ရှန့်ကွမ်းချင်ယန်သွေးကြောတွေ အကုန်ကောင်းသွားပြီ...
Vol. 5 Ch. 64
"ကဲ... ကဲ... တော်လောက်ပြီ။ မြန်မြန်ထလိုက်တော့။ မင်းတစ်ချိန်လုံး ဒီမှာဒူးထောက်နေလို့ မဖြစ်ဘူးလေ"
"ဆရာသာ ကျွန်တော့်ကို တပည့်အဖြစ် လက်မခံဘူးဆိုရင် ဒီနေ့ကျွန်တော် ဒီမှာပဲဒူးထောက်ပြီး အသေခံမယ်လို့ ပြောဖူးပါတယ်"
'ဟုတ်နေပြီလေ။ ဒီလူငယ်လေးက ဒီလောက်တောင် စိတ်ဓာတ်ခိုင်မာနေမှတော့ သူကသာမန်လူတစ်ယောက် သေချာပေါက် မဖြစ်နိုင်ဘူး။'
"ကောင်းပြီလေ... ကောင်းပြီ။ ဒီနေ့ မင်းကိုတပည့်အဖြစ် ငါလက်ခံလိုက်ပြီ။ မင်းမှာ ဂိုဏ်းတူအစ်မတစ်ယောက်နဲ့ ဂိုဏ်းတူအစ်ကိုသုံးယောက်ရှိတယ်။ သူတို့က အနောက်ဘက်က အဆောင်တွေမှာ ရှိတယ်" ကျန်းယီမင် ပြုံးပြီး ပြောလိုက်သည်။
"ထပ်ပြီး အရိုသေပြုမနေနဲ့တော့။"
"ကျေးဇူးတင်ပါတယ် ဆရာ... ကျေးဇူးတင်ပါတယ်"
တုန်းမီက မျက်ရည်များဝဲလျက် မတ်တတ်ရပ်လိုက်သည်။ ထို့နောက် ခန်းမထဲတွင် စိတ်ဝိညာဥ်ကျောက်တုံး အပုံလိုက်ကြီးတစ်ခုက ရုတ်တရက် ပေါ်လာပြီး လူငယ်လေးက -
"ကျွန်တော့်မှာ ပါရမီမရှိပေမဲ့၊ ကျွန်တော့်ကို လက်ခံပေးတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ ဒီလက်ဆောင်လေးတွေပဲ ရှိပါတယ်။ ဆရာ စိတ်မရှိပါနဲ့ခင်ဗျာ"
'ဝါး... ဒီလောက်ပဲလို့ သူပြောလိုက်ပေမဲ့ ဒါတွေကငွေပမာဏ အများကြီးပဲလေ။'
စိတ်ဝိညာဥ်ကျောက်တုံးတွေက ကျန်းယီမင်အတွက်တော့ ကိန်းဂဏန်းတွေတစ်ခု သက်သက်ပဲဆိုပေမယ့် သူ့တပည့်သစ်လေးက စိတ်ဝိညာဥ်ကျောက်တုံးတွေ အများကြီး ရုတ်တရက် ထုတ်ပေးလိုက်တာကို မြင်လိုက်ရတော့ သူလည်းအံ့သြသွားမိသည်။
"ကဲ... ကဲ... ငါ နားလည်ပြီ။ မင်း မြန်မြန်သွားနားလိုက်တော့"
ကျန်းယီမင် လက်ယမ်းပြပြီး တုန်းမီကို ထွက်သွားရန် အချက်ပြလိုက်သည်။ သူ စစ်ဆေးကြည့်လိုက်တဲ့အခါ သူ့စနစ်တွင် တပည့်တစ်ဦး ထပ်တိုးလာတာကို သူတွေ့လိုက်ရသည်။ တပည့်သစ်ရဲ့ အခြေအနေကို စစ်ဆေးရန် စနစ်ကို ဖွင့်ကြည့်လိုက်သည်။
[အမည် - တုန်းမီ]
[အထောက်အထား - လင်းယွင်ဂိုဏ်းရဲ့ ပဉ္စမမြောက် တပည့်]
[ကျင့်ကြံမှုအဆင့် - အမြုတေဖွဲ့စည်းခြင်းအဆင့် နှောင်းပိုင်း (အဆင့်တက်ခါနီး)]
[ကျင့်စဉ် - ကျန်းယီဖူယွမ်ကျင့်စဉ်]
[ခန္ဓာကိုယ် - မနိုးထသေး]
