အထွတ်အမြတ်ခိုလှုံရာ
Vol. 215 Ch. 3243
မဟာကမ္ဘာတစ်ထောင်လောကမှာ အမျိုးမျိုးသော မျိုးနွယ်စုများနှင့် ထူးဆန်းအံ့ဩဖွယ်ရာများစွာရှိနေ၏။
နေရာဒေသတချို့သည် အကန့်အသတ်မဲ့ကျယ်ပြောပြီး ပင်လယ်ရေက လုံးလုံးလျားလျားဖုံးလွှမ်းထားကာ ထိုနေရာကို ရေနေသတ္တဝါများစွာက အုပ်စိုးကြလေသည်။
နေရာတချို့သည် ကီလိုမီတာသန်းရာချီကျယ်ပြန့်သော လွင်ပြင်များနှင့် မီးသင့်ဒေသများဖြစ်နေ၏။ ထိုနေရာမှာ ထူးခြားသော သက်ရှိပုံစံတချို့နှင့် စွမ်းအားကြီးမားသော မျိုးနွယ်များကလွဲလျှင် တခြားသောသက်ရှိများအနေဖြင့် ရှင်သန်နေထိုင်ရန် ခဲယဉ်းလေသည်။
အချို့သောနေရာဒေသမှာ သန္ဓေပြောင်းတောကောင်များသည် ကျင်လည်ကျက်စားပြီး သန်မာသူများက အားနည်းသူများကို အမဲလိုက်ကြသည်။ နေရာတိုင်းသည် သတ်ဖြတ်ခြင်းနှင့်သွေးတို့ဖြင့် ပြည့်နှက်နေ၏။
နေရာတချို့မှာ လေဟာနယ်သည် တွန့်လိမ်နေသောပုံစံဖြင့် အထပ်ထပ်ဆင့်ပြီး အဆုံးမဲ့ဝင်္ကပါတစ်ခုလိုဖြစ်နေ၏။
မဟာကမ္ဘာတစ်ထောင်လောက၏ အရှေ့တောင်ဘက် ကြီးမားသောနယ်မြေဒေသသည် လှပသောတောင်တန်းများ၊ ကြည်လင်သောရေများ၊ ပေါကြွယ်ဝသော ဒေသပေါက်ပင်များဖြင့် ပြည့်နှက်နေ၏။
မဟာကမ္ဘာတစ်ထောင်လောကမှာ အမျိုးမျိုးသော စိတ်ဝိညာဉ်ဆေးပင်များနှင့် အင်မော်တယ်သစ်ပင်များက ထိုနေရာမှာပေါက်ရောက်နေပြီး သူတို့က အသက်ဓာတ်အားဖြင့် ပြည့်နှက်နေ၏။
အရှေ့တောင်ဘက်နယ်မြေဒေသ၏ တောအုပ်တစ်ခုထဲမှာ… ဧရာမယဇ်ပူဇော်စင်မြင့်ကဲ့သို့ အလွန်တရာကျယ်ပြန့်သော ဧရိယာတစ်ခုရှိနေပြီး ၎င်းကို လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးများရေးထွင်းထားသည့် ကျောက်တုံးကြီးများက ဝန်းရံထားလေသည်။
တောအုပ်အတွင်းမှာ လူအရိပ်များစွာရှိနေပြီး မရေမတွက်နိုင်သော ပညာရှင်များက ပုန်းလျှိုးနေကာ စွမ်းအားကြီးမားသောအော်ရာများဖြာထွက်နေ၏။
“စီနီယာအစ်ကိုကျိုး… ဆရာက ကျုပ်တို့ကို ဒီတက်လှမ်းရာစင်မြင့်ဆီ ဘာလို့လာပြီးစောင့်ကြည့်ခိုင်းထားတာလဲ.. တော်တော်ပျင်းဖို့ကောင်းတာပဲဗျာ”
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ချိပ်စည်းက ကျိုးပျက်သွားပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက သက်ရှိတချို့က တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းလာနေတယ်လို့ ငါကြားထားတယ်… ဒီနေရာမှာ ငါတို့ ရွှမ်ယွဲ့ထောင်ထွတ်ဆီ ခေါ်သွားနိုင်မယ့် ပါရမီအရည်အချင်းရှိတဲ့ပညာရှင်တစ်ဦးဦး ရောက်လာမလားလို့ ဆရာက ငါတို့ကို စောင့်ကြည့်ခိုင်းထားတာပဲ”
