သူက တကယ်တမ်း ဘယ်သူကြီးလဲဟင်"
"သူဖြေပလေ့စေ"
ကျန်းယီမင်နဲ့ ပတ်သက်သည့်အကြောင်းအရာများကို အကြမ်းဖျင်းရှင်းပြပြီးနောက် အဖိုးကြီးသည် တောင်းပန်သည့်အပြုံးဖြင့် ခေါင်းမော့လာကာ "ကျွန်တော်က ဂိုဏ်းကို အခုမှစရောက်တာဆိုတော့ ကျွန်တော်က အားလုံးရဲ့ ဂိုဏ်းတူညီလေးပါပဲဗျာ" ဟု ပြောလိုက်သည်။
"ဂိုဏ်းတူညီလေး ဟုတ်လား။ မင်းကိုယ်မင်း တော်တော် အထင်ကြီးနေပါလား"ဟု ဘေးနားမှ ကျန်းယီမင်က နှာခေါင်းရှုံ့လိုက်ပြီး အဖိုးကြီးရဲ့ စကားကို ဖြတ်ပြောလိုက်သည်။
"မဟုတ်ပါဘူး... မဟုတ်ပါဘူး။ ကျွန်တော်က အစေခံပါဗျ။ ခင်ဗျားတို့မှာ တောင်းဆိုစရာရှိရင် လွတ်လွတ်လပ်လပ်သာ ပြောကြပါ။ ကျွန်တော် သေချာပေါက် ကူညီပေးပါ့မယ်" အဖိုးကြီးက ကျန်းယီမင်စကားကို ကြားလိုက်တဲ့အခါ ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။
"အရင်တုန်းက ကျွန်တော်က ကြီးလေးတဲ့အပြစ်တွေ ကျူးလွန်ခဲ့မိတာ မှန်ပါတယ်။ ဒါပေမဲ့ အခုဝိညာဉ်ချုပ်ထောင်ထဲကို ဝင်ပြီးတဲ့နောက်ပိုင်းမှာ မိစ္ဆာစွမ်းအင်တွေ မရှိတော့ပါဘူး။ ကျွန်တော့်မှာ မူလစိတ်ဝိညာဉ် အပိုင်းအစလေးပဲ ကျန်ပါတော့တယ်။ မိစ္ဆာကျင့်စဉ်ကို အားကိုးပြီး ရယူထားတဲ့ ကျင့်ကြံမှုတွေလည်း အကုန်ပျောက်ဆုံးသွားပါပြီ။ လက်ရှိ ကျွန်တော့်ရဲ့စွမ်းအားက အခြေတည်စိတ်ဝိညာဥ်အဆင့်မှာပဲ ရှိတော့တာပါ။ ဒါပေမဲ့ ကျွန်တော်က နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တာဆိုတော့ ခင်ဗျားတို့ကို လမ်းညွှန်ပြသပေးနိုင်မယ့် အရာတချို့တော့ ရှိပါသေးတယ်။ ကျွန်တော့်ကို ဘယ်လိုခေါ်ချင်လဲ ဆိုတာကတော့ ကြိုက်သလိုသာ ခေါ်ကြပါဗျာ။ ကြိုက်သလိုသာ ခေါ်ကြပါ"
"ဒါက... နေပါဦး" ဂူလင်းဖေး ခေါင်းကို ကုတ်လိုက်ပြီး မော့ကြည့်လိုက်သည်။
"ဆရာ... ဒါဆိုရင် ဆရာပြောတဲ့ ဖြေရှင်းနည်း ရှိနိုင်တယ်ဆိုတဲ့လူက သူလား"
"ဟွန်း... သူ့ကို လျှော့မတွက်နဲ့။ ဒီမြေခွေးအိုကြီးမှာ ထုတ်မပြရသေးတဲ့ရတနာတွေ ဘယ်လောက်တောင် ဝှက်ထားမလဲ ဘယ်သူသိမှာလဲ။ ဟုတ်တယ်မလား မြေခွေးအိုကြီး"
"ကျွန်တော့်ရဲ့ နိမ့်ကျတဲ့ပစ္စည်းတွေက သခင့်ရဲ့ စုဆောင်းမှုတွေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲဗျာ။ သခင်စုဆောင်းထားတဲ့ ရတနာတွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော့်ပစ္စည်းတွေက လမင်းကြီးနဲ့ ပိုးစုန်းကြူးလိုပါပဲ၊ ထည့်ပြောဖို့တောင် မထိုက်ပါဘူးဗျာ" အဖိုးကြီးက ကျန်းယီမင်ပြောတာကို ကြားလိုက်ရတဲ့အခါ ကျန်းယီမင်က သူ့ကို သရော်နေတယ်လို့ ထင်မှတ်လိုက်သည်။ တကယ်တမ်း ကျန်းယီမင် အသုံးပြုနေတဲ့ ဂိုဏ်းကာကွယ်ရေးအစီအရင်လောက် ကောင်းသည့်အစီအရင်မျိုးကို သူ့တစ်သက်တာတွင် များများစားစား မမြင်ဖူးခဲ့ပေ။
