← Chapters

ဂူမိသားစုရဲ့သွေးမျိုးဆက်၊ ဂူလင်းဖေးရဲ့ စည်းတံဆိပ်

Vol. 5 Ch. 61

ဂူမိသားစုရဲ့သွေးမျိုးဆက်၊ ဂူလင်းဖေးရဲ့ စည်းတံဆိပ်

Vol. 5 Ch. 61

ကန်းလန်ဒေသ၊ ရှန့်ကွမ်းမိသားစုအတွင်း၌...

"တောက်စ်...မင်းပြောလိုက်တဲ့ စကားအကုန်လုံးက အမှန်တွေလား"

ခန်းမကြီးရဲ့ အလယ်တွင်ထိုင်နေသူရဲ့ မျက်လုံးများထဲတွင် သံသယအရိပ်အယောင်များ ပြေးလွားနေသည်။ သူကတော့ ရှန့်ကွမ်းမိသားစုရဲ့ ခေါင်းဆောင် ရှန့်ကွမ်းလီပင်ဖြစ်သည်။

"မှန်ပါတယ်။ ကျုပ်က ရှန့်ကွမ်းချင်းယန်ရှိတဲ့ လင်းယွင်ဂိုဏ်းကို ခြေရာခံလိုက်သွားခဲ့ပါတယ်။ သာမန် အဆင့် ၅ဂိုဏ်းလေးတစ်ခုက သူ့ကိုလက်ခံရဲတာကိုလည်း ကျုပ်လည်း အတော်လေး အံ့အားသင့်မိပါတယ်"ဟု လူအိုကြီးက လက်ဖက်ရည်ခွက်ကို ကိုင်ရင်း ဇဝေဇဝါဖြစ်နေတဲ့ဟန်နဲ့ ပြောလိုက်သည်။ ထိုသူသည် သဲကန္တာရထဲမှာ ကျန်းယီမင်နဲ့ တိုက်ခိုက်ခဲ့တဲ့ စီမာကျန်းပင်ဖြစ်သည်။

"ဒါပေမယ့် လင်းယွင်ဂိုဏ်းချုပ်ကတော့ တကယ့်ကို အစွမ်းအစရှိတဲ့သူပဲ။ သူ့ဂိုဏ်းက အဆင့် ၅ဂိုဏ်းဆိုတာ ထင်ရှားနေပေမယ့် ဂိုဏ်းကာကွယ်ရေးအစီအရင်နဲ့ စိတ်ဝိညာဥ်စုဆောင်းခြင်းအစီအရင်တွေကို ပိုင်ဆိုင်ထားတယ်။ သူတို့ရဲ့အစီအရင်တွေက ကျုပ်တို့ရဲ့ဟာတွေနဲ့ ယှဥ်လို့တောင်ရနေတယ်။ လင်းယွင်ဂိုဏ်းချုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်ကိုတော့ ကျုပ်အကဲမခတ်နိုင်ခဲ့ဘူး။ ဒါပေမယ့် သူက ကျင့်ကြံရှင်တစ်ယောက်ရဲ့ လျှို့ဝှက်နယ်မြေကို ရှာတွေ့ပြီး မိစ္ဆာစွမ်းအင်တွေကို စုပ်ယူနိုင်ခဲ့တယ်။ တကယ်လို့များ ကျုပ်ကသာ မိစ္ဆာလမ်းစဉ်ရတနာကို လုမယူထားခဲ့ဘူးဆိုရင် သူ့လက်ချက်နဲ့ ရှုံးသွားလောက်တယ်။ ကျုပ်ထင်တာတော့ သူကမွေးဖွားခြင်းအဆင့်က ခွန်အားမျိုးကို ပိုင်ဆိုင်ထားလောက်တယ်" စီမာကျန့် က အရိုးစားဓားကို ကိုင်ရင်းနဲ့ ပြောလိုက်သည်။

