အဆက်မပြတ် အဆင့်ချိုးဖျက်တက်လှမ်းခြင်း
Vol. 215 Ch. 3247
လူတိုင်းက လူစုခွဲလိုက်ကြသော်လည်း သူတို့မှာ အတွေးကိုယ်စီရှိနေကြ၏။ ကစဉ့်ကလျားနန်းတော်၏ အနာဂတ်က မည်သည့်နေရာမှာ ရှိမည်ကို မည်သူကမှ မသိကြပေ။
ရှုလွေကပင် စိုးရိမ်ပူပန်နေ၏။
ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာသည် သည်ဘက်မျိုးဆက်အလွန်မှာ ပျောက်ကွယ်သွားနိုင်လေသည်။
မုံ့ရှစ်က နှုတ်ဆိတ်နေ၏။
ဖန်းမူသည် ရှုလွေနှင့် အခြားနှစ်ယောက်ကို သူ့မျက်လုံးအနက်ပိုင်းထဲရှိ မလုံမလဲအငွေ့အသက်တစ်ခုနှင့်အတူ ကြည့်လိုက်၏။ သူက တစ်ခုခုကို ပြောချင်သော်လည်း တွေဝေတုံ့ဆိုင်းနေ၏။
ချန်ချင်းဟယ်က ကြိုးစား၍ ပြုံးလိုက်၏။
“ငါတို့ရဲ့လမ်းမှာ ရောက်လာတဲ့ ဘယ်အရာကိုမဆို ငါတို့ကိုင်တွယ်ရလိမ့်မယ်… ထွက်ပေါက်တစ်ခုတော့ အမြဲရှိနေမှာပဲ… ငါတို့ အတူပူးပေါင်းထားသရွေ့ ငါတို့တွေက သေချာပေါက် ရှင်သန်နိုင်လိမ့်မယ်”
ခဏကြာပြီးနောက် ချန်ချင်းဟယ်က ဘေးမှာရှိသော ဆူဇီမိုကို တွေးမိသွား၏။ သူမက သူ့အနားသို့ လျှောက်လှမ်းလာပြီး အသံနှိမ့်ကာ ပြောလိုက်၏။
“တာအိုရောင်းရင်းဆူ… ကစဉ့်ကလျားနန်းတော်ရဲ့ အနာဂတ်က မသေချာမရေရာတော့ဘူးဆိုတာ ရှင်လည်း တွေ့မှာပေါ့… ရှင် ထွက်သွားချင်တယ်ဆိုရင် သွားလို့ရတယ်… ကျွန်မတို့တွေ တားမှာမဟုတ်ဘူး”
“ဒါပေမဲ့ အပြင်ဘက်က အန္တရာယ်များတယ်… တာအိုရောင်းရင်း ရှင် တစ်ယောက်တည်း ရှိနေရင် အရမ်းသတိထားရမယ်”
ဘယ်လိုပဲဖြစ်ဖြစ် သူက သိပ်ကြာကြာနေရမှာ မဟုတ်တော့ဘူး…
မုံ့ရှစ်က သူ၏ နှုတ်ခမ်းထောင့်ကိုတွန့်ကာ သူ့ဘာသာသူတွေးလိုက်၏။
သို့သော်လည်း ကစဉ့်ကလျားနန်းတော် ရင်ဆိုင်ရတော့မည့် အန္တရာယ်ကို တွေးမိချိန်မှာ သူက ဆူဇီမိုကို လှောင်ပြောင်သရော်နေဖို့ အာရုံမရတော့ပေ။
“ကျုပ် ဒီမှာပဲ နေမယ်”
ဆူဇီမိုက ညင်သာစွာ ပြုံးပြလိုက်၏။
“ကျုပ် ကျင့်ကြံဖို့အတွက် တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခု လိုချင်တယ်”
“တာအိုရောင်းရင်း မပူပါနဲ့”
“ကျွန်မနောက်က လိုက်ခဲ့”
ချန်ချင်းဟယ်က ခေါင်းညိတ်ပြီး ဆူဇီမိုကို တောင်တန်း၏ နောက်ဘက်ရှိ လိုဏ်ဂူခန်းဝါတစ်ခုသို့ ခေါ်ဆောင်သွားလေသည်။
