မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းခြင်း
Vol. 215 Ch. 3242
“စီနီယာ… ခင်ဗျား သေခြင်းရှင်ခြင်းစာအုပ်အကြောင်းသိလား”
ဆူဇီမိုသည် တစ်စုံတစ်ရာကို တွေးမိသွားပြီး ဖုန့်တူထံကနေ သူလုယူထားသည့် အနက်ရောင်စာရွက်ကို ထုတ်ယူလိုက်၏။
တမလွန်ဘုံမှာ သူသည် သက်ရှိများအားလုံး၏ ဝိညာဉ်စာရင်းကို ရှာဖွေလိုခဲ့သော်လည်း မည်သည့်သဲလွန်စကိုမှ ရှာမရခဲ့ပေ။
သူသည် ဤအနက်ရောင်စာရွက်ကို အတန်ကြာအောင် လေ့လာခဲ့သော်လည်း မည်သည့်အရာကိုမှ ရှာဖွေမဖော်ထုတ်နိုင်ခဲ့ပေ။
အနက်ရောင်စာရွက်၏ အနားစပ်မှာ ဆုတ်ဖြဲခံထားရသည့် အမှတ်အသားများ သိသိသာသာရှိနေ၏။
ယခုအချိန်ထိပင် ဆူဇီမိုသည် သူ၏ ခွန်အားအပြည့်နှင့် အနက်ရောင်စာရွက်ကို ဆုတ်ဖြဲနိုင်ခြင်းမရှိပေ။
သူ၏ အသိစိတ်က အထဲသို့ဝင်ရောက်သွားသောအခါ သူသည် အနက်ရောင်စာရွက်က သေခြင်းရှင်ခြင်းစာရွက်ဖြစ်သည်ကိုသာ အာရုံခံမိနိုင်၏။ သို့သော်လည်း ၎င်းသည် အထဲမှာ ပိန်းပိတ်အောင်နက်မှောင်နေပြီး မည်သည့်အရာကိုမှ ရှာမတွေ့နိုင်ပေ။
အနက်ရောင်ဝတ်အမျိုးသားက ဆူဇီမို၏ မေးခွန်းကို လျစ်လျူရှုလိုက်၏။
ဆူဇီမိုသည် မဟာကမ္ဘာတစ်ထောင်လောကနှင့်ပတ်သက်သည့် သတင်းအချက်အလက်များစွာကို မေးမြန်းကြည့်၏။ အနက်ရောင်ဝတ်အမျိုးသားသည် သူက ဤနေရာမှာ နှစ်ပေါင်းများစွာပိတ်မိနေပြီး လက်ရှိမဟာကမ္ဘာတစ်ထောင်လောက၏ အခြေအနေကို မသိရှိဟုသာ ပြန်ဖြေခဲ့၏။
ထို့နောက် သူက ဆက်လက်၍ စကားမပြောဆိုလိုသည့်အလား နှုတ်ဆိတ်နေ၏။
သိုင်းတာအိုပင်မခန္ဓာသည် အနက်ရောင်ဝတ်အမျိုးသားနှင့် နှစ်ပေါင်းသောင်းချီကြာအောင် ဤအပျက်အစီးနယ်မြေမှာ နေထိုင်ခဲ့လေသည်။ အနက်ရောင်ဝတ်အမျိုးသားမှာ ထူးဆန်းသောစိတ်နေစရိုက်တစ်ခုရှိသည်ကို သိရှိထားပြီး သူက ဆက်လက်၍ မမေးမြန်းတော့ပေ။
ဆူဇီမိုသည် တမလွန်မြစ်ကနေ ထွက်ခွာပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ပြန်လည်ရောက်ရှိလာ၏။
သူက မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းတော့မည်ကို သူ၏ မိတ်ဆွေဟောင်းများက သိရှိထားပြီး ထျန်ဟွမ်ကမ္ဘာမှာ သူ့ကိုနှုတ်ဆက်ဖို့အတွက် စောင့်ဆိုင်းနေကြ၏။
သူ၏ ညီကိုမောင်နှမလေးဦးဖြစ်သော ကျား၊ ချင်ချင်၊ မြေခွေးလေးနှင့် ရွှေခြင်္သေ့၊ ထျန်ဟွမ်ဂိုဏ်းမှ ယန်ပေးချန်၊ မင်းကျန်၊ နတ်ဆိုးမကျိနှင့် ကောင်းကင်ဘုံဝံပုလွေအပြင် ယွင်ကျူး၊ ယန်လောရှု၊ ရှဲ့ချင်းချန်နှင့် လင်းရွှမ်ကျီတို့ကလည်း ဤနေရာမှာ အားလုံးရောက်ရှိနေကြ၏။