ထိုအခါ ခန်းမကြီးတစ်ခုလုံး ရုတ်တရက်ဆိုသလို အေးစက်သွားခဲ့သည်။

"အဲ့ဒါအပြင် အကြောင်းရင်းကိုတော့ သေချာမသိရပေမယ့် လျှို့ဝှက်နယ်မြေထဲက ကျင့်ကြံရှင်ကလည်း သူ့ရဲအစေခံဖြစ်သွားပြီ။ ရှန့်ကွမ်းချင်းယန်က လင်းယွင်ဂိုဏ်းချုပ်ရဲ့ အာရုံစိုက်ခံရတာကို ဘယ်လိုရခဲ့လဲဆိုတာ ကျုပ်စဉ်းစားလို့မရဘူး ဖြစ်နေတယ်။ ကျုပ်မြင်ခဲ့ရသလောက် အဲ့ဂိုဏ်းချုပ်ရဲ့ သဘောထားကတော့ အဲ့ဒီမသန်စွမ်းကောင်ကို ဘယ်နည်းနဲ့မဆို ကာကွယ်ပေးမယ့်ပုံပဲ။ တကယ်လို့ ကျုပ်တို့သာ သူ့ဂိုဏ်းထဲကို အတင်းဝင်ရောက်စီးနင်းမယ်ဆိုရင် အသာစီးရနိုင်ဖို့ဆိုတာ ထင်သလောက် မလွယ်ကူမှာကို ကျုပ်စိုးရိမ်မိတယ်"

ခန်းမကြီးမှာ လုံးဝတိတ်ဆိတ်ငြိမ်သက်သွားသည်။ ပုံမှန်မာန်ထောင်လွှားလေ့ရှိတဲ့ ရှန့်ကွမ်းလီတောင် အတွေးနက်သွားခဲ့ရသည်။ သူစေလွှတ်လိုက်တဲ့ လုပ်ကြံသတ်ဖြတ်သူများအားလုံးက ထိုဂိုဏ်းချုပ်လက်ချက်နဲ့ သေသွားကြတာ အံ့သြစရာမရှိတော့ပေ။ တစ်ဖက်လူက မွေးဖွားခြင်းအဆင့်ကို ရောက်နေတဲ့သူဖြစ်နေသည်။ ထိုလုပ်ကြံသတ်ဖြတ်သူများက သူ့မျက်လုံးထဲမှာ ပုရွက်ဆိတ်တွေလို ဖြစ်နေပေလိမ့်မည်။

စီမာကျန်းရဲ့ ပြောစကားအရဆို တစ်ဖက်ရန်သူရဲ့ဂိုဏ်းကာကွယ်ရေးအစီအရင်မှာ အလွန်ဆန်းကြယ်နက်နဲလှသည်။ လင်းယွင်ဂိုဏ်းအစီအရင်ထဲ ဝင်သွားပြီး သူတို့နဲ့တိုက်ခိုက်ဖို့ လုပ်တာက တကယ့်ကို ဉာဏ်ရှိတဲ့ လုပ်ရပ်တစ်ခုမဟုတ်ပေ။

"အကြီးအကဲ၊ ပြန်နားလို့ရပါပြီ။ ဒီတိုက်ပွဲအတွင်းမှာ အကြီးအကဲရဲ့ မူလဝိညာဥ်ဒဏ်ရာရသွားမှာ သေချာတယ်။ ဆေးလုံးတွေနဲ့ ဆေးဖက်ဝင်အပင်တွေကို အကြီးအကဲရဲ့နေအိမ်ကို ပို့ပေးဖို့ လူလွှတ်လိုက်ပါပြီ။ ကောင်းကောင်း အနားယူလိုက်ပါဦး အကြီးအကဲ"

"ဒါဆိုရင်လည်း ကျုပ်ကိုခွင့်ပြုပါဦး"

ထိုအဖိုးကြီးရဲ့ပုံရိပ်က တဖြည်းဖြည်းနဲ့ ဝေးကွာသွားတာကို ကြည့်ရင်း ရှန့်ကွမ်းလီတစ်ယောက် စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့ပေ။ သူက စားပွဲခုံပေါ်ကို လက်သီးနဲ့ ထုချလိုက်ပြီး မာကျောလှတဲ့ကျောက်စားပွဲတောင် ချက်ချင်းအမှုန့်ဘဝကို ပြောင်းလဲသွားရတော့သည်။

"ခွေးကောင်... ခွေးကောင်! မိသားစုခေါင်းဆောင်နေရာကို ဆက်ခံရမယ့်သူက ငါပဲဖြစ်သင့်တာကွ! မင်းအဖေကိုတောင် ငါဒုက္ခပေးနိုင်ခဲ့သေးတာ၊ မင်းလိုကောင်က ငါ့လက်ထဲက အရုပ်တစ်ရုပ်ထက် မပိုဘူးကွ!"

