← Chapters

ဓားကို ပြန်လည်ပုံသွင်းခြင်း

Vol. 215 Ch. 3241

ဓားကို ပြန်လည်ပုံသွင်းခြင်း

Vol. 215 Ch. 3241

ထာဝရအသက်သည် ဘယ်တော့မှမသေနိုင်ဟု မဆိုလိုပေ။

ထိုစကားသည် ရှေ့နောက်မညီဟု ထင်ရသော်လည်း သူတို့မှာ ပိုမိုနက်ရှိုင်းသော အဓိပ္ပါယ်များပါဝင်နေပုံရသည်။

“မင်းက ဒီနေရာကနေထွက်သွားချင်တယ်ဆိုရင် မင်းအရင်ဆုံး သူတော်စင်နယ်ပယ်ထိ ကျင့်ကြံရမယ်”

အနက်ရောင်ဝတ်အမျိုးသားက ရယ်မောကာ ပြောလိုက်သည်။

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

အနက်ရောင်ဝတ်အမျိုးသား၏ ရယ်သံမှာ အူမြူးအားရနေသော အငွေ့အသက်တစ်ခုပါဝင်နေ၏။

ဒါ့အပြင် သူပြောချင်သည်မှာ သူက သူတော်စင်နယ်ပယ်ထိ ကျင့်ကြံပြီးလျှင်တောင် သွေးပင်လယ်ထဲကနေ ထွက်ခွာနိုင်ဦးမည်မဟုတ်ဟု ဆိုလိုနေပုံရ၏။

အနက်ရောင်ဝတ်အမျိုးသားက ပြောလိုက်၏။

“အနည်းဆုံးတော့ မင်းရဲ့ကျင့်ကြံမှုက ဒီနေရာမှာ သုံးဘုံလောကရဲ့ နိယာမတွေနဲ့ ကန့်သတ်ခံထားရမှာမဟုတ်ဘူး… မင်းရဲ့ ကျင့်ကြံမှုနယ်ပယ်က အဆက်မပြတ်မြင့်တက်နိုင်တယ်”

“ဒီသူတော်စင်အပျက်အစီးနယ်မြေက သိပ်ပြီးမကြီးမားပေမယ့် အခွင့်အလမ်းတွေက နေရာတိုင်းမှာရှိတယ်.. မဟာကမ္ဘာတစ်ထောင်လောကက လူတွေတောင်မှ ဒီနေရာမှာကျင့်ကြံဖို့ အခွင့်အရေးမရှိဘူး”

ထိုသို့ဆိုသော်လည်း သိုင်းတာအိုပင်မခန္ဓာသည် အပျက်အစီးနယ်မြေထဲမှာ ပိတ်မိနေပြီး ဘယ်အချိန်ထွက်ခွာရမည်မသိ မဖြစ်ချင်ပေ။ သို့သော်လည်း သူသည် ယခုအချိန်မှာ မထွက်ခွာနိုင်သည်ကို သူ၏ ရင်ထဲမှာ သိရှိထားသည်။ သူသည် ဤဖြစ်ရပ်ကို လက်ခံပြီး အခွင့်အလမ်းတစ်ခုကို စောင့်ဆိုင်းဖို့သာရှိတော့သည်။

ကံကောင်းထောက်မစွာဖြင့် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက ဤနေရာမှာ ကျဆင်းမသွားဘဲ သူက တျဲယွဲ့ကို ရှာဖွေဖို့အတွက် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းနိုင်သည်။

အခြားတစ်ဘက်မှာ…။

ကြမ္မာမီးအနီရောင်ကြာပန်းသည် လုံးလုံးလျားလျား ညှိုးခြောက်သွားပြီဖြစ်ပြီး တမလွန်မြစ်ထဲမှာ ပြန့်ကျဲကာ ပျောက်ကွယ်သွား၏။