လူတိုင်းသည် ခန်းမထဲမှာစုဝေးပြီး ပျော်ပျော်ပါးပါးသောက်စားကာ စကားပြောဆိုနေကြ၏။ သူတို့သည် နှုတ်ဆက်ခွဲခွာမည့်အကြောင်းကို မပြောမိဖို့ အတတ်နိုင်ဆုံးကြိုးစားနေကြ၏။ သို့သော်လည်း သူတို့၏ မျက်လုံးထဲတွင် ဝမ်းနည်းမှုတစ်စွန်းတစ်စကို လူတိုင်းက ဖုံးကွယ်မထားနိုင်ပေ။
ဆူဇီမိုတက်လှမ်းသွားပြီးနောက် သူတို့ပြန်လည်ဆုံစည်းဖို့ အင်မတန်ခဲယဉ်းသွားတော့မည်ကို လူတိုင်းက သိရှိထားကြ၏။
သူတို့သည် ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ပြီး မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းကြမည်ဆိုလျှင်တောင် သူတို့က အတူတကွ ပြန်လည်ဆုံစည်းနိုင်ပါ့မလား မသိရပေ။
“အာ… မင်းတို့တွေအားလုံး တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာကုန်ကြပြီ.. နောက်ဆုံးတော့ ငါပဲ ကျန်တော့မယ်”
လင်းရွှမ်ကျီက ဝမ်းနည်းသယောင်ဖြင့် သက်ပြင်းချလိုက်၏။
“ညီကိုလင်း.. မင်းလည်း တက်လှမ်းဖို့ မပြင်သေးဘူးလား”
ဆူဇီမိုက ပြုံး၍ မေးလိုက်၏။
“ဒါပေါ့… မဟာကမ္ဘာတစ်ထောင်လောကကို ငါလာမှာပေါ့”
လင်းရွှမ်ကျီက ပြောလိုက်၏။
“ငါက မဟေဠိနန်းတော်ရဲ့ ကြီးမားတဲ့ တာဝန်ဝတ္တရားတွေကို ထမ်းပိုးထားရတယ်… ငါ မဟာကမ္ဘာတစ်ထောင်လောကကို တစ်ချက်လာကြည့်ပြီး အဲဒီမှာရှိတဲ့အရာရာတိုင်းကို မှတ်တမ်းတင်ရမယ်.. ပြီးရင် အနာဂတ်မျိုးဆက်အတွက် အဲဒါကို လက်ဆင့်ကမ်းပေးရမယ်”
ဆူဇီမိုက ပြုံးပြီး ယွင်ကျူးကို ကြည့်လိုက်၏။
“စီနီယာအစ်မမိုချင်က တံခါးပိတ်ကျင့်ကြံနေတုန်းပဲလား”
မိုချင်က ဤတစ်ခေါက်မှာ ပေါ်ထွက်မလာခဲ့ပေ။
“ရောင်းရင်းဆူ… ရှင်မိုချင်ကို သတိရသေးတယ်ပေါ့လေ”
ယွင်ကျူးက ပြုံးစစဖြင့် မျက်လုံးစွေကြည့်လိုက်၏။ ထို့နောက် ယွင်ကျူးသည် သူမ၏ လက်ကိုမြှောက်ပြီး ဆူဇီမိုထံ ပန်းချီကားတစ်ချပ်ကို ကမ်းပေးလိုက်၏။
“ညီမမိုချင်က ဒီလိုမျိုးနှုတ်ဆက်ပွဲတွေကို သဘောမကျဘူးလို့ပြောတယ်… သူက နင့်ကိုလိုက်ပို့ပေးမှာမဟုတ်ဘူး… ဒါကတော့ နင့်အတွက် သူ့ရဲ့လက်ဆောင်ပဲ”
“နင်က ညီမမိုချင်ကို မမေးရင် ငါနင့်ကို ဒီလက်ဆောင်တောင် ပေးဖြစ်တော့မှာမဟုတ်ဘူး”
ယွင်ကျူးက ညင်သာစွာ နှာတစ်ချက်မှုတ်လိုက်၏။
ဆူဇီမိုက ပြုံး၍ ပန်းချီကားကို လက်ခံယူလိုက်၏။ သူက အဲဒါကို ဖွင့်မကြည့်ဘဲ သူ၏ သိုလှောင်အိတ်ထဲကိုသာ ထည့်လိုက်လေသည်။
လူတိုင်းသည် အားရပါးရသောက်စားပြီး အဆက်မပြတ်ရယ်မောနေကြ၏။ သူတို့သည် ခွဲခွာရမည့်အကြောင်းကို မေ့ပျောက်သွားသည့်အလာပင်။
သို့သော်လည်း ကောင်းမွန်သောအရာများအားလုံးမှာ အဆုံးသတ်တစ်ခုရှိလာရပေမည်။