“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက တက်လှမ်းလာသူတွေက ဘာတွေဘယ်လောက်ထူးခြားနေလို့လဲ… သူတို့တွေက ဧကရာဇ်တွေပဲမလား… ကျုပ်တို့ ရွှမ်ယွဲ့တောင်ထွတ်မှာဆိုရင် သူတို့က ဘာမှမဟုတ်ဘူး”
စကားပြောနေသောလူနှစ်ယောက်၏ ကျင့်ကြံမှုနယ်ပယ်သည် တာအိုပြယုဂ်နယ်ပယ်ကို ရောက်ရှိနေပြီဖြစ်၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူတို့ကို မဟာဧကရာဇ်များဟု ခေါ်ဆိုကြသည်။ မဟာကမ္ဘာတစ်ထောင်လောကမှာတော့ သူတို့က သာလွန်သူနှစ်ဦးသာဖြစ်၏။
“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက တက်လှမ်းလာတဲ့သူတွေက မရေမတွက်နိုင်တဲ့ သတ်ဖြတ်ခြင်းတွေနဲ့ တိုက်ပွဲတွေကို တွေ့ကြုံထားတဲ့ ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေပဲ… ကျင့်ကြံမှုနယ်ပယ်တူမှာတိုက်ခိုက်ကြမယ်ဆိုရင် ငါတို့ ရွှမ်ယွဲ့တောင်ထွတ်က ဧကရာဇ်တွေက အဲဒီတက်လှမ်းလာသူတွေကို ယှဉ်နိုင်ချင်မှယှဉ်နိုင်လိမ့်မယ်”
စီနီယာအစ်ကိုကျိုးဆိုသူက ဆက်ပြောလိုက်၏။
“နောက်ပြီး မဟာကမ္ဘာတစ်ထောင်လောကရဲ့ တခြားနယ်မြေဒေသတွေက တက်လှမ်းလာသူတချို့မှာ တစ်မူထူးခြားတဲ့ မျိုးဆက်သွေးတွေရှိတယ်လို့ ငါကြားထားတယ်… အထွတ်အမြတ်ခိုလှုံရာကလူတွေတောင်မှ ပေါ်ထွက်လာကြတယ်”
“အာ…”
ဂျူနီယာညီဆိုသူက အထွတ်အမြတ်ခိုလှုံရာဟူသော စကားကိုကြားရချိန်မှာ သူ၏ အမူအရာက ပြောင်းလဲသွား၏။ သူက စိုးရွံ့ထိတ်လန့်သွားသည့်အလားပင်။
“အဲဒါကြောင့် ဒီနှစ်တွေထဲ ဒီနေရာကို ဒီလောက်အဖွဲ့အစည်းတွေအများကြီး စောင့်ကြည့်နေကြတာကိုး”
ဂျူနီယာညီဖြစ်သူက တောအုပ်၏ အမျိုးမျိုးသောနေရာများမှာ ပုန်းလျှိုးနေသည့်ပုံရိပ်များကို တစ်ချက်ကြည့်ပြီး တိတ်တဆိတ်ဆွံ့အသွား၏။
စီနီယာအစ်ကိုကျိုးက ပြောလိုက်သည်။
“ငါတို့တွေက ဂိုဏ်းတာဝန်ကိုထမ်းဖို့ ဒီနေရာမှာ ဟန်ပြသက်သက်ရောက်နေရုံပဲ… ဘယ်သူသိမှာလဲ ငါတို့တွေက တစ်မူထူးခြားတဲ့ မျိုးဆက်သွေးကိုမပြောနဲ့ တက်လှမ်းလာသူတစ်ယောက်ယောက်နဲ့တောင် တွေ့ဆုံချင်မှတွေ့ဆုံရလိမ့်မယ်”
ဂျူနီယာဖြစ်သူက ပြောလိုက်၏။
