စိတ်ဝိညာဥ်စွမ်းအင် သန့်စင်ခြင်း
Vol. 5 Ch. 60
အဖိုးကြီးသည် ဈေးရောင်းသလို ကျင့်စဉ်တွေ တစ်ခုပြီးတစ်ခု ထုတ်ပြနေသည်။
"ကဲ... တော်ပြီ။ ဒါပဲ ယူလိုက်မယ်" ဂူလင်းဖေးက လက်ယမ်းပြလိုက်ပြီး ကျင့်စဥ်စာရင်းကို ဆက်ဖတ်ပြနေဖို့ မလိုတော့ကြောင်း ပြောလိုက်သည်။ သူက ဝူတန်ကိုးပါးယန်ကျင့်စဉ်ကို လက်ညှိုးထိုးလိုက်ပြီး "ဒါလေး မဆိုးဘူးထင်တယ်။ သန်မာပြီး ကြမ်းတမ်းတယ်။ ကျွန်တော် လိုချင်တာနဲ့ကွက်တိပဲ" ဟု ပြောလိုက်သည်။
"နေပါဦး။ ငါ အရင်ကြည့်ဦးမယ်" ကျန်းယီမင်လည်း ကျင့်စဉ်စာအုပ်ကို သေချာစွာ စစ်ဆေးကြည့်လိုက်သည်။
ဒီအဖိုးကြီးက လမ်းမှန်ကနေ သွေဖည်ပြီး မိစ္ဆာကျင့်ကြံရှင်ဖြစ်ဖူးသည်။ တကယ်လို့သာ သူထုတ်ပေးလိုက်တဲ့ ကျင့်စဉ်စာအုပ်မှာ မိစ္ဆာစွမ်းအင်တွေ ကူးစက်ကျန်ရစ်နေခဲ့ပြီး သူ့တပည့်လေ့ကျင့်လိုက်ပါက ရလာမှာက အကျိုးကျေးဇူးထက် ဆုံးရှုံးမှုက ပိုများပေလိမ့်မည်။
"အဆင်ပြေပါတယ်"
ဒီကျင့်စဉ်မှာ မိစ္ဆာစွမ်းအင်တွေ မပါဝင်သလို၊ အဆင့်အတန်းကလည်း မဆိုးလှပေ။ စနစ်ဆီကရပြီး အခြားတပည့်တွေ ကျင့်ကြံနေတဲ့ ကျင့်စဉ်တွေလောက် မကောင်းပေမဲ့ ရေတိုအသုံးပြုဖို့အတွက်တော့ အဆင်ပြေသည်။
"ကောင်းပြီ။ ဒီကျင့်စဉ်ကို မင်းနားလည်သဘောပေါက်အောင် ငါကူညီပေးမယ်"
ဝင်သက်ထွက်သက် အနည်းငယ်အတွင်းမှာပင် ဂူလင်းဖေးသည် ထိုကျင့်စဉ်ကို နားလည်သဘောပေါက်သွားခဲ့သည်။ ထို့နောက် ကျန်းယီမင်သည် စနစ်ကနေ ပေးထားတဲ့၊ ဘယ်သူမဆို ကျင့်ကြံနိုင်တဲ့ ကြာပန်းစိမ်းဖန်တီးခြင်းကျင့်စဉ်ကို ဂူလင်းဖေးအား လက်ဆင့်ကမ်း သင်ကြားပေးလိုက်သည်။ အဲ့ဒီအချိန်မှာပဲ ဂူလင်းဖေးက ရုတ်တရက် ဥာဏ်အလင်းပွင့်သွားပြီး စွမ်းအင်လည်ပတ်ခြင်းနှင့် ကျင့်ကြံခြင်းအပေါ် အာရုံစိုက်လိုက်တော့သည်။
[ဒင်း]
[အသိပေးချက် - အဓိကတာဝန် - သူတော်စင် ရုပ်ကြွင်း၊ ပြီးမြောက်ပါပြီ]
[အသိပေးချက် - တာဝန်ဆုလာဘ်ကို ပေးပို့လိုက်ပါသည်။ ကျေးဇူးပြုပြီး လက်ခံရရှိကြောင်း စစ်ဆေးကြည့်ပါ။]