အချိန်တချို့မှာ ရယ်သံများကြားတွင် ငိုသံများက ရောနှောပါဝင်လာ၏။
သူတို့က အဲဒါကို ချုပ်တည်းထားသော်လည်း သူတို့၏ လက်ရှိ ကျင့်ကြံမှုနယ်ပယ်များအရ လက်ရှိလူတိုင်းသည် အဲဒါကို ဘယ်လိုလုပ်မကြားရဘဲ နေမှာလဲ။
ခန်းမထဲရှိ ဆူညံသံများက တဖြည်းဖြည်းစဲသွားသည်။
ငိုသံများက ပို၍ပင် သိသာထင်ရှားလာ၏။
လူတိုင်းသည် သူတို့၏ ဝိုင်ခွက်များကို တစ်ယောက်ပြီးတစ်ယောက်ချပြီး နှုတ်ဆိတ်သွားကြ၏။
“သခင်လေး…”
ထောင်ယောင်က ဆူဇီမို၏ နောက်မှာ မတ်တတ်ရပ်နေ၏။ သူ၏ မျက်လုံးများက ငိုကြွေးခြင်းဖြင့် နီရဲနေပြီး သူ၏ မျက်နှာက မျက်ရည်များဖြင့် ပြည့်နှက်နေ၏။ သူက လက်လှမ်းပြီး ဆူဇီမို၏ အဝတ်စကို တင်းကျပ်စွာဖမ်းဆုပ်ထား၏။ ဆူဇီမိုက နောက်ခဏ၌ ထွက်ခွာသွားမည်ကို သူက စိုးရိမ်နေသည့်အလားပင်။
ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာနှင့် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ တက်လှမ်းသွားစဉ်ကပင် ထောင်ယောင်သည် ယခုလောက် ဝမ်းနည်းမှုကို မခံစားရပေ။
ထိုအချိန်တုန်းက ပင်ယန်းမြို့မှာ သူ့ကိုအဖော်ပြုပေးနေသည့် သိုင်းတာအိုပင်မခန္ဓာရှိနေသေး၏။ သို့သော်လည်း ဤတစ်ခေါက် ဆူဇီမို ထွက်ခွာတော့မည်ဆိုသောအခါ သူက အလွန်တရာစိတ်ထိခိုက်ခံစားနေရ၏။
“သခင်လေး… ကျုပ်တောင်းပန်ပါတယ်… ကျုပ်လည်း ပျော်ပျော်ရွှင်ရွှင်နေချင်တာ ဒါ..ဒါပေမဲ့ ကျုပ်ကိုယ်ကျုပ် မထိန်းနိုင်ဘူး…”
ထောင်ယောင်က ငိုရှိုက်နေ၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူသည် အင်မော်တယ်ထောင်ဟူ၍ ရိုသေလေးစားခံရလေသည်။ သို့သော်လည်း ဆူဇီမိုဘေးမှာ သူသည် နာခံ၍ ကြင်နာတတ်သော ကလေးငယ်တစ်ယောက်သာ အမြဲတမ်းဖြစ်၏။ သူသည် ဤလူများကို မပြောနှင့် အခြားသူများကိုပင် ထိခိုက်အောင်မလုပ်ရက်နိုင်ပေ။
လျှိုဖျင်က မငိုသော်လည်း သူ၏ မျက်လုံးများက နီရဲနေ၏။
ဆူဇီမိုသည် သူ့ကိုကယ်တင်ပေးခဲ့ပြီး သူ့အား ဘဝသစ်တစ်ခုကို ပေးခဲ့လေသည်။
သူ၏ ရင်ထဲမှာ ဆူဇီမိုသည် သူအလေးစားရဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီးလေပြီ။
“နောက်ပိုင်းအခွင့်ရှိရင် မဟာကမ္ဘာတစ်ထောင်လောကမှ ငါ့ကိုလာရှာကြ”
ဆူဇီမိုက ထောင်ယောင်၏ ပခုံးကို ညင်သာစွာပုတ်ပြီး ပြောလိုက်၏။
ထောင်ယောင်က အားတက်သရော ခေါင်းညိတ်ပြလိုက်၏။
“ဒီဖန်တီးခြင်းကောင်းကင်ဘုံစာအုပ်ကို မင်းတို့နှစ်ယောက်ကျင့်ကြံဖို့အတွက် ငါထားခဲ့မယ်”
ဆူဇီမိုက ထောင်ယောင်နှင့်လျှိုဖျင်ကို ကျင့်စဉ်တစ်ခု ကမ်းပေးလိုက်၏။