ကျွတ်... ကျွတ်... ကျွတ်... ဒီလောက် အသက်ငယ်ငယ်လေးနဲ့ကို ဒီလိုကျင့်ကြံမှုအဆင့် ရှိနေတာပဲ။ သူပြောတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့မိသားစုမှာ ဘယ်လိုစွမ်းအားမျိုးတွေများ ရှိနေမလဲဆိုတာကို ကျန်းယီမင်သိချင်မိသွားသည်။
တကယ်လို့ သူ့ကိုသာ အဆင့်တက်အောင် မြန်မြန် ကူညီပေးလိုက်မယ်ဆို သူ့ဂိုဏ်းမှာ အခြေတည်စိတ်ဝိညာဥ်အဆင့်ရောက်နေတဲ့ တပည့်က ဂူလင်းဖေး တစ်ယောက်တည်း မဟုတ်တော့ပေ။
.........
ခြံဝန်းများအတွင်းထဲမှာ တပည့်များက တုန်းမီကို မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်သလို ကြည့်နေကြသည်။
"နေပါဦး... မင်း ပြန်ပြောပါဦး။ မင်းက အခုဘယ် အဆင့်ကို ရောက်နေတယ် ဟုတ်လား"
ယဲ့ယွမ်ဖန်က ထိတ်လန့်တကြား မေးလိုက်သည်။ ဒီနေ့တစ်နေ့တည်း သူ စိတ်ထိခိုက် နာကျင်သွားရတ္ ဒါက ဒုတိယအကြိမ် ရှိသွားသည်။
"ဂိုဏ်းတူအစ်ကို... အစ်ကို နားလေးနေတာလား။ သူက အမြုတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်ကို ရောက်နေပြီလို့ ခုနကပဲပြောလိုက်တယ်လေ"
'အမြုတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်တဲ့လား။'
သူ့ရှေ့က ဂိုဏ်းတူညီလေးက သူ့ထက် အသက်ငယ်ပုံရတယ်။ ဘယ်လိုလုပ်ပြီး သူ့ထက်ကျင့်ကြံမှုအဆင့်က အများကြီးသာနေရတာလဲ။ ယဲ့ယွမ်ဖန် တစ်ယောက်တည်း မဟုတ်ပေ။ တပည့်အငယ်အားလုံးထဲမှာ တုန်းမီရဲ့ ကျင့်ကြံမှုအဆင့်က အမြင့်ဆုံး ဖြစ်နေသည်။
'ဒါ နည်းနည်းတော့ မများလွန်းဘူးလား။'
"ကျေးဇူးပြုပြီး မအံ့သြကြပါနဲ့၊ အားမကျကြပါနဲ့။ ကျွန်တော်က ပါရမီနည်းနည်းလေး ပါလာရုံလေးပါ"
"တော်ပြီကွာ... ဂိုဏ်းတူညီလေးရာ။ ငါသွားကျင့်ကြံတော့မယ်"
တုန်းမီထပ်ပြောလာမယ့် စကားများကြောင့် စိတ်ဒဏ်ရာထပ်ရမှာကို မစောင့်တော့ဘဲ အားလုံးက လှည့်ထွက်သွားကြပြီး ပြန်ကျင့်ကြံအားထုတ်လိုက်ကြတော့သည်။
ခန်းမဆောင်ထဲတွင် ထိုင်နေတဲ့ ကျန်းယီမင်က တုန်းမီရဲ့ အချက်အလက်တွေကို ငေးကြည့်နေမိသည်။
'ထားလိုက်ပါတော့။ ရှန့်ကွမ်းချင်ယန်ကိုပဲ သွားကြည့်တာ ကောင်းမယ်။'