[အသိပေးချက် - ကောင်းကင်ဘုရင်အဆင့် အထူးအခွင့်အရေးကြောင့်၊ နဂါးရှာပေတံကို ရတနာရှာဘုတ်ပြားအဖြစ် အဆင့်မြှင့်တင်လိုက်သည်။]
သူ့တာဝန် ပြီးဆုံးသွားသည်။ နဂါးရှာပေတံက ဝှက်ထားတဲ့ ရတနာသိုက်တွေကို ရှာဖွေနိုင်ပြီး၊ အဆင့်မြှင့်တင်ပြီးတဲ့ နောက်ပိုင်းတွင် တွေ့ရှိနိုင်တဲ့ ရတနာများရဲ့ အဆင့်အတန်းသည်လည်း သေချာပေါက် မြင့်တက်လာပေလိမ့်မည်။
ထိုအချက်တစ်ချက်တည်းနှင့်ပင် ကျန်းယီမင်ကို တံတွေးယိုစေလောက်သော်လည်း သူ့ရတနာရှာဖွေရေး ခရီးစဉ်ကို ပြန်စဉ်းစားကြည့်လျှင် သီသီလေး အစက်ရှင် လွတ်မြောက်ခဲ့ရတယ်လို့ဟု ပြောနိုင်သည်။ အကယ်၍ စနစ်ရဲ့ ကူညီပံ့ပိုးမှုသာ မရှိခဲ့ရင် သူလည်းလျှို့ဝှက်နယ်မြေအတွင်းထဲမှာ သွေးကွက်တစ်ခုအဖြစ် အဆုံးသတ်သွားလောက်သည်။
[ဒင်း! တာဝန်အသစ်စတင်ပါသည်]
[အသိပေးချက် - အမျိုးအစား - အဓိကတာဝန်]
[အသိပေးချက် - အမည် - အုတ်မြစ်ခိုင်မာအောင် တည်ဆောက်ခြင်း]
[အသိပေးချက် - တာဝန်လိုအပ်ချက် - သင့်ရဲ့ ကျင့်ကြံမှုအုတ်မြစ်ကို တည်ငြိမ်အောင်လုပ်ပါ၊ သင့်ခန္ဓာကိုယ်တွင်းထဲက မသန့်စင်တဲ့ စွမ်းအင်များကို သန့်စင်ပါ၊ ပြီးရင် သင့်တပည့်များကို ကျင့်ကြံရေးအဆင့်ကို ပိုမြင့်လာအောင် ကူညီပါ။]
[အသ်ပေးချက်- တာဝန်ဆုလာဘ် - အသူရာစမ်းသပ်နယ်မြေ]
မစ်ရှင်တစ်ခုပြီးဆုံးတာနှင့် နောက်ထပ်မစ်ရှင်အသစ်တစ်ခု ချက်ချင်း ရောက်လာသည်။ သူ့မှာ ဆေးလုံးများနှင့် ကျင့်စဉ်များ စုံလင်စွာ ရှိနေပြီဖြစ်လို့ အချိန်နှင့်လုပ်အား အနည်းငယ် စိုက်ထုတ်လိုက်ရုံနဲ့ မသန့်စင်တဲ့စွမ်းအင်များကို သန့်စင်နိုင်မှာဖြစ်လို့ ဒီကိစ္စက သူ့အတွက် မခက်ခဲလှပေ။ သို့သော် တာဝန်ဆုလာဘ်ကြောင့် ကျန်းယီမင်က တာဝန်ကိုပြီးအောင် မြန်မြန်ဆန်ဆန်ပဲ လုပ်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည်။