“ပြောပါဦး.. ကျုပ်တို့က ပါရမီအရည်အချင်းရှိတဲ့ တက်လှမ်းလာသူတစ်ယောက်ယောက်နဲ့ ကြုံတွေ့ရမယ်ဆိုရင်တောင် ကျုပ်တို့ ရွှမ်ယွဲ့တောင်ထွတ်က တခြားသူတွေနဲ့ယှဉ်ရင် အားနည်းနေလို့လား”
“ဘာပဲပြောပြော… ဒီနေရာမှာ အထွတ်အမြတ်ခိုလှုံရာလို ကြောက်စရာကောင်းတဲ့အဖွဲ့အစည်းတွေမှ မရှိတာ”
“မင်းကို ဘယ်သူပြောလဲ… ဟိုမှာကြည့်ဦး”
စီနီယာအစ်ကိုကျိုးဆိုသူက ထိုစကားကိုကြားသောအခါ သူက ရယ်မော၍ တောအုပ်၏ထောင့်တစ်နေရာကို လက်ညှိုးထိုးပြလိုက်၏။
တောအုပ်၏ ထိုနေရာမှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး မတ်တတ်ရပ်နေ၏။ သူတို့သည် ခရီးပန်းလာသည့်ပုံပေါ်ပြီး သူတို့အားလုံးက တာအိုပြယုဂ်နယ်ပယ် သာလွန်သူများဖြစ်ကြ၏။
သူတို့သည် အဝတ်အစားများကို လဲထားသော်လည်း သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်နေ၏။ သူတို့သည် ထိခိုက်ဒဏ်ရာရရှိထားပြီး ယခုအချိန်ထိ မပျောက်ကင်းသေးသည်မှာ သိသာနေ၏။
“သူတို့လား...”
ဂျူနီယာညီဆိုသူက တစ်ချက်လှမ်းကြည့်ပြီးနောက် လှောင်ရယ်လိုက်၏။
“ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာက လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဘီလီယံကတည်းက ဖျက်ဆီးခံခဲ့ရပြီ… အဲဒီမှာရှိတဲ့ပညာရှင်တွေကလည်း တစ်နေရာစီ ပြန့်ကျဲသွားကြပြီ… ကျန်တဲ့ကျင့်ကြံသူတွေက ကံကောင်းပြီးရှင်သန်ခဲ့တဲ့ ကျင့်ကြံမှုနယ်ပယ်နိမ့်ကျတဲ့သူတွေပဲ”
“ဒီနေ့ဒီအချိန်ထိကို အဲဒီလူတွေက မျှော်လင့်ချက်တစ်စွန်းတစ်စကို ကိုင်ဆွဲပြီး အထွတ်အမြတ်ခိုလှုံရာရဲ့ နာမည်နဲ့ဂုဏ်သတင်းကို ကာကွယ်ချင်နေကြသေးတယ်.. ဘယ်လောက်ရယ်ဖို့ကောင်းလဲ”
“တကယ်ဆို ကစဉ့်ကလျားနန်းတော်မှာ လူသောင်းဂဏန်းပဲကျန်တော့တယ်မလား”
“အဲဒီအရေအတွက်က လွန်ခဲ့တဲ့ နှစ်ပေါင်းသိန်းချီလောက်ကပဲ”
စီနီယာအစ်ကိုကျိုးက ပြုံး၍ ခေါင်းခါပြလိုက်၏။
“အခု… ကစဉ့်ကလျားနန်းတော်မှာ လူထောင်ဂဏန်းအနည်းငယ်ပဲရှိတော့တယ်… သူတို့မှာ ကျင့်ကြံမှုနယ်ပယ်အမြင့်မားဆုံးလူက တာအိုပြယုဂ်နယ်ပယ်ရဲ့ တတိယမြောက်အသွင်ပြောင်းလဲခြင်းမှရှိတဲ့ ရှုလွေပဲ”
“ကစဉ့်ကလျားနန်းတော်က အခုချိန်မှာ နာမည်ပဲရှိတော့တယ်… သူတို့ရဲ့အခြေခံအုတ်မြစ်က ပျောက်ဆုံးသွားပြီ”
“ဟားဟား… နောက် နှစ်အနည်းငယ်ကြာရင် သူတို့က နေစရာနေရာတစ်ခုကိုတောင် ရှာနိုင်မှာမဟုတ်လောက်တော့ဘူး”