“ဒီနေရာက ရိုးရှင်းပေမဲ့ အမြင်အာရုံကို ဖုံးကွယ်ပေးထားနိုင်တယ်… တာအိုရောင်းရင်း… ရှင် တောင်ကြောရဲ့ အရှေ့ဘက်မှာ တိုက်ပွဲဖြစ်ပွားလာတဲ့ အသံတစ်ခုခု ကြားမယ်ဆိုရင် ကိုယ့်ဘာသာကိုယ် လွတ်အောင်ပြေးတော့”
ထို့နောက် ချန်ချင်းဟယ်က ခဏမျှ တုံ့ဆိုင်းပြီးနောက် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပုံရ၏။ သူမက သူမ၏ သိုလှောင်အိတ်ထဲကနေ ရင်းမြစ်ကျောက်တုံးငါးတုံးကို ထုတ်ယူပြီး ဆူဇီမို၏ လက်ထဲကို ထိုးထည့်ပေးလိုက်၏။
“ဒါကို ယူထားလိုက်… ကျွန်မက နောက်ပိုင်းကျရင် အဲ့ဒါကို သုံးနိုင်ချင်မှ သုံးနိုင်တော့မှာ”
ထိုသို့ပြောရင်း ချန်ချင်းဟယ်က လှည့်ထွက်သွား၏။
“ခင်ဗျားတို့တွေက မဟူရာကြွက်ဂိုဏ်းနဲ့ အသေအကြေ တိုက်ခိုက်ကြတော့မှာလား”
ဆူဇီမို၏ အသံက နောက်ဘက်ကနေ ထွက်ပေါ်လာ၏။
ချန်ချင်းဟယ်က ဆူဇီမိုကို ကျောပေးထားပြီး လေးတွဲ့စွာ သက်ပြင်းချလိုက်၏။
“ဒီနှစ်တွေထဲမှာ ကျွန်မတို့တွေက အဆက်မပြတ် ထွက်ပြေးနေရတယ်… ပါးလွှာတဲ့ ရေခဲပြင်မှာ လျှောက်လှမ်းနေရသလို ရှင်သန်နေရတယ်… ဒီလောက်ဆို တော်ရောပေါ့”
ဤနှစ်များမှာ သူတို့သည် ခါးသီးစွာ တောင့်ခံပြီး သူတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာက မောပန်းနေကြပြီဖြစ်၏။
“တာအိုရောင်းရင်း… ဘာမှမလုံမလဲ ခံစားမနေနဲ့… ရှင်က အခုမှ တက်လှမ်းလာတာပဲ… ကျွန်မတို့ ကစဉ့်ကလျားနန်းတော်ရဲ့ အဖွဲ့ဝင်တစ်ဦးလို့တောင် မဆိုနိုင်သေးဘူး… ရှင် အခုထွက်သွားမယ်ဆိုရင် ဘယ်သူကမှ အပြစ်တင်မှာ မဟုတ်ဘူး”
ချန်ချင်းဟယ်က ရပ်တန့်ခြင်းမရှိဘဲ တောင်ထွတ်၏ အဝိုက်တစ်နေရာမှာ ပျောက်ကွယ်သွားလေသည်။
ဆူဇီမိုက ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်၏။ ဤနေရာသည် ကစဉ့်ကလျားနန်းတော်ကနေ ပိုင်းခြားထားသော တောင်ထွတ်တစ်ခုပေါ်မှာရှိပြီး တကယ်ပင် အတော်လေး တိတ်ဆိတ်ငြိမ်သက်နေ၏။
သူက လိုဏ်ဂူခန်းဝါထဲသို့ ဝင်ရောက်ပြီး ခြေချိတ်ထိုင်လိုက်သည်။
တက်လှမ်းလာပြီးနောက် ဤအခိုက်အတန့်မှသာ သူသည် သူကျင့်ကြံဖို့ အခွင့်အရေး ရရှိလာခြင်းဖြစ်သည်။
ဆူဇီမိုသည် ပြီးခဲ့သည့်တစ်လကျော်အတွင်း မကျင့်ကြံခဲ့သော်လည်း၊ သူက မဟာကမ္ဘာတစ်ထောင်လောကသို့ ရောက်ရှိလာပြီးနောက် သူ့ဓမ္မတာအိုမှာ အပြောင်းအလဲများစွာကို တိတ်တဆိတ် အာရုံခံကြည့်နေခဲ့သည်။
တာအိုပြယုဂ်နယ်ပယ်ဆိုသည်မှာ လူတစ်ယောက်၏ လောကထဲတွင် တာအိုအမှတ်အသားတစ်ခုကို စုဖွဲ့ရခြင်းဖြစ်သည်။