အသူရာစမ်းသပ်နယ်မြေသည် ဂိုဏ်းများရဲ့ လျှို့ဝှက်နယ်မြေများထဲမှ တစ်ခုဖြစ်သည်။ လျှို့ဝှက်နယ်မြေ အမျိုးမျိုးရှိကြသည်။ အချို့သော နယ်မြေများသည် ဉာဏ်အလင်းပွင့်စေရန် အထောက်အကူပေးပြီး တချို့မှာတော့ စိတ်ငြိမ်းချမ်းမှုကို ရစေသည်။ အဲ့လိုနယ်မြေများသည် ဂိုဏ်းတိုင်းက လိုချင်တပ်မက်တဲ့ ရတနာများဖြစ်ကြသည်။ အသူရာစမ်းသပ်နယ်မြေသည် ပြီးပြည့်စုံတဲ့ စစ်မြေပြင်တစ်ခုကို ဖန်တီးပေးနိုင်သည်။ ထိုနယ်မြေအတွင်း လေ့ကျင့်တာက တိုက်ပွဲအတွေ့အကြုံကို လျင်မြန်စွာ တိုးတက်စေနိုင်သည်။ ထိုနယ်မြေကို လျှို့ဝှက်နယ်မြေအများအပြားထဲမှာ အဆင့်မြင့်နယ်မြေလို့ သတ်မှတ်နိုင်သည်။
ရှန့်ကွမ်းမိသားစုမှ စေလွှတ်လိုက်သော စီမာကျန်းနဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် စီမာကျန်းသည် ကျန်းယီမင်ရဲ့ခွန်အားနဲ့ ကျင့်စဥ်တွေကို ထည့်သွင်းစဉ်းစားကာ အချိန်တိုအတွင်း မဆင်မခြင်ဘဲ လာရန်မရှာရဲလောက်ပေ။ ထိုရတဲ့အချိန်သည် သူ့ဂိုဏ်းနှင့်တပည့်များကို တိုးတက်အောင်လုပ်ရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။ ထိုအကြောင်းများကို တွေးတောရင်း ကျန်းယီမင်သည် သူ့စနစ်မျက်နှာပြင်ကို ဖွင့်လိုက်သည်။
[ဒင်း!]
[ဂိုဏ်းအဆင့် - အဆင့် ၅ အင်အားစု (အဆင့်တက်ရန် စံနှုန်းမီနေပြီဖြစ်သည်)]
[ဂိုဏ်းချုပ် - ကျန်းယီမင်]
[ကျင့်ကြံမှုအဆင့် - မွေးဖွားခြင်းအဆင့်ကို သိပ်မကြာခင်က ရောက်ထားသည်၊ အုတ်မြစ်သည် အလွန်မတည်ငြိမ်သေးပါ။]
[ကျင့်စဉ် - ကြာပန်းစိမ်းဖန်တီးခြင်းကျင့်စဉ်၊ ဖျက်စီးခြင်းကျင့်စဉ်]
[ခန္ဓာကိုယ် - မြင့်မြတ်ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာ (အခြေခံအဆင့်)]
[အခွင့်အရေး - ကောင်းကင်ဘုရင်အဆင့် အထူးအခွင့်အရေး]
[အသိပေးချက်] - စနစ်ပိုင်ရှင်ရဲ့ ခန္ဓာကိုယ်တွင်းက စိတ်ဝိညာဉ်စွမ်းအင်များငည် မသန့်စင်ပါ။ ခန္ဓာကိုယ်ကို အမြန်ဆုံး သန့်စင်ရန် အကြံပြုပါသည်။]
'ဂိုဏ်းက အဆင့်တက်ဖို့ စံနှုန်းမီနေပြီ ဟုတ်လား။'