သူသည် နှစ်ခြောက်သောင်းကြာအောင် တမလွန်ဘုံကို စောင့်ကြည့်နေခဲ့စဉ် သူက ကျင့်ကြံခြင်းအပြင် အဓိကအားဖြင့် ဤကျင့်ကြံရေးနည်းစနစ်ကို ကောက်ချက်ချပြီး ပြီးပြည့်စုံအောင် ဖြည့်စွက်နေခဲ့၏။
ဖန်တီးခြင်းကောင်းကင်ဘုံစာအုပ်သည် ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းနှင့်အတူ အင်မော်တယ်၊ ဗုဒ္ဓ၊ မိစ္ဆာနှင့် သားရဲတာအိုများကို ပေါင်းစည်းထားသည့် ဓမ္မတာအိုတစ်ခုဖြစ်၏။ ဤသည်မှာ အစစ်အမှန် တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုလည်းဖြစ်သည်။
သူသည် ဖန်တီးခြင်းကောင်းကင်ဘုံစာအုပ်ကို ကောက်ချတ်ချထုတ်နုတ်၍ ရေးသားနေစဉ် သူ၏ ဖန်တီးခြင်းတာအိုပေါ် နားလည်ဆင်ခြင်မှုကလည်း ပိုမိုနက်ရှိုင်းလာခဲ့၏။
သူစုဖွဲ့ထားသောလောကက ကစဉ့်ကလျားလောကဖြစ်သည်။
သို့သော်လည်း သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူ၏ ဓမ္မတာအိုနည်းလမ်းအများစုသည် ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းထံကနေလာပြီး ဖန်တီးခြင်းတာအိုပေါ် သူ၏ နားလည်ဆင်ခြင်မှုက ရှင်းလင်းပြတ်သားမှုအရှိဆုံးဖြစ်၏။
ဤတဗူးဂမ္ဘီရကျင့်စဉ်ကို ချန်ထားခဲ့ပြီးနောက် သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မည်သည့်နှောင်ဖွဲ့မှုမှ မရှိတော့ပေ။
ဆူဇီမိုက မတ်တတ်ထရပ်ပြီး ဝိုင်ခွက်ကိုမြှောက်ကာ လက်ရှိလူတိုင်းကိုကြည့်လိုက်၏။
“ငါတို့တွေ ဒီနေ့ မြင့်မားတဲ့စိတ်ဝိညာဉ်မှာရှိနေကြတယ်… ငါတို့ နောက်ပိုင်း မဟာကမ္ဘာတစ်ထောင်လောကမှာ ပြန်ဆုံစည်းတဲ့အခါ အခုလိုပဲ ပျော်ပျော်ပါးပါးသောက်စားကြတာပေါ့… အားလုံးပဲ ဆူဇီမိုက ဒီကနေ နှုတ်ဆက်တယ်”
ထိုသို့ပြောရင်း ဆူဇီမိုက ဝိုင်ခွက်ကို တစ်ကျိုက်တည်းမော့သောက်လိုက်၏။
လူတိုင်းကလည်း သူတို့၏ ခွက်များကို မြှောက်ကာ အားရပါးရမော့သောက်လိုက်ကြ၏။
ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ထျန်ဟွမ်ခန်းမထဲကနေ ထွက်ခွာသွား၏။ လူတိုင်း၏ အကြည့်အောက်မှာ သူသည် လေထဲသို့ပျံတက်ပြီး မဟာကမ္ဘာတစ်ထောင်လောကရှိရာသို့ ပျံသန်းသွားလေသည်။
သိပ်မကြာခင် ဆူဇီမိုသည် အရင်တုန်းက ကောင်းကင်ဘုံခုံရုံး၏ အပျက်အစီးပုံများသို့ ရောက်ရှိလာ၏။ သူသည် ငွားငွားစွင့်စွင့်မြင့်မားသော အင်မော်တယ်အထိမ်းအမှတ်ကျောက်စာတိုင်ကိုးခုကိုကြည့်ကာ အလေးအနက်ဦးညွှတ်ပြီးနောက် ဆက်လက်၍ တက်လှမ်းသွား၏။