တာအိုအမှတ်အသား၏ အကူအညီနှင့်အတူ လူတစ်ယောက်၏ ကိုယ်ကာယခန္ဓာနှင့် အမြုတေစိတ်ဝိညာဉ်က ပကတိ အသွင်ပြောင်းလဲမှုတစ်ရပ်ကို ဖြတ်ကျော်ရပေလိမ့်မည်။
တာအိုပြယုဂ်နယ်ပယ်သည် တာအို၏ စွမ်းအားနှင့် အမှန်တကယ် ထိတွေ့မိနေပြီဖြစ်သည်။
လူတစ်ယောက်၏ ကျင့်ကြံမှုနယ်ပယ်က ပိုမိုမြင့်မားလာလေ၊ နယ်ပယ်အသေးတစ်ခုချင်းစီကြား ကွာဟမှုက ပို၍ကြီးမားလာလေပင်။
ထို့သို့ဖြင့် သူတို့သည် အဆင့်ကျော် တိုက်ခိုက်ဖို့ ပို၍ပင် ခက်ခဲလာပေလိမ့်မည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာတုန်းက ဆူဇီမိုသည် ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ခါစမှာ သူ၏အမြုတေစိတ်ဝိညာဉ်က မဟာဧကရာဇ်တစ်ပါးနှင့် ယှဉ်နိုင်နေပြီဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် သူသည် တာအိုပြယုဂ်နယ်ပယ်၏ ပထမအသွင်ပြောင်းလဲခြင်းမှာ ရှိသော သာလွန်သူတစ်ဦးဖြစ်ခဲ့သည်။
နောက်ပိုင်းမှာ သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကအတွင်း မဟာဧကရာဇ်တစ်ပါး ဖြစ်လာသောအခါ၊ ကောင်းကင်ဘုံတာအိုနိယာမများ၏ ကန့်သတ်မှုများကြောင့် သူ့အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားက ထိုအထက်စည်းကို မချိုးဖျက်နိုင်ခဲ့ပေ။
မဟာကမ္ဘာတစ်ထောင်လောကသို့ ရောက်ရှိလာပြီးနောက် သူ့အမြုတေစိတ်ဝိညာဉ်နယ်ပယ်၏ ကျင့်ကြံမှုနယ်ပယ်အပေါ် အထက်စည်းက တဖြည်းဖြည်း ပြေလျော့သွား၏။
ယခုအချိန်မှာ သူ့ကို တာအိုပြယုဂ်နယ်ပယ်၏ ပထမအသွင်ပြောင်းလဲခြင်းမှာသာ ရှိသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း သူ့အမြုတေစိတ်ဝိညာဉ်နယ်ပယ်သည် တာအိုပြယုဂ်နယ်ပယ်၏ တတိယမြောက် အသွင်ပြောင်းလဲခြင်းကို ရောက်ရှိနေပြီဖြစ်သည်။
မဟာကမ္ဘာတစ်ထောင်လောကမှာ လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်နယ်ပယ်သည် ကိုယ်ကာယကျင့်ကြံမှုထက် အဆင့်သေးနှစ်ဆင့် ပိုမိုမြင့်မားဖို့ဆိုသည်မှာ စဉ်းစားကြည့်၍ မရနိုင်အောင်ပင်။
ဆူဇီမိုကသာ အနီရောင်ကြာပန်းကြမ္မာမီးနှင့် ပေါင်းစည်းပြီးနောက် ဤအဆင့်ကို ရောက်ရှိလာနိုင်၏။
ဆူဇီမိုသည် သူ၏ လောကကို ထုတ်ဖော်ပြီး သူ၏ တာအိုအမှတ်အသားကို စုဖွဲ့လိုက်၏။
သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး အလွန်တရာ ကြီးမားသော အသက်ဓာတ်အားပမာဏတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ်တိုးဝင်လာ၏။ သူ၏ ဘဝသက်တမ်းကလည်း ချက်ချင်းပင် မြင့်တက်လာလေသည်။
သူ၏ ဖြူဖွေးနေသော ဆံပင်များက နက်မှောင်သွား၏။
သူ၏ မူလက အိုစာနေသော မျက်နှာက နောက်တစ်ဖန် ငယ်ရွယ်နုပျိုသွား၏။ သူ၏ မျက်နှာသည် အသားရောင်သန်းပြီး သူ၏ ကြော့ရှင်းသန့်ပြန့်သော သွင်ပြင်များက ပြန်လည်ပေါ်ထွက်လာသည်။
သူ၏ ဖြူဖွေးနေသော မုတ်ဆိတ်များကလည်း ကျွတ်ကျသွား၏။
သာမန်သာလွန်သူများမှာ ဘဝသက်တမ်း နှစ်သန်း ၁၀၀ ရှိလေသည်။
ဆူဇီမိုသည် မဟာကမ္ဘာတစ်ထောင်လောကသို့ ရောက်ရှိလာပြီးနောက် သူသည် သူ၏ တာအိုအမှတ်အသားကို စုဖွဲ့ကာ သူ၏ ဘဝသက်တမ်းက နှစ်သန်း ၅၀၀ အထိ မြင့်တက်လာသည်။
တကယ်တော့ သူ့ခန္ဓာကိုယ်ထဲရှိ အပြောင်းအလဲများက ထိုနေရာမှာ ရပ်တန့်မသွားပေ။
တမလွန်ဘုံကို နှစ်ခြောက်သောင်းကြာအောင် စောင့်ကြည့်ခဲ့ပြီးနောက် သူ၏ခန္ဓာကိုယ်ထဲမှာ အဆုံးမဲ့စွမ်းအားများက စုစည်းမိနေ၏။ ယခု ကောင်းကင်နှင့်မြေကြီးနိယာမများ၏ ဖိနှိမ်မှုက ပျောက်ဆုံးသွားပြီး ဆူဇီမိုက အရာရာတိုင်းကို လွှတ်ပေးလိုက်၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအပေါ် ကြမ္မာမီးအနီရောင်ကြာပန်းဖြင့် ပေါင်းစည်းမှုကနေ ဆောင်ကြဉ်းပေးလာသည့် ပြောင်းလဲမှုများက တစ်ချိန်တည်းမှာ ထွက်ပေါ်လာ၏။
သိပ်သည်းပြင်းထန်သော စွမ်းအားတစ်ခုက ဆူဇီမို၏ ခန္ဓာကိုယ်ထဲမှာ မီးတောင်တစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာ၏။
ဆူဇီမိုကို ကြမ္မာမီးများက လွှမ်းခြုံထား၏။ တစ်ခဏချင်းမှာပင် သူက မီးလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး သူ၏ ကျင့်ကြံမှုက ကြောက်ခမန်းလိလိ အလျင်အဟုန်ဖြင့် မြင့်တက်လာနေ၏။
သိပ်မကြာခင် သူသည် တာအိုပြယုဂ်နယ်ပယ်၏ ဒုတိယအသွင်ပြောင်းလဲခြင်းကို ချိုးဖျက်လိုက်၏။
အသွေးအသား အသွင်ပြောင်းလဲခြင်း…
ဆူဇီမို၏ ခန္ဓာကိုယ်ထဲကနေ တဖျောက်ဖျောက်အသံများ ထွက်ပေါ်လာပြီး သူ၏ မျိုးဆက်သွေးက ခပ်ဖျော့ဖျော့ ဆူနာမီသံတစ်ခုနှင့်အတူ တလိပ်လိပ်ထိုးတက်လာ၏။ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက နောက်တစ်ဖန် ပြန်လည်မွေးဖွားလာလေသည်။