ကြမ္မာမီးအနီရောင်ကြာပန်း၏ စွမ်းအားများအားလုံးသည် ဆူဇီမို၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးထဲသို့ ပျော်ဝင်ပေါင်းစည်းသွားပြီဖြစ်သည်။

ထိုအခိုက်အတန့်မှာ ဓားနှစ်လက်က သူ့ကို ဝန်းရံနေ၏။

တစ်လက်သည် ဖန်တီးခြင်းကြာပဒုမ္မာကနေ ဆင်းသက်လာသော အစိမ်းရောင်ကြာပန်းဓားဖြစ်သည်။

အခြားတစ်လက်သည် ကြမ္မာမီးအနီရောင်ကြာပန်းကနေ ဆင်းသက်လာသော ဓားတစ်လက်ဖြစ်သည်။ ဓားပေါ်မှာ ကြာပန်းများဖူးပွင့်နေသကဲ့သို့ အနီရောင်အကွက်အပြောက်များရှိနေ၏။

အနက်ရောင်ဝတ်အမျိုးသားက သွေးပင်လယ်ဘေးမှာထိုင်နေပြီး ကျယ်ပြောသော သွေးပင်လယ်ကနေတစ်ဆင့် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ အခြေအနေကို တွေ့မြင်နိုင်သည့်အလားပင်။ ရုတ်တရက် သူက ပြောလိုက်သည်။

“ငါက ဒီသွေးပင်လယ်ထဲကနေ မထွက်ခွာနိုင်ဘူး… ဒါပေမဲ့ ငါမင်းအတွက် အခွင့်အလမ်းတစ်ခုပေးနိုင်တယ်”

“မင်းဘေးမှာရှိတဲ့ဓားနှစ်လက်ကိုပို့လိုက်… ငါမင်းအတွက် အဲဒါကို ပြန်ပြီးပုံသွင်းပေးမယ်”

ဆူဇီမိုက ထိုစကားကိုကြားသောအခါ ခဏမျှတွေဝေတုံ့ဆိုင်းနေ၏။

အစကတော့ အနက်ရောင်ဝတ်အမျိုးသားသည် ဓားနှစ်လက်ကိုယူပြီး ပြန်မပေးမှာကို သူက စိုးရိမ်နေ၏။

သို့သော်လည်း ပြန်လည်စဉ်းစားကြည့်ရင် အနက်ရောင်ဝတ်အမျိုးသားရှိရာ သူတော်စင်အပျက်အစီးနယ်မြေမှာ ကျိုးပဲ့နေသော နတ်ဘုရားလက်နက်အပိုင်းအစများကပင် သူ၏ ဓားနှစ်လက်ထက် မျာစွာပိုမိုသန်မာပေလိမ့်မည်။

မည်သို့ပင်ဆိုစေ ထိုနတ်ဘုရားလက်နက်များက သူတော်စင်လက်နက်များဖြစ်ကြလေသည်။

ဒါ့အပြင် အနက်ရောင်ဝတ်အမျိုးသားသည် ဤနေရာမှာ နှစ်ပေါင်းများစွာရှိနေခဲ့သော်လည်း ကြမ္မာမီးအနီရောင်ကြာပန်းကို ဘယ်တုန်းကမှ မထိခဲ့ပေ။ သူ့အနေဖြင့် အနီရောင်ကြာပန်းဓားကို လုယူစရာမလိုအပ်ပေ။

ထိုသို့အတွေးဖြင့် ဆူဇီမိုသည် အစိမ်းရောင်ကြာပန်းဓားနှင့် အနီရောင်ကြာပန်းဓားကို အတွေးတစ်ချက်နှင့်အတူ တမလွန်သွေးပင်လယ်ထဲသို့ပို့ပေးလိုက်ပြီး သိုင်းတာအိုပင်မခန္ဓာက ထိုဓားနှစ်လက်ကို အပျက်အစီးနယ်မြေသို့ ယူဆောင်သွား၏။