သူက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကနေ ထွက်ခွာတော့မည့်ဆဲဆဲမှာပင် ဆူဇီမိုက တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး လှည့်ကြည့်လိုက်၏။
ဤနေရာသည် ထျန်ဟွမ်ကမ္ဘာနှင့် ဝေးကွာသွားပြီဖြစ်ပြီး သူတို့ကြားမှာ လေဟာနယ်အလွှာများစွာရှိနေ၏။ ထျန်ဟွမ်ကမ္ဘာမှလူတိုင်းသည် သူ၏ ပုံရိပ်ကို ဆက်လက်၍ မမြင်တွေ့ရတော့ဘဲ တဖြည်းဖြည်းလူစုခွဲသွားကြပြီဖြစ်၏။
သို့သော်လည်း ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ လိုဏ်ဂူခန်းဝါတစ်ခုရှေ့မှာ အမျိုးသမီးတစ်ဦးသည် တိတ်တဆိတ်မတ်တတ်ရပ်ပြီး သူမ၏ ပခုံးပေါ်ရှိ နှင်းဖြူရောင်လိပ်ပြာတစ်ကောင်နှင့်အတူ သူထွက်ခွာသွားရာဘက်ကို မော့ကြည့်နေ၏။
ဆူဇီမိုသည် သူ၏ ခြေလှမ်းကိုရပ်တန့်ပြီး သူ၏ သိုလှောင်အိတ်ထဲကနေ ပန်းချီကားကိုထုတ်ယူကာ ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်၏။
၎င်းသည် လူပုံကို ရေးဆွဲထားသည့် ပန်းချီကားတစ်ချပ်ဖြစ်နေဆဲပင်။
သို့သော်လည်း ဤတစ်ခေါက် ပန်းချီကားထဲမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး.. လူနှစ်ယောက်ရှိနေ၏။
အမျိုးသားမှာ အနက်ရောင်ဆံပင် အစိမ်းရောင်ဝတ်ရုံနှင့် တောက်လောင်ပြင်းပြသောအကြည့်တစ်ခု ရှိလေသည်။
အမျိုးသမီးက မြေပြင်ထိရောက်သော သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လောကကို အထက်စီးကနေ ကြည့်နေ၏။
ပန်းချီကားထဲမှလူနှစ်ယောက်က ဆူဇီမိုနှင့်တျဲယွဲ့ဖြစ်သည်။
ဤပန်းချီကားသည် ပန်းချီတာအိုမှာ လူတစ်ယောက်ရရှိထားသည့် နက်ရှိုင်းသော အောင်မြင်ပေါက်ရောက်မှုများကို ပြသပေးနေ၏။ ၎င်းသည် အစစ်အမှန်ဆန်လွန်းပြီး တကယ့်သက်ရှိများဟုပင် ထင်ရလေသည်။ ပန်းချီကားချပ်ထဲမှလူနှစ်ယောက်သည် အချိန်မရွေးလျှောက်လှမ်းထွက်လာတော့မည့် အလားပင်။
ပို၍အရေးပါသည်မှာ ဆူဇီမိုနှင့် တျဲယွဲ့၏ အကြည့်များနှင့် ညှို့ငင်ဓာတ်ကပင် ပန်းချီကားထဲမှာ လုံးလုံးလျားလျားထင်ဟပ်နေ၏။
ပန်းချီကား၏ အောက်ခြေမှာ သေးငယ်သောစာကြောင်းတစ်ကြောင်းရှိနေ၏။
“ဂျူနီယာမောင်ဆူ.. နင်သူ့ကို တတ်နိုင်သမျှမြန်မြန်ရှာတွေ့ဖို့ ငါမျှော်လင့်တယ်… နင်တို့ရဲ့ ကျန်တဲ့အချိန်တွေကို အတူတကွကုန်ဆုံးကြပါ”
ထိုစာကြောင်းကိုတွေ့မြင်သောအခါ ဆူဇီမိုသည် မိုချင်၏ စိတ်ဆန္ဒကို အာရုံခံမိသွား၏။
သူမက လက်လွှတ်ခဲ့ပြီဖြစ်သည်။
ဆူဇီမိုကလည်း စိတ်သက်သာရာရသွား၏။ သူက ပန်းချီကားကို သိမ်းဆည်းပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အဟန့်အတားကိုချိုးဖျက်ကာ လမ်းတစ်လျှောက် တက်လှမ်းသွားလေသည်။