နောက်ထပ်ခြေတစ်ချက် ဆောင့်ကန်လိုက်ရာ ခန်းမကြီးတောင် တုန်ခါသွားသလိုဖြစ်သွားသည်။

"လင်းယွင်ဂိုဏ်း... ဟား... လင်းယွင်ဂိုဏ်း... မင်းနဲ့ငါက အစတုန်းက ရန်ငြိုးရန်စမရှိခဲ့ဘူး။ မင်းက သေလမ်းကိုကိုယ်တိုင်ရောက်လာပြီး ငါ့လမ်းကို ပိတ်ပင်ချင်နေမှတော့ ငါ့ကိုအပြစ်မတင်နဲ့! ရှန့်ကွမ်းချင်းယန်ကို ငါမရရအောင် ပြန်ခေါ်မယ်!"

ရှန့်ကွမ်းလီက စိတ်ကိုငြိမ်သွားအောင်လုပ်လိုက်ပြီး ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်သည်။ သူ့မျက်နှာပေါ်တွင် မြေခွေးလို ကောက်ကျစ်ယုတ်မာတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

.........

လင်းယွင်ဂိုဏ်းတွင်...

အဖိုးကြီးက ကျန်းယီမင်ရဲ့ စွမ်းအင်များကို သန့်စင်ရာတွင် ကူညီပေးနေသည်။ သူ့သခင်က ကျေနပ်နေတာကို မြင်လိုက်ရသဖြင့် အခွင့်ကောင်းယူကာ မေးလိုက်သည်။

"သခင်... ကျွန်တော် နောက်ထပ်တစ်ခွန်းလောက် မေးလို့ ရမလား။ သခင့်ရဲ့ ပထမတပည့်နာမည်က ဂူ မျိုးရိုးလား"

"ဟမ်... ငါ့ပထမတပည့်က ဂူမျိုးရိုးဟုတ်တယ်လေ... ဘာဖြစ်လို့လဲ"

ကျန်းယီမင်လေသံက တည်ငြိမ်နေသော်လည်း ဒီအဖိုးကြီးရဲ့ စကားကိုကြားလိုက်ရသောအခါ ကျန်းယီမင်ရဲ့ စိတ်နှလုံးက တုန်လှုပ်သွားခဲ့သည်။

'သူ့ရဲ့ ပထမတပည့်လည်း သန်မာအားကောင်းတဲ့ မိသားစုကြီးတစ်ခုက ဖြစ်နေတာများလား။ သူ့ရဲ့ ဂိုဏ်းသေးသေးလေးထဲမှာ အဲ့ဒီလောက်တောင် ပါရမီရှင်တွေ ပုန်းနေကြတာလား။ ဒါပေမယ့် ထိပ်တန်းဂိုဏ်းတွေ၊ မိသားစုကြီးတွေကြားထဲမှာ ဂူ မိသားစုရယ်လို့ မကြားဖူးပါဘူး။'

"ဒီတိုင်းပဲ မေးကြည့်တာပါ။ သခင်တကယ်ပဲ မသိဘူးလား"

"ငါ့ကို ရင်တမမဖြစ်အောင် လုပ်မနေစမ်းနဲ့။ ပြောစရာရှိတာသာ ပြောလိုက်စမ်းပါ"

"အမ်... ကျွန်တော်လည်း သေသေချာချာတော့ မမှတ်မိတော့ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ဂူမိသားစုလို့ခေါ်တဲ့ မိသားစုကြီးတစ်ခု ရှိခဲ့ဖူးတယ်ဆိုတာလောက်ပဲ မှတ်မိတယ်။ သူတို့က အတော်လေးအင်အားသန်မာခဲ့ပြီး သူတို့ထိပ်ဆုံးရောက်နေတဲ့ အချိန်တုန်းကဆိုရင် အဆင့်၁အင်အားစုကြီး ဖြစ်လာနိုင်တဲ့ ခွန်အားမျိုးတောင် ပိုင်ခဲ့ကြတာ" အဖိုးကြီးက ခက်ခက်ခဲခဲ ပြန်စဉ်းစားရင်း ပြောပြသည်။