လောလောဆယ်တွင် သူ့ဂိုဏ်းသည် အဆင့်၃ဂိုဏ်းအများစုကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့ စွမ်းအားရှိသည်။ သို့သော် အဲ့ဒီရေပွက်တစ်ခုလို ဂုဏ်သတင်းများက အခုအချိန်တွင် အရေးမကြီးသေးပေ။ အချိန်တန်မှ စဉ်းစားရင်လည်း နောက်ကျသွားမှာ မဟုတ်ပေ။ ထိုသို့တွေးရင်း ကျန်းယီမင်က သူ့တပည့်များရဲ့ မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။
[အမည် - ဟွမ်းချောင်ယု]
[အထောက်ထား - လင်းယွင်ဂိုဏ်းရဲ့ တတိယမြောက်တပည့်]
[ကျင့်ကြံမှုအဆင့် - အုတ်မြစ်အခြေတည်ထောင်ခြင်းနှောင်းပိုင်းအဆင့် (အဆင့်တက်ခါနီး)]
[ကျင့်စဉ် - ဝိညာဉ်ပြန်သက်သာခြင်းကျင့်စဉ်၊ ကြာပန်းစိမ်းဖန်တီးခြင်းကျင့်စဉ်]
[ခန္ဓာကိုယ် - ငရဲမီးတောက်ဖီးနစ်ခန္ဓာကိုယ် (နိုးထပြီး)]
[အမည် - ယဲ့ယွမ်ဖန်]
[အထောက်ထား - လင်းယွင်ဂိုဏ်းရဲ့ ဒုတိယမြောက် တပည့်]
[ကျင့်ကြံမှုအဆင့် - အုတ်မြစ်အခြေတည်ထောင်ခြင်းအလယ်အလတ်အဆင့် (အဆင့်တက်ခါနီး)]
[ကျင့်စဉ် - ကြာပန်းစိမ်းဖန်တီးခြင်းကျင့်စဉ်၊ လွင့်မျောတိမ်တိုက် ကျိုးပဲ့လကျင့်စဉ်]
[ခန္ဓာကိုယ် - မနိုးထသေး]
[အမည် - ရှန့်ကွမ်းချင်ယန်]
[အထောက်ထား - လင်းယွင်ဂိုဏ်းရဲ့ စတုတ္ထမြောက် တပည့်]
[ကျင့်ကြံမှုအဆင့် - ချီစုဆောင်းခြင်း နှောင်းပိုင်းအဆင့်]
[ကျင့်စဉ် - မရှိ]
[ခန္ဓာကိုယ် - မနိုးထသေး]
[အသိပေးချက် - ပြတ်တောက်နေတဲ့ သွေးကြောအများစုက ပြန်ကောင်းလာနေသည်။ ပြတ်တောက်နေတဲ့ သွေးကြောအားလုံး အပြည့်အဝပြန်ကောင်းမှသာ ကျင့်ကြံမှုကို ဆက်လုပ်ဆောင်နိုင်သည်။]
[အမည် - ဂူလင်းဖေး]
[အထောက်ထား - လင်းယွင်ဂိုဏ်းရဲ့ ပထမတပည့်]
[ကျင့်ကြံမှုအဆင့် - အမြုတေဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်]
[ကျင့်စဉ် - ဝူတန်ကိုးပါးယန်ကျင့်စဉ်၊ ပျံလွှားကျင့်စဉ်]
[ခန္ဓာကိုယ် - မနိုးထသေး]
ကျန်းယီမင်ရဲ့ တပည့်တွေဆိုတဲ့အတိုင်းပဲ။ အခုအချိန်တိုလေးအတွင်းမှာ အားလုံးက ကျင့်ကြံရေးတွေ တိုးတက်လာကြသည်။ တကယ်လို့သာ ယဲ့ယွမ်ဖန်နှင့် ဟွမ်းချောင်ယုကို အမြုတေဖွဲ့စည်းခြင်းအဆင့်၊ ဂူလင်းဖေးကို အခြေတည်စိတ်ဝိညာဥ်အဆင့်ကို ရောက်အောင်ကူညီပေးလိုက်ပြီး သူခေါ်လာတဲ့ အဖိုးကြီးနဲ့အတူ ဂိုဏ်းကိုကာကွယ်ဖို့ဆိုတာ မခဲယဥ်းတော့ပေ။