စီနီယာအစ်ကိုကျိုးပြောသည့် ရှုလွေက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူက အနည်းငယ်အသက်ကြီးပြီး တည်ငြိမ်သောသွင်ပြင်ဟန်ပန်ရှိ၏။
ရွှမ်ယွဲ့တောင်ထွတ်မှ သူတို့နှစ်ယောက်သည် သူတို့၏ အသံများနှင့် လှောင်ပြောင်သရော်မှုကို ဖုံးကွယ်မထားပေ။ ဘေးပတ်လည်မှာရှိသောလူတိုင်းက သူတို့ပြောနေသည့်စကားကို ရှင်းရှင်းလင်းလင်းကြားနေရ၏။
သူသည် မည်သည့်စကားကိုမှ မကြားရသည့်အလား ရှုလွေ၏ မျက်နှာက မှင်သေသေဖြင့်ရှိနေ၏။
ဘယ်ဘက်မှာရှိသောလူငယ်က သူ၏ အမျက်ဒေါသကို မဖုံးဖိနိုင်ဘဲ သူ၏ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထား၏။
ညာဘက်မှာရှိသောအမျိုးသမီးက ချောမောလှပပြီး နူးညံ့သိမ်မွေ့နေ၏။ သူမက ထိုစကားကိုကြားသောအခါ မျက်မှောင်ကြုတ်ကာ သက်ပြင်းသာချလိုက်၏။
“ကစဉ့်ကလျားနန်းတော်ကလူတွေက ဒီကိုဘာလာလုပ်တာလဲ”
“မသိဘူးလေ… ကြည့်ရတာတော့ သူတို့သုံးယောက်က ဒီကိုအသက်ရှင်လျက်ရောက်လာတင် ကံကောင်းလှပြီ”
“ကစဉ့်ကလျားနန်းတော်ကလည်း ပါရမီအရည်အချင်းရှိသော လူတွေကို လုယူဖို့ ငါတို့နဲ့ ယှဉ်ပြိုင်ချင်တာလား”
“တက်လှမ်းလာတဲ့သူတွေက ရူးနေတာမဟုတ်သရွေ့ ဘယ်သူက ကစဉ့်ကလျားနန်းတော်ကို လိုက်ချင်မှာလဲ... ကစဉ့်ကလျားနန်းတော်မှာ နေစရာနန်းတော်တစ်ခုတောင်မကျန်တော့ဘူးလို့ ငါကြားတယ်.. သူတို့မှာ ကျန်ခဲ့တာကတော့ ကောက်ရိုးတဲလေးတွေပဲ.. ဟားဟား”
တောအုပ်ထဲမှာ အမျိုးမျိုးသောအဖွဲ့အစည်းများက ပြောင်ပြောင်တင်းတင်းပြောဆိုရယ်မောနေကြ၏။
ဘေးပတ်လည်မှ ဆွေးနွေးပြောဆိုသံများကိုနားထောင်ရင်း ကစဉ့်ကလျားနန်းတော်မှ လူငယ်က သူ၏ ရင်ထဲရှိ အမျက်ဒေါသကို မဖုံးဖိနိုင်တော့ပုံရပြီး သူ၏ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထား၏။
“စီနီယာအစ်ကို.. သူတို့တွေက…”
လူငယ်အမျိုးသားက မချင့်မရဲအမူအရာဖြင့် အံကိုတင်းတင်းကြိတ်လိုက်၏။
ရှုလွေက ကြိတ်၍ သက်ပြင်းချလိုက်၏။
“မုန့်ရှစ်… သူတို့ကို ဒေါသထွက်မနေနဲ့… ငါတို့တွေက ဒီခရီးစဉ်မှာ ကံစမ်းရုံသက်သက်ပဲဆိုတာ အမှန်ပဲ”
တကယ်တမ်းမှာ တက်လှမ်းလာသူများရှိသည်ဆိုလျှင်တောင် သူတို့ကိုရွေးချယ်လိမ့်မည်မဟုတ်ဘူးဆိုတာကို သူက ကောင်းကောင်းသိထား၏။
ဤတစ်ခေါက် သူတို့ရောက်လာသည်မှာ သူတို့မှာရှိသည့် မျှော်လင့်ချက်အနည်းငယ်ကြောင့်သာဖြစ်သည်။
သူတို့၏ ဘိုးဘေးများသည် ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာကနေ လာခဲ့ကြ၏။