“မဟာအဝီစိကို ယူလာခဲ့…”

အနက်ရောင်ဝတ်အမျိုးသားက ဆက်ပြောလိုက်သည်။

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

အရင်တုန်းက မဟာအဝီစိသည် နတ်ဘုရားပြစ်ဒဏ်နှင့် ထိုးဖောက်ခံရပြီး ကြေမွပျက်စီးနေပြီဖြစ်၏။

အနက်ရောင်ဝတ်အမျိုးသားသည် ထိုကြေမွပျက်စီးနေသောငရဲကို ဘာ့ကြောင့်လိုချင်သလဲ သူမသိပေ။

ဆူဇီမိုက ထပ်မံ၍ ပြောဆိုခြင်းမရှိဘဲ လှည့်ထွက်သွား၏။

သိုင်းတာအိုပင်မခန္ဓာသည် အပျက်အစီးနယ်မြေကြားမှ အနက်ရောင်ဝတ်အမျိုးသားကိုကြည့်နေ၏။

အစစ်အမှန်ခန္ဓာနှစ်ခုက စိတ်ချင်းဆက်နေပြီး တစ်ခုခုဖြစ်လာမည်ဆိုလျှင် သူက အရင်ဆုံးသိရပေလိမ့်မည်။

အနက်ရောင်ဝတ်အမျိုးသားသည် အနီရောင်ကြာပန်းဓားကို အရင်ဆုံး လက်ခံရယူပြီး ဓားကို လက်ချောင်းနှစ်ချောင်းဖြင့် ညင်သာစွာ သပ်လိုက်၏။ သူက ဓားဖျားသို့ရောက်သောအခါ ၎င်းကို ညင်သာစွာတောက်လိုက်၏။

ဇီ…

ဓားက တုန်ခါသွားသည်။

ရုတ်တရက်…

အနီရောင်ကြာပန်းဓားကနေ တဖြောက်ဖြောက်မြည်သံထွက်ပေါ်လာ၏။ ၎င်းသည် သေသပ်သော အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားပြီး ချက်ချင်းပင် ကျိုးကြေမွကာ ပြန့်ကျဲကျဆင်းသွား၏။

အနက်ရောင်ဝတ်အမျိုးသားသည် လက်တစ်ချက်တောက်ရုံဖြင့် အနီရောင်ကြာပန်းဓားကို အပိုင်းပိုင်းဖြစ်သွားစေနိုင်၏။

ထို့နောက် အနက်ရောင်ဝတ်အမျိုးသားသည် သူ၏ လက်ချောင်းဖြင့် အစိမ်းရောင်ကြာပန်းဓားကို တောက်လိုက်၏။

မဟာဧကရာဇ်များကိုပင် သတ်ဖြတ်နိုင်သော နတ်ဘုရားလက်နက်က ကြေမွသွား၏။

နတ်ဘုရားလက်နက်နှစ်ခုသည် အနက်ရောင်ဝတ်အမျိုးသား၏ လက်ထဲမှာ စက္ကူတစ်ရွက်နှင့်တူနေ၏။

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက ပြောင်းလဲမသွားပေ။ အနက်ရောင်ဝတ်အမျိုးသားမှာ နောက်ထပ်နည်းလမ်းများ သေချာပေါက်ရှိနေမည်ကို သူသိရှိထား၏။

အနက်ရောင်ဝတ်အမျိုးသားသည် အပျက်အစီးနယ်မြေထဲကနေ ကျိုးပဲ့နေသောဓားတစ်လက်ကို သာမန်ကာလျှံကာ ဆွဲထုတ်ပြီး ၎င်းကို သူ၏ လက်ဖဝါးထဲမှာ ပွတ်ချေကာ မြေမှုန်များကဲ့သို့ ပြောင်းလဲသွားစေ၏။