"ဒါပေမယ့် အဲ့ဒီတုန်းက ဂူမိသားစုက တခြားမိသားစုတွေနဲ့ ပဋိပက္ခတွေလည်း အများကြီး ရှိခဲ့ပုံရတယ်။ နောက်ဆုံးမှာတော့ တိုက်ပွဲကြီးတစ်ခုမှာ တခြားသူတွေရဲ့ လက်ချက်နဲ့ မျိုးရိုးပြတ်သုတ်သင် ခံလိုက်ရတယ်။ လူတစ်စုလောက်ပဲ ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့တာ။ အဲ့ဒီလူတွေက သူတို့ရဲ့ အထောက်အထားတွေကို ဖုံးကွယ်ပြီး တခြားမျိုးရိုးအမည်တွေ ပြောင်းလိုက်ရတယ်။ ဒါပေမယ့် အဲ့ဒါကနောက်မှ ဖြစ်လာတဲ့ဇာတ်လမ်းဆိုတော့ အမှန်ဟုတ်မဟုတ်လည်း ကျွန်တော်မသေချာဘူး။ အရင်တုန်းက တိုက်ဆိုင်မှုတချို့ကြောင့် ဂူမိသားစုဝင်တချို့နဲ့ ကျွန်တော်ဆုံဖူးခဲ့တယ်။ သခင့်တပည့်ကြီးရဲ့ အရှိန်အဝါက ကျွန်တော့်မှတ်ဉာဏ်ထဲက ဂူမိသားစုရဲ့ အရှိန်အဝါနဲ့ တော်တော်လေး တူနေတယ်။ အဲ့တာကြောင့်...."

ကျန်းယီမင်က တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ဖိနှိပ်သန့်စင်ထားရတဲ့ မိစ္ဆာစွမ်းအင်များတောင် မထိန်းနိုင်တော့မယ့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။သူ့ရဲ့ပထမတပည့်က ခန္ဓာကိုယ်နိုးထခြင်း မရှိသေးပေ။ တကယ်လို့များ သူသာဂူမိသားစုရဲ့ ဆက်ခံသူတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် သူလည်းပဲ ခန္ဓာကိုယ်တစ်ခု နိုးထလာနိုင်သည်။

"သခင်... အာရုံမပျံ့လိုက်ပါနဲ့! စိတ်ဝိညာဥ်စွမ်းအင်နဲ့ စိတ်ဝိညာဥ်အမြုတေကို ကာကွယ်ထားပါ!"

သူ့သခင်ရဲ့ အရှိန်အဝါ မတည်မငြိမ်ဖြစ်နေတာကို မြင်လိုက်ရသဖြင့် အဖိုးကြီးက သတိပေးလိုက်ရသည်။

...........

ထိုစုပ်ယူထားတဲ့ မိစ္ဆာစွမ်းအင်တချို့ကို အောင်မြင်စွာ သန့်စင်ပြီးနောက် ကျန်းယီမင်က ဂူလင်းဖေးကို မြန်မြန် လှမ်းခေါ်လိုက်သည်။

"ဂူလင်းဖေး! ဒီကို မြန်မြန်လာစမ်း!"