ထိုစဉ်တုန်းက သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက နိမ့်ကျသော်လည်း သူတို့သည် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာအပေါ် နက်ရှိုင်းသောခံစားချက်များရှိပြီး ယခုအချိန်ထိ ဇွဲမလျှော့ကြသေးပေ။
သို့သော်လည်း ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာက ဖျက်ဆီးခံလိုက်ရပြီး ထိုအထွတ်အမြတ်ခိုလှုံရာမှာရှိသော ပညာရှင်ထက်ဝက်ကျော်က သေဆုံးသွာကြ၏။ ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ခဲ့သာသူများကလည်း အဘက်ဘက်ကို ထွက်ပြေးသွားကြပြီး သူတို့၏ ဘယ်ဆီဘယ်ဝယ်ကို မသိရတော့ပေ။
အထွတ်အမြတ်ခိုလှုံရာမှာကျန်ခဲ့သော ရတနာများနှင့် အမွေအနှစ်များကို အမျိုးမျိုးသောအဖွဲ့အစည်းများက လုယက်ကာ ခွဲဝေယူသွားကြပြီဖြစ်၏။
ရှုလွေနှင့် အခြားသူများ၏ ဘိုးဘေးများသည် ကျင့်ကြံမှုနယ်ပယ်နိမ့်ကျပြီး သူတို့မှာ ကျင့်ကြံရေးအရင်းအမြစ်များ မရှိသည့်အချက်နှင့်အတူ သူတို့သည် အဖွဲ့အစည်းတစ်ခုကို လုံးဝမထောက်ပံ့နိုင်ပေ။
အချိန်ကြာလာသည်နှင့်အမျှ လောကက ပြောင်းလဲသွား၏။
နှစ်ပေါင်းခြောက်ဘီလီယံက မည်သို့ပင်ဆိုစေ ရှည်လျားသောအချိန်ကာလတစ်ခုဖြစ်၏။ မဟာကမ္ဘာတစ်ထောင်လောကမှာ မရေမတွက်နိုင်သောအဖွဲ့အစည်းများက အတက်အကျရှိနေခဲ့ကြ၏။ ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာကတော့ ကျဆင်းသွားခဲ့ပြီဖြစ်သည်။
ဒါ့အပြင် မဟာကမ္ဘာတစ်ထောင်လောကမှာ ဝရုန်းသုန်းကားအခြေအနေဖြစ်ပွားလာပြီးနောက် မည်သူကမှ ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာနှင့် ပတ်သက်ဆက်စပ်လိုခြင်းမရှိတော့ဘဲ သူတို့ကျဆင်းလာဖို့က မလွဲဧကန်ဖြစ်ခဲ့၏။
ယခု သူတို့၏ ယခင်ဘိုးဘေးများက ကွယ်လွန်သွားကြပြီဖြစ်၏။ အခြေချစရာနေရာအတည်တကျပင်မရှိသော ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာဟု ခေါ်ဆိုသည့် အဖွဲ့အစည်းမှာ လူထောင်ဂဏန်းတချို့သာ ကျန်တော့ပြီး အနိုင်နိုင်ရုန်းကန်နေခဲ့ရ၏။
သူတို့ကို ယခုအချိန်ထိ ထောက်ကန်ပေးထားသည့် တစ်ခုတည်းသောအရာမှာ သူတို့ဘိုးဘေးများ၏ မဆုတ်မနစ်ကြိုးပမ်းမှုနှင့် အရင်တုန်းက ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာအပေါ် တမ်းတစိတ်တစ်ခုသာ ဖြစ်လေသည်။
ထိုစဉ်မှာပင် တက်လှမ်းရာစင်မြင့်ထက်ကနေ အလင်းလုံးများ ရုတ်တရက်ပစ်လွင့်ထွက်ပေါ်လာ၏။
တက်လှမ်းလာသူတစ်ယောက်ရှိလာလေပြီ။
တောအုပ်ထဲကနေ ပုံရိပ်များက တရိပ်ရိပ်လှုပ်ရှားပြီး တက်လှမ်းရာစင်မြင့်၏ ဘေးပတ်လည်မှာ စုဝေးကာ စင်မြင့်၏ အလယ်ကို မမှိတ်မသုန်စိုက်ကြည့်နေကြ၏။
သိပ်မကြာခင် လူတစ်ယောက်ပေါ်ထွက်လာသည်။
တက်လှမ်းလာသူက ကျယ်ပြန့်သော အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ မုတ်ဆိတ်နှင့်ဆံပင်တို့က ဖြူဖွေးနေ၏။ သူ့မှာ အိုစာသောမျက်နှာနှင့် ထိုင်းမှိုင်းသောအော်ရာရှိလေသည်။ သူ့မှာ ဘဝသက်တမ်းများစွာမကျန်ရှိတော့သည်မှာ သိသာနေ၏။
ဘေးပတ်လည်အဖွဲ့အစည်းများမှ ပညာရှင်များသည် အစိမ်းရောင်ဝတ်အဖိုးအိုကို တွေ့မြင်သောအခါ သူတို့က ခဏမျှမှင်တက်သွားပြီးနောက် ခေါင်းခါယမ်းလိုက်ကြ၏။
“သူက တကယ်ကို သာလွန်သူတစ်ဦးပဲ… ကံဆိုးစွာနဲ့ပဲ သူ့ရဲ့ဘဝသက်တမ်းက ကုန်ဆုံးတော့မယ်… သူ့မှာအချိန်သိပ်မကျန်တော့ဘူး”
“သူ့မှာ ကျန်တဲ့ ဘဝသက်တမ်းနှစ်သောင်းဂဏန်းနဲ့ဆို သူ့ကို လုံလောက်တဲ့ ရင်းမြစ်ကျောက်တုံးတွေ ပေးထားမယ်ဆိုရင်တောင် သူက အဆက်မပြတ်အဆင့်ချိုးဖျက်တက်လှမ်းပြီး တာအိုသုံးသပ်မှုနယ်ပယ်ကိုရောက်ဖို့ မဖြစ်နိုင်ဘူး”
“မင်းက ဒီလောက်တောင် အိုစာနေပြီ… ဒါတောင် မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းလာချင်သေးတယ်… မင်းက အဲဒီအောက်ဘက်မှာပဲ အနားယူနေသင့်တယ်.. ဘာလို့ ဒီကိုရောက်လာတာလဲ”
လူတိုင်းက မဲ့ရွဲ့ပြီး လူစုခွဲကာ အစိမ်းရောင်ဝတ်အဖိုးအိုကို လျစ်လျူရှုလိုက်ကြ၏။
မည်သူကမှ ဘဝနေဝင်ချိန်ဤအဖိုးအိုအတွက် သူတို့၏ အချိန်နှင့် ကျင့်ကြံရေးအရင်းအမြစ်များကို မဖြုန်းတီးလိုကြပေ။
ဤပညာရှင်များ၏ အသိပညာအရ တက်လှမ်းလာသူများက ဧကရာဇ်များဖြစ်ကြ၏။ သူတို့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို မပြောနှင့် တက်လှမ်းလာသူ သာလွန်သူတစ်ဦးကိုပင် ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သာလွန်သူများ၏ တိုက်ခိုက်ရည်ခွန်အားနှင့် ဘဝသက်တမ်းက ကန့်သတ်ခံထားရသည်ကိုလည်း သူတို့မသိရှိကြပေ။
ယခုအချိန်မှာ အစိမ်းရောင်ဝတ်အဖိုးအိုသည် ဘဝသက်တမ်းများစွာမကျန်ရှိတော့ဟု ထင်ရသော်လည်း သူသည် မဟာကမ္ဘာတစ်ထောင်လောကမှာ သူ၏ တာအိုအမှတ်အသားကို ထင်ရှားပေါ်လွင်လာစေသည်နှင့် သူ၏ ဘဝသက်တမ်းက ဆပွားမြင့်တက်လာပေလိမ့်မည်။