ထို့နောက် အနက်ရောင်ဝတ်အမျိုးသား၏ လက်ထဲမှာ မီးတောက်လုံးတစ်လုံးပေါ်ထွက်လာပြီး ထိုလက်နက်အမှုန်များနှင့်အတူ အနီရောင်ကြာပန်းဓားအပိုင်းအစများကို ရောနှောလိုက်၏။

အနက်ရောင်ဝတ်အမျိုးသားက ဓားကိုပြန်လည်ပုံသွင်းပေးနေသည်။

ဓားကို ပြန်လည်ပုံသွင်းနေစဉ် အနက်ရောင်ဝတ်အမျိုးသားသည် တမလွန်သွေးမြစ်ထဲကနေ သွေးစီးကြောင်းများကိုဆွဲယူပြီး ဓားထဲကို ထည့်သွင်းပေးလိုက်၏။

ဓားပေါ်သို့ ဆင်းသက်လာသော သွေးတစ်စက်ချင်းစီသည် ဓား၏ သတ်ဖြတ်လိုစိတ်ကို ပိုမိုအားကောင်းလာစေ၏။

အနက်ရောင်ဝတ်အမျိုးသားပြောပုံအရ တမလွန်သွေးပင်လယ်ထဲမှ သွေးတစ်စက်ချင်းစီသည် သူတော်စင်များ၏သွေးဖြစ်သည်။

ယခု ဓားသည် သူတော်စင်သွေးများစွာကို သောက်သုံးပြီး ၎င်းကို ပြန်လည်ပုံသွင်းသည့်အတွက် မည်ကဲ့သို့သောပုံစံဖြစ်လာမည်ကို စဉ်းစားကြည့်၍ မရနိုင်ပေ။

အချိန်ကြာလာသည်နှင့်အမျှ အနီရောင်ကြာပန်းဓားက တဖြည်းဖြည်းရုပ်လုံးပေါ်လာ၏။

ဓားပေါ်မှ ကြာပန်းများက ပျောက်ကွယ်သွားပြီဖြစ်ပြီး သွေးနီရောင်က အစားထိုးဝင်ရောက်လာ၏။

တမလွန်သွေးပင်လယ်၏ အပြင်ဘက်မှာ မတ်တတ်ရပ်နေသော ဆူဇီမိုပင်လျှင် ဓားကနေ ဖြာထွက်လာသည့် သွေးချီနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို အာရုံခံမိသောအခါ ထိတ်လန့်တကြားဖြစ်သွား၏။

ဤဓား၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အရမ်းကို သန်မာလွန်းသည်။

ဤသည်မှာ မည်သို့ပင်ဆိုစေ အခြေခံအုတ်မြစ်အဖြစ် အနီရောင်ကြာပန်းဓားကို အသုံးပြုပြီး ဖန်တီးထားသော ဓားတစ်လက်ဖြစ်သည်။ ကြီးမားစွာ ပြောင်းလဲသွားသော်လည်း ၎င်းသည် သူနှင့်ချိတ်ဆက်မှုတစ်ခုရှိနေဆဲဖြစ်၏။

မဟုတ်ပါက ဆူဇီမိုသည် ထိုသွေးနီရောင်ဓားကို ထိန်းချုပ်နိုင်မည်ဟု ယုံကြည်မှုမရှိပေ။

ဇီ…

အနီရောင်ကြာပန်းဓားကို ပြန်လည်ပုံသွင်းပြီးနောက် ၎င်းသည် တမလွန်သွေးပင်လယ်ကို ဖြတ်ကျော်ကာ တစ်ခဏချင်းမှာပင် ဆူဇီမို၏ ဘေးကို ပြန်လည်ရောက်ရှိလာ၏။

အနီရောင်ကြာပန်းဓားက တမလွန်သွေးပင်လယ်၏ အဝန်းအဝိုင်းကနေ ထွက်ခွာလာသည့်ခဏမှာပင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ချက်ချင်းပင်ပေါက်ကွဲထွက်ပေါ်လာ၏။ ၎င်းသည် လောကကို ဆုတ်ဖြဲလိုက်သည့်အလား တိမ်စိုင်များကြား ထိုးတက်သွား၏။