အဖိုးကြီးရဲ့ လက်ရှိကျင့်ကြံမှုသည် အများဆုံးရှိမှ အခြေတည်စိတ်ဝိညာဥ်အလယ်အလတ်အဆင့်မှာပဲ ရှိသေးသော်လည်း၊ သူ့ပိုင်ဆိုင်ထားတဲ့ ကျင့်စဉ်အမျိုးမျိုး၊ တိုက်ကွက်များနှင့် အတွေ့အကြုံများက လင်းယွင်ဂိုဏ်းအတွက် ခံတပ်တစ်ခုလို ကာကွယ်နေထိုင်ခွင့်ပေးရန် ထိုက်တန်သည်။ သူ့အခုတပည့်တွေသာ အဆင့်တက်သွားရင် တပည့်သစ်များ ထပ်စုဆောင်းရဦးမည် ဖြစ်သည်။ ထို့ကြောင့် သူ့မှာနောက်ဆံတင်းစရာတွေ မရှိတော့ပေ။
ထိုသို့တွေးရင်း ကျန်းယီမင်က စိတ်အေးသွားပြီး သူ့ခန္ဓာကိုယ်အခြေအနေကို သေချာစစ်ဆေးကြည့်လိုက်သည်။ လက်ရှိအချိန်မှာ သူ့အခြေအနေက အလွန်မတည်ငြိမ်ဖြစ်နေသည်။ မွေးဖွားခြင်းအဆင့်ကို ရောက်ရှိသွားတယ်လို့ ထင်ရေပမယ့် မူလစိတ်ဝိညာဉ်ဖန်တီးဆို့က ခက်ခဲနေဆဲ ဖြစ်သည်။ သူစုပ်ယူထားတဲ့ စွမ်းအင်များသည် လောလောဆယ်မှာ ထိန်းချုပ်ဖို့ ခက်ခဲနေသည်။ ကျန်းယီမင်သည် သူ့စိတ်ဝိညာဥ်အမြုတေကို မပြိုကွဲသွားအောင် စိတ်ဝိညာဥ်စွမ်းအင်များဖြင့် ကာကွယ်ထားသော်လည်း စိတ်ဝိညာဉ်စွမ်းအင်နှင့် မိစ္ဆာစွမ်းအင်တို့က သဟဇာတမဖြစ်ဘဲ တွန်းကန်နေကြသည်။
စွမ်းအင်လှိုင်းနှစ်ခုက သူ့ခန္ဓာကိုယ်ထဲမှာ တွန်းကန်ရင်းနဲ့ တိုက်ပွဲဝင်နေကြသလို ဖြစ်နေသည်။ သူ့ထိန်းချုပ်မှုအောက်ကနေ ကင်းလွတ်ပြီး တားဆီးမရဖြစ်နေသည်။ ထို့အပြင် မိစ္ဆာစွမ်းအင်သည် စိတ်ဝိညာဉ်စွမ်းအင်ကို ဝါးမြိုဖို့ ကြိုးစားနေတဲ့ လက္ခဏာများပင် ပြသနေသည်။ ကျန်းယီမင်ရဲ့ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး ထိုစွမ်းအင်လှိုင်းနှစ်ခုကို အလျင်အမြန် အတင်းခွဲထုတ်လိုက်သည်။
မိစ္ဆာစွမ်းအင်များ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတာရဲ့ ဆိုးကျိုးများက သူထင်ထားတာထက် ပိုကြောက်မက်ဖွယ်ကောင်းနေသည်။ သူ့ရဲ့မတည်ငြိမ်တဲ့ ကျင့်ကြံအဆင့်လည်း အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်မလာနိုင် သဖြစ်ဖြစ်နေသည်။ သူ့စိတ်ဝိညာဉ်စွမ်းအင်အားလုံးကို သေသေချာချာ သန့်စင်ရလိမ့်မည်။