"ငါ့ရဲ့ပထမတပည့်ကို တချက်လောက် သေချာကြည့်လိုက်"

"သခင့် အမိန့်အတိုင်းပါ"

ဂူလင်းဖေးမျက်နှာတွင် ဇဝေဇဝါဖြစ်သွားတဲ့ အမူအရာများ ပေါ်လာခဲ့သည်။ သို့သော် သူ့ဆရာ က သူ့ကိုဒုက္ခပေးမှာ မဟုတ်ဘူးလို့ တွေးလိုက်ပြီး အဖိုးကြီးရဲ့ လက်ပေါ်ကို သူ့လက်ကောက်ဝတ် တင်ပေးလိုက်သည်။

အဖိုးကြီးက မျက်လုံးများကိုမှိတ်ထားလိုက်ပြီး အသက်ရှူလိုက်ရာ သူ့မျက်နှာအမူအရာက အနည်းငယ် ပျက်ယွင်းသွားလိုက်သည်။

"ထူးဆန်းတယ်... ထူးဆန်းတယ်" မျက်လုံးများကို ပြန်ဖွင့်ရင်း အဖိုးကြီးက ရေရွတ်လိုက်သည်။

"ဘာကထူးဆန်းတာလဲ" ကျန်းယီမင်နှင့် ဂူလင်းဖေး တို့နှစ်ယောက်လုံး စိုးရိမ်သွားကြပြီး မြန်မြန်မေးလိုက်ကြသည်။

"သွေးမျိုးဆက်ရဲ့ အရှိန်အဝါက သိသိသာသာကို တူညီနေပေမယ့် သခင်လေးရဲ့ခန္ဓာကိုယ်ထဲမှာ တစ်ခုခုကို စည်းတံဆိပ်နဲ့ ချိတ်ပိတ်ခံထားရသလိုပဲ"

"စည်းတံဆိပ်....."

"ဟုတ်ပါတယ်... စည်းတံဆိပ်တစ်ခုပါ။ တကယ်လို့သာ အဲ့ဒါကို ဖွင့်နိုင်ခဲ့ရင် သခင်လေးအနေနဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကို နိုးထလာနိုင်တယ်။ ဒါပေမယ့် ထူးဆန်းတာတစ်ခုက ဒီစည်းတံဆိပ်ကို ရှေးဟောင်းနည်းလမ်းတစ်ခုခုသုံးပြီး ချိတ်ပိတ်ထားတာပဲ" လူအိုကြီးက သက်ပြင်းချလိုက်သည်။

"လက်ရှိ ကျွန်တော့်ခွန်အား မလုံလောက်သေးတဲ့အတွက် ဒီစည်းတံဆိပ်ကို ဖြေရှင်းဖို့ နည်းလမ်းမရှိသေးဘူး"

ကျန်းယီမင် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက သူ့ရဲ့ပထမတပည့်ကို စိတ်ဝိညာဥ်စွမ်းအင်များ လှည့်ပတ်နိုင်အောင် အကြိမ်ကြိမ်ကူညီပေးခဲ့ဖူးပေမယ့် ခန္ဓာကိုယ်ထဲက စည်းတံဆိပ်အကြောင်းကို အရိပ်အမြွက်လေးတောင် မသိခဲ့ရပေ။

"သခင်... ကိုယ့်ကိုယ်ကို အပြစ်မတင်လိုက်ပါနဲ့။ ဒီစည်းတံဆိပ်က တော်တော်လေးကို မမြင်နိုင်အောင် အထဲထဲထိ မြှုပ်နှံထားတာပါ။ ကျွန်တော်လည်း အရင်ကအတွေ့အကြုံနဲ့ နှံ့နှံ့စပ်စပ်စစ်ဆေးပြီးမှပဲ တွေ့လိုက်တာ။ ကျင့်ကြံတာနဲ့ ဘာမှမဆိုင်ပါဘူး" လူအိုကြီးက ကျန်းယီမင်ရဲ့ သံသယကို ရိပ်မိသွားပြီး အလျင်အမြန် ရှင်းပြလိုက်သည်။

"မင်းရော ဒီအကြောင်းသိလား"

"ကျွန်တော်က သာမန်မိသားစုလေးက လာခဲ့တာ၊ ထူးထူးခြားခြား ဘာမှလည်း မရှိပါဘူး။ အခုလိုစည်းတံဆိပ်ဆိုတာလည်း တစ်ခါမှမကြားဖူးခဲ့ဘူး" ဂူလင်းဖေးက အမှန်အတိုင်း ပြောလိုက်သည်။

သူငယ်စဉ်က ကျင့်ကြံခြင်းမှာ ပါရမီအနည်းငယ် ရှိခဲ့ရုံသာဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲမှာ စည်းတံဆိပ်တစ်ခု ရှိနေလိမ့်မယ်လို့ သူတခါမှမတွေးခဲ့ဖူးပေ။