ပြောရမယ်ဆိုရင် တခြားတပည့်တွေရဲ့ ကျင့်ကြံမှုအမြန်နှုန်းက ကြက်သီးထလောက်အောင် မြန်ဆန်လွန်းနေသည်။ ရှန့်ကွမ်းချင်ယန်အတွက် အချိန်ပိုပေးရမယ့်အချိန် ရောက်လာပြီဖြစ်သည်။ ကျန်းယီမင်က ရှန့်ကွမ်းချင်ယန်ရဲ့ ခြံဝန်းထဲကို ရောက်လာခဲ့သည်။ ဝင်လိုက်တာနှင့် တပြိုင်နက် စိတ်ဝိညာဥ်အပ် ၁၆ ချောင်းက ရှန့်ကွမ်းချင်ယန်ရဲ့ ခန္ဓာကိုယ်ပတ်လည်တွင် လှုပ်ရှားနေတာကို တွေ့လိုက်ရသည်။ ရှန့်ကွမ်းချင်ယန်ရဲ့ သွေးကြောတွေအားလုံး ပြန်ကောင်းမွန်လာပြီဖြစ်ကြောင်း ကျန်းယီမင် အာရုံခံမိလိုက်သည်။
ကောင်းကင်ရွှယ်တင်ဖလှယ်ကျင့်စဥ်ရဲ့ အကူအညီနဲ့ သူ့သွေးကြောများ တဖြေးဖြေး ပြန်ဆက်လာနေသည်။ ရှန့်ကွမ်းချင်ယန်ရဲ့ ခပ်တင်းတင်းမှိတ်ထားတဲ့ မျက်လုံးများက အနည်းငယ် မျက်မှောင်ကျုံ့နေသည်။ အပ် ၁၆ ချောင်းက သူ့ခန္ဓာကိုယ်ပတ်လည်မှာ ဆက်မလှုပ်ကြတော့ပဲ ငြိမ်သွားသည်။ ထိုအစား သူတို့က သူ့သွေးလျှောက်လမ်းကြောင်းအမှတ်များနှင့် သွေးကြောများထဲသို့ စိုက်ဝင်သွားကြသည်။ ထို့နောက် ထိုအပ်များက အဖြူရောင်မြူခိုးများအဖြစ် ဖြည်ဖြည်းလေး ပြောင်းသွားပြီး သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားကြသည်။
"ဟူး... စမ်းကြည့်ရမယ့်အချိန် ရောက်ပြီ"
ရှန့်ကွမ်းချင်ယန်က သွေးကြောများအားလုံးကို ပြန်ပြုပြင်နေတာကို ပြီးသွားအောင် လုပ်နိုင်ခဲ့ပြီသည်။ အခုချိန်မှာတော့ သူ့ရဲ့ အနှစ်သာရချီစွမ်းအင်များကို ခန္ဓာကိုယ်အနှံ့ ပြန်လည်ပတ်စေသွားနိုင်သည်။ သူ့ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်နဲ့ အသက်ရှုနေတာနဲ့အမျှ စိတ်ဝိညာဉ်စွမ်းအင်များက သွေးကြောများကြားတွင် စီးဆင်းသွားသည်။
သွေးကြောများ ပြတ်တောက်ခဲ့ဖူးတဲ့ နေရာများက အခုတော့ ပြန်ဆက်သွားကြပြီး စွမ်းအင်စီးဆင်းလာတာကြောင့် ရှန့်ကွမ်းချင်ယန်က နေရခက်သလို ခံစားရသည်။ သို့သော် စိတ်ဝိညာဉ်စွမ်းအင်များ ဖြတ်သန်းစီးဆင်းသွားပြီးတဲ့နောက် နေရခက်တဲ့ ခံစားမှုများ ပျောက်ကွယ်သွားပြီး ဖော်ပြလို့မရနိုင်တဲ့ သက်သောင့်သက်သာရှိမှုက အစားထိုးဝင်ရောက်လာခဲ့သည်။
"ဟွန်း... ကောင်စုတ်လေး။ ငါ မင်းကို အထင်မသေးခဲ့တာ မှန်သွားပြီ"
ကျန်းယီမင်က ရှန့်ကွမ်းချင်ယန်ကို မနှောင့်ယှက်ခဲ့ပေ။ သူကတံခါးကို မှီလျက် ကျင့်ကြံတာကို အာရုံစိုက်နေတဲ့ သူ့တပည့်ကို တိတ်တဆိတ် စောင့်ကြည့်နေမိသည်။
ရှောင်ယင် သွေးကြော...