ကျန်းယီမင်သည် အချိန်ဆွဲမနေဘဲ စွမ်းအင်သန့်စင်ခြင်းကျင့်စဉ်ကို အလျင်အမြန် သုံးလိုက်သည်။ ကျင့်စဉ်ရဲ့ ထိန်းချုပ်မှုအောက်တွင် မိစ္ဆာစွမ်းအင်များကို တစ်စတစ်စနဲ့ ဖြည်းဖြည်းချင်း ဖိနှိပ်လိုက်သည်။
"ဟင်း... အား....!" ဖိနှိပ်တာကိုလုပ်တုန်းက နာကျင်မှုသည် သူအရင်က စိတ်ဝိညာဥ်အများကြီး စုပ်ယူမိလို့ အဆင့်တက်စဉ်က နာကျင်မှုအောက် မလျော့နည်းပေ။ မိစ္ဆာစွမ်းအင်များကို အစွမ်းကုန် ဖိနှိပ်ပြီးတဲ့နောက် စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုပြီး ဝါးမြိုလိုက်သည်။
"စိတ်ဝိညာဥ်အမြုတေကို ချီစွမ်းအင်နဲ့ ကာကွယ်ထား။ အနှောင့်အယှက် မဖြစ်စေနဲ့။ ပြောင်းလဲစမ်း"ဟု ကျန်းယီမင် ထိုစကားလုံးများကို ပြောလိုက်သည်နှင့် သူ့ပါးစပ်ကနေ မီးခိုးမည်းမည်းတချို့ ထွက်လာခဲ့ပြီး လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
ထိုမိစ္ဆာစွမ်းအင်နည်းနည်းလေးကို သန့်စင်လိုက်ရုံနဲ့ သူ့ခွန်အားအတော်များများ ကုန်သွားခဲ့ရသည်။ ကျန်းယီမင်ရဲ့ နဖူးမှာ ချွေးတွေနဲ့ ရွှဲနစ်နေပြီး စွမ်းအင်ပြန်ဖြည့်တင်းသည့် ဆေးလုံးတစ်လုံးကို သောက်လိုက်သည်။
"မင်း... ဒီကိုလာခဲ့"
ကျန်းယီမင်ရဲ့ အမိန့်ကို ကြားလိုက်သောအခါ အဖိုးကြီးသည် အလျင်အမြန် ပြေးလာခဲ့သည်။ ခေါင်းမော့ကြည့်လိုက်တာနှင့် ဘာတွေဖြစ်နေသလဲ ဆိုတာကို သူချက်ချင်းနားလည်သွားသည်။
"ဟဲဟဲ... သခင်က စွမ်းအင်သန့်စင်ခြင်းကျင့်စဉ်ကို လေ့ကျင့်ချင်ရင် ကျွန်တော့်ကိုခေါ်လိုက်ရုံပါပဲ။ စိတ်မပူပါနဲ့၊ ကျွန်တော်က ဝိညာဉ်ချုပ်ထောင်ထဲ ရောက်နေပါပြီ။ သခင့်ကို ထိခိုက်စေမယ့် အတွေးမျိုး တွေးမိရင် ကျွန်တော်ပဲ ဆိုးကျိုးတွေ အရင်ခံစားရမှာပါ။ ကူညီခွင့်ပေးပါ"
ကျန်းယီမင်က သဘောတူလိုက်ကာ ခေါင်းညိတ်လိုက်ပြီး စွမ်းအင်သန့်စင်တာကို ဆက်လုပ်လိုက်သည်။