ဓားကမ္ဘာမှာ…။

ပေမင်ရွယ်က ပေမင်ဓားကို သန့်စင်နေ၏။

ရုတ်တရက်ဆိုသလို…။

ပေမင်ဓား၏ ဓားသွားက အဆက်မပြတ်တုန်ခါပြီး ညင်သာသောဓားတေးသံက ထွက်ပေါ်လာ၏။ ၎င်းသည် တစ်စုံတစ်ရာကို စိုးရိမ်နေသည့်အလား ၎င်း၏ ဓားချီကို ရုပ်သိမ်းလိုက်၏။

ပေမင်ရွယ်က ငရဲကမ္ဘာရှိရာဘက်သို့ အတွေးနက်စွာဖြင့် ကြည့်လိုက်၏။

သူတော်စင်အပျက်အစီးနယ်မြေမှာ။

အနက်ရောင်ဝတ်အမျိုးသားက ပြောလိုက်သည်။

“မဟာအဝီစိကို ယူလာခဲ့”

ဆူဇီမို၏ ဓမ္မတာအို၏ ထိန်းချုပ်မှုနှင့်အတူ ကြေမွနေသော ငရဲက လက်သီးဆုပ်အရွယ်ပြောင်းလဲသွားပြီး တမလွန်သွေးပင်လယ်ထဲသို့ ဝင်ရောက်လာ၏။ သူ့ကို သိုင်းတာအိုပင်မခန္ဓာက အပျက်အစီးနယ်မြေရှိရာသို့ ယူဆောင်သွားလေသည်။

အနက်ရောင်ဝတ်အမျိုးသားသည် အပျက်အစီးနယ်မြေမှ ထက်ရှသော ဓားကျိုးတချို့ကို ရှာဖွေပြီး သူတို့ကို အရည်ဖျော်ချလိုက်၏။

ထို့နောက် သူသည် ဓားကျိုးများနှင့် မဟာအဝီစိကို အစိမ်းရောင်ကြာပန်းဓားထဲသို့ ထည့်သွင်းပေါင်းစည်းပြီး ၎င်းကို ပြန်လည်ပုံသွင်းလိုက်၏။

အစိမ်းရောင်ကြာပန်းဓား၏ ထက်ရှမှုက သိပ်သည်းစုဖွဲ့လာသည်။

ထိုမျှသာမက ဓားကနေ ဖြာထွက်နေသော နောက်ထပ်စွမ်းအားတစ်ခုက မဟာအဝီစိနှင့် အလွန်တရာဆင်တူနေ၏၊။

“ဒီလိုနည်းလမ်းတွေက…”

ဆူဇီမိုက စိတ်ထဲကနေ ရေရွတ်လိုက်၏။

အနက်ရောင်ဝတ်အမျိုးသားသည် အစိမ်းရောင်ကြာပန်းဓားကို ပြန်လည်ပုံသွင်းရုံသာမက သူသည် ထိုထဲသို့ မဟာအဝီစိကိုပင် ထည့်သွင်းပေါင်းစည်းကာ အစိမ်းရောင်ကြာပန်းဓားကို လုံးလုံးလျားလျား အသွင်ပြောင်းလဲသွားစေ၏။ သိပ်မကြာခင် အစိမ်းရောင်ကြာပန်းဓားကို ပြန်လည်ပုံသွင်းပြီးနောက် အနက်ရောင်ဝတ်အမျိုးသားက ၎င်းကို တမလွန်သွေးပင်လယ်၏ အပြင်ဘက်သို့ ပစ်ထုတ်ကာ ဆူဇီမို၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာစေ၏။