အမြုတေစိတ်ဝိညာဉ်နယ်ပယ်ကလည်း မြင့်တက်လာပြီး တာအိုသုံးသပ်မှုနယ်ပယ် သို့မဟုတ် ကောင်းကင်ဘုံသာလွန်သူတစ်ဦး၏ အဆင့်ကို ရောက်ရှိလာ၏။
သူ၏ အော်ရာက အဆက်မပြတ် မြင့်တက်လာနေ၏။
တစ်ညတာမျှနှင့် ဆူဇီမိုသည် အသွေးအသားအသွင်ပြောင်းလဲခြင်း၏ အထွတ်အထိပ်အထိ ကျင့်ကြံခဲ့ပြီဖြစ်၏။
မနက်မိုးသောက်အလင်းရောင် ပေါ်ထွက်လာချိန်မှာ ၎င်းသည် ဆူဇီမို၏ ချောမောသော မျက်နှာပေါ်မှာ တောက်ပနေ၏။
သူ၏ ခန္ဓာကိုယ်က နောက်တစ်ဖန် ညင်သာစွာ တုန်ခါသွား၏။
သူ၏ ခန္ဓာကိုယ်ထဲကနေ အသံတစ်ခု ထွက်ပေါ်လာလေသည်။
သူက ဆက်လက်၍ အဆင့်ချိုးဖျက်တက်လှမ်းနေဆဲပင်။
တာအိုပြယုဂ်နယ်ပယ်၏ တတိယမြောက်အသွင်ပြောင်းလဲခြင်း - အမြုတေစိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း..
ထိုအခိုက်အတန့်မှာ ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ကလည်း နောက်တစ်ဖန်အသွင်ပြောင်းလဲပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်က မြင့်တက်လာ၏။ သူသည် နောက်ထပ်တစ်ဆင့်ကို တက်လှမ်းပြီး သူ့အမြုတေစိတ်ဝိညာဉ်သည် မဟာကောင်းကင်ဘုံသာလွန်သူ၏ အဆင့်ကို ရောက်ရှိလာ၏။
ပြီးခဲ့သည့် ရက်အနည်းငယ်တုန်းက ချန်ချင်းဟယ်ပြောပုံအရ တာအိုသုံးသပ်မှုနယ်ပယ်မှာ နယ်ပယ်အသေးသုံးခု ရှိလေသည်။ အမည်အားဖြင့် စဦးကျွမ်းကျင်မှု၊ အဆင့်မြင့်ကျွမ်းကျင်မှုနှင့် ပကတိတို့ဖြစ်သည်။
နယ်ပယ်အသေးသုံးခုမှာ မတူညီသောဘွဲ့များ ရှိလေသည်။ သူတို့က ကောင်းကင်ဘုံသာလွန်သူ၊ မဟာကောင်းကင်ဘုံသာလွန်သူနှင့် အန္တိမကောင်းကင်ဘုံသာလွန်သူတို့ ဖြစ်သည်။
အန္တိမဆိုသော စကားသည် အဆုံးစွန်ကို ရည်ရွယ်လေသည်။
ဆူဇီမိုသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ နှစ်ခြောက်သောင်းကြာ နေခဲ့သော်လည်း သူ၏ကျင့်ကြံမှုက ရပ်တန့်မနေခဲ့ပေ။
မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းပြီးနောက် ကောင်းကင်နှင့်မြေကြီးနိယာမများ၏ ကန့်သတ်မှုမရှိဘဲ သူသည် တစ်ရက်မကြာခင် အဆင့်သေးနှစ်ဆင့်ကို ချိုးဖျက်တက်လှမ်းလိုက်၏။
သူ၏ ကျင့်ကြံမှုက ဆက်လက်၍ မြင့်တက်လာနေ၏။
အချိန်ကြာလာသည်နှင့်အမျှ သူသည် တာအိုပြယုဂ်နယ်ပယ်၏ တတိယမြောက် အသွင်ပြောင်းလဲခြင်း အထွတ်အထိပ်အထိ တဖြည်းဖြည်းကျင့်ကြံပြီးနောက် ရပ်တန့်သွားလေသည်။