ရှောင်ယန် သွေးကြော...
ကျုးယင် သွေးကြော...
ယန်မင် သွေးကြော...
ရှန်မန်အမှတ်...
ရှောင်ဖူအမှတ်...
နေကွမ်းအမှတ်...
ထျန်ချီအမှတ်...
ရှန့်ကွမ်းချင်ယန်ရဲ့ ခန္ဓာကိုယ်တွင်းထဲက စိတ်ဝိညာဉ်စွမ်းအင်များသည် သွေးလျှောက်လမ်းကြောင်းက အမှတ်များနှင့် သွေးကြောများတစ်လျှောက်ကို ဖြည်းညင်းစွာ စီးဆင်းသွားသည်။ ရှန့်ကွမ်းချင်ယန်က သူ့ရင်ထဲမှပျော်ရွှင်မှုကို မထိန်းချုပ်ထားနိုင်တော့ပေ။ စိတ်ဝိညာဉ်စွမ်းအင်များက တဖြေးဖြေး စီးဆင်းနေတာ မဟုတ်တော့ဘဲ မြစ်ဝါမြစ်ရေစီးကြောင်းကဲ့သို့ တဟုန်ထိုးစီးဆင်းလာကာ သူ့ခန္ဓာကိုယ်ထဲက သွေးကြောအားလုံးကို ဆက်သွယ်ပေးလိုက်သည်။
ထိုက်ယင် သွေးကြော....
ထိုက်ယန် သွေးကြော...
ရန် သွေးကြော...
ဒူ သွေးကြော...
သွေးကြောတိုင်း အားလုံးက ပြန်ဆက်သွားခဲ့သည်။ စိတ်ဝိညာဉ်စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲမှာ တစ်ပတ်ပြည့်အောင် လည်ပတ်သွားပြီးတဲ့နောက် နောက်ဆုံးမှာတော့ ကြည်လင်တဲ့ စိတ်ဝိညာဥ်စွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ သူ့ပါးစပ်ကနေ မှုတ်ထုတ်လိုက်သည်။ ရှန့်ကွမ်းချင်ယန်က သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တဲ့အခါ သူ့ဆရာက တံခါးကိုမှီရပ်နေတာကို တွေ့လိုက်ရသည်။
"ဆရာ!"