ဆူဇီမိုသည် လက်တစ်ဖက်စီမှာ ဓားတစ်လက်စီကို ကိုင်ဆွဲပြီး ဓားနှစ်လက်ထဲရှိ အပြောင်းအလဲများနှင့်စွမ်းအားကို အာရုံခံကြည့်နေ၏။

သူ၏ ဘယ်ဘက်လက်ထဲရှိ အစိမ်းရောင်ကြာပန်းဓားသည် အရာရာတိုင်းကို လှီးဖြတ်နိုင်သည့်အလား အလွန်တရာထက်ရှနေ၏။

သူ၏ ညာဘက်လက်ထဲရှိ အနီရောင်ကြာပန်းဓားသည် သတ်ဖြတ်လိုစိတ်နှင့် သိပ်သည်းပြင်းထန်သောသွေးချီဖြင့် ပြည့်နှက်နေ၏။

ဓားနှစ်လက် ပြန်လည်မွေးဖွားလာပြီးနောက် သူတို့၏ ဓားသွားများမှာ အလွန်တရာကြောက်စရာကောင်းသော စွမ်းအားပါဝင်နေ၏။ သို့သော်လည်း ဆူဇီမို၏ လက်ရှိကျင့်ကြံမှုနယ်ပယ်အရ သူသည် ဤလက်နက်များ၏ ခွန်အားအပြည့်အဝကို မထုတ်ဖော်နိုင်ပေ။

အနက်ရောင်ဝတ်အမျိုးသား၏ အသံက နောက်တစ်ဖန်ထွက်ပေါ်လာ၏။

“အဲဒီဓားနှစ်လက်ကို ငါ့လက်နဲ့ ပြန်ပြီးပုံသွင်းပေးထားတာ.. အဲဒါက အရင်ကထက် အများကြီးသာသွားပြီ… အဲဒီအစိမ်းရောင်ဓားက အထက်ရှဆုံးနဲ့ ပြိုင်ဘက်ကင်းတယ်… အဲဒါက မဟာအဝီစိနဲ့ ပေါင်းစည်းထားတယ်ဆိုမှတော့ အဲဒါကို အဝီစိဓားလို့ခေါ်နိုင်တယ်”

“သွေးနီရောင်ဓားကတော့ သတ်ဖြတ်ခြင်းမှာနံပါတ်တစ်ပဲ… အဲဒါက အနှိုင်းမဲ့တယ်.. ကြမ္မာမီးရဲ့ အားဖြည့်ထောက်ပံ့မှုနဲ့ဆို သတ်ဖြတ်ခြင်းက ကမ္မရဲ့ သက်ရောက်ခြင်းခံရမှာ မဟုတ်တော့ဘူး… အဲဒါကို အဓိကအားဖြင့် တမလွန်သွေးပင်လယ်နဲ့ပေါင်းစည်းထားတာဆိုတော့ အဲဒါကို တမလွန်ဓားလို့ခေါ်နိုင်တယ်”

“အဲဒီဓားနှစ်လက်ရဲ့အကူအညီနဲ့ဆို မင်းက မဟာကမ္ဘာတစ်ထောင်လောကမှာ မင်းကိုယ်မင်း ကာကွယ်နိုင်လိမ့်မယ်”

ဤအခွင့်အလမ်းက တကယ့်ကို မသေးငယ်ပေ။

ဆူဇီမိုက လေးနက်သောအသံဖြင့် မေးလိုက်၏။

“စီနီယာ… ခင်ဗျားကျုပ်ကို ဘာလုပ်ပေးစေချင်လဲ”

“မင်းကလား…”

အနက်ရောင်ဝတ်အမျိုးသားက မှင်သေသေဖြင့်ပြောလိုက်၏။

“မင်းက ငါ့ကို တစ်ခုခုလုပ်ပေးနိုင်ဖို့ အဝေးကြီးပဲ… မင်းကိုယ်မင်းသာ ဂရုစိုက်စမ်းပါကွာ။”

All Chapters