"ကိစ္စမရှိဘူး၊ ဒါကမကောင်းတဲ့ကိစ္စမှ မဟုတ်တာ။ ငါကမင်းအတွက် အဲ့ဒါကိုဖြေရှင်းနိုင်မယ့် နည်းလမ်းရှာပေးပြီးရင် မင်းရဲ့ကျင့်ကြံခြင်းက အများကြီး တိုးတက်လာမှာ"

ကျန်းယီမင်က လက်ကာပြလိုက်ပြီး ဂူလင်းဖေးကို စိတ်မပူရန်နှင့် ကျင့်ကြံခြင်းကို ဆက်လုပ်ပြီး ပြန်သွားဖို့ အချက်ပြလိုက်သည်။ ထို့နောက် ကျန်းယီမင်က ခြေချိတ်ထိုင်လိုက်ကာ စွမ်းအင်သန့်စင်တာကို ဆက်လုပ်လိုက်သည်။

"သူ့ခန္ဓာကိုယ်ထဲက စာ်းတံဆိပ်ကိုသာ ဖယ်ရှားနိုင်ရင် သခင့်တပည့်ကတော့ ခန္ဓာကိုယ်နိုးထလာပြီး တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်လာနိုင်မှာ။ ဒီလို ထူးဆန်းတဲ့ စည်းတံဆိပ်မျိုးကို အရင်က တစ်ခါမှမမြင်ဖူးခဲ့တာတော့ အမှန်ပဲ။ ထူးဆန်းတယ်! သိပ်ကို ထူးဆန်းလွန်းတယ်!" လူအိုကြီးက ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

"ဒါပေမယ့် သခင့်ရဲ့ တခြားတပည့်တွေကလည်း ထိပ်တန်းပါရမီရှင်တွေချည်းပဲ။ သူတို့သာ အာရုံစိုက်ပြီး ကျင့်ကြံကြမယ်ဆိုရင် အနာဂတ်မှာ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ သေချာပေါက်ဖြစ်လာကြမှာ!"

"ငါ့စွမ်းအင်တွေကို ကောင်းကောင်းသန့်စင်ပေးဖို့သာ လုပ်စမ်းပါ"

ကျန်းယီမင်ရဲ့ စိတ်ထဲတွင် အတွေးပေါင်းစုံများ ရှုပ်ထွေးနေပြီး ဘယ်လိုမှနားမလည်နိုင်အောင် ဖြစ်နေသည်။ သူက လူအိုကြီးကို ပါးစပ်ပိတ်ထားဖို့နဲ့ သူ့ကို အနှောင့်အယှက်မပေးဖို့ ပြောလိုက်သည်။လောလောဆယ် သူက စနစ်မှ ပေးထားတဲ့တာဝန်ကို အမြန်ဆုံးနှုန်းနဲ့ ပြီးအောင် လုပ်ရမည်။ ဂိုဏ်းရဲ့ လျှို့ဝှက်နယ်မြေကို ရသွားတာနဲ့တပြိုင်နက် သူ့ဂိုဏ်းရဲ့ တိုက်ခိုက်ရေးစွမ်းအားအတွက် စိတ်ပူစရာ မလိုတော့ချေ။

အဲ့အချိန်ကျမှပဲ တပည့်သစ်တွေကို လက်ခံဖို့နဲ့ ဂိုဏ်းအဆင့်တက်လှမ်းတဲ့ ကိစ္စတွေအတွက် စဉ်းစားရမည်။ ကျန်းယီမင်က လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး အနက်ရောင်အငွေ့တစ်ခုက သူ့ခန္ဓာကိုယ်ထဲကနေ ထွက်လာခဲ့သည်။ မြင့်မြတ်ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်နှင့် အဖိုးကြီးရဲ့ အကူအညီကြောင့် သူ့စိတ်ဝိညာဥ်စွမ်းအင်များက အပြည့်အဝသန့်စင်သွားမယ့် နေ့ရက်မှာ သိပ်မဝေးတော့ပေ။

All Chapters