သူက ကျန်းယီမင်ဆီကို လျှောက်သွားလိုက်ပြီး သူ့ရှေ့မှာ ဒူးထောက်ချလိုက်သည်။
"ကောင်စုတ်လေး... ယောကျ်ားဆိုတာ ဒီလောက်လွယ်လွယ် မျက်ရည်မကျရဘူး။ ဘာလို့ ငိုနေတာလဲ"
ထိုအချိန်တွင် ရှန့်ကွမ်းချင်ယန်က သူ့မျက်ရည်များကို မထိန်းထားနိုင်တော့ပေ။ သူ့ဆရာက သူ့ကို ဒုတိယအကြိမ် အသက်ပြန်ရှင်သန်ခွင့် ပေးခဲ့သည်။
"ဆရာ့ကျေးဇူးတရားကို ကျွန်တော်ဘယ်တော့မှ မမေ့ပါဘူး။ ဆရာက တကယ့်ကို ကျွန်ေတာ့်အတွက် ဘုရားသခင်ပါပဲ"
ကျန်းယီမင်က သူ့ကိုနှစ်သိမ့်နေတုန်းပဲ ရင်းနှီးနေတဲ့ အသံတစ်သံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။
[ဒင်း]
[အသိပေးချက် - အရံတာဝန် - ပြန်လည်မွေးဖွားခြင်း ပြီးမြောက်ပါပြီ။]
[အသိပေးချက် - တာဝန်ဆုလာဘ်၊ ငှက်များရိုသေ ဖီးနစ်လှံတံကျင့်စဉ်ကို ပေးပို့လိုက်ပါသည်။ ကျေးဇူးပြုပြီး လက်ခံရရှိကြောင်း စစ်ဆေးကြည့်ရှုပါ။]
[အငိပေးချက် - ကောင်းကင်ဘုရင်အဆင့် အထူးအခွင့်အရေးကြောင့်၊ ငှက်များရိုသေ ဖီးနစ်လှံတံကျင့်စဉ်ကို အဆုံးမဲ့ကျင်းယုလှံကျင့်စဉ်အဖြစ် အဆင့်မြှင့်တင်လိုက်သည်။]
ရှန့်ကွမ်းချင်ယန်ရဲ့ အရံတာဝန် ပြီးဆုံးသွားတာနဲ့ ဆုလာဒ်ကျင့်စဉ်ကိုလည်း လက်ခံရရှိလိုက်သည်။ ရှန့်ကွမ်းချင်ယန်ကို ထိုကျင့်စဉ်နှင့် စိမ်းမြကြာပန်းဖန်တီးခြင်းကျင့်စဉ်တို့ကို အမြန်သင်ပေးရမည်။ သွေးကြောများ တစ်လက်မချင်းစီ ပြတ်တောက်နေတဲ့အချိန်မှာတောင် ချီစုဆောင်းခြင်းအဆင့်အထိ ကျင့်ကြံနိုင်ခဲ့တဲ့ ရှန့်ကွမ်းချင်ယန်ဟာ အခုချိန်မှာတော့ သွေးကြောတွေ အပြည့်အဝပြန်ကောင်းသွားတဲ့အပြင် အရည်အသွေးမြင့်ကျင့်စဉ်တွေကိုပါ ရရှိလိုက်မယ်ဆို ဘယ်အဆင့်တွေအထိ ရောက်သွားနိုင်မလဲဆိုတာ တွေးကြည့်လို့ပင် မရပေ။
"မင်း ဆက်ငိုနေရင် ငါ မင်းကိုအပြစ်ပေးလိုက်မှာနော်"
"ဆရာပြောပါ။ ကျွန်တော်လုပ်နိုင်သရွေ့ အကောင်းဆုံး ကြိုးစားပါ့မယ်"
"ကဲ... ကဲ... ထတော့။ ငါအခုပေးမယ့် ကျင့်စဉ်ကို အမြန်ဆုံး နားလည်သဘောပေါက်အောင် လုပ်ရမယ်လို့ အပြစ်ပေးတယ်။ ကြားလား"
ကျန်းယီမင်က ကျင့်စဉ်နှစ်ခုကို လက်ထဲတွင် ကိုင်ထားပြီး ရှန့်ကွမ်းချင်ယန်ကို ပေးလိုက်သည်။
"လာ... သံဆိုတာ ပူတုန်း ခတ်ရတယ်။ ဒီကျင့်စဉ်တွေကို ငါသင်ပေးမယ်"
ရှန့်ကွမ်းချင်ယန်က မျက်လုံးများကို မြန်မြန်ပြန်မှိတ်လိုက်ပြီး ကျင့်စဉ်များရဲ့ နက်နဲမှုသဘောတရားကို ခံစားလိုက်သည်။ ကျင့်စဉ်နှစ်ခုက သူ့ဦးနှောက်ထဲကို ဖြည်းဖြည်းလေးနဲ့ ပုံမှန်ဝင်သွားသည်။ မျက်လုံးများ မှိတ်ထားပေမယ့် ကွေ့ကောက်နေတဲ့ ပန်းချီကားချပ်တစ်ချပ်က သူ့ရှေ့တွင် ပေါ်လာခဲ့သည်။
ပထမဆုံးအနေဖြင့် စိမ်းမြကြာပန်းဖန်တီးခြင်းကျင့်စဉ်....
ထိုကျင့်စဉ်ကြောင့် သူ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအင်များသည် လောကတစ်ခွင်က အရာအားလုံးနှင့် ချက်ချင်းဆက်နွယ်သွားသလို ခံစားလိုက်ရသည်။
ထို့နောက် အဆုံးမဲ့ကျင်းယုလှံကျင့်စဉ်...
မိုးရေထဲတွင် အရှိန်အဟုန်ဖြင့် ပြေးလွှားနေတဲ့ လှံရှည်တစ်ချောင်း ရှိနေသယောင်ယောင် သူခံစားနေရသည်။ မုန်တိုင်းထဲ ရောက်နေပေမယ့် မိုးရေစက်များက ထိုလှံကို လုံးဝမစိုစွတ်စေခဲ့ပေ။ ထိုလှံရှည်ကြီးသည် လေထုကို ထိုးဖောက်လာပြီး သူ့ခေါင်းဆီကို တည့်တည့်ဝင်ရောက်လာခဲ့သည်။ ရှန့်ကွမ်းချင်ယန်က အလိုအလျောက်သူ့လက်နဲ့ ကာကွယ်ရန် ကြိုးစားလိုက်သော်လည်း သူဘယ်လောက်ပင် ကြိုးစားပါစေ သူ့လက်ကို မြှောက်လို့မရဖြစ်နေသည်။
'သန်မာလိုက်တဲ့ ကျင့်စဉ်ပါလား။'
ကျင့်စဉ်နှစ်ခုကို အချိန်ခနလောက် လည်ပတ်စေပြီးနောက် ကျန်းယီမင်က သူ့စိတ်ဝိညာဉ်စွမ်းအင်များကို ရှန့်ကွမ်းချင်ယန်ရဲ့ ခန္ဓာကိုယ်ထဲကနေ ပြန်ရုပ်သိမ်းလိုက်သည်။
"ဆရာ... ကျွန်တော်... ကျွန်တော် တစ်မျိုးကြီး ခံစားနေရတယ်..."
'မဖြစ်နိုင်ဘူး။ ဒီနေ့ နောက်ထပ် သူ့တပည့်တစ်ယောက် အဆင့်တက်တော့မှာလား။'
"ဆရာက စိမ်းမြကြာပန်းဖန်တီးခြင်းကျင့်စဉ်ကို နှစ်ကြိမ်လောက် လည်ပတ်နိုင်အောင် ကူညီပေးပြီးတဲ့နောက် ကျွန်တော့်ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအင်တွေက အငြိမ်မနေတော့ဘဲ ဟိုပြေးဒီပြေး ဖြစ်နေတယ်"
သွေးကြောများကို ပြုပြင်နေစဉ်အတွင်း ရှန့်ကွမ်းချင်ယန်သည် သူ့ကျင့်ကြံမှုကို အဆက်မပြတ်မြှင့်တင်နေခဲ့သည်။ ယခုအခါ သွေးကြောများ အပြည့်အဝ ပြန်ကောင်းသွားတဲ့အပြင် ကျင့်စဉ်နှစ်ခုကိုပါ သင်ယူပြီးတဲ့နောက် သူကအုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်ကို ရောက်တော့မှာ သေချာသလောက် ဖြစ်နေသည်။