ရှားပါးလွန်းတဲ့ စွမ်းအင်သန့်စင်ခြင်းကျင့်စဉ်ကိုပင် ကျန်းယီမင်က အကြမ်းဖျင်းသာ ဖတ်ရှုခဲ့တာ မဟုတ်လား။ သူ့အတွက် အဖိုးတန်ဆုံးအရာတစ်ချို့ကိုလည်း ပေးခဲ့သည်။ သူ့လက်ကျန်ရတနာများအားလုံးက ဒီလူငယ်လေးရဲ့ မျက်လုံးထဲတွင် အဆင့်နိမ့်ပစ္စည်းများသာ ဖြစ်နေမည်။
"သခင်က အဲ့ဒီလိုပြောမှတော့ ကျွန်တော့်မှာ ရတနာတချို့ရှိပါတယ်။ သခင့်မျက်လုံးထဲ အသုံးဝင်ပါ့မလားတော့ မသိဘူး" အဖိုးကြီးက ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။
"ငါ့ရဲ့ ဒီတပည့်ကြီးအတွက် ကျင့်စဉ်တစ်ခု လိုနေတယ်။ မင်းဆီမှာများ ရှိမလား"
"ဒါက... ကျင့်စဉ်လား။ ကျွန်တော့်မှာ နည်းနည်းတော့ ရှိပါတယ်။ ဒါပေမဲ့ ကျင့်စဉ်ဆိုတာက လူတစ်ယောက်ရဲ့ ပါရမီအပေါ် မူတည်ပြီး သင်ပေးရတာဆိုတော့၊ သူ့ရဲ့ သွေးကြောတွေကို ကျွန်တော် စမ်းသပ်စစ်ကြည့်လို့ ရမလား..."
"ဒါဆို မလိုတော့ဘူး" အဖိုးကြီးရဲ့ စကားကို ကြားလိုက်တာနှင့် ကျန်းယီမင်ချက်ချင်းစိတ်လှုပ်ရှားသွားသည်။ သွေးကြောစမ်းသပ်မယ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဒီအဖိုးကြီးက သူ့တပည့်ရဲ့ကျင့်ကြံမှုကို ဖျက်ဆီးလိုက်ရင် သူအချိန်မီတုံ့ပြန်နိုင်လိုက်မှာ မဟုတ်ပေ။
"မင်းဆီမှာရှိတဲ့ အဆင့်အမြင့်ဆုံးကျင့်စဉ်တွေကိုသာ ထုတ်လိုက်စမ်းပါ။ ဘာလို့ စကားတွေ ဒီလောက်အများကြီး ပြောနေတာလဲ"
"ဟုတ်... ဟုတ်ကဲ့ပါ။ ကျွန်တော်တုံးအမိသာ ကျွန်တော့်အမှားပါ။ အခုပဲ ထုတ်လိုက်ပါ့မယ်"
ဝင်သက်ထွက်သက် အနည်းငယ်အတွင်းမှာပင် ကျင့်စဉ်အချို့က ဂူလင်းဖေးရဲ့ရှေ့တွင် ထွက်ပေါ်လာသည်။
"ဒါတွေက ကျွန်တော့်ဆီမှာရှိတဲ့ အဆင့်အမြင့်ဆုံး ကျင့်စဉ်တွေပါ။ ဝူတန်ကိုးပါးယန်ကျင့်စဉ်က တိုက်ခိုက်ရေး ဦးစားပေးကျင့်စဉ်ပါ။ ထျန်ကန်း ကြယ်ခုနစ်ပွင့်ကျင့်စဉ်ကတော့ အတွင်းအားနဲ့ အပြင်အား ပေါင်းစပ်ထားတာပါ... မူလကောင်းကင်ကျင့်စဉ်... ကျုစီလော်ချန်းကျင့်စဉ်..."
အဖိုးကြီးသည် ဈေးပွဲတော်မှ မျက်လှည့်ဆရာတစ်ယောက်လို ကျင့်စဉ်တွေ တစ်ခုပြီးတစ်ခု ထုတ်ပြနေသည်။ ထို့အပြင် ကျင့်စဉ်များရဲ့ အဆင့်အတန်းမှာလည်း မဆိုးလှပေ။ တပည့်များက ကြည့်နေရင်းနှင့် ပိုအံ့သြလာကြသည်။ သူတို့ဆရာ ခေါ်လာတာ အစေခံတစ်ယောက်သပ်သပ်ပဲ မဟုတ်ဘူး။ အရူးလွယ်အိတ်ကြီး ခေါ်လာတာပဲ။