သူသည် တာအိုသုံးသပ်မှုနယ်ပယ်သို့ ဝင်ရောက်ပြီး ကောင်းကင်ဘုံသာလွန်သူတစ်ဦး ဖြစ်လာချင်သည်ဆိုလျှင် သူသည် ရင်းမြစ်ကျောက်တုံးကဲ့သို့ အရင်းအမြစ်များကို မလိုအပ်တော့ပေ။ ထိုအစား သူသည် မဟာတာအိုကို ဆင်ခြင်သုံးသပ်ပြီး တာအို၏ အနှစ်သာရကို ဖမ်းဆုပ်ဖို့ လိုအပ်လာ၏။
လူတချို့သည် သူတို့ လက်ကျန်ဘဝတစ်လျှောက်လုံးမှာ ဤအဟန့်အတားကို မချိုးဖျက်နိုင်ဘဲ တာအို၏ အနှစ်သာရကို မမြင်တွေ့နိုင်ကြပေ။
လူတချို့ကတော့ ထူးခြားသော တိုက်ဆိုင်မှုတချို့ သို့မဟုတ် အခါအခွင့်သင့်သော ကြုံကြိုက်မှုတချို့ကြောင့် သူတို့သည် နေ့ချင်းညချင်းမှာ ဉာဏ်အလင်းပွင့်မှုကို ရရှိပြီး ကောင်းကင်ဘုံသာလွန်သူများ ဖြစ်လာခဲ့ကြ၏။
ရုတ်တရက်ဆိုသလို…
ဆူဇီမိုက ရင်တစ်ချက်ထိတ်ပြီး တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။
“သူတို့တွေက ဒီလောက်မြန်မြန် ရောက်လာကြတာလား”
ကျင့်ကြံသူပေါင်း သောင်းချီပါဝင်သည့် စစ်တပ်တစ်တပ်က သူတို့ကို ဝိုင်းပတ်လာသည်ကို သူက အာရုံခံမိနိုင်သည်။
သူတို့အများစုသည် မဟူရာကြွက်မျိုးနွယ်များ ဖြစ်ကြသည်။ သူတို့က လူသားပုံစံများအဖြစ် ပြောင်းလဲထားသော်လည်း သူတို့ပုံစံက ခိုးကြောင်ခိုးဝှက်ဖြစ်ပြီး မှတ်မိရလွယ်ကူနေသည်။
ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်သည် တာအိုပြယုဂ်နယ်ပယ်၏ တတိယအသွင်ပြောင်းလဲခြင်းမှာသာ ရှိသော်လည်း သူ့အမြုတေစိတ်ဝိညာဉ်နယ်ပယ်သည် တာအိုသုံးသပ်မှုနယ်ပယ်၏ အဆင့်မြင့်ကျွမ်းကျင်မှုကို ရရှိသွားပြီဖြစ်ပြီး မဟာကောင်းကင်ဘုံသာလွန်သူတစ်ဦးနှင့် ယှဉ်နိုင်လေသည်။
ထို့ကြောင့် သူသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ဖြန့်ကြက်ရုံနှင့် ဝင်ရောက်လာသူများကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည်။
ထိုအခိုက်အတန့်မှာ ကစဉ့်ကလျားနန်းတော်မှ မည်သူကမှ သတိမထားမိကြသေးပေ။
ရှုလွေ၊ မုံ့ရှစ်နှင့် ချန်ချင်းဟယ်က အနားယူအားဖြည့်နေကြ၏။
ရိုးသားပုံပေါ်သော ဖန်းမူကတော့ တံခါးရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေ၏။ သူက မအီမသာဖြစ်နေပြီး သူ၏ အပြုအမူက ထူးဆန်းနေ၏။ မကြာမကြာဆိုသလို သူက အတော်လေး စိုးရိမ်ကြောင့်ကြနေသည့်အလား အဝေးကို လှမ်းကြည့်နေတတ်၏။