ကစဉ့်ကလျားနန်းတော်
Vol. 215 Ch. 3244
ဆူဇီမိုသည် တက်လမ်းရာစင်မြင့်မှာ မတ်တတ်ရပ်ပြီး သူ၏ တာအိုမှတ်သားကို စုဖွဲ့ဖို့ အလောတကြီး ရှိမနေပေ။
ထိုအစား သူသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ဖြန့်ကြက်ပြီး ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်၏။
ဘေးပတ်ဝန်းကျင်တောအုပ်ထဲတွင် ငွားငွားစွင့်စွင့် မြင့်မားသော ရှေးဟောင်းသစ်ပင်များ ရှိနေ၏။ ရှေးဟောင်းသစ်ပင်များ၏ အရိပ်များအောက်တွင် လူများစွာက ပုန်းကွယ်နေကြသည်။
“လူတွေ ဒီလောက်အများကြီးလား”
ဆူဇီမိုက အကြမ်းဖျင်း တစ်ချက်မျှသာကြည့်ပြီး လူပေါင်းထောင်ချီကို တွေ့မြင်လိုက်ရ၏။
ဒါ့အပြင် ဤလူများ၏ အဝတ်အစားများက ကွဲပြားခြားနားပြီး သူတို့က မတူညီသော အဖွဲ့အစည်းများကနေ လာသည်မှာ သိသာနေ၏။
“လက်စသတ်တော့ ဒါက မဟာကမ္ဘာတစ်ထောင်လောကပေါ့လေ”
ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်၏။
ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံရေးပတ်ဝန်းကျင်က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် တကယ်ပင် ကွာခြားနေ၏။
ဤလောကမှာ သူသည် ကမ္ဘာငယ်တစ်ထောင်လောကမှ စိတ်ဝိညာဉ်ချီကို အာရုံခံမိရုံသာမက သူသည် များပြားလှစွာသော ကောင်းကင်နှင့်မြေကြီးအမြုတေချီကိုလည်း အာရုံခံမိနိုင်၏။
တကယ်တော့ များပြားလှစွာသော စိတ်ဝိညာဉ်ချီနှင့် အမြုတေချီများကြားမှာ ရောထွေးနေသော ပါးလွှာသည့် ရင်းမြစ်ချီများပင် ရှိနေ၏။
၎င်းသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် တကယ်ပင် ကွဲပြားနေ၏။
ဆူဇီမိုသည် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းလာခါစဖြစ်ပြီး လောကမှာရှိသော ရင်းမြစ်ချီကို အလောတကြီး စုပ်ယူမနေပေ။
အစိမ်းရောင်ကြာပန်းနှင့် အနီရောင်ကြာပန်းတို့ ပေါင်းစည်းထားသော သူ၏ လက်ရှိခန္ဓာကိုယ်အရ သူသည် သူ၏ အစွမ်းကုန်ဖြင့် ကျင့်ကြံမည်ဆိုလျှင် အတော်လေး ကြီးမားသည့် ရုတ်ရုတ်သဲသဲ အခြေအနေတစ်ရပ် ဖြစ်ပွားလာပေလိမ့်မည်။
ဆူဇီမိုသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မရေမတွက်နိုင်သော အန္တရာယ်များနှင့် ကြုံတွေ့ထားခဲ့ရ၏။
သူ၏ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကြောင့် သူသည် အကွက်ချကြံစည်ခံရပြီး သေလုမတတ် ဖြစ်ခဲ့ရသည်။
မဟာကမ္ဘာတစ်ထောင်လောကကို ရောက်ရှိလာပြီးနောက် သူသည် ပို၍ပင် သတိထားရပေမည်။ တကယ်ဆို သူ၏ ခွန်အားကိုပင် တမင်သက်သက် ဖုံးကွယ်ထား၏။
အရင်တုန်းက တမလွန်သွေးပင်လယ်မှာ အနက်ရောင်ဝတ်အမျိုးသားသည် အစိမ်းရောင်ကြာပန်းဓားနှင့် အနီရောင်ကြာပန်းဓားကို ပြန်လည်ပုံသွင်းပေးလိုစဉ်က ဆူဇီမိုသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဓားနှစ်လက်ကို ပေးခဲ့သည်မှာ နောက်ထပ်အရေးပါသော အကြောင်းရင်းရှိနေ၏။
ပြန်လည်ပုံသွင်းထားသော ဓားနှစ်လက်သည် မူလဓားများ၏ သွင်ပြင်လက္ခဏာကို ဖုံးကွယ်နိုင်မည်ဖြစ်သောကြောင့်ပင်။ ဤဓားနှစ်လက်ကနေတဆင့် မည်သူကမျှ သူ၏ နောက်ခံကို ကောက်ချက်ချနိုင်တော့မည် မဟုတ်ပေ။
မဟာကမ္ဘာတစ်ထောင်လောကမှာ ရှိသောအရာရာတိုင်းက သူ့အတွက် ဘာမှန်းမသိရပေ။
ဒါ့အပြင် ယခင် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ သူသည် ကောင်းကင်ဘုံခုံရုံးမှ အရှင်များနှင့် ဗြဟ္မာတစ္ဆေမိခင်နှင့်ပါ ရန်သူများဖြစ်ထားခဲ့သည်။
အနက်ရောင်ဝတ်အမျိုးသား ပြောပုံအရ သူတို့က သူတော်စင်များ ဖြစ်ကြပေလိမ့်မည်။
ဆူဇီမိုသည် တက်လှမ်းလာသည့် ခဏမှာပင် သူ၏ လမ်းကြောင်းကို ပေါက်ကြားစေပြီး ဤလူများ၏ ပစ်မှတ်ထားခြင်း မခံရချင်ပေ။
ထို့ကြောင့် တောအုပ်ထဲရှိ အမျိုးမျိုးသော အဖွဲ့အစည်းများ၏ မျက်လုံးထဲမှာ တက်လှမ်းရာစင်မြင့်ပေါ်မှ အစိမ်းရောင်ဝတ်လူအိုကြီးက ဗျာများနေသည့်ပုံပေါ်၏။ သူ၏ ဆံပင်များက ဖြူဖွေးနေပြီး သူ၏ မျက်နှာက ညှိုးခြောက်နေ၏။ ဤကဲ့သို့ တွေဝေတုံ့ဆိုင်းမှုအပြီးမှာ သူသည် မျှော်လင့်ချက်ကုန်ဆုံးသွားလောက်ပြီဖြစ်ပြီး သိပ်ကြာကြာ ရှင်သန်နိုင်တော့မည် မဟုတ်ပေ။
မဟာကမ္ဘာတစ်ထောင်လောကမှာ ကျင့်ကြံရေးအရင်းအမြစ်များကလည်း အလွန်တရာရှားပါးလေသည်။ အမျိုးမျိုးသော အဖွဲ့အစည်းများသည် သေခါနီးဆဲဆဲလူတစ်ယောက်အတွက် သူတို့၏ ကျင့်ကြံရေးအရင်းအမြစ်များကို မဖြုန်းတီးလိုကြပေ။
“တကယ်တော့ ဒီလူအိုကြီးက လူသားတစ်ဦးပဲ… သူက ငါတို့ဘက်ကို ဘယ်လိုတက်လှမ်းလာတာပါလိမ့်”
“ဘယ်သူက ဂရုစိုက်နေမှာလဲ… သူက ဘယ်လိုပဲဖြစ်ဖြစ် သေချာပေါက် သိပ်ကြာကြာနေရမှာမဟုတ်တော့ဘူး… သူ့ရဲ့အခြေအနေအရဆို သူက ဒီတောအုပ်ထဲကနေတောင်မှ အသက်ရှင်လျက် လျှောက်လှမ်းထွက်နိုင်မှာ မဟုတ်လောက်ဘူး”
ဆူဇီမိုသည် တောအုပ်၏ ဘေးပတ်လည်မှ ဆွေးနွေးပြောဆိုသံများကို ကြားလိုက်ရ၏။
“စီနီယာအစ်ကိုရှု... ဒီလူအိုကြီးက တကယ်ပဲ သနားစရာကောင်းတယ်… သူ့ကို ကျွန်မတို့နဲ့ ခေါ်သွားရင် မကောင်းဘူးလား”
ကစဉ့်ကလျားနန်းတော်မှ အမျိုးသမီးကျင့်ကြံသူက ညင်သာစွာ ပြောလိုက်၏။
မုံ့ရှစ်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး တွေဝေရှုပ်ထွေးနေ၏။
“စီနီယာအစ်မချန်... ဒီလူအိုကြီးက အိုလွန်းနေပြီ… သူက ကျုပ်တို့ ကစဉ့်ကလျားနန်းတော်ကို လိုက်လာမယ်ဆိုရင်တောင် သေချာပေါက် ရှင်သန်နိုင်မှာ မဟုတ်ဘူး”
ရှုလွေက ခဏမျှ ငြိမ်သက်နေပြီးနောက် ပြောလိုက်၏။
“ငါက သူ့ကို ခေါ်မသွားချင်တာ မဟုတ်ဘူး… ငါတို့ ကစဉ့်ကလျားနန်းတော်ကို တတိယအဆင့် အဖွဲ့အစည်းလို့ပဲ ဆိုနိုင်မယ်… ငါတို့က အရှေ့တောင်ဒေသမှာ အိမ်ရာမဲ့နေပြီ… ငါတို့မှာ အတိအကျ အခြေချစရာတောင် မရှိသေးဘူး… ဒီလူအိုကြီးက ငါတို့နောက်ကို လိုက်လိုမှာ မဟုတ်ဘူး”
မုံ့ရှစ်က ဆက်ပြောလိုက်၏။
“နောက်ပြီး ကျုပ်တို့တွေက အဝေးကြီးက လာခဲ့ရတာပဲ… လမ်းတစ်လျှောက်မှာ ပြည်နယ်ဆယ်ခုကို ဖြတ်ကျော်ပြီး အန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့ရသေးတယ်… ကျုပ်တို့က ဒီလူအိုကြီးကို ကျုပ်တို့လာရာလမ်းတိုင်း ပြန်ခေါ်သွားမယ်ဆိုရင် သူက ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာလိမ့်မယ်”
ချန်မျိုးရိုးအမျိုးသမီးက အစိမ်းရောင်ဝတ်လူအိုကြီးကိုကြည့်ပြီး သူ့ကို မထားခဲ့ရက်နိုင်ပေ။ သူမက အသံကိုနှိမ့်ကာ ပြောလိုက်၏။
“ဒါပေမဲ့ ဒီလူအိုကြီးက မဟာကမ္ဘာတစ်ထောင်လောကနဲ့ ပတ်သက်ပြီး ဘာမှသိတာ မဟုတ်ဘူး… သူ့ကို ဒီတိုင်းထားခဲ့မယ်ဆိုရင် သူက ဒီတောအုပ်ထဲကနေတောင် အသက်ရှင်လျက် ထွက်နိုင်မှာ မဟုတ်လောက်ဘူး”
မုံ့ရှစ်က အခြားတစ်စုံတစ်ရာကို မပြောရသေးခင် ရှုလွေက သူ၏ ခေါင်းကို ညင်သာစွာခါပြီး သက်ပြင်းချလိုက်၏။
“အား... ဒီလူအိုကြီးကို သူ့ရဲ့ထင်မြင်ချက် အရင်ဆုံးမေးကြည့်ရတာပေါ့… ပြီးမှ သူ့ဘာသာသူ ရွေးချယ်ပါစေ”
ချန်မျိုးရိုးအမျိုးသမီးက ထိုစကားကို ကြားသောအခါ သူမက ပြုံး၍ အစိမ်းရောင်ဝတ်လူအိုကြီး ရှိရာသို့ လျှောက်လှမ်းသွား၏။ သူမက ရောက်ရှိလာသောအခါ လက်နှစ်ဖက်ကို အနည်းငယ်ယှက်ပြလိုက်၏။
“ကျွန်မက ကစဉ့်ကလျားနန်းတော်က ချန်ချင်းဟယ်ပါ… တာအိုရောင်းရင်း... ကျွန်မ ရှင့်ကို ဘယ်လိုခေါ်ရမလဲ”
“ဆူဇီမိုပါ”
ဆူဇီမိုက ပြန်ဖြေလိုက်၏။
ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ သူသည် အထီးကျန်သိုင်းသခင်ဟူသောဘွဲ့နှင့် ကောင်းကင်ဘုံခုံရုံးမှ အရှင်များနှင့် တိုက်ခိုက်ခဲ့ပြီး လူအတော်များများကို ဖိနှိမ်ကာ ကောင်းကင်ဘုံခုံရုံးကို ဖျက်ဆီးခဲ့၏။
အထီးကျန်သိုင်းသခင်ဟူသောဘွဲ့က အတော်လေး ကျော်ကြားခဲ့လေသည်။ သတိထားသည့်အနေဖြင့် ဆူဇီမိုက သူ၏ တာအိုဘွဲ့ကို အသုံးပြုခြင်းမရှိပေ။
“တာအိုရောင်းရင်း… ရှင့်မှာ တခြားသွားစရာနေရာ မရှိဘူးဆိုရင် ကျင့်ကြံဖို့အတွက် ကစဉ့်ကလျားနန်းတော်ကို လိုက်ခဲ့နိုင်တယ်”
ချန်ချင်းဟယ်က ပြောလိုက်၏။
“ဒါပေမဲ့ ကစဉ့်ကလျားနန်းတော်ကို အရှေ့တောင်ဒေသမှာ အဖွဲ့အစည်းကြီးတစ်ခုလို့ မဆိုနိုင်ဘူး… ကျွန်မတို့တွေက သိပ်အများကြီးမရှိဘူး… တကယ်လို့...”
ဆူဇီမိုက ပြန်မဖြေရသေးခင် တောအုပ်ထဲမှ လှောင်ပြောင်သရော်နေသော ရယ်မောသံများ ထွက်ပေါ်လာ၏။
“ကစဉ့်ကလျားနန်းတော်က တကယ်ကို ကျဆင်းနေပြီပဲ… သူတို့ဆီကို ဘယ်သူကမှ မဝင်ချင်တော့ သူတို့တွေက သေခါနီးဆဲဆဲလူကိုတောင်မှ အလွတ်မပေးကြတော့ဘူး”
“မင်း ဘာတွေ ပေါက်တတ်ကရပြောနေတာလဲ… မင်း မပြောနိုင်ဘူးလား… သူတို့တွေက ဒီသေခါနီးဆဲဆဲလူကို မှီခိုပြီး ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာရဲ့ အတိတ်ကာလ ဂုဏ်ကျက်သရေကို ပြန်ပြီးရယူတော့မှာ”
“ဟားဟား... အဲ့အချိန်ကျရင် ငါတို့တွေက သမိုင်းရဲ့ မျက်မြင်သက်သေတွေတောင် ဖြစ်လာနိုင်တယ်”
လှောင်ပြောင်သရော်နေသော အသံများက ဆက်တိုက်ထွက်ပေါ်လာ၏။ ချန်ချင်းဟယ်၏ မျက်နှာက နီမြန်းသွားပြီး သူမ၏ အမူအရာက ပျက်ယွင်းကာ တိတ်တဆိတ်ဖြင့် ခေါင်းငုံ့လိုက်၏။
ကစဉ့်ကလျားနန်းတော်လား….
ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာလား…
အစကတော့ ဆူဇီမိုသည် မဟာကမ္ဘာတစ်ထောင်လောက၏ အဖွဲ့အစည်းများကို စိတ်ဝင်စားခြင်းမရှိပေ။
သို့သော်လည်း ထိုအမည်များကို ကြားသောအခါ သူက ဆုံးဖြတ်ချက်တစ်ခုချလိုက်၏။
“တာအိုရောင်းရင်း... ကျုပ်ကို အထင်မသေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… ကျုပ် ကစဉ့်ကလျားနန်းတော်ကို လိုက်ချင်တယ်”
ဆူဇီမိုက လက်နှစ်ဖက်ကို ယှက်ပြပြီး ပြန်ဖြေလိုက်၏။
“ဒါဆို ကျွန်မနောက်က လိုက်ခဲ့”
ချန်ချင်းဟယ်က ခေါင်းညိတ်ပြီး ဤနေရာကနေ မြန်မြန်ထွက်ခွာလိုသည့်အလား လှည့်ထွက်လိုက်၏။ ထို့သို့ဖြင့် သူမသည် ဘေးပတ်လည်မှ လူများ၏ လှောင်ပြောင်သရော်မှုကို ရှောင်လွှဲနိုင်မည်ဖြစ်၏။
သူမသည် ဆူဇီမိုကို ကစဉ့်ကလျားနန်းတော်မှ လူနှစ်ဦးဖြစ်သော ရှုလွေနှင့် မုံ့ရှစ်ရှိရာသို့ ခေါ်ဆောင်လာ၏။
ရှုလွေသည် တာအိုပြယုဂ်နယ်ပယ်၏ တတိယအသွင်ပြောင်းလဲခြင်းမှာ ရှိသည်။
မုံ့ရှစ်၏ ကျင့်ကြံမှုနယ်ပယ်က ဆူဇီမိုနှင့် အတူတူပင်ဖြစ်ပြီး သူတို့နှစ်ယောက်စလုံးက တာအိုပြယုဂ်နယ်ပယ်၏ ပထမအသွင်ပြောင်းလဲခြင်းမှာ ရှိကြသည်။
ချန်ချင်းဟယ်က တာအိုပြယုဂ်နယ်ပယ်၏ ဒုတိယအသွင်ပြောင်းလဲခြင်းမှာ ရှိလေသည်။
ရှုလွေက ဆူဇီမို လျှောက်လှမ်းလာသည်ကို တွေ့မြင်သောအခါ ခေါင်းညိတ်၍ ပြုံးပြလိုက်၏။
မုံ့ရှစ်ကတော့ သိပ်ပြီး ဟက်ဟက်ပက်ပက် မရှိပေ။ သူက တစ်ချက်သာကြည့်ပြီး နှုတ်ဆက်ခြင်း မရှိပေ။
ချန်ချင်းဟယ်က ပြောလိုက်၏။
“တာအိုရောင်းရင်းဆူ... ရှင်က မဟာကမ္ဘာတစ်ထောင်လောကကို အခုမှတက်လှမ်းလာတာဆိုတော့ ရှင့်မှာ မေးစရာမေးခွန်းတွေ အများကြီးရှိနေမှာပဲ… လာလေ... သွားရင်း ပြောကြတာပေါ့”
ထို့သို့ပြောရင်း သူမက သိုလှောင်အိတ်ထဲကနေ စိတ်ဝိညာဉ်ယာဉ်ပျံတစ်စင်းကို ဆင့်ခေါ်ပြီး ဆူဇီမိုကို တက်လှမ်းဖို့ အချက်ပြလိုက်၏။
ဆူဇီမိုက တစ်ချက်ဝေ့ကြည့်လိုက်၏။
ချန်ချင်းဟယ်၏ စိတ်ဝိညာဉ်ယာဉ်ပျံသည် အနည်းငယ်ပျက်စီးထိခိုက်ထားပြီး ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲတုန်းက ကောင်းကင်ဘုံခုံရုံးအရှင်များ၏ သိုလှောင်အိတ်များထဲကနေ သူရရှိထားသော စိတ်ဝိညာဉ်ယာဉ်ပျံများထက်ပင် နိမ့်ကျနေ၏။
ဆူဇီမိုက တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ ရှုလွေနှင့် မုံ့ရှစ် နောက်ကနေ လိုက်ပါပြီး စိတ်ဝိညာဉ်ယာဉ်ပျံပေါ်သို့ တက်လှမ်းလိုက်၏။
မုံ့ရှစ်က စိတ်ဝိညာဉ်ယာဉ်ပျံကို မောင်းနှင်လိုက်သည်။ သူသည် တောအုပ်ထဲကနေ ထွက်လာစဉ် တစ်စုံတစ်ရာကို တမင်သက်သက်ရှောင်လွှဲနေသည့်အလား အချိုးအကွေ့များစွာ ပြုလုပ်နေ၏။
ချန်ချင်းဟယ်က ရှင်းပြလိုက်သည်။
“တာအိုရောင်းရင်းဆူ... မဟာကမ္ဘာတစ်ထောင်လောကက ရှင် နေတဲ့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနဲ့ အများကြီးကွာခြားတယ်… ရှင်က သာလွန်သူတစ်ဦးအဖြစ် ကျင့်ကြံခဲ့ပြီဆိုပေမဲ့ ရှင်က မဟာကမ္ဘာတစ်ထောင်လောကမှာ လေဟာနယ်ကို မဆုတ်ဖြဲနိုင်ဘူး… တည်နေရာမခုန်ကူးနိုင်ဘူး”
ဆူဇီမိုက အသိအမှတ်ပြု ခေါင်းညိတ်ပြလိုက်၏။
သူက ဤဖြစ်ရပ်ကို မျှော်လင့်ထားပြီးသားဖြစ်၏။
အောက်ဘုံကနေ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ သူတက်လှမ်းလာစဉ်က တူညီသောအခြေအနေနှင့် ကြုံတွေ့ခဲ့ရ၏။
စွမ်းအင်အဆင့် ပိုမိုမြင့်မားသည့် အဆင့်အတန်းပိုမိုမြင့်မားသော ကမ္ဘာတစ်ခုမှာ လေဟာနယ်က ပိုမိုတည်ငြိမ်လေသည်။
ဥပမာအားဖြင့် မဟာကမ္ဘာတစ်ထောင်လောကမှာ စိတ်ဝိညာဉ်ချီနှင့် အမြုတေချီသာမက ရင်းမြစ်ချီလည်း ရှိနေ၏။ ထို့သို့ဖြင့် ဖြစ်ပေါ်လာသော လေဟာနယ်က ချိုးဖျက်ဖို့ ခက်ခဲလေသည်။
ချန်ချင်းဟယ်က သူမ၏ လက်ကို ဝှေ့ယမ်းပြီး အောက်ဘက်မြေပြင်မှ ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်၏။ သူမက ဆူဇီမိုအား ၎င်းကို ကမ်းပေးလိုက်၏။
“လေဟာနယ်က တည်ငြိမ်ရုံတင်မကဘူး… မဟာကမ္ဘာတစ်ထောင်လောကမှာ သာမန်အဆန်ဆုံး ကျောက်တုံးကတောင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကထက် အများကြီး ပိုပြီးခိုင်မာတယ်… ကျွန်မရဲ့ ကျင့်ကြံမှုနဲ့တောင် အဲ့ဒါကို မချေနိုင်ဘူး”
ဆူဇီမိုက အနည်းငယ် သိချင်စိတ် ဖြစ်ပေါ်သွား၏။ သူက ကျောက်တုံးကို လက်ခံယူပြီး သူ၏ လက်ဖဝါးပေါ် တင်ကာ စစ်ဆေးကြည့်လိုက်၏။
၎င်းက တကယ်ပင် သာမန်အဆန်ဆုံး ကျောက်တုံးဖြစ်သည်။
သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဧကရာဇ်လက်နက်တစ်ခုကို ထုတ်ယူပြီး သူ၏အစွမ်းကုန်ဖြင့် ကျောက်တုံးကို ရိုက်ချလိုက်၏။ မီးပွားများ လွင့်စင်ထွက်သွားသော်လည်း ကျောက်တုံးက ပုံမပျက် ရှိနေ၏။
“ဟဲဟဲ... ဒီလူအိုကြီးက ငါတို့ကို မယုံဘူးပဲ”
မုံ့ရှစ်က လှည့်ကြည့်ပြီး ရယ်မောလိုက်လေသည်။
ရှုလွေက ရှေ့ကိုသာကြည့်ပြီး ဘေးပတ်ဝန်းကျင်ကို အကဲခတ်နေ၏။
ချန်ချင်းဟယ်က ထိုသည်ကို တွေ့မြင်သောအခါ စိတ်ထဲမှာ ထည့်မထားပေ။
“သတိထား…”
ရှုလွေက တစ်စုံတစ်ရာကို တွေ့ရှိသွားပုံရပြီး အလောတကြီးသတိပေးလိုက်၏။
ချန်ချင်းဟယ်ကလည်း မတ်တတ်ထရပ်ကာ လှမ်းကြည့်လိုက်၏။
ဆူဇီမိုသည် သူ့လက်ဖဝါးထဲရှိ ကျောက်တုံးကို တစ်ချက်ကြည့်လိုက်၏။ ရုတ်တရက် သူက သူ၏ လက်ဖဝါးကို လှုပ်ရှားပြီး ခွန်အားကို စိုက်ထုတ်လိုက်၏။
ကျောက်တုံးသည် သဲမှုန့်များအဖြစ် တိတ်တဆိတ်ပြောင်းလဲပြီး သူ၏ လက်ချောင်းများကြားကနေ ဖြည်းဖြည်းချင်း လျှောကျသွား၏။