ငါးရက်တာ စစ်ဆေးပွဲ၊ လင်းယွင်ဂိုဏ်းက အဆင့်၅ဂိုဏ်းမဟုတ်တော့ဘူး
Vol. 5 Ch. 65
သူ့ရှေ့မှာ စိတ်ဝိညာဥ်စွမ်းအင်များကို အဆက်မပြတ်စုပ်ယူနေတဲ့ လူငယ်လေးကိုကြည့်ရင်း ကျန်းယီမင်ရဲ့ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပေါ်လွင်နေသည်။ ချီစုဆောင်းခြင်းအဆင့်ကနေ အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်ကို အဆင့်တက်ဖို့ ကြိုးစားနေခြင်းသာဖြစ်ပေမယ့်၊ လွန်ခဲ့သော ၁၀ ရက်ကျော်က ဒီလူငယ်လေးသည် သွေးကြောများ အားလုံး ပြတ်တောက်နေတဲ့ ဒုက္ခိတလူငယ်တစ်ဦးသာ ဖြစ်ခဲ့သည်။ အခုလိုမျိုး အံ့ဖွယ်ဖြစ်ရပ်မျိုးသည် လင်းယွင်ဂိုဏ်းမှာသာ ဖြစ်နိုင်သည်။ ကျန်းယီမင်က အသက်ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရှန့်ကွမ်းချင်ယန်ကို ကြည့်လိုက်သည်။
“ဆရာ... ဒါ... ဒါက အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်လားဟင်”
သူ့ခန္ဓာကိုယ်မှ အပြောင်းအလဲများကို ခံစားလိုက်ရပြီး ရှန့်ကွမ်းချင်ယန်က မယုံကြည်နိုင်အောင် ဖြစ်နေသည်။ အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့် ရောက်မှသာ ကျင့်ကြံခြင်းလမ်းကြောင်းကို အမှန်တကယ် ဝင်ရောက်ပြီလို့ သတ်မှတ်နိုင်သည်။
“ရှန့်ကွမ်း... ရှန့်ကွမ်း...။ မင်း ဒဏ်ရာရနေတာတောင် ကျင့်ကြံခြင်းရဲ့တံခါးဝကို မင်းကိုယ်တိုင် ရောက်အောင် လာနိုင်ခဲ့သေးတာပဲ” ကျန်းယီမင် ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်ကာ ဆက်ပြောသည်။
“အခု မင်းရဲ့ဒဏ်ရာတွေအကုန်လုံး ပျောက်ကင်းသွားပြီဆိုတော့ မင်းရဲ့ကျင့်ကြံခြင်းလမ်းကြောင်းက ကျယ်ပြန့်ပြီး တောက်ပနေမှာ သေချာတယ်”
“ကျွန်တော် ကျင့်ကြံတာကိုပဲ အာရုံစိုက်ပြီး ဆရာ့ကို မျက်နှာမငယ်စေရပါဘူး”
ဘေးနားက ခြံဝန်းများမှ တခြားတပည့်များလည်း အဆင့်တက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အငွေ့အသက်များကို ခံစားလိုက်ရသည်။ ထိုအဆင့်တက်တဲ့ ဖြစ်စဥ်သည် ရိုးရှင်းပြီး ဟွမ်းချောင်ယုအဆင့်တက်တုန်းက ထုတ်လွှတ်ခဲ့သော စွမ်းအင်များနှင့် လုံးဝမယှဉ်နိုင်သော်လည်း ဘေးခန်းမှ လူများကို သတိထားမိနေစေသေးသည်။
“ဂိုဏ်းတူညီလေးလည်း အဆင့်တက်သွားပြီလား”
“လင်းယွင်ဂိုဏ်းကတော့ သိပ်မကြာခင် ပြန်ပြီးစည်ကားလာတော့မှာပဲ”
တုန်းမီကို တပည့်လက်ခံပြီးနောက် ရက်အနည်းငယ် ထပ်မံကုန်ဆုံးသွားသည်။ ထိုရက်အနည်းငယ်အတွင်း ဂိုဏ်းသည် အေးအေးချမ်းချမ်းရှိနေသည်။ကျန်းယီမင်က နောက်ဆုံးကျန်ရှိနေသေးတဲ့ မိစ္ဆာချီစွမ်းအင်များကို သန့်စင်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်တွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်လည်ပတ်တာသည် လုံးဝသန့်စင်သွားပြီ ဖြစ်သည်။
“နောက်ဆုံးတော့ ပြီးသွားပြီ။ နောက်တစ်ဆင့်က ငါ့ရဲ့ အဆင့်ကို တည်ငြိမ်အောင်လုပ်ဖို့ပဲ။ တိုက်ပွဲဝင်ဖို့အတွက် ပြဿနာကြီးကြီးမားမား မရှိပေမဲ့ ငါ့ရဲ့ အုတ်မြစ်က မခိုင်မာသေးသလို စိတ်ဝိညာဉ်စွမ်းအင်တွေကလည်း မတည်မငြိမ် ဖြစ်နေသေးတယ်။ ငါ့ရဲ့ မွေးဖွားခြင်းအဆင့်က နာမည်နဲ့မလိုက်ဘဲ အားနည်းနေမှာ စိုးရိမ်ရတယ်”
ကျန်းယီမင်က မတ်တတ်ရပ်လိုက်ပြီး ကိုယ်လက်ဆန့်တန်းကာ ခြံဝန်းထဲကနေ လမ်းလျှောက်ထွက်လာလိုက်သည်။ အပြင်ကိုရောက်သွားတာနှင့် ဂူလင်းဖေးနှင့် ယဲ့ယွမ်ဖန်တို့ရဲ့ မကျေနပ်ဖြစ်နေတဲ့ မျက်နှာထားများဖြင့် ဂိုဏ်းထဲကိုဝင်လာတာ တွေ့လိုက်ရသည်။
“မင်းတို့နှစ်ယောက် ဘာတွေ မကျေမနပ်ဖြစ်နေကြတာလဲ”
“ဆရာ... ကျွန်တော်တို့ရဲ့ ခွန်အားလည်း အများကြီး တိုးတက်လာပြီ။ ကျင့်စဥ်တွေ၊ ဆေးလုံးတွေလည်း စုံနေပြီ။ ကျွန်တော်တို့ အဆင့် ၅ ဂိုဏ်းဆိုတဲ့ နာမည်ကြီးကို ဖယ်ရှားသင့်ပြီလို့ ထင်တယ်”
ကျန်းယီမင် ခေါင်းညိတ်လိုက်သည်။ ဂိုဏ်းအဆင့်မြှင့်တင်ဖို့ ကိစ္စကို သူဘယ်လိုလုပ် မစဉ်းစားဘဲ နေပါ့မလဲ။ ဂိုဏ်းအဆင့်မြှင့်တင်ချင်ရငွ တခြားဂိုဏ်းများရဲ့ အသိအမှတ်ပြုမှုကို ရယူရန်လိုအပ်သည်။ လက်ရှိတွင် လင်းယွင်ဂိုဏ်းသည် အဆင့် ၅ ဂိုဏ်းတစ်ခုသာ ဖြစ်တဲ့အတွက် အဆင့် ၄ဂိုဏ်းအသီးသီးရဲ့ အသိအမှတ်ပြုတာကို လိုအပ်သည်။ အသိအမှတ်ပြုတာကိုရယူရန် သတ်မှတ်ချက်မှာ ခွန်အားပင် ဖြစ်သည်။ ဂိုဏ်းချုပ်တစ်ယောက်တည်းရဲ့ ခွန်အားကိုပဲ ဆိုလိုတာမဟုတ်ပေ။ ပိုပြီးအရေးကြီးတာက ဂိုဏ်းချုပ်လက်အောက်က တပည့်တွေအားလုံးရဲ့ ခွန်အားဖြစ်သည်။ ယဲ့ယွမ်ဖန်နှင့် တုန်းမီတို့ နှစ်ယောက်စလုံးသည် အဆင့်တက်ခါနီး ဖြစ်နေပေမယ့်လည်း အခွင့်အရေးကောင်းတွေကို မကြုံကြသေးဘူး ဖြစ်နေသည်။
တကယ်လို့ သူကသာ ဂိုဏ်းအသီးသီးကို စိန်ခေါ်စာ ပေးပို့လိုက်ပြီး လင်းယွင်ဂိုဏ်းက အဆင့် ၄ဂိုဏ်း ဖြစ်ချင်ကြောင်း ကြေညာလိုက်ရင် ဂိုဏ်းအဆင့် တက်လာနိုင်ရုံသာမကပဲ သူ့တပည့်များကိုလည်း လေ့ကျင့်ပေးနိုင်တဲ့ အခွင့်အရေးကောင်းတစ်ခု ဖြစ်လာလိမ့်မည်။ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ကိစ္စတစ်ခုပင်ဖြစ်သည်။ ခေတ္တခနလောက် စဉ်းစားလိုက်ပြီး ကျန်းယီမင်က ခေါင်းညိတ်လိုက်သည်။
“ဂိုဏ်းအဆင့်မြှင့်တင်တဲ့အခါ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို မင်းတို့ သိတယ်မဟုတ်လား”
“သိပါတယ် ဆရာ”
သူတို့ဆရာရဲ့ စကားကို ကြားလိုက်သောအခါ ဂူလင်းဖေးနှင့် ယဲ့ယွမ်ဖန်တို့ရဲ့ မျက်လုံးများတွင် ဝမ်းသာတဲ့အရိပ်များနဲ့ ပြည့်နှက်သွားသည်။
“ဆရာ မသိလို့ပါ။ ကျွန်တော်တို့သုံးယောက်တည်း ရှိတုန်းကတောင် ဆရာ့ခွန်အားတွေ အများကြီး တိုးတက်လာတာကို မြင်ရပေမဲ့ အချိန်မတန်သေးဘူးလို့ ကျွန်တော်တို့ တွေးခဲ့ကြတယ်။ ဒါပေမဲ့ အခု ဆရာခေါ်ထားတဲ့ တပည့်သစ်နှစ်ယောက်ထဲမှာ တစ်ယောက်က ကျင့်ကြံရေးပါရမီ ထူးကဲပြီး၊ နောက်တစ်ယောက်က ဆရာ့ပြီးရင် အဆင့်အမြင့်ဆုံး ဟုတ်တယ်။ ဂိုဏ်းအဆင့်မြှင့်တင်ဖို့ အချိန်တန်ပြီလို့ ကျွန်တော်တို့ ထင်တယ်”
ဂူလင်းဖေး နှင့် ယဲ့ယွမ်ဖန် တို့က တစ်ယောက်တစ်ပေါက်နဲ့ ဝင်ပြောလိုက်ကြသည်။ ကြည့်ရသည်မှာ သူတို့လည်း ဒီနေ့လိုနေ့ကို စောင့်မျှော်နေခဲ့တာ ကြာမြင့်လောက်ပြီဖြစ်သည်။ တကယ်တမ်းတော့လည်း သူတို့နှစ်ယောက်စလုံးက လင်းယွင်ဂိုဏ်းရဲ့ အဆိုးရွားဆုံးနေ့ရက်တွေကို အတူတူဖြတ်သန်းခဲ့ကြရသူတွေပဲ ဖြစ်သည်။
ထိုအချိန်တုန်းက လင်းယွင်ဂိုဏ်းဆိုတာ လမ်းဘေးက အမှိုက်ပုံတစ်ခုလို ဘယ်သူမဆိုနင်းချေသွားလို့ရတဲ့ အခြေအနေမှာ ရှိခဲ့သည်။ ဒါပေမဲ့ အခုတော့ လင်းယွင်ဂိုဏ်းရဲ့ တပည့်တွေအနေနဲ့ သူတို့ ကမ္ဘာကြီးကို ပြောပြချင်နေသည်။ “လင်းယွင်ဂိုဏ်း ပြန်လာပြီဟေ့” လို့ပေါ့။
“ဒါ မင်းတို့နှစ်ယောက်တည်းရဲ့ အကြံအစည် မဟုတ်လောက်ဘူး။ ပုန်းမနေနဲ့တော့၊ မြန်မြန် ထွက်လာခဲ့ကြ” ကျန်းယီမင်က မတတ်သာတဲ့အပြုံးဖြင့် ပြောလိုက်သည်။
သူ့အမိန့်ပေးလိုက်တာနှင့် တခြားတပည့်များလည်း နေရာအနှံ့ကနေ ထွက်လာခဲ့ကြသည်။
“မင်းတို့ငါးယောက် တော်တော်ကြာကြာ တိုင်ပင်ထားတဲ့ပုံရတယ်။ ကောင်းတယ်။ သိပ်ကောင်းတယ်။ မင်းတို့အားလုံး တော်တော်လေး တွေးတတ်ကြသားပဲ။ ဒါပေမဲ့ဂိုဏ်းအဆင့်မြှင့်တင်တဲ့ကိစ္စဆိုတာ ငါကနောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူ မဟုတ်ဘူး”
“ကျွန်တော်တို့ သိပါတယ်။ ဒီရက်ပိုင်း အဘိုးလင်းအပြင် ဂိုဏ်းတူအစ်ကို၊ မောင်နှမတွေနဲ့အတူတူ လေ့ကျင့်တိုက်ခိုက်ခဲ့ကြလို့ ကျွန်တော့်ထက် ကျင့်ကြံဆင့်မြင့်တဲ့ ပြိုင်ဘက်နဲ့ တွေ့ရင်တောင် ကျွန်တော် ယှဉ်တိုက်နိုင်ပါတယ်။ ဆရာ... စိတ်မပူပါနဲ့” ရှန့်ကွမ်းချင်ယန်က ဦးစွာပြောလိုက်သည်။
ရှန့်ကွမ်းချင်ယန်တောင်မှ ဒီလောက်ယုံကြည်မှု ရှိနေပြီဆိုတော့ ကျန်းယီမင်အနေဖြင့်လည်း ငြင်းစရာ အကြောင်းမရှိတော့ပေ။
“ဒီတစ်ခေါက်ကိစ္စမှာ ငါကမင်းတို့ကို ကူညီပေးလို့မရဘူးဆိုတာ သိသိရက်နဲ့ မင်းတို့က စမ်းကြည့်ချင်တယ်ဆိုမှတော့ မင်းတို့ရဲ့ရည်မှန်းချက်ကို အောင်မြင်အောင် လုပ်ဖို့ဆုံးဖြတ်ထားကြပုံပဲ။ အဲ့ဒါဆိုရင် ငါ စိန်ခေါ်စာတွေ ရေးလိုက်မယ်။ ငါ့တပည့်တို့ရေ... မင်းတို့ကိုယ်မင်းတို့ ပြင်ဆင်ထားလိုက်ကြတော့”
……..
“လင်းယွင်ဂိုဏ်းက နောက်ဆုံးတော့ ငြိမ်ငြိမ်မနေနိုင်တော့ဘူးပဲ။ အဆင့် ၅ ဂိုဏ်းအဖြစ် ဆက်မနေချင်ကြတော့နဲ့ တူတယ်”
“ဟ... ဘာတွေ ပြောနေတာလဲ။ မကြာသေးခင်က လင်းယွင်ဂိုဏ်း ဂိုဏ်းချုပ်ရဲ့ကိစ္စကို မင်းတို့မေ့ကုန်ကြပြီလား။ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို ဒဏ်ရာမရဘဲ သတ်ဖြတ်နိုင်ခဲ့တာ အဆင့် ၄ တို့၊ အဆင့် ၃ ဂိုဏ်းချုပ်အများစုတောင် လုပ်နိုင်ကြတဲ့ ကိစ္စလို့ ငါမထင်ဘူး”
“ငါပြောရရင်တော့ ဒီတစ်ခါ လင်းယွင်ဂိုဏ်းက အဆင့် ၅ဂိုဏ်းဆိုတဲ့ ဘဝကနေ ရုန်းထွက်ဖို့ သေချာပေါက် ဆုံးဖြတ်ထားပုံရတယ်။ သိပ်မကြာခင် သူတို့ဂိုဏ်းတံခါးဖွင့်ပြီး တပည့်သစ်တွေလည်း လက်ခံတော့မယ်လို့ ငါထင်တယ်”
“အဆင့် ၅ ဂိုဏ်းကနေ ရုန်းထွက်ဖို့ ဆုံးဖြတ်ထားတယ်ဟုတ်လား။ ငါတော့မထင်ဘူး။ လင်းယွင်ဂိုဏ်း မှာ တပည့်နည်းနည်းလေးပဲ ရှိတာလေ”
“ဂိုဏ်းချုပ်က ခွန်အားကြီးပေမဲ့ သူတစ်ယောက်တည်း သန်မာနေရင် သူက လေလွင့်ကျင့်ကြံသူတွေနဲ့ ဘာမှမကွာတော့ဘူး မဟုတ်လား”
တစ်ရက်မပြည့်ခင်မှာပင် လင်းယွင်ဂိုဏ်းက အဆင့် ၄ ဂိုဏ်း ဖြစ်လာတော့မယ်ဟူသော သတင်းများသည် တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။ လမ်းမပေါ်က လူများသည် အားတက်သရောနဲ့ ဆွေးနွေးနေကြသည်။
“ဟုတ်တယ်... ဟုတ်တယ်။ အဲ့ဒါအမှန်ပဲ။ အစတုန်းတည်းက လင်းယွင်ဂိုဏ်းမှာ တပည့်နည်းနည်းပဲ ရှိတာ။ အဲ့ဒီရှိတဲ့ နည်းနည်းလေးမှာ ဒုက္ခိတတွေချည်းပဲတဲ့”
“မိတ်ဆွေတို့... လင်းယွင်ဂိုဏ်းမှာ အသုံးမကျတဲ့သူ တစ်ယောက်မှ မရှိဘူး”
တစ်ယောက်က ရိုင်းစိုင်းစွာပြောဆိုနေတာကို ကြားလိုက်ရသဖြင့် တောင်ခြေဈေးတွင် ပစ္စည်းဝယ်နေတဲ့ တုန်းမီက ဝင်ပြောလိုက်သည်။
“ငါတို့ စကားပြောနေတာ မင်းနဲ့ဘာဆိုင်လို့လဲ။ ဟဲဟဲ... မင်းကရော လင်းယွင်ဂိုဏ်းကပဲလား။ အပြင်ထွက်လာတာ သူများတွေလှောင်ရယ်မှာကို မကြောက်ဘူးလား”
လူအုပ်ခေါင်းဆောင်ဖြစ်တဲ့ အရပ်ရှည်ရှည်လူတစ်ယောက်က ပြောလိုက်သည်။ ထိုသူသည်လည်း ကျင့်ကြံသူတစ်ဦးဖြစ်သည်။ တုန်းမီသည် မည်သည့် ခံစားချက်ကိုမှ မပြသပေ။
သူသည် ဦးညွှတ်လိုက်ပြီး “ကျွန်တော်က လင်းယွင်ဂိုဏ်းကဆိုတာ မှန်တယ်။ ကျွန်တော်တို့ ဂိုဏ်းအဆင့်တက်မယ့်ကိစ္စကို သဘောမတူတဲ့ ဘယ်သူမဆို မနက်ဖြန်ကစပြီး ၅ရက်အတွင်း သိုင်းပညာပြိုင်ပွဲယှဉ်ပြိုင်ဖို့ ဂိုဏ်းကို လာရောက်နိုင်တယ်လို့ ကျွန်တော်တို့ ဂိုဏ်းချုပ်က တစ်လောကလုံးကို အသိပေးထားပြီးသား” ဟု ပြန်ပြောလိုက်သည်။
“မင်းရဲ့ဂိုဏ်းချုပ်ကို သုံးပြီး ငါ့ကိုလာဖိအားမပေးနဲ့။ သူက အချိန်တိုအတွင်း သန်မာလာအောင် ညစ်ပတ်တဲ့နည်းလမ်းတွေ သုံးထားမှာ သေချာပေါက်ပဲ”
ကျန်းလေ့ဂိုဏ်းကဆိုတဲ့လူက မတ်တတ်ရပ်လိုက်ပြီး တုန်းမီရဲ့ နှာခေါင်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“မင်းက လင်းယွင်ဂိုဏ်းကဆိုမှတော့ ဂူလင်းဖေးဆိုတဲ့ ဂိုဏ်းတူအစ်ကိုတစ်ယောက်ရှိတယ်မလား။ အဲ့ဒီကောင် သိပ်မကြာသေးခင်ကပဲ ငါ့ဆီရောက်လာပြီး အကူအညီတောင်းဖူးတယ်။ မျက်ရည်တွေ စီးကျပြီး လာပြောနေတာ၊ တော်တော် သနားစရာကောင်းတာပဲကွ။ ဟားဟားဟားဟား.....”