← Chapters

သန်းခေါင်ယံ၊ ဒီတပည့်သစ်က ဂိုဏ်းချုပ်နဲ့ တွေ့ဆုံလိုပါတယ်.....

Vol. 5 Ch. 63

သန်းခေါင်ယံ၊ ဒီတပည့်သစ်က ဂိုဏ်းချုပ်နဲ့ တွေ့ဆုံလိုပါတယ်.....

Vol. 5 Ch. 63

"အမြုတေ... ဖွဲ့စည်းစမ်း"

ဟွမ်းချောင်ယုရဲ့ ဒေါသတကြီးအော်သံနှင့်အတူ ဖီးနစ်ငှက်တစ်ကောင်ရဲ့ အော်သံသဲ့သဲ့သည်လည်း ကောင်းကင်နှင့် မြေကြီးအနှံ့ ပဲ့တင်ထပ်သွားသည်။ ပြင်းထန်တဲ့ မီးတောက်ပေါက်ကွဲမှုတစ်ခုက ကောင်းကင်နှင့်မြေကြီးကြားမှာ ပျံ့နှံ့သွားသလို ဖြစ်သွားသည်။ ကျန်းယီမင်ပင် ဖိအားအနည်းငယ်ကို ခံစားလိုက်ရသည်။ ဤသည်မှာ သူမခန္ဓာကိုယ်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အချက်တစ်ခုပင် ဖြစ်သည်။

"ကျွတ်... ဒီလောက်ကြီးကျယ်တဲ့ မြင်ကွင်းမျိုး ဖြစ်လာမှတော့ ဂိုဏ်းတူညီမလေး အောင်အောင်မြင်မြင်နဲ့ အဆင့်တက်သွားပြီတူတယ်"

တပည့်များရဲ့ နေအိမ်အတွင်းမှာ ဂူလင်းဖေးက အံ့သြတကြီး ရေရွတ်လိုက်သည်။

"ပထမတပည့်ဖြစ်တဲ့ ငါ့နောက်တောင် မှီလာနေပြီ။ ဒီကောင်မလေးကတော့ တကယ့်ကို မကောင်းဆိုးဝါးမလေးပဲ"

"ဟူး... ငါကဂိုဏ်းတူအစ်ကိုကြီးဖြစ်ပေမဲ့ ငါ့ကျင့်ကြံအဆင့်က ဂိုဏ်းတူညီမလေးထက် နိမ့်နေတယ်။ အကိုကြီးနဲ့ စကားပြောပြီး အချိန်မဖြုန်းတော့ဘူး။ ငါလည်း မြန်မြန်ကျင့်ကြံပြီး အမြုတေဖွဲ့စည်းခြင်းအဆင့်ကို အမြန်ဆုံးရောက်အောင် လုပ်ရမယ်"

ယဲ့ယွမ်ဖန်က ခေါင်းခါလိုက်ပြီး ကျင့်ကြံနေတဲ့ ပုံစံကို အလျင်အမြန်လုပ်ပြီး စကျင့်ကြံလိုက်သည်။

တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေတဲ့ ရှန့်ကွမ်းချင်ယန်သည်လည်း ထိုအသံကို ကြားလိုက်ရတဲ့အခါ ထိတ်လန့်သွားသည်။ ဒီဂိုဏ်းထဲက လူတိုင်းက တကယ့်ပါရမီရှင် မကောင်းဆိုးဝါးတွေချည်းပါလား။ ထိုသို့တွေးမိရင်း သူလည်း အပ်စိုက်ကုသနှုန်းကို အရှိန်မြှင့်တင်လိုက်သည်။

...........

"ဆရာ... ဆရာ... တပည့်... အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်သွားပြီလား"

လေ့ကျင့်ရေးကွင်းပြင်တွင် ဟွမ်းချောင်ယုက သူမခန္ဓာကိုယ်ထဲက ဝိညာဉ်အမြုတေကို ခံစားလိုက်ရသည်။ သူမက ကျန်းယီမင်ကို မယုံနိုင်သလို ကြည့်လိုက်သည်။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နိုင်လိမ့်မယ်လို့ သူမ လုံးဝ ထင်မထားခဲ့မိပေ။

"ဟားဟားဟား... မင်းရဲ့အဆင့်ကို မင်းကိုယ်တိုင် အသိဆုံး မဟုတ်ဘူးလား။ ဘာလို့ ငါ့ကို လာမေးနေတာလဲ"

"ကျေးဇူးတင်ပါတယ် ဆရာ။ တပည့်ပြန်သွားပြီး ဂိုဏ်းတူအစ်ကိုတွေကို ပြောပြလိုက်ဦးမယ်။ သူတို့တွေ တပည့်ကို အနိုင်ကျင့်ရဲသေးလား ကြည့်ကြသေးတာပေါ့"

ဟွမ်းချောင်ယု ပျော်ရွှင်စွာဖြင့် ခုန်ပေါက်နေတာကို ကြည့်ရင်း ကျန်းယီမင်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ အခုတော့ တခြားတပည့်တွေကို အဆင့်တက်လာအောင် ကူညီပေးဖို့ အချိန်ရောက်ပြီ။ ထိုအချိန်ကျမှသာ သူ့ဂိုဏ်းအား အဆင့်နိမ့်ဂိုဏ်းဆိုတဲ့ ခေါင်းစဉ်ကို တရားဝင်ဖယ်ရှားနိုင်လိမ့်မည်။ အဲ့လိုလုပ်ပြီးမှပဲ ဂိုဏ်းတံခါးဖွင့်ပြီး တပည့်သစ်တွေကို လက်ခံကာ ဂိုဏ်းအင်အားကို မြှင့်တင်နိုင်မည် ဖြစ်သည်။

ယဲ့ယွမ်ဖန်ရဲ့ ကျင့်ကြံနှုန်းသည်လည်း ဟွမ်းချောင်ယုနှင့် သိပ်မကွာလှပေ။ မကြာမီမှာပဲ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နိုင်လောက်သည်။ သူ အတွေးတွေများနေစဉ်မှာပင် ဂိုဏ်းတံခါးကို ခပ်ဖွဖွ လာခေါက်သံ ကြားလိုက်ရသည်။ ဟွမ်းချောင်ယုကို အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်အောင် ကူညီပေးနေတဲ့အချိန်က တစ်ရက်နီးပါး ကြာမြင့်ခဲ့တာမလို့ အခုအချိန်သည် သန်းခေါင်ယံ အချိန်ရောက်နေပြီဖြစ်သည်။

'ရှန့်ကွမ်းမိသားစုက လာရှာကြပြန်ပြီလား။ အရင်ပြဿနာတုန်းကတောင် မရှင်းရသေးဘူး၊ အခု နောက်ထပ်ပြဿနာသစ်တစ်ခု ရောက်လာပြန်ပြီလား။'

သို့သော် နောက်ဆုံးမှာတော့ ဒီကိစ္စများကို သူရှောင်လွှဲလို့ ရမည်မဟုတ်ပေ။ ကျန်းယီမင်က မတ်တတ်ထရပ်လိုက်ပြီး စိတ်ဝိညာဉ်စွမ်းအင်များကို ဖြည်းညင်းစွာ လည်ပတ်လိုက်သည်။ ဂိုဏ်းတံခါးကို ဖွင့်လိုက်သော်လည်း တံခါးဝတွင် သူ့ကိုကြိုဆိုနေတဲ့သူမှာ ရှန့်ကွမ်းမိသားစုမှ လူမိုက်များမဟုတ်ပေ။

ပိန်ပိန်ပါးပါးလူငယ်လေးတစ်ဦးသာ ရှိနေသည်။

ကျန်းယီမင်က ဘာမှမမေးရသေးခင်မှာပင် ထိုလူငယ်လေးက မြေကြီးပေါ်ကို ဒူးထောက်ချလိုက်သည်။

"ကျွန်တော့်နာမည် တုန်းမီပါ။ လင်းယွင်ဂိုဏ်းရဲ့ အင်အားကြီးမားပုံကို ကြားသိရလို့ ဒီလိုကြယ်စုံတဲ့ညမှာ အရောက်လာခဲ့တာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ ဂါရဝပြုတာကို လက်ခံပြီး တပည့်အဖြစ် လက်ခံပေးပါခင်ဗျာ"

ကျန်းယီမင်ရဲ့ မျက်လုံးများထဲတွင် စိုးရိမ်ရိပ်များ ဖြတ်သန်းသွားသည်။ သူ့ရှေ့က လူငယ်လေးရဲ့ နောက်ကြောင်းရာဇဝင်ကို သူ မသိပေ။ တကယ်လို့ ဒီလူကသာ သူ့ဆီပြဿနာရှာဖို့ ရှန့်ကွမ်းမိသားစုက တမင်လွှတ်လိုက်တဲ့လူ ဖြစ်နေရင် သူ့ကိုဒီအတိုင်း လက်ခံလိုက်တာက သူ့ကိုပြဿနာအကြီးကြီး ဖြစ်သွားလိမ့်မည်။ ထို့အပြင် သူ့ရှေ့က လူငယ်လေးဆီမှာ ကျင့်ကြံမှုအဆင့်ကလည်း မြင့်နေသည်။

သူ့အသက်အရွယ်က ရှန့်ကွမ်းချင်ယန်လောက်သာ ရှိသေးသော်လည်း အမြုတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်ကို ရောက်နေသည်။ ဒါ့အပြင် သန်းခေါင်ယံချိန်ကြီးမှာ ဂိုဏ်းတံခါးကို လာခေါက်နေခြင်း ဖြစ်သည်။

'ထားလိုက်ပါတော့လေ။ အခြေအနေက ဒီလိုဖြစ်လာမှတော့ ဒီအတိုင်းပဲ လက်ခံကြည့်လိုက်ရတာပေါ့။ တကယ်လို့ ဒီလူငယ်လေးကသာ ဂိုဏ်းကာကွယ်ရေး အစီအရင်အတွင်းထဲမှာ သူ့မျက်စိအောက်ကနေ တစ်ခုခုလုပ်ချင်တယ်ဆိုရင်တောင် ဘယ်လိုပဲဖြစ်ဖြစ် ရိပ်မိနိုင်မှာပဲ။'

ဒီလူငယ်လေးက အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံမှု ရှိနေရင်တောင် ကျန်းယီမင်အနေနဲ့ သူ့လှည့်ကွက်တွေကို တစ်ချက်ကြည့်ရုံနဲ့ သိမြင်နိုင်သည်။

"အာ... ထားလိုက်ပါတော့၊ ထားလိုက်ပါတော့"

ကျန်းယီမင်က ခေါင်းအနည်းငယ်ညိတ်လိုက်ပြီး

"ဒီအချိန်ကြီး ဒီကိုရောက်လာတာ ငါအေးအေးဆေးဆေး အနားယူနေတာကို နှောင့်ယှက်မိမှာကို မကြောက်ဘူးဆိုတော့ မင်းကအရည်အချင်းတချို့ရှိတဲ့ပုံပဲ။ ဝင်ခဲ့လေ" ဟု ပြောလိုက်သည်။

ထို့နောက် သူကလှည့်ထွက်ပြီး ပင်မခန်းမထဲကို ဝင်သွားလိုက်သည်။ ပိန်ပိန်ပါးပါးလူငယ်လေးက သူ့နောက်ကနေ လိုက်ပါလာခဲ့သည်။

"မင်းနဲ့ ငါနဲ့က အခုချိန်မှာ ဆရာတပည့်မဟုတ်သေးဘူး။ တခမ်းတနား အရိုသေပြုနေစရာ မလိုဘူး။ ထပါ"

ဝင်လာပြီးပြီးချင်း မြေပြင်ပေါ်ကို ဒူးထောက်ချလိုက်တဲ့ လူငယ်လေးကိုကြည့်ရင်း ကျန်းယီမင်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

"မဖြစ်ဘူး။ ကျွန်တော် ဒီနေ့လာတာက ဆရာ့ကို ဆရာတင်ဖို့ လာတာပါ။ ဆရာသာ လက်မခံဘူးဆိုရင် ကျွန်တော် ဒီမှာပဲဒူးထောက်ပြီး အသေခံလိုက်ပါမယ်"

'ဝါး... စကားကြီးစကားကျယ်တွေပါလား။'

ထိုအရာက ကျန်းယီမင်ကို စိတ်ဝင်စားသွားစေသည်။

"မင်းက ခရီးပန်းလာပုံရပေမဲ့ ဝတ်စားဆင်ယင်ပုံက ကောင်းမွန်နေသေးတာကို ငါတွေ့ရတယ်။ ဒီလိုအသက်အရွယ်နဲ့ ဒီလိုကျင့်ကြံဆင့်ရှိနေတာဆိုတော့ မင်းက မိသားစုတစ်ခုခုရဲ့ သခင်လေးဖြစ်ရမယ်၊ ဟုတ်တယ်မလား။ ဒါပေမဲ့ ငါ့ဂိုဏ်းက တပည့် ၅ ယောက်ပဲရှိတဲ့ သာမန်အဆင့် ၅ ဂိုဏ်းလေးတစ်ခုပါ။ မင်းက ဘာကိစ္စကြောင့် လင်းယွင်ဂိုဏ်းကို ဝင်ဖို့ ဇွတ်အတင်း လုပ်နေရတာလဲ"

ဒီလိုပါရမီမျိုးနဲ့ဆိုရင် တုန်းမီက သူ့မိသားစုရဲ့ စည်းစိမ်ချမ်းသာတွေနဲ့ နေနေရတာ ငြီးငွေ့လာလို့ ဂိုဏ်းတစ်ခုခုကိုရှာဖို့ အိမ်ကထွက်လာတယ်ဆိုရင်တောင် သူ့ကိုအလုအယက် ခေါ်ယူကြမယ့် အဆင့် ၂ သို့မဟုတ် အဆင့် ၃ အင်အားစုတွေ အများကြီး ရှိကြလိမ့်မည်။

"ဆရာက လင်းယွင်ဂိုဏ်းကို ဦးဆောင်ပြီး အဆင့် ၃ အင်အားစုတစ်ခုရဲ့ လာတိုက်တာကို အလွယ်လေး အနိုင်ယူခဲ့တာကို ကြည့်ရင် ဆရာ့ရဲ့ခွန်အားက တကယ်ကို ခန့်မှန်းလို့မရနိုင်လောက်အောင်ပဲ"

"ငါ ကံကောင်းသွားလို့ပါ။ ပြောစမ်းပါဦး၊ မင်းက ဘာကိစ္စနဲ့ လင်းယွင်ဂိုဏ်းကိုဝင်ဖို့ ဇွတ်အတင်းလုပ်နေတာလဲ။ မင်း ဘာလိုချင်လို့လဲ"

ဒူးထောက်နေတဲ့ လူငယ်လေးက သက်ပြင်းတစ်ချက်ဖွဖွမှုတ်ထုတ်လိုက်ပြီး

"တကယ်ပါပဲ... ဘယ်အရာကမှ ဆရာ့မျက်လုံးတွေကို လှည့်စားလို့ မရဘူး။ ဒါဆိုရင် ကျွန်တော့်အကြောင်းတွေ ဆရာ့ကို ပြောခွင့်ပြုပါ။ အစတုန်းကတော့ ကျွန်တော်က လျှို့ဝှက်ဆန်းကြယ်တဲ့ မိသားစုတစ်ခုရဲ့ တရားဝင်သားတစ်ယောက်ပါ။ ကျွန်တော့်မိသားစုနာမည်ကို ထုတ်မပြောချင်လို့ မဟုတ်ပါဘူး၊ ကျွန်တော်ကိုယ်တိုင်လည်း မသိလို့ပါ"

လူငယ်လေးရဲ့ စကားများတွင် ရိုးသားမှုများပါဝင်နေတာကို မြင်လိုက်ရသဖြင့် ကျန်းယီမင်က ထိုစကားများမှာ အမှန်တကယ်ဖြစ်ကြောင်း သိလိုက်ရသည်။

'ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်းတောင် မသိဘူးတဲ့လား။ ဟုတ်ပြီ... သူ့အကြိုက်နဲ့ ကိုက်သွားပြီ။'

"ကျွန်တော်က ကုန်သည်မိသားစုတစ်ခုမှာ ကြီးပြင်းလာခဲ့တာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ကျွန်တော့်အဖေက အမှန်တိုင်းဖွင့်ပြောလာတယ်။ ကျွန်တော်က သူ့သွေးသားရင်း မဟုတ်ဘူးတဲ့။ ကျွန်တော် ကလေးဘဝတုန်းက သူ့မိတ်ဆွေရင်းတစ်ယောက်က သူ့ဆီမှာ ကျွန်တော့်ကို အပ်ထားခဲ့တာတဲ့။ ပြီးတော့ ကျွန်တော့်အသက် ၂၀ ပြည့်မှ ဒီအကြောင်းကို ပြောပြဖို့ မှာထားတယ်တဲ့"

ကျန်းယီမင်က မျက်ခုံးပင့်လိုက်ပြီး ဆက်ပြောရန် လူငယ်လေးကို အချက်ပြလိုက်သည်။

"ကျွန်တော့်ဖခင်အရင်းက လျှို့ဝှက်ဆန်းကြယ်တဲ့ မိသားစုတစ်ခုရဲ့ ခေါင်းဆောင်ပါ။ ကျွန်တော် မွေးလာတုန်းက ကြမ္မာတွက်ချက်မှုတွေအရ သိပ်မကြာခင်မှာ မိသားစုကြီးက ပျက်စီးတော့မယ်ဆိုတာ သူတို့ သိလိုက်ရတယ်။ ဖြေရှင်းနည်းက ကျွန်တော့်ဆီမှာ ရှိနေတယ်တဲ့။ နတ်ဘုရားလျှို့ဝှက်ချက်ကျမ်းစာအရ ကျွန်တော်အသက် ၂၀ ပြည့်တဲ့အခါ သူတော်စင်တစ်ပါးရဲ့ တပည့်ဖြစ်လာရမယ်။ အဲ့ဒီလိုမှမဟုတ်ရင် ကျွန်တော်က ပြာဖြစ်သွားမယ့်အပြင် ကျွန်တော့်မိသားစုက ဘယ်သူကမှ အသက်ရှင်ကျန်ရစ်မှာ မဟုတ်ဘူးတဲ့"

"ဒါဆိုရင်တော့ မင်းတော့ နေရာမှားပြီး ရောက်လာတာပဲ။ ငါကသူတော်စင်မဟုတ်ဘူး"

ကျန်းယီမင် ရယ်မောလိုက်သည်။ သူ့စိတ်ထဲမှာ ဒီလူငယ်လေးကို တပည့်အဖြစ်လက်ခံဖို့ ဆန္ဒရှိနေပေမယ့်လည်း ဆက်ပြီး သူ့ဇာတ်လမ်းတွေကို နားထောင်ချင်နေသေးသည်။

"မဟုတ်ဘူး။ ကျွန်တော့်မိသားစုက ကျွန်တော့်ကို မွေးစားဖို့ ပေးလိုက်တုန်းက ကျောက်စိမ်းဆွဲပြားလေးတစ်ခု ထည့်ပေးလိုက်တယ်။ ကျွန်တော့်မွေးနေ့မတိုင်ခင် ရက်အနည်းငယ်အလို အဲ့ဒီကျောက်စိမ်းဆွဲပြားက အပိုင်းပိုင်းကွဲထွက်သွားပြီး အရောင်မှိန်သွားခဲ့တယ်။ အဲ့ဒါကို ကျွန်တော့်မွေးစားအဖေက မြင်လိုက်ပြီး အကုန်လုံးကို ဖွင့်ပြောပြခဲ့တာ"

တုန်းမီက ပြောရင်းဆိုရင်းနဲ့ သူ့အိတ်ထဲကနေ ကွဲကြေနေတဲ့ ကျောက်စိမ်းအပိုင်းအစတချို့ကို ထုတ်ပြလိုက်သည်။ ကျောက်စိမ်းဆွဲပြားသည် အပိုင်းပိုင်းကွဲကြေနေပြီ ဖြစ်ပေမယ့် စိမ့်စမ်းရေကဲ့သို့ ကြည်လင်နေဆဲဖြစ်သည်။

'ဒါ သေချာပေါက် သာမန်ပစ္စည်းတစ်ခု မဟုတ်ဘူး။'

"အဲ့ဒီနောက် ကျောက်စိမ်းဆွဲပြားဆီကနေ အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့တယ်။ အဲ့ဒါကို မြင်လိုက်တော့ ကျွန်တော့်မွေးစားမိဘတွေက သက်ပြင်းတွေချပြီး ကျွန်တော့်အတွက် အထုတ်အပိုးတွေ ပြင်ဆင်ပေးခဲ့ကြတယ်။ အဲ့ဒီနောက် ကျွန်တော်က ကျောက်စိမ်းဆွဲပြားရဲ့ အရှိန်အဝါနောက်ကို လိုက်ရင်းနဲ့ပဲ ဒီနေရာကို ရောက်လာခဲ့တာပါ"

တုန်းမီက ထိုသို့ပြောပြပြီးနောက် မြေကြီးပေါ်တွင် ခေါင်းကို ကြမ်းပြင်နှင့်ထိအောင် ဦးချလိုက်ပြီး ဆက်ပြောလိုက်သည်။

"ဆရာက နတ်ဘုရားလျှို့ဝှက်ချက်တွေထဲမှာ ဖော်ပြထားတဲ့ သူတော်စင်ပါပဲ။ ကျွန်တော် တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာထဲကို ရောက်တုန်းက ဆရာ့အကြောင်းတွေ အများကြီးကြားခဲ့ရတယ်။ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးဖို့ပဲ မျှော်လင့်ပါတယ်။ ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်မှာ အချိန်သိပ်မကျန်တော့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါခင်ဗျာ"

"အဲ့ဒီလိုဆိုရင်လည်း ငါ ကံစမ်းကြည့်လိုက်ရမလား"

ကျန်းယီမင်က တစ်ယောက်တည်း ရေရွတ်လိုက်သည်။ ထို့အပြင် လင်းယွင်ဂိုဏ်းက မကြာခင်ပဲ တပည့်သစ်တွေကို ခေါ်ယူတော့မည်။ ဒီလူငယ်လေးက ဒီအရွယ်လေးနဲ့ အမြုတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်ကို ရောက်နေတယ်ဆိုမှတော့ သူပြောတဲ့ "လျှို့ဝှက်ဆန်းကြယ်တဲ့ မိသားစု"ရဲ့ အကူအညီ ပါဝင်ခဲ့မှာ သေချာတယ်ဆိုပေမဲ့ သူ့ကို ပါရမီရှင်တစ်ယောက်လို့ သတ်မှတ်နိုင်သေးသည်။

"ဆရာ... ကျေးဇူးပြုပြီး သဘောတူပေးပါ။ ကျွန်တော်က ကုန်သည်မိသားစုမှာ ကြီးပြင်းလာရပေမဲ့ ကျင့်ကြံခြင်းနဲ့ ပတ်သက်ရင် နည်းနည်းပါးပါးတော့ သိပါတယ်။ ဆရာ့စံနှုန်းတွေနဲ့ မမီဘူးဆိုတာ ကျွန်တော် သိပါတယ်" ဟု လူငယ်လေးက အလျင်အမြန် ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော့်ရဲ့ အားနည်းချက်တွေကို ကြိုးစားအားထုတ်မှုတွေနဲ့ အစားထိုးပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လက်ခံပေးပါ၊ကျွန်တော့်ကို ကြိုစားဖို့ အခွင့်အရေးလေးပေးပါလားဗျာ။ ဘာကိုမှမထိခိုက်စေရပါဘူး